အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းဆိုသည်မှာ မှတ်ဉာဏ်စွမ်းအား၊ တွေးခေါ်နိုင်စွမ်းအား၊ ဆင်ခြင်တုံတရား၊ ပင်ကိုယ်စရိုက်၊ စိတ်အခြေအနေနှင့် အပြုအမူတို့ကို ထိခိုက်စေနိုင်သော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ ပုံမှန်အသိဉာဏ်ဖွံဖြိုးပြီးသူများတွင် ရောဂါအခြေအနေတစ်ခုခုကြောင့် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းကို ဆေးပညာအခေါ်အဝေါ်အားဖြင့် Dementia ဟုခေါ်သည်။ Dementia သည် ရောဂါတစ်ခုတည်းမဟုတ်ဘဲ ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော “ရောဂါလက္ခဏာစု” ဖြစ်သည်။ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) သည် အဖြစ်အများဆုံးဖြစ်ပြီး၊ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော (Vascular dementia) နှင့် အခြားအမျိုးအစား များစွာရှိသည်။
ရောဂါအဆင့်အလိုက် မှတ်ဉာဏ်သာမက စာရိတ္တ၊ ကိုယ်ရည်ကိုယ်သွေးနှင့် ဆင်ခြင်တုံတရားများပါ ပြောင်းလဲသွားနိုင်ကြောင်း ပြုစုသူများက ကြိုတင်လက်ခံထားရမည်ဖြစ်သည်။ အဆိုပါဝေဒနာရှင်များကို ပြုစုစောင့်ရှောက်ရခြင်းသည် မွန်မြတ်သော အလုပ်ဖြစ်သော်လည်း၊ များစွာသော စိတ်ရှည်သည်းခံမှုနှင့် နားလည်မှုတို့ လိုအပ်သည်။ ဤအကြချက်သည် ပြုစုစောင့်ရှောက်သူများအတွက် နေ့စဉ်ကြုံတွေ့ရ နိုင်သော အခက်အခဲများနှင့် ပြဿနာဖြစ်စေသော အပြုအမူများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်သည်။
အပိုင်း (၁) – ဆက်သွယ်ပြောဆိုခြင်း (Communication Skills)
အသိမှတ်ဉာဏ်ချို့တဲ့လာသည်နှင့်အမျှ ဝေဒနာရှင်များသည် မိမိတို့၏ ခံစားချက်များကို ဖော်ပြရန်နှင့် သူတစ်ပါး ပြောဆိုသည်ကို နားလည်ရန် ခက်ခဲလာတတ်သည်။
- ရှင်းလင်းစွာ ပြောဆိုပါ – စကားပြောရာတွင် ရိုးရှင်းသော စကားလုံးများကို အသုံးပြု၍ ဖြည်းဖြည်းနှင့် ရှင်းလင်းစွာ ပြောဆိုသင့်သည်
- မျက်နှာချင်းဆိုင်၍ ပြောပါ – ၎င်းတို့၏ မျက်လုံးကို ကြည့်၍ အာရုံစိုက်မှုကို ရယူပြီးမှ စကားပြောဆိုပါ၊ နောက်ကျောဘက်မှနေ၍ ရုတ်တရက် အသံမပေးပါနှင့်
- ရိုးရှင်းသော မေးခွန်းပုံစံမျိုးကိုသာ အသုံးပြုပါ – “ဟုတ်သည်/မဟုတ်ပါ” ဟုသာ ဖြေဆိုနိုင်သော မေးခွန်းများကို အဓိကသုံးပါ၊ ရွေးချယ်စရာများ ပေးလျှင် နှစ်ခုထက် ပိုမပေးပါနှင့်
- အငြင်းပွားခြင်းမှ ရှောင်ကြဉ်ပါ – ဝေဒနာရှင် ပြောဆိုသော အကြောင်းအရာသည် အမှားဖြစ်နေစေကာမူ ထိပ်တိုက်တွေ့ကာ ငြင်းခုံခြင်း၊ အပြစ်တင်ခြင်းများ မပြုလုပ်သင့်ပါ၊ ၎င်းတို့၏ ခံစားချက်ကို နားလည်ပေးကြောင်း ပြသပြီး အာရုံလွှဲပြောင်းပေးပါ
အပိုင်း (၂) – နေ့စဉ်နေထိုင်မှုဘဝ ကူညီပံ့ပိုးပေးခြင်း (Daily Living Activities)
နေ့စဉ် ပုံမှန်လုပ်ဆောင်ရမည့် အချိန်ဇယားတစ်ခု သတ်မှတ်ထားခြင်းသည် ဝေဒနာရှင်များအတွက် စိတ်တည်ငြိမ်မှုကို ရရှိစေသည်။
- ရေချိုးခြင်းနှင့် သန့်ရှင်းရေး – ရေချိုးချိန်ကို ၎င်းတို့ အသက်သာဆုံးနှင့် ပြောရဆိုရ အကောင်းဆုံးအချိန်ကို သတ်မှတ်ပါ၊ ရေချိုးခန်းအတွင်း ချော်မလဲစေရန် လက်ကိုင်တန်းများ တပ်ဆင်ထားသင့်သည်
- အဝတ်အစားလဲခြင်း – သက်သောင့်သက်သာရှိပြီး ဝတ်ရလွယ်ကူသော အဝတ်အစားများကို ရွေးချယ်ပေးပါ၊ ရွေးချယ်စရာ အင်္ကျီနှစ်စုံခန့်သာ ထုတ်ထားပြီး ၎င်းတို့ကိုယ်တိုင် ရွေးချယ်စေခြင်းဖြင့် လွတ်လပ်ခွင့်ကို ပေးပါ
- အစားအသောက် ကျွေးမွေးခြင်း – စားသောက်ချိန်တွင် ပတ်ဝန်းကျင်ကို ဆူညံမှုကင်းအောင် ထားပါ၊ ဇွန်း ၊ ခက်ရင်း ၊ တူများ အသုံးပြုရန် အခက်အခဲရှိလာပါက လက်ဖြင့် ကောက်ကိုင်စားနိုင်သော အစားအစာများကို ပြင်ဆင်ပေးသင့်သည်။
အပိုင်း (၃) – အဖြစ်များသော အပြုအမူဆိုင်ရာပြဿနာများ ကိုင်တွယ်ဖြေရှင်းခြင်း (Managing Problematic Behaviors)
အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသော ဝေဒနာရှင်များတွင် တွေ့ရတတ်သော အပြုအမူပြောင်းလဲမှုများသည် ရောဂါကြောင့်ဖြစ်ပြီး တမင်သက်သက် လုပ်ဆောင်ခြင်း မဟုတ်ကြောင်းကို ပြုစုသူများအနေဖြင့် အမြဲသတိပြုရန် လိုအပ်သည်။
- စိတ်ဆတ်ခြင်းနှင့် ရန်လိုခြင်း (Agitation and Aggression)
ဝေဒနာရှင်များသည် ရုတ်တရက် ဒေါသထွက်ခြင်း၊ ဆဲဆိုခြင်း သို့မဟုတ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ပြုလုပ်လာနိုင်သည်။- အကြောင်းရင်းကို ရှာဖွေပါ – ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုရှိနေခြင်း၊ ဆီးအိမ်/အစာအိမ်နှင့်အူလမ်းကြောင်း မအီမသာဖြစ်ခြင်း၊ ပတ်ဝန်းကျင် ဆူညံလွန်းခြင်း သို့မဟုတ် အိပ်ရေးမဝခြင်းတို့ကြောင့် ဖြစ်နိုင်သည်
- တုံ့ပြန်မှု – ပြုစုသူအနေဖြင့် တန်ပြန်ရန်လိုခြင်း မပြုပါနှင့်။ အသံကျယ်လောင်စွာ တုံ့ပြန်ခြင်းကို ရှောင်ကြဉ်ပါ၊ “စိတ်မကောင်းဖြစ်နေတာကို နားလည်ပါတယ်” စသဖြင့် သံယောဇဉ်ပါသော စကားဖြင့် နှစ်သိမ့်ပေးပါ၊ လိုအပ်ပါက ဘေးကင်းသော အကွာအဝေးတွင် ခေတ္တနေပေးပါ။
- အကြောင်းမဲ့ လျှောက်သွားခြင်း သို့မဟုတ် လမ်းပျောက်ခြင်း (Wandering)
ဝေဒနာရှင်များသည် ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်ထွက်သွားခြင်း သို့မဟုတ် အိမ်အပြင်သို့ထွက်ကာ လမ်းပျောက်သွားခြင်းများ မကြာခဏ ဖြစ်တတ်သည်။- ကာကွယ်ခြင်း – နေအိမ်တံခါး ၊ ခြံတံခါးများတွင် သော့ခလောက်များကို အလွယ်တကူ မမြင်နိုင်သော နေရာ (ဥပမာ- တံခါး၏ အထက်ပိုင်း သို့မဟုတ် အောက်ပိုင်း) တွင် တပ်ဆင်ထားပါ
- လုံခြုံရေးအစီအမံ – ဝေဒနာရှင်၏ အမည်၊ လိပ်စာ၊ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ ပါဝင်သော လည်ဆွဲ သို့မဟုတ် လက်ပတ်များကို ဝတ်ဆင်ပေးထားပါ၊ ခြေရာခံနိုင်သော (GPS) ကိရိယာများ အသုံးပြုခြင်းသည် အလွန်အကျိုးရှိသည်။
- နေဝင်ရီတရောအချိန် ဂနာမငြိမ်ဖြစ်ခြင်း (Sundowning Syndrome)
ဝေဒနာရှင်များသည် ညနေပိုင်းနှင့် နေဝင်ချိန်များတွင် ပိုမို၍ စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းများကို ခံစားရလေ့ရှိသည်။- အလင်းရောင် ထိန်းညှိခြင်း – နေ့လယ်ဘက်တွင် အလင်းရောင် ကောင်းစွာရရှိစေရန် ပြုလုပ်ပေးပြီး ညနေခင်း မှောင်မိုက်လာချိန်တွင် အိမ်တွင်းမီးများကို လင်းထိန်စွာ ဖွင့်ထားပေးပါ
- လှုပ်ရှားမှုများ လျှော့ချခြင်း – ညနေပိုင်းတွင် ကော်ဖီ၊ လက်ဖက်ရည် ကဲ့သို့သော ကဖိန်းဓာတ်ပါသော သောက်စရာများကို ရှောင်ကြဉ်စေပြီး တီဗီမှ အသံများကို တိုးထားပေးပါ၊ ငြိမ့်ညောင်းသော တေးဂီတကို ဖွင့်ပေးထားနိုင်သည်။
- ထပ်ခါတလဲလဲ ပြုမူပြောဆိုခြင်း (Repetitive Behaviors)
မေးခွန်းတစ်ခုတည်းကို အကြိမ်ကြိမ်မေးခြင်း သို့မဟုတ် အပြုအမူတစ်ခုတည်းကို ဆက်တိုက် လုပ်ဆောင်နေခြင်းသည် စိုးရိမ်ပူပန်မှုနှင့် မှတ်ဉာဏ်ချို့ယွင်းမှုကြောင့်ဖြစ်သည်။- ဖြေရှင်းနည်း – မေးခွန်းကို အကြိမ်ကြိမ် ဖြေဆိုပေးမည့်အစား ဝေဒနာရှင်၏ စိုးရိမ်စိတ်ကို လျှော့ချပေးရန် ကြိုးစားပါ၊ ဥပမာ – အခြား စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ခုသို့ အာရုံလွှဲပြောင်းပေးခြင်း သို့မဟုတ် အဆာပြေတစ်ခုခု ကျွေးခြင်းတို့ ပြုလုပ်နိုင်သည်။
- သံသယလွန်ကဲခြင်းနှင့် ထင်ယောင်ထင်မှားဖြစ်ခြင်း (Paranoia and Hallucinations)
ဝေဒနာရှင်များတွင် ပစ္စည်းများ အခိုးခံရသည်ဟု ထင်မြင်စွပ်စွဲခြင်း၊ မရှိသော အရာများကို မြင်ရ၊ ကြားရသည်ဟု ပြောဆိုခြင်းများ ဖြစ်ပေါ်တတ်သည်။- ဖြေရှင်းနည်း – ၎င်းတို့၏ မြင်တွေ့မှုများသည် အမှားဖြစ်ကြောင်း သက်သေပြရန် မကြိုးစားပါနှင့်၊ ဝေဒနာရှင်အတွက် ထိုအရာများသည် တကယ့်အစစ်အမှန်များကဲ့သို့ ဖြစ်နေသောကြောင့် ၎င်းတို့၏ ကြောက်ရွံ့မှုကို အသိအမှတ်ပြုပေးပါ၊ “ဒီအရာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတာ နားလည်ပါတယ်၊ ကျွန်တော်တို့ ကာကွယ်ပေးပါမယ်” ဟု အားပေးစကားဆိုပါ၊ ပစ္စည်းပျောက်သည်ဟု စွပ်စွဲပါက အတူတကွ ကူရှာပေးပါ၊ အခြား စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ခုသို့ အာရုံလွှဲပြောင်းပေးပါ။
- အိပ်စက်မှု ပြဿနာများ (Sleep Disturbances)
ဝေဒနာရှင်များသည် ညဘက်တွင် နိုးနေတတ်ပြီး နေ့ခင်းဘက်တွင် အိပ်စက်နေတတ်ခြင်းများ အဖြစ်များတတ်သည်။- အလေ့အကျင့်ကောင်း ဖန်တီးခြင်း – နေ့ခင်းဘက် အိပ်ချိန်ကို ကန့်သတ်ပါ၊ နေ့လယ်ပိုင်းတွင် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်စေခြင်း၊ စကားစမြည်ပြောပေးခြင်းတို့ဖြင့် ညဘက်တွင် ပိုမိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေရန် ကူညီပေးပါ။
- အရိပ်သဖွယ် တစ်ကောက်ကောက်လိုက်ခြင်း (Shadowing)
ဝေဒနာရှင်သည် ပြုစုသူနောက်သို့ အရိပ်လိုလိုက်နေခြင်း၊ ပြုစုသူအား မျက်စိအောက်မှ အပျောက်မခံခြင်းများ ပြုလုပ်တတ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို လုံခြုံမှုမရှိဟု ခံစားရခြင်းနှင့် ပြုစုသူကိုသာ တစ်ဦးတည်းသော အားထားရာဟု မှတ်ယူထားခြင်းကြောင့်ဖြစ်သည်။- ဖြေရှင်းနည်း – စိတ်မရှည်ခြင်း၊ မောင်းထုတ်ခြင်းများ မပြုလုပ်ပါနှင့်၊ ၎င်းတို့အား လုပ်စရာ အလုပ်သေးသေးလေးများ (ဥပမာ – မျက်နှာသုတ်ပုဝါ ခေါက်ခိုင်းခြင်း၊ ပဲရွေးခိုင်းခြင်း) စသည်တို့ကို ပေးထားခြင်းဖြင့် အာရုံလွှဲထားနိုင်သည်၊ မိမိ၏ အသံကို ကြားနေရစေရန် သီချင်းဆိုပြခြင်း သို့မဟုတ် စကားလှမ်းပြောနေခြင်းမျိုး ပြုလုပ်ပေးပါ။
- ပစ္စည်းများ ဝှက်ထားခြင်း သို့မဟုတ် အကြောင်းမဲ့ စုဆောင်းခြင်း (Hiding and Hoarding)
ဝေဒနာရှင်များတွင် အသုံးမဝင်သော စက္ကူစများ၊ အမှိုက်များကို စုဆောင်းထားခြင်း သို့မဟုတ် အဖိုးတန်ပစ္စည်းများကို နေရာအနှံ့ လိုက်လံဝှက်ထားပြီးနောက် ပြန်ရှာမတွေ့ခြင်းများ ဖြစ်တတ်သည်။- ဖြေရှင်းနည်း – ဆူပူကြိမ်းမောင်းခြင်း မပြုလုပ်ရပါ၊ အရေးကြီးသော ပစ္စည်းများ (ဥပမာ – မျက်မှန်၊ သော့၊ သွားတု) များကို အပိုများ ကြိုတင်လုပ်ထားပါ၊ အမှိုက်ပုံးများကို မစွန့်ပစ်မီ အရေးကြီးပစ္စည်းများ ပါသွားခြင်း ရှိ/မရှိ အမြဲစစ်ဆေးပါ၊ ၎င်းတို့ သိမ်းဆည်းလေ့ရှိသော နေရာများကို မှတ်သားထားပါ။
- မလျော်ကန်သော လိင်ပိုင်းဆိုင်ရာ အပြုအမူများ (Inappropriate Sexual Behaviors)
ဝေဒနာရှင်များသည် ဦးနှောက်၏ ထိန်းချုပ်မှုစွမ်းရည် ကျဆင်းလာသောအခါ လူမြင်ကွင်းတွင် အဝတ်အစားချွတ်ခြင်း၊ မဖွယ်မရာ ပြောဆိုပြုမူခြင်းများကို လုပ်ဆောင်လာနိုင်သည်။- ဖြေရှင်းနည်း – ပြုစုသူအနေဖြင့် အလွန်အမင်း တုန်လှုပ်ခြင်း၊ ဒေါသထွက်ခြင်း မပြဘဲ တည်ငြိမ်စွာ ဖြေရှင်းပါ၊ တစ်ခါတစ်ရံတွင် အဝတ်အစား ကျပ်လွန်းခြင်း၊ ဆီးသွားချင်ခြင်း သို့မဟုတ် ပူအိုက်ခြင်းတို့ကြောင့် အဝတ်ချွတ်ခြင်းလည်း ဖြစ်နိုင်သည်၊ ထိုသို့ပြုလုပ်လာပါက အခြားနေရာ သို့မဟုတ် ကိုယ်ပိုင်အခန်းသို့ ညင်သာစွာ ခေါ်ဆောင်သွားပြီး အာရုံလွှဲပေးပါ။
- စိတ်ပါဝင်စားမှု ကင်းမဲ့ခြင်းနှင့် စိတ်ကျခြင်း (Apathy and Depression)
ဝေဒနာရှင်များသည် ယခင်က ဝါသနာပါသော အရာများကိုပင် စိတ်ဝင်စားမှုမရှိတော့ဘဲ တစ်နေကုန် ထိုင်နေခြင်းမျိုး ဖြစ်တတ်သည်။- ဖြေရှင်းနည်း – ရိုးရှင်းပြီး ၎င်းတို့ လုပ်ဆောင်နိုင်မည့် လှုပ်ရှားမှုလေးများကို အတူတကွ ပြုလုပ်ပေးပါ၊ (ဥပမာ – သီချင်းဟောင်းလေးများ အတူနားထောင်ခြင်း၊ ဓာတ်ပုံဟောင်းများ ပြန်ကြည့်ခြင်း၊ ပန်းပင်ရေလောင်းခြင်း)၊ အကယ်၍ စိတ်ကျရောဂါ လက္ခဏာများ ပြင်းထန်လာပါက ဆရာဝန်နှင့် တိုင်ပင်၍ ဆေးဝါးကုသမှု ခံယူရန် လိုအပ်သည်။
အပိုင်း (၄) – နေအိမ်ပတ်ဝန်းကျင်လုံခြုံရေး စီမံခန့်ခွဲခြင်း (Home Safety)
ဝေဒနာရှင်များအတွက် မိမိတို့၏ နေအိမ်သည်ပင်လျှင် အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်လာနိုင်သည်။
- ချော်လဲခြင်းမှ ကာကွယ်ပါ – ကြမ်းပြင်ပေါ်ရှိ အလွယ်တကူ ခလုတ်တိုက်နိုင်သော ကော်ဇောများ၊ ဓာတ်ကြိုးများကို ဖယ်ရှားပါ၊ အလင်းရောင် ကောင်းစွာရရှိစေရန် စီစဉ်ထားပါ
- အန္တရာယ်ရှိသော ပစ္စည်းများ သိမ်းဆည်းပါ – ဓား၊ ကတ်ကြေး၊ မီးခြစ် နှင့် အဆိပ်သင့်စေနိုင်သော သန့်ရှင်းရေးသုံး ဓာတုဆေးရည်များကို သော့ခတ်သိမ်းဆည်းထားပါ
- ဆေးဝါးများ စီမံခြင်း – ဆေးဝါးများကို ၎င်းတို့ဘာသာ မသောက်သုံးစေဘဲ ပြုစုသူကသာ သေချာစွာ တိုက်ကျွေးပြီး လုံခြုံသော နေရာတွင် သိမ်းဆည်းပါ။
အပိုင်း (၅) – ပြုစုစောင့်ရှောက်သူများ မိမိကိုယ်ကိုဂရုစိုက်ခြင်း (Caregiver Self-Care)
ဝေဒနာရှင်ကို ကောင်းမွန်စွာ ပြုစုနိုင်ရန်အတွက် ပြုစုသူကိုယ်တိုင် ကျန်းမာရွှင်လန်းနေရန်မှာ အလွန်အရေးကြီးသည်။ ပြုစုသူများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်မှုသည် အဖြစ်များသော ပြဿနာဖြစ်သည်။
- အကူအညီ တောင်းခံပါ – အရာအားလုံးကို တစ်ကိုယ်တည်း တာဝန်ယူ လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ပါ၊ မိသားစုဝင်များ၊ မိတ်ဆွေများထံမှ အကူအညီရယူပါ၊ လိုအပ်ပါက ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများ သို့မဟုတ် အချိန်ပိုင်း ပြုစုပေးသူများကို ငှားရမ်းပါ
- အနားယူချိန်ယူပါ – နေ့စဉ် မိမိနှစ်သက်သော အရာတစ်ခုခုကို ပြုလုပ်ရန် (ဥပမာ – စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း) အချိန်အနည်းငယ် ဖယ်ထားပါ
- ကျန်းမာရေး ဂရုစိုက်ပါ – ပြည့်ဝစွာ အိပ်စက်ပါ၊ အာဟာရပြည့်ဝစွာ စားသုံးပါ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ၊ မိမိ၏ ကျန်းမာရေး ချို့ယွင်းလာပါက ဆရာဝန်နှင့် ပြသရန် ဝန်မလေးပါနှင့်။
အချုပ်အားဖြင့် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသော ဝေဒနာသည် တဖြည်းဖြည်း ဆိုးရွားလာတတ်သော အမျိုးအစားဖြစ်ရာ ပြုစုစောင့်ရှောက်သူများအနေဖြင့် ရောဂါ၏ သဘောသဘာဝကို နားလည်လက်ခံထားရန် အရေးကြီးသည်။ ရောဂါလက္ခဏာများ မည်မျှပင် ပြောင်းလဲလာစေကာမူ ဝေဒနာရှင်များအပေါ် မေတ္တာ၊ ဂရုဏာထား၍ ပြုစုစောင့်ရှောက်ခြင်းသည် ၎င်းတို့၏ ဘဝလက်ကျန် အချိန်များကို များစွာအဓိပ္ပာယ်ရှိစေပြီး လုံခြုံနွေးထွေးမှုကို ရရှိစေမည်ဖြစ်သည်။ ပြုစုသူများအနေဖြင့်လည်း မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများသည် အလွန်တန်ဖိုးရှိလှကြောင်းကို အစဉ်သတိရ ဂုဏ်ယူသင့်သည်။
References:
- American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders (5th ed.). American Psychiatric Publishing. https://doi.org/10.1176/appi.books.9780890425596
- Cleveland Alzheimer’s Disease Research Center. (n.d.). Education resources. Retrieved September 7, 2026, from https://clevelandadrc.org/education-resources/
- NBC News. (2022). 8 strategies for caring for someone with dementia. Retrieved September 7, 2026, from https://www.nbcnews.com/paid-content/paid-content/8-strategies-caring-someone-dementia-n1299149
- WebMD. (n.d.). Alzheimer’s caregiver guide. Retrieved September 7, 2026, from https://www.webmd.com/alzheimers/alzheimers-role-caregiver
- World Health Organization. (n.d.). Dementia. Retrieved September 7, 2026, from https://www.who.int/news-room/fact-sheets/detail/dementia
Published: 10 November 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.