Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း)

Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း)

အစာအိမ်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်းသည် ဆုံးရှုံးသွားသောသွေးပမာဏနှင့် အချိန်မီစနစ်တကျ ကုသမှု ရှိမရှိပေါ်မူတည်ပြီး အသက်အန္တရာယ်ရှိသည်အထိဖြစ်နိုင်သည်။ ဤရောဂါတွင် အစာအိမ်နှင့် အူလမ်းကြောင်း အထက်ပိုင်း သွေးယိုစိမ့်ခြင်းနှင့် အောက်ပိုင်း သွေးယိုစိမ့်ခြင်း ဟူ၍ နှစ်မျိုးရှိသည်။

  1. အစာအိမ်အူလမ်းကြောင်း အထက်ပိုင်း သွေးယိုစိမ့်ခြင်း (Upper gastrointestinal bleeding) – အစာရေမျိုပြွန် (Oesophagus)၊ အစာအိမ် (Stomach) နှင့် အူသိမ်ဦးပိုင်း (Duodenum) စသည့်နေရာတို့မှ သွေးယိုစိမ့်ခြင်းဖြစ်သည်
  2. အစာအိမ်အူလမ်းကြောင်း အောက်ပိုင်း သွေးယိုစိမ့်ခြင်း (Lower gastrointestinal bleeding) – အူသိမ်အလယ်ပိုင်း (Jejunum) နှင့် အူသိမ်နှောင်းပိုင်း (Ileum)၊ အူမကြီး (Colon)၊ အစာဟောင်းအိမ် (Rectum)၊ စအို (Anus) စသည့်နေရာတို့မှ သွေးယိုစိမ့်ခြင်းဖြစ်သည်
သွေးယိုစိမ့်ခြင်း အမျိုးအစားများ

သွေးယိုစိမ့်သည့်ပုံစံတွင်

  1. ရုတ်တရက် သွေးပမာဏများစွာထွက်ခြင်း (Acute bleeds) – ၎င်းသည် အရေးပေါ်အခြေအနေဖြစ်သည်
  2. ကာလကြာရှည် တစိမ့်စိမ့်ထွက်ခြင်း (Chronic bleeds) – ၎င်းသည် သေချာအောင် ရောဂါရှာဖွေကုသရမည့် အခြေအနေဖြစ်သည်
  3. သတိမပြုမိလောက်အောင် နည်းပါးသည့် သွေးယိုစိမ့်ခြင်း (Occult bleeds)
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အစာအိမ်အူလမ်းကြောင်း အထက်ပိုင်း သွေးယိုစိမ့်ခြင်းသည်

  • အစာရေမျိုပြွန် သွေးကြောပေါက်ခြင်း (Ruptured oesophageal varices) (အသည်းခြောက်နှင့် အသည်းကင်ဆာတို့၏ နောက်ဆက်တွဲရောဂါ)
  • အစာရေမျိုပြွန် ကင်ဆာ (Oesophageal cancer)
  • အစာရေမျိုပြွန် ရောင်ရမ်းခြင်း (Oesophagitis)
  • အစာအိမ်ရောင်ခြင်း (Gastritis)
  • အစာအိမ်အကျိတ်တည်ခြင်း (Gastric tumour)
  • အစာအိမ် အနာ (Stomach ulcer)
  • အူသိမ် အနာ (Duodenal ulcer)
  • အစာအိမ်ကင်ဆာ (Stomach cancer) စသည်တို့ကြောင့် ဖြစ်ပွါးတတ်သည်။

အစာအိမ်အူလမ်းကြောင်းအောက်ပိုင်းမှ သွေးယိုခြင်းသည်

  • စအိုကင်ဆာ (Anal cancer)
  • အူမကြီးကင်ဆာ (Colon cancer)
  • အစာဟောင်းအိမ်ကင်ဆာ (Rectal cancer)
  • အူမကြီးအလုံးအကျိတ် (Colon tumour)
  • စအိုကွဲနာ (Anal fissure)
  • လိပ်ခေါင်း (Haemorrhoids)
  • အစာဟောင်းအိမ် အနာ (Rectal ulcer)
  • နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory Bowel Disease) စသည်တို့ကြောင့် ဖြစ်ပွါးနိုင်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ

ရောဂါလက္ခဏာများသည် သွေးယိုစိမ့်မှု ပမာဏ၊ သွေးယိုစိမ့်နေသည့်နေရာ စသည်တို့ပေါ် မူတည်၍ ကွဲပြားသည်။

  • သွေးအန်ခြင်း [အနီရောင်ရဲရဲ (သို့မဟုတ်) နီညိုရောင် (သို့မဟုတ်) ကော်ဖီရောင် အန်ခြင်း]၊ ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်းစသည့် လက္ခဏာများကို အစာအိမ်အူလမ်းကြောင်း အထက်ပိုင်းမှ သွေးယိုစိမ့်လျှင် တွေ့ရှိနိုင်သည်
  • သွေးဝမ်းသွားခြင်း (ဝမ်းသီးသန့်၊ သွေးသီးသန့် (သို့မဟုတ်) ဝမ်းနှင့် သွေးရော၍) စသည့် လက္ခဏာများကို အစာအိမ်အူလမ်းကြောင်း အောက်ပိုင်းမှ သွေးယိုစိမ့်လျှင် တွေ့ရှိနိုင်သည်

ကာလကြာရှည် သွေးတစိမ့်စိမ့် ထွက်ခြင်းဖြစ်ပါက_

  • သွေးအားနည်းခြင်း (Anaemia)
  • ခေါင်းမူးခြင်း
  • အသက်ရှူကျပ်ခြင်း
  • ရုတ်တရက် မူးလဲခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ဝမ်းဗိုက်အောင့်ခြင်း၊ ရစ်ခြင်းစသည့် လက္ခဏာများ ပြသနိုင်သည်။

ရုတ်တရက်သွေးထွက်ခြင်းသည် ပမာဏများပြီး လျင်မြန်ပါက သွေးလန့်ခြင်း (Shock) ဖြစ်နိုင်သည်။

သွေးလန့်ခြင်း လက္ခဏာများ
  • နုံးချည့်လွယ်ခြင်း
  • ခြေဖျား၊ လက်ဖျားအေးစက်သွားခြင်း
  • အသားအရောင် ဖြူဖျော့သွားခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ဆီးနည်းသွားခြင်း၊ ဆီးမထွက်ခြင်း
  • လက်သည်း၊ နှုတ်ခမ်းများ ပြာနှမ်းခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • မှိန်းခြင်း
  • သတိလစ်ခြင်း
  • အသက်ရှူမြန်ခြင်း
  • သွေးခုန်နှုန်းမြန်ခြင်း၊ ရင်တုန်ခြင်း
  • သွေးပေါင်ကျခြင်းစသည့် လက္ခဏာများဖြစ်သည်။
ရောဂါရှာဖွေခြင်း

ဆရာဝန်သည် အစာအိမ်အူလမ်းကြောင်း မည်သည့်နေရာမှ သွေးယိုစိမ့်နေသည်ကို ရှာဖွေမည်ဖြစ်သည်။ ရောဂါရာဇဝင်မေးခြင်း၊ ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း စသည်တို့ ပြုလုပ်မည်။ လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination) ပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

  • သွေးစစ်ဆေးခြင်း (Blood Tests)
    သွေးအတွင်းရှိ သွေးနီဥ၊ သွေးဥမွှား ပမာဏတို့ကို စစ်ဆေးခြင်း၊ အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း စသည်တို့ဖြစ်သည်။
  • ဝမ်းစစ်ဆေးခြင်း (Stool Test)
    ဝမ်းအတွင်း သာမန်မျက်လုံးဖြင့် မမြင်နိုင်သော သွေးများ ပါဝင်မှု ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
  • အစာအိမ်မှန်ပြောင်းကြည့်ခြင်း (Upper Gastrointestinal Endoscopy)
    လူနာကို မေ့ဆေး (သို့မဟုတ်) ထုံဆေးပေးပြီး အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်း အတွင်းနံရံများကို ကင်မရာပါသော မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ မှန်ပြောင်းပြွန်ကို လူနာ၏ပါးစပ်မှတစ်ဆင့် လည်ပင်း၊ အစာရေမျိုပြွန်တို့ကို ဖြတ်သန်းကာ အစာအိမ်နှင့် အူသိမ်ဦးပိုင်းအထိ ကြည့်ရှုစစ်ဆေးနိုင်သည်။
  • အူမကြီး မှန်ပြောင်းကြည့်ခြင်း (Colonoscopy)
    လူနာကို မေ့ဆေး (သို့မဟုတ်) ထုံဆေးပေးပြီး မှန်ပြောင်းကို စအိုဝမှ ထည့်သွင်းကာ စအို၊ အစာဟောင်းအိမ်၊ အူမကြီး အတွင်းနံရံများကို ရောဂါရှိမရှိ ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။
  • အူသိမ်ကြည့် မှန်ပြောင်း (Balloon enteroscopy)
    အစာခြေလမ်းကြောင်း၏ အလယ်ပိုင်းတွင် ရှိသော အူသိမ်အလယ်ပိုင်းနှင့် အူသိမ်နှောင်းပိုင်းရှိ ရောဂါများကို ရှာဖွေရန် အထူးပြုလုပ်ထားသော မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါသည်။
  • ကင်မရာပါသော ဆေးလုံးသောက်ပြီး အစာခြေလမ်းကြောင်းကို စစ်ဆေးခြင်း (Capsule endoscopy)
    အားဆေးလုံးအရွယ် အထူးပြုလုပ်ထားသော ကင်မရာပါသည့် ဆေးလုံးကို မျိုချပြီး အစာခြေလမ်းကြောင်း တစ်လျှောက်ကို ဓာတ်ပုံများ ရိုက်ကူးသွားခြင်းဖြစ်သည်။
  • ကွန်ပျူတာဓာတ်မှန် (CT scan)
    ဝမ်းဗိုက်ကို ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး အတွင်းရှိအူများ၏ ပုံရိပ်ကို နည်းပညာအသုံးပြု ပုံရိပ်ဖော်ခြင်းဖြစ်သည်။ အူများရှိ သွေးကြောများ ပုံရိပ်ကိုလည်း ရိုက်ကူးနိုင်သည်။
ကုသခြင်း

ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ကုသမှုပေးသည်။ သွေးထွက်လွန်၍ သွေးလန့်ခြင်း (Shock) ဖြစ်နေပါက အရေးပေါ်အသက်ကယ် ကုသမှုခံယူရမည့် အခြေအနေဖြစ်သည်။ လိုအပ်လျှင် သွေးသွင်းကုသမှုများ ပြုလုပ်မည်ဖြစ်သည်။ အရေးပေါ် သွေးတိတ်စေရန် သောက်ဆေး၊ ထိုးဆေးများဖြင့် ကုသခြင်း၊ မှန်ပြောင်းဖြင့် သွေးတိတ်အောင် ပြုလုပ်ခြင်း၊ ပေါင်သွေးကြောမှတစ်ဆင့် သွေးထွက်နေသော သွေးကြောကိုပိတ်အောင် ပြုလုပ်ခြင်းနှင့် ခွဲစိတ်၍ သွေးတိတ်အောင် ပြုလုပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

ကာလရှည်သွေးယိုစိမ့်မှုကြောင့် သွေးအားနည်းနေပါက သံဓာတ်အားဖြည့်ဆေးကဲ့သို့သော ဆေးများ လိုအပ်နိုင်သည်။ ရောဂါဖြစ်စေသောအကြောင်းရင်းကိုပါ ကုသရန်လည်းလိုအပ်သည်။

ကာကွယ်ခြင်း

သွေးစိမ့်နိုင်သော ရောဂါအားလုံးကို ကာကွယ်၍မရနိုင်သော်လည်း အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာကို ဖြစ်စေတတ်သော အောက်ပါအချက်များကို သတိပြုခြင်းဖြင့် သွေးစိမ့်မှုကို ကာကွယ်နိုင်သည်။

  • အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးရမည်၊ မိမိသဘောအတိုင်း သုံးစွဲခြင်းမပြုရ
  • အရက်ကို ချင့်ချိန်သောက်သုံးပါ၊ ဆရာဝန်မှ အရက်ဖြတ်ရန် ညွှန်ကြားလျှင် လိုက်နာပါ
  • ဆေးလိပ်ဖြတ်ပါ
  • စိတ်ဖိစီးမှုလျှော့ချပါ

References:

  1. Mayo Clinic. (n.d.). Gastrointestinal bleeding – Symptoms and causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/gastrointestinal-bleeding/symptoms-causes/syc-20372729
  2. Cleveland Clinic. (2025). Gastrointestinal (GI) bleeding. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/23391-gastrointestinal-gi-bleeding
  3. Brown, C., & Lewis, W. (2022). Upper gastrointestinal bleeding. In Oxford Handbook of Clinical Surgery (5th ed., pp. 398–401). Oxford University Press.

Published: 30 August 2024

Last updated: 22 September 2025

Share

Category

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.