ကိုယ်ဝန်ပထမ (၃) လပတ်တွင် ပျို့အန်ခြင်းကို ဝမ်းကြီးနာစွဲခြင်းဟု ခေါ်ဆိုသည်။ Morning sickness ဟုခေါ်သော်လည်း ပျို့အန်ခြင်းသည် နံနက်ပိုင်းတွင်သာမက နေ့လည်၊ ညနေနှင့် ည မည်သည့်အချိန်တွင်မဆို ဖြစ်နိုင်သည်။ အချို့အမျိုးသမီးများတွင် ကိုယ်ဝန် ဒုတိယ (၃) လပတ်နှင့် တတိယ (၃) လပတ်တွင်လည်း ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး (၉၀%) သည် ဝမ်းကြီးနာစွဲခြင်းကို ခံစားရသော်လည်း (၃%) ခန့်တွင်သာ ဆိုးရွားသော လက္ခဏာများကို ခံစားကြရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဝမ်းကြီးနာစွဲခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းဟူ၍ အတိအကျမရှိပါ။ ကိုယ်ဝန်ဆောင်စဥ် ဟော်မုန်းဓာတ် အပြောင်းအလဲများကြောင့် ဖြစ်ပေါ်သည်ဟု ယူဆရသည်။ သိုင်းရွိုက်ရောဂါရှိသူများ၊ အစာအိမ်နှင့် သည်းခြေရောဂါရှိသူများသည်လည်း ဝမ်းကြီးနာစွဲခြင်းကို ပို၍ ခံစားရနိုင်သည်။ ဝမ်းကြီးနာစွဲခြင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီး မည်သူမဆို ဖြစ်နိုင်သည်။
ပို၍အဖြစ်များနိုင်သောအမျိုးသမီးများမှာ_
- ကိုယ်ဝန်မဆောင်မီ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ကား၊ လေယာဉ်စီးလျှင် ပျို့ခြင်း၊ အန်ခြင်း ရှိတတ်သူများ
- ယခင်ကိုယ်ဝန်ဆောင်စဉ်အတွင်း ဝမ်းကြီးနာစွဲဖူးသူများ
- အမြွှာကိုယ်ဝန်၊ သန္ဓေသားနှစ်ယောက်ထက် ပိုလွယ်ထားရသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ (Multiple pregnancy)
- စပျစ်သီးသန္ဓေဆောင်ထားသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ (Hydatidiform Mole)
- မိန်းကလေးကိုယ်ဝန် လွယ်ထားရသူများ
- မိသားစုထဲရှိ ကိုယ်ဝန်ဆောင်ဖူးသူအမျိုးသမီးများတွင် ဝမ်းကြီးနာစွဲခြင်း၏ ဆိုးရွားသောလက္ခဏာ ခံစားရဖူးသည့် ရာဇဝင်ရှိသူများဖြစ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
- ပျို့ခြင်း
မအန်ဘဲနှင့်ပျို့ခြင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုတွင် အဖြစ်များသည်။ အနံ့ တစ်မျိုးမျိုးကြောင့်သော်လည်းကောင်း၊ အစားအစာ တစ်မျိုးမျိုးကြောင့်သော်လည်းကောင်း ပျို့ခြင်းကို ဖြစ်စေတတ်သည်။ - အန်ခြင်း
- မူးဝေခြင်း
- အစာမကြေခြင်း
- ရေဓာတ်ခန်းခြောက်ခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း (၅%)
- ဆီးသွားနည်းခြင်း
- သတိလစ်ခြင်း
နောက်ဆက်တွဲပြဿနာများ
သာမန် ပျို့ခြင်း၊ အန်ခြင်းမျှဖြင့် အန္တရာယ်မရှိနိုင်ပါ။ သို့ရာတွင် အလွန်ဆိုးရွားစွာ ပျို့ခြင်း၊ အန်ခြင်းရှိသူများသည် ကုသမှု ကောင်းစွာ မခံယူပါက
- ခန္ဓာကိုယ်မှ ရေနှင့်ဓာတ်ဆား ဆုံးရှုံးခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း
- ဆီးသွားနည်းခြင်း
- သန္ဓေသားပုံမှန် ကိုယ်အလေးချိန်မရှိခြင်းများ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ သက်ဆိုင်ရာဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ကိုယ်ဝန် ပထမ (၃) လပတ်တွင် ပျို့အန်ခြင်းနှင့် အထက်ပါ လက္ခဏာများရှိလျှင် ဝမ်းကြီးနာစွဲခြင်းဟု သတ်မှတ်သည်။ ကိုယ်ဝန် ရှိမရှိ ဆီးစစ်ခြင်း၊ သွေးစစ်ခြင်းအပြင် အာထရာဆောင်း (USG) ရိုက်၍ ပုံမှန်ကိုယ်ဝန်၊ စပျစ်သီးသန္ဓေနှင့် အမြွှာကိုယ်ဝန်များကို ခွဲခြားနိုင်သည်။
ဝမ်းကြီးနာစွဲခြင်းကို ရောဂါရှာဖွေရာတွင် ကိုယ်အလေးချိန်ကျဆင်းခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများကိုသာ အဓိကထားခြင်းထက် လူနာ၏ ခံစားချက်နှင့် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကို မည်မျှ အနှောင့်အယှက်ဖြစ်စေသည်ကို ပိုမိုအလေးပေး၍ ဆုံးဖြတ်လာကြသည်။
ကုသခြင်း
ဗီတာမင် ဘီစစ် (vitamin B-6) နှင့် အအန်ပျောက်ဆေးများ သောက်သုံးပေးနိုင်သည်။ ပျို့အန်ခြင်းကြောင့် ဆုံးရှုံးသွားသော ရေနှင့်ဓာတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးနိုင်ရန် ရေနှင့်ဓာတ်ဆားရည်များကို အအန်ပျောက်ဆေးနှင့် တွဲပြီးသောက်ပေးရသည်။ ရောဂါလက္ခဏာများ ပြင်းထန်ပါက ဆေးရုံတက်၍ အကြောဆေးသွင်းပြီး ကုသနိုင်သည်။ အစာအိမ်ဆေးများ ပေးနိုင်သည်။
အချို့အမျိုးသမီးများတွင် သောက်သုံးနေသော ကိုယ်ဝန်ဆောင်းအားဆေး (အထူးသဖြင့် သံဓာတ်ပါဝင်သော အားဆေးများ) သည် ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်သောကြောင့် လက္ခဏာများ မသက်သာမချင်း သံဓာတ်မပါဝင်သည့် Folic Acid (ဖောလစ်အက်ဆစ်) နှင့် Iodine (အိုင်အိုဒင်း) ကဲ့သို့သော အဓိကဓာတ်များကိုသာ သောက်သုံးရန် တစ်ခါတစ်ရံ အကြံပြုနိုင်သည်။
ကာကွယ်ခြင်း
မိမိကိုယ်ကို ဂရုစိုက်ခြင်း
မိမိကိုယ်ကို ဂရုစိုက်၍ အဆီနည်းပြီး ကြေလွယ်သော အစားအစာများ စားသုံးခြင်း၊ ဆိုဒါပါဝင်သောမုန့်များ စားသုံးခြင်း၊ အစာကို တစ်နေ့ (၃) ကြိမ် ပမာဏများစွာ စားသုံးခြင်းထက် နည်းနည်းစီ မကြာခဏ စားသုံးပေးခြင်း၊ ရေနှင့်အသီးဖျော်ရည်များ သောက်သုံးပေးခြင်းအားဖြင့် ကိုယ်ဝန်ဆောင်စဉ် ဝမ်းကြီးနာစွဲခြင်းကို ကာကွယ်နိုင်ပြီး လက္ခဏာများကို လျှော့ချပေးနိုင်သည်။
References:
- Smith, J. A., et al. (2022). Nausea and vomiting of pregnancy: Clinical findings and evaluation. UpToDate. Retrieved from https://www.uptodate.com/contents/search
- Mayo Clinic. (n.d.). Morning sickness — Symptoms & causes. Retrieved September 14, 2025, from https://www.mayoclinic.org/diseases-conditions/morning-sickness/symptoms-causes/syc-20375254
- Nelson-Piercy, C., Dean, C., Shehmar, M., et al. (2024). The management of nausea and vomiting in pregnancy and hyperemesis gravidarum (Green-top Guideline No. 69). BJOG: An International Journal of Obstetrics & Gynaecology, 131(7), e1–e30.
- Matthews, A., et al. (2024). Nausea and vomiting of pregnancy (NVP) and hyperemesis gravidarum (HG). Sydney: South Eastern Sydney Local Health District (SESLHD).
- Koren, G., Maltepe, C., Navioz, Y., et al. (2007). Compliance with prenatal vitamins: Patients with morning sickness sometimes find it difficult. Canadian Family Physician, 53(12), 2121–2122.
Published: 30 August 2024
Last updated: 3 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.