Primary amenorrhea (ကနဦးရာသီသွေးမပေါ်ခြင်း)

Primary amenorrhea (ကနဦးရာသီသွေးမပေါ်ခြင်း)

ကနဦးရာသီသွေး မပေါ်ခြင်းဆိုသည်မှာ မိန်းကလေးတစ်ဦးသည် အသက် (၁၅) နှစ်အရွယ် ရောက်သည်အထိ ရာသီသွေးစတင်မပေါ်ခြင်းကို ခေါ်သည်။ အဖြစ်အများဆုံး အကြောင်းအရာများမှာ ဟော်မုန်းပမာဏ (levels) မညီမျှခြင်း၊ မျိုးဗီဇ ပုံမှန်မရှိခြင်း၊ ခရိုမိုဆုမ်းချို့ယွင်းမှုနှင့် ခန္ဓာကိုယ်တွင်း မျိုးပွါးအင်္ဂါ ချို့ယွင်းမှုများကြောင့်ဖြစ်သည်။

ရောဂါစတင်စစ်ဆေးရန် အသက်အရွယ် သတ်မှတ်ချက်

ယခုအခါ ရောဂါရှာဖွေမှု (Evaluation) စတင်ရန် အသက်သတ်မှတ်ချက်ကို ပိုမိုတိကျစွာ ခွဲခြားသတ်မှတ်လာသည်။ ကနဦးရာသီသွေးမပေါ်ခြင်းကို အောက်ပါအခြေအနေတစ်ခုခုနှင့် ကိုက်ညီပါက စတင်စစ်ဆေးသင့်သည်။

  • အသက် (၁၃) နှစ်အရွယ် ရောက်ရှိသော်လည်း ရင်သားလုံးဝမဖွံ့ဖြိုးသေးခြင်း
    • ၎င်းသည် နောက်ကျသော အပျိုဖော်ဝင်မှုကို ညွှန်ပြသောကြောင့် ဦးနှောက်နှင့် ဟော်မုန်းပြဿနာများကို စောစီးစွာရှာဖွေရန် လိုအပ်သည်
  • အသက် (၁၅) နှစ်အရွယ် ရောက်ရှိသော်လည်း ရာသီသွေး မပေါ်သေးခြင်း (ပုံမှန် အပျိုဖော်ဝင် လက္ခဏာများ ရှိနေသည့်တိုင်)
  • ရင်သား စတင်ဖွံ့ဖြိုးသည့်အချိန်မှစ၍ (၃) နှစ်မှ (၅) နှစ်အထိကြာသော်လည်း ရာသီသွေးမပေါ်သေးခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကနဦးရာသီသွေးမပေါ်ခြင်း၏ အကြောင်းရင်းများသည် ရှုပ်ထွေးပြီး ဟော်မုန်း၊ မျိုးဗီဇနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများကြောင့်ဖြစ်သည်။ အဖြစ်အများဆုံး အကြောင်းအရာများမှာ ဟော်မုန်းပမာဏ မညီမျှခြင်း၊ မျိုးဗီဇ ပုံမှန်မရှိခြင်း၊ ခရိုမိုဆုမ်းချို့ယွင်းမှုနှင့် မျိုးပွားအင်္ဂါ ချို့ယွင်းမှုများကြောင့်ဖြစ်သည်။

ယင်းအကြောင်းရင်းများကို အောက်ပါအတိုင်း အဓိကအုပ်စုများ ခွဲခြားနိုင်သည်။

  1. မျိုးပွါးအင်္ဂါဆိုင်ရာ ချို့ယွင်းမှုများ (Anatomical Defects)
    • မျိုးပွါးအင်္ဂါများ ကောင်းစွာမဖွံ့ဖြိုးခြင်း (Müllerian Agenesis / MRKH Syndrome)
      • မွေးရာပါ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးရမည့် အမျိုးသမီး မျိုးပွါးအင်္ဂါများ ဖြစ်ကြသည့် သားအိမ်၊ သားအိမ်ခေါင်း၊ ယောနိ စသည့်အင်္ဂါများ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ ကောင်းမွန်စွာမဖွံ့ဖြိုးသည့်အတွက် ချို့ယွင်းချက်များ ဖြစ်လာပြီး ကနဦးရာသီသွေးမဆင်းခြင်း ဖြစ်လာနိုင်သည် (ဤအခြေအနေတွင် ရင်သားဖွံ့ဖြိုးမှုကဲ့သို့သော အပျိုဖော်ဝင်ခြင်း လက္ခဏာများသည် ပုံမှန်ရှိတတ်သည်)
    • ယောနိ (သို့မဟုတ်) မိန်းမကိုယ် လမ်းကြောင်း ပုံမှန်မဟုတ်ခြင်း
      • မိန်းမကိုယ်လမ်းကြောင်းတွင် ပိတ်ဆို့မှုများ ရှိနေပါက ရာသီသွေး အပြင်သို့ မဆင်းနိုင်ပါ (ဥပမာ _ မိန်းမကိုယ်လမ်းကြောင်းတွင် ကန့်လန့်ဖြတ် အကန့်ပိတ်ဆို့မှု ရှိနေခြင်း၊ မိန်းမကိုယ်အပျိုမြှေး မပွင့်ဘဲ ပိတ်နေခြင်း)
  2. မျိုးဗီဇနှင့် သားဥအိမ်ဆိုင်ရာ ပြဿနာများ (Genetic and Ovarian Causes)
    • သားဥအိမ်လုပ်ငန်း စောစီးစွာ ချို့ယွင်းခြင်း (Gonadal Dysgenesis / Primary Ovarian Insufficiency – POI)
      • Turner syndrome ကဲ့သို့သော ခရိုမိုဆုမ်း ချို့ယွင်းမှုများ (ဥပမာ _ 45, XO) ကြောင့် သားဥအိမ်များ စောစီးစွာ အလုပ်မလုပ်နိုင်ခြင်း သို့မဟုတ် ပျက်စီးသွားခြင်း (FSH level မြင့်တက်နေခြင်းဖြင့် သိရှိနိုင်သည်)
    • မိသားစု မျိုးရိုးလိုက်ခြင်း
      • မိသားစုထဲတွင် ရာသီသွေးမပေါ်သော ပြဿနာ သို့မဟုတ် နောက်ကျမှ သွေးပေါ်တတ်သော ပြဿနာများ ရှိခဲ့ပါက မျိုးရိုးလိုက်သည့် သဘောအရလည်း ဖြစ်နိုင်သည်
  3. ဦးနှောက်နှင့် ဟော်မုန်းဆိုင်ရာ ပြဿနာများ (Hypothalamic-Pituitary Causes)
    • ဦးနှောက်အတွင်း ပီကျူထရီဂလင်းတွင် အကျိတ်ဖြစ်နေခြင်း (Pituitary Tumour)
      • ဦးနှောက်အတွင်း ပီကျူထရီဂလင်းတွင် ကင်ဆာမဟုတ်သည့် အလုံးတစ်ခုခု ရှိနေပါက ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ် မညီမျှမှုများ (ဥပမာ – Prolactin မြင့်တက်ခြင်း) ဖြစ်လာနိုင်ပြီး ရာသီသွေးမပေါ်ခြင်း ဖြစ်လာနိုင်သည်
    • အခြားဦးနှောက်ချို့ယွင်းမှုများ (Functional Hypothalamic Amenorrhea – FHA)
      • အလွန်အကျွံ ပြင်းထန်သော အားကစားလုပ်ခြင်း၊ ကိုယ်အလေးချိန် လျော့နည်းလွန်းခြင်း (ဥပမာ – Anorexia Nervosa) သို့မဟုတ် ပြင်းထန်သော စိတ်ဖိစီးမှုတို့ကြောင့် ဦးနှောက်ရှိ GnRH (Gonadotropin-releasing hormone) ထုတ်လုပ်မှု ချို့ယွင်းပြီး ရာသီမပေါ်ခြင်း ဖြစ်သည်
    • အခြား ဟော်မုန်း မညီမျှမှုများ
      • သိုင်းရွိုက် (Thyroid) သို့မဟုတ် အက်ဒရီနယ် ဂလင်း (Adrenal Gland) ၏ ဟော်မုန်းထုတ်လုပ်မှု ချို့ယွင်းခြင်းကြောင့်လည်း ဖြစ်နိုင်သည်

အချို့သောအခြေအနေများတွင် ဖြစ်စေသည့်အကြောင်းရင်းကို ရှာဖွေမရခြင်းများလည်း တွေ့ရတတ်သည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

ရာသီမပေါ်ရခြင်း၏ အကြောင်းရင်းကိုမူတည်၍ ရာသီမပေါ်ခြင်းအပြင် အောက်ပါလက္ခဏာများကို ခံစားရနိုင်သည်။

  • ရင်သားမှ နို့ရည်ကြည်များ အလိုအလျောက်ထွက်လာခြင်း
  • ဆံပင်ကျွတ်ခြင်း
  • မျက်နှာအမွေးအမှင်ထူခြင်း
  • ခေါင်းကိုက်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း
  • ဝက်ခြံများထွက်လာခြင်း
နောက်ဆက်တွဲပြဿနာများ
  • သားသမီး မရနိုင်ခြင်း
    ပုံမှန် သားဥမကြွေသည့်အတွက် ရာသီမလာနိုင်သည့်အပြင် ကိုယ်ဝန်လည်း ရရှိလာမည် မဟုတ်ပါ။
  • စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ
    မိမိ၏ သူငယ်ချင်း မိန်းကလေးများ အပျိုဖော်ဝင်နေချိန် မိမိတစ်ယောက်သာ ရာသီသွေးမပေါ်ဘဲ ဖြစ်နေပါက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများလည်း ခံစားလာရနိုင်သည်။
  • ဝမ်းဗိုက်အောက်ပိုင်း နာကျင်နေခြင်း
    မျိုးပွါးအင်္ဂါ ချို့ယွင်းချက်ပြဿနာများကြောင့် ရာသီသွေး မဆင်းခြင်းဖြစ်ပါက ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်နာကျင်မှုများကို ခံစားရနိုင်သည်။
  • အရိုးပွခြင်းနှင့် အရိုးသိပ်သည်းဆ နည်းပါးခြင်း (Osteoporosis/Low Bone Density)
    အပျိုဖော်ဝင်ချိန်တွင် သားဥအိမ်မှ ထုတ်လုပ်သော အီစတိုဂျင် ဟော်မုန်းသည် အရိုးများ သန်မာစေရန် အရေးကြီးဆုံးဖြစ်သောကြောင့်၊ ဟော်မုန်းချို့ယွင်းမှုကြောင့် ရာသီမပေါ်ခြင်းဖြစ်ပါက အရိုးပွ၊ အရိုးသိပ်သည်းဆ ကျဆင်းခြင်းတို့ဖြစ်ပြီး အရိုးကျိုးလွယ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ သက်ဆိုင်ရာဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ အမျိုးသမီးမျိုးပွါးအင်္ဂါများ ပုံမှန် ဖြစ်မဖြစ် စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။ ရင်သားနှင့် အမျိုးသမီးမျိုးပွါးအင်္ဂါများကို စမ်းသပ်စစ်ဆေးပြီး ပုံမှန်အပျိုဖော်ဝင်ချိန်တွင် ရှိသင့်ရှိအပ်သော ဖွံ့ဖြိုးမှုအဆင့် (Pubertal stages) နှင့် လက္ခဏာများကို သိရှိရန် စမ်းသပ်မည်ဖြစ်သည်။ ရာသီသွေးမဆင်းခြင်းသည် အများအားဖြင့် ရှုပ်ထွေးသော ဟော်မုန်းပြဿနာများကြောင့် ဖြစ်နိုင်သည့်အတွက် ရောဂါအကြောင်းရင်းရှာရန် စစ်ဆေးရမည့် စစ်ဆေးချက် (tests) များသည် တစ်မျိုးထက်မက လိုအပ်နိုင်သည်။

  1. လိုအပ်သော စစ်ဆေးချက်များ
    • ကိုယ်ဝန် ရှိမရှိ စစ်ဆေးခြင်း
    • သိုင်းရွိုက်ဟော်မုန်းဓာတ် စစ်ဆေးခြင်း
    • သားဥအိမ် ဟော်မုန်းများ စစ်ဆေးခြင်း
    • ပရိုလက်တင် (prolactin) ဟော်မုန်းဓာတ် စစ်ဆေးခြင်း
    • အမျိုးသားဟော်မုန်းဓာတ်များ စစ်ဆေးခြင်း
    • ဟော်မုန်းဆေးတိုက်ပြီး ရာသီသွေး ဆင်းမဆင်း စစ်ဆေးခြင်း
      ၄င်းစစ်ဆေးမှုသည် အီစတိုဂျင်ဟုခေါ်သော အမျိုးသမီးဟော်မုန်းဓာတ် နည်းနေခြင်းကြောင့် ရာသီသွေးမပေါ်ခြင်းကို သိရှိနိုင်သည်။
    • အာထရာဆောင်း (USG)
      ဤစမ်းသပ်မှုသည် အမျိုးသမီးမျိုးပွါးအင်္ဂါများဖြစ်သော သားအိမ်၊ သားအိမ်ခေါင်း၊ သားဥပြွန်နှင့် သားဥအိမ်များ၏ အခြေအနေကို သိနိုင်သည်။ (မျိုးပွါးအင်္ဂါဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သော အမျိုးသမီးများတွင် သားအိမ် သို့မဟုတ် ယောနိလမ်းကြောင်း မတွေ့ဘဲ ဖြစ်တတ်သည်)
    • သံလိုက်ဓာတ်မှန် (MRI)
      ဦးနှောက်အတွင်း ပီကျူထရီဂလင်း အလုံးအကျိတ် ရှိနေခြင်း၊ မိန်းမကိုယ် တင်ပါးဆုံရိုးခွင်အတွင်း မျိုးပွါးအင်္ဂါများ ပုံမှန်ရှိမရှိ သိရှိရန် ပြုလုပ်နိုင်သည်။
  2. သားအိမ်မှန်ပြောင်းကြည့်ခြင်း
    ယောနိလမ်းကြောင်းမှတစ်ဆင့် သားအိမ်အတွင်းသို့ ကင်မရာမှန်ပြောင်းဖြင့်ကြည့်ကာ သားအိမ်နှင့် သားအိမ်ခေါင်း အနေအထားကို ကြည့်ရှုရာတွင် သုံးသည်။
  3. ခရိုမိုဆုမ်း (Chromosome) စစ်ဆေးမှုများ (Karyotyping)
    ပုံမှန်ရှိရမည့် ခရိုမိုဆုမ်းများတွင်
    • ပျောက်ဆုံးနေသော ခရိုမိုဆုမ်း
    • အပိုရှိနေသော ခရိုမိုဆုမ်း
    • ပုံမှန်အစီအစဉ် စနစ်တကျမရှိသော ခရိုမိုဆုမ်းများကို ကြည့်ရှုပြီး ကနဦးရာသီသွေးမဆင်းခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်
ကုသခြင်း

ကနဦးရာသီသွေးမပေါ်ခြင်း၏ ကုသမှုနည်းလမ်းများသည် ရောဂါဖြစ်ပေါ်ရသည့် အကြောင်းရင်းကို မူတည်ပြီး ကွဲပြားသည်။ ရောဂါရှာဖွေပြီးနောက် သက်ဆိုင်ရာ အထူးကုဆရာဝန်များ၏ လမ်းညွှန်မှုဖြင့် ကုသမှုခံယူရန် လိုအပ်သည်။

  • ခွဲစိတ်ကုသခြင်း
    မျိုးပွါးအင်္ဂါလမ်းကြောင်းများ ပိတ်ဆို့မှုကြောင့် ရာသီသွေးမဆင်းနိုင်ခြင်း ဖြစ်ပါက ခွဲစိတ်ကုသမှု ခံယူရသည်။
    • ယောနိလမ်းကြောင်းပိတ်ဆို့မှုများ (ဥပမာ _ Transverse Vaginal Septum – ကန့်လန့်ဖြတ် အကန့်ပိတ်ဆို့မှု) နှင့် အပျိုမြှေးပါးပိတ်ဆို့မှု (Imperforate Hymen) တို့ကြောင့် ကနဦးရာသီသွေးမပေါ်ပါက ရာသီသွေး အပြင်သို့ ထွက်နိုင်စေရန်အတွက် ခွဲစိတ်ကုသမှု ပြုလုပ်ရသည်
  • ဟော်မုန်းဖြင့် ကုသခြင်း (Hormone Therapy)
    ဟော်မုန်းပြဿနာများကြောင့် ဖြစ်ပေါ်လာပါက လိုအပ်သည့် ဟော်မုန်းများကို သောက်ဆေးများဖြင့် ပြန်လည်ဖြည့်တင်း ကုသရသည်။
    • ဟော်မုန်း ပြန်လည်ဖြည့်တင်းကုသခြင်း (Hormone Replacement Therapy)
      • သားဥအိမ် မဖွံ့ဖြိုးခြင်း၊ လုပ်ငန်း မလုပ်နိုင်ခြင်း (POI/Gonadal Dysgenesis) ကဲ့သို့သော အခြေအနေများကြောင့်ဖြစ်ပါက သာမန် အပျိုဖော်ဝင်သည့်ပုံစံအတိုင်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ဖြစ်စေရန်၊ အရိုးကျန်းမာရေးကို ထိန်းသိမ်းရန်နှင့် ရာသီလာစေရန်အတွက် အီစတိုဂျင် (Estrogen) နှင့် ပရိုဂျက်စတင် (Progestin) ဟော်မုန်းများကို အဆင့်လိုက် ပုံမှန် ပြန်လည်ဖြည့်တင်း ကုသပေးရသည်
    • ဟော်မုန်း ထိန်းညှိကုသခြင်း
      • ဦးနှောက်အတွင်းမှဖြစ်စေ၊ အခြားဂလင်းမှဖြစ်စေ ဟော်မုန်းပြဿနာများ (ဥပမာ _ သိုင်းရွိုက်) ကြောင့်ဖြစ်ပါက သက်ဆိုင်ရာ ဟော်မုန်းဓာတ်ကို မျှတစေရန် သောက်ဆေးများဖြင့် ကုသရသည်
  • လူနေမှုပုံစံနှင့် အခြားကုသမှုများ (Lifestyle and Other Management)
    • Functional Hypothalamic Amenorrhea (FHA) (အလွန်အမင်း ဝိတ်ကျခြင်း သို့မဟုတ် စိတ်ဖိစီးမှုကြောင့် ဖြစ်ခြင်း) အတွက် ကုသမှုသည် အောက်ပါအတိုင်း ဦးစားပေးရသည်
      • လူနေမှုပုံစံ ပြောင်းလဲခြင်း သည် ဟော်မုန်းအစားထိုးခြင်းထက် ပိုမိုအရေးကြီးသည်
      • အာဟာရ ပြန်လည်ဖြည့်တင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကုသမှုနှင့် ကိုယ်အလေးချိန် ပုံမှန်ပြန်ဖြစ်စေရန် ဦးစားပေး ကုသသင့်သည်
    • ဦးနှောက်အတွင်းမှ အကျိတ်
      • ဦးနှောက်အတွင်းမှ ကင်ဆာမဟုတ်သည့် အကျိတ် (pituitary tumour) ကြောင့်ဖြစ်လျှင် လိုအပ်ပါက သောက်ဆေးဖြင့် ကုသခြင်း၊ တစ်ခါတစ်ရံ ခွဲစိတ်ကုသခြင်း ပြုလုပ်ရနိုင်သည်
      • လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်
ကာကွယ်ခြင်း

ကနဦးရာသီသွေးမပေါ်ခြင်းသည် မျိုးဗီဇကြောင့်သော်လည်းကောင်း၊ မျိုးပွားအင်္ဂါ ချို့ယွင်းချက်ကြောင့်သော်လည်းကောင်း၊ နာတာရှည် ကျန်းမာရေးပြဿနာများကြောင့်သော်လည်းကောင်း ဖြစ်ခဲ့လျှင် ကာကွယ်ရန် နည်းလမ်းမရှိပါ။ အောက်ဖော်ပြပါ လူနေထိုင်မှုပုံစံဖြင့် နေထိုင်ရန်အကြံပြုသည်။

  • ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ၊ ကိုယ်အလေးချိန် များလွန်းခြင်း၊ နည်းလွန်းခြင်းသည် ရာသီသွေးပေါ်မှုအပေါ် အကျိုးသက်ရောက်မှုရှိသည်
  • နေ့စဥ်အာဟာရ မျှတစွာ စားသုံးပေးပါ
  • ပေါ့ပါး၍ အသင့်အတင့်ရှိသော လေ့ကျင့်ခန်းများ ပြုလုပ်ပါ၊ အလွန်အမင်း ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ရှောင်ကြဥ်ပါ
  • စိတ်ဖိစီးမှုလျော့ချပါ၊ တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်း အစရှိသည့် စိတ်ဖိစီးမှု ‌လျော့ကျစေနိုင်သော အနေအကျင့်များဖြင့် ပြုမူနေထိုင်ပါ
  • အိပ်ရေးဝ‌အောင် အိပ်စက်အနားယူပါ

References:

  1. American Society for Reproductive Medicine. (2024). Current evaluation of amenorrhea: A committee opinion. Fertility and Sterility, 122(1), 52–61. https://doi.org/10.1016/j.fertnstert.2024.02.001
  2. WebMD. (n.d.). Amenorrhea: Causes, symptoms & treatment. Retrieved September 15, 2025, from https://www.webmd.com/infertility-and-reproduction/absence-periods
  3. Mayo Clinic. (n.d.). Amenorrhea — Symptoms & causes. Retrieved September 15, 2025, from https://www.mayoclinic.org/diseases-conditions/amenorrhea/symptoms-causes/syc-2036929
  4. American College of Obstetricians and Gynecologists. (n.d.). Amenorrhea: Absence of periods. Retrieved September 15, 2025, from https://www.acog.org/womens-health/faqs/amenorrhea-absence-of-periods
  5. American College of Obstetricians and Gynecologists (ACOG). (2024). Primary amenorrhea and differences of sex development. Obstetrics & Gynecology Clinics of North America, 51(3), 395–412.
  6. Gordon, C. M. (2024). Treatment of functional hypothalamic amenorrhea and other conditions causing amenorrhea. Endocrinology and Metabolism Clinics of North America, 53(2), 339–351.
  7. Seppä, S., Kuiri-Hänninen, T., Holopainen, E., & Voutilainen, R. (2021). Diagnosis and management of primary amenorrhea and female delayed puberty. European Journal of Endocrinology, 184(6), R225–R242.

Published: 30 August 2024

Last updated: 3 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.