ယနေ့ကမ္ဘာပေါ်တွင်လူအများစုအတွက် Instagram, Facebook, TikTok နှင့် အခြားသော လူမှုဆက်သွယ်ရေးမီဒီယာများကို ဝင်ရောက်ကြည့်ရှုခြင်းသည် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်နေပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လူမှုဆက်သွယ်ရေးမီဒီယာ အသုံးပြုသူ ခန့်မှန်းခြေ ၄.၉ ဘီလီယံ ရှိနေသည်ဟု စစ်တမ်းများက ဖော်ပြနေသည်။ ပျမ်းမျှအားဖြင့် လူတစ်ဦးသည် လူမှုဆက်သွယ်ရေးမီဒီယာပေါ်တွင် နေ့စဉ် ၁၄၅ မိနစ်ခန့် အချိန်ကုန်ဆုံးနေတတ်လေ့ရှိသည်ဟု မှတ်တမ်းများအရ သိရှိရသည်။
လူမှုဆက်သွယ်ရေးမီဒီယာသည် ကမ္ဘာတစ်ဝန်းရှိ သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ ပို့စ် (post) များကို ကြည့်ရှုခြင်းဖြင့် လူတစ်ဦးနှင့်တစ်ဦး ပိုမိုနီးကပ်စွာ ဆက်သွယ်မှုရရှိနေသည်ဆိုသည့် ခံစားချက်မျိုးရရှိစေရန် ပြုလုပ်ပေးနိုင်သည့် နည်းပညာတစ်ခုလည်းဖြစ်သည်။ သို့သော်လည်း လူသားတို့အနေနှင့် လူမှုဆက်သွယ်ရေးမီဒီယာ အသုံးပြုခြင်းကြောင့် ကောင်းကျိုးများသာမက ဆိုးကျိုးများလည်း ရှိနေသည်။
လူမှုဆက်သွယ်ရေးမီဒီယာသည် စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ အထီးကျန်မှုနှင့် အခြားသူများထက် နောက်ကျကျန်ရစ်မည်ကို စိုးရိမ်ပူပန်သည့်စိတ်) (FOMO – Fear of missing out) တို့ကို လှုံ့ဆော်ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ အလုံးစုံကျန်းမာရေးနှင့် သုခချမ်းသာကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ဤပြဿနာများသည် အထူးသဖြင့် ဆယ်ကျော်သက်များနှင့် လူငယ်များတွင် ပိုမိုဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိရသည်။
သို့ရာတွင် လူမှုဆက်သွယ်ရေးမီဒီယာသည် အနာဂတ်တွင်လည်း ကျွန်ုပ်တို့၏ နေ့စဥ်ဘ၀၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်များ ရယူမှုများတွင် ဆက်လက်ပါ၀င်နေမည်ဖြစ်သည်။ အကယ်၍ သင်သည် လူမှုဆက်သွယ်ရေးမီဒီယာပေါ်တွင်သာ အချိန်များစွာ ကုန်လွန်နေတတ်ပြီး ဝမ်းနည်းမှု၊ မကျေနပ်မှု၊ စိတ်ပျက်အားငယ်မှု သို့မဟုတ် အထီးကျန်မှုတို့ကို ခံစားနေရပါက၊ သင်၏ အင်တာနက်နှင့် လူမှုဆက်သွယ်ရေးမီဒီယာအသုံးပြုမှုနှင့် ပတ်သက်သည့် အလေ့အထများကို ပြန်လည်ဆန်းစစ်ရန် အချိန်တန်ပြီ ဖြစ်သည်။
အင်တာနက်နှင့် လူမှုဆက်သွယ်ရေးမီဒီယာများက ကျွန်ုပ်တို့၏ စိတ်ကျန်းမာရေးနှင့် အလုံးစုံကျန်းမာရေးအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ကောင်းစွာ သိရှိနားလည်သဘောပေါက်ခြင်းသည် သင့်အတွက်သာမက သင်၏ချစ်ခင်ရသူများအတွက်ပါ အလွန်ပင်အရေးကြီးသည်။
စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုများ
လူမှုဆက်သွယ်ရေးမီဒီယာ အသုံးပြုခြင်းသည် အထူးသဖြင့် ဆယ်ကျော်သက်များနှင့် လူငယ်များတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျမှု ခံစားချက်များကို ဖြစ်ပေါ်စေနိုင်သည်။ လူမှုဆက်သွယ်ရေးမီဒီယာ၏ စွဲလမ်းစေတတ်သော သဘာဝမှာ လူတို့၏ဦးနှောက်အတွင်းတွင် ဒိုပါမင်း (dopamine) ဟော်မုန်းကို ထွက်ရှိစေခြင်းဖြင့် ဦးနှောက်၏ ဆုချီးမြှင့်မှုစနစ် (reward center) ကို လှုံ့ဆော်ပေးသည်။ ၎င်းသည် သာယာကြည်နူးဖွယ် ကောင်းသော လှုပ်ရှားမှုများနှင့် ဆက်စပ်နေသည့် သဘာ၀ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် Facebook ကဲ့သို့ လူမှု ဆက်သွယ်ရေးမီဒီယာတွင် အကြောင်းအရာတစ်ခုခု ရေးသားတင်ပြလိုက်သည့်အခါတွင် ကျွန်ုပ်တို့၏ သူငယ်ချင်းများနှင့် မိသားစုဝင်များက ၎င်းအကြောင်းအရာနှင့် ပတ်သက်ပြီး “like” ပေးခြင်းဖြင့် နှစ်သက်ကြောင်း အသိအမှတ်ပြုပါက ကျွန်ုပ်တို့၏ ဦးနှောက်အတွင်းရှိ ဒိုပါမင်းထွက်ရှိမှု မြင့်တက်လာစေသည်။ သို့သော်လည်း ကျွန်ုပ်တို့အနေဖြင့် ထိုကဲ့သို့ မြင့်တက်မှု သို့မဟုတ် အသိအမှတ်ပြုမှုကို မရရှိသောအခါ မိမိကိုယ်ကို တန်ဖိုးထားမှုနှင့် ကိုယ့်ကိုယ်ကိုယုံကြည်မှု ခံစားရခြင်းအပေါ် ထိခိုက်စေနိုင်သည်။
- ပုံရိပ်ပြုပြင်သည့်နည်းလမ်းများ (Filters)
- လူမှုဆက်သွယ်ရေးမီဒီယာသည် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို အလွန်အမင်း အာရုံစိုက်လေ့ရှိသည်
- Facebook ၊ Instagram နှင့် TikTok ကဲ့သို့သော လူမှုဆက်သွယ်ရေး မီဒီယာလမ်းကြောင်းအများအပြားသည် အသုံးပြုသူများအား ပုံတစ်ပုံပေါ်တွင် filter များ အသုံးပြုနိုင်ရန် ရွေးချယ်ခွင့်ပေးထားသည်
- ထို Filter များသည် ရယ်မောပျော်ရွှင်ရန် ကောင်းမွန်နိုင်သော်လည်း၊ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကို အလွယ်တကူ ပြောင်းလဲနိုင်စေခြင်းနှင့် အပြစ်အနာအဆာများကို ဖုံးကွယ်နိုင်စွမ်းရှိခြင်းတို့က မှားယွင်းသော ထင်ယောင်ထင်မှားအမြင်များ ဖြစ်ပေါ်စေနိုင်သည်
- ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲထားသော ရုပ်ပုံများနှင့် အမြဲတမ်း ထိတွေ့နေရခြင်းက သင့်ကိုယ်သင် သတိထားမိလာစေပြီး သင့်ရုပ်ရည်သွင်ပြင်ကိုပါ မနှစ်မြို့မှုများ ဖြစ်ပေါ်လာစေနိုင်သည်
- တစ်စုံတစ်ရာကို လက်လွတ်ဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်ခြင်း (FOMO)
- လူမှုဆက်သွယ်ရေးမီဒီယာအသုံးပြုခြင်းသည် လူအများအပြားအတွက် တစ်စုံတစ်ရာကို လက်လွတ်ဆုံးရှုံးရမည်ကိုစိုးရိမ်ပူပန်ခြင်း (FOMO) ဟု ခေါ်သော ခံစားချက်များကို ပိုမိုတိုးပွားစေသည်
- လူမှုဆက်သွယ်ရေးမီဒီယာမှတစ်ဆင့် သင့်သူငယ်ချင်းများနှင့် မိသားစုဝင်များ၏အခြေအနေကို ဝင်ရောက်ကြည့်ရှုခြင်းက အခြားသူများသည် သင့်ထက် ပိုမိုပျော်ရွှင်နေသည် သို့မဟုတ် ပိုမိုကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်နေကြသည်ဟု သင့်ကို ခံစားရစေနိုင်သည်
- လူမှုဆက်သွယ်ရေးမီဒီယာကို အသုံးပြုသူတစ်ဦး၏ ဘဝတွင် သူ့ဘ၀၏ အကောင်းဆုံး အစိတ်အပိုင်းများကိုသာ ပြသထားသည့် “အကောင်းဆုံး အခိုက်အတန့်များ “(highlight reel)” ဆိုသော ပြသမှုကို ၀င်ရောက်ကြည့်ရှုနိုင်သည်
- သို့ရာတွင် အခြားသူများ၏ အကောင်းဆုံး အခိုက်အတန့်များကိုသာ ကွက်၍ ကြည့်ရှုခွင့်ရရှိခြင်းသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် နေ့စဉ်ဘဝအပေါ် မိမိကိုယ်ကို မိမိ မကျေနပ်မှု ခံစားချက်များကို ပိုမိုတိုးပွားလာစေနိုင်သည်
- ၎င်းသည် မိမိကိုယ်ကို တန်ဖိုးထားမှုကို ထိခိုက်စေနိုင်ပြီး၊ စိုးရိမ်ပူပန်မှုများကို လှုံ့ဆော်ပေးကာ လူမှုဆက်သွယ်ရေးမီဒီယာကို ပိုမိုအသုံးပြုလိုစိတ် ဖြစ်ပေါ်စေနိုင်သည်
- ထို့အပြင် FOMO သည် ပြင်ပလောကတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို လက်လွတ်မခံစေရန် အသုံးပြုသူများအား လူမှုဆက်သွယ်ရေးမီဒီယာကို အမြဲတစေ ဝင်ရောက်ကြည့်ရှုရန် တွန်းအားပေးသောအရာလည်းဖြစ်သည်
- ဆိုက်ဘာအနိုင်ကျင့်မှု (Cyberbullying)
- ၂၀၂၀ ခုနှစ်တွင် အမေရိကန်ရှိ အင်တာနက်အသုံးပြုသူအားလုံး၏ ၄၄ ရာခိုင်နှုန်းက ၎င်းတို့သည် အွန်လိုင်းတွင် နှောင့်ယှက်ခံရမှုများကို ကြုံတွေ့ခဲ့ရကြောင်း စစ်တမ်းများအရ သိရှိရသည်
- ဆိုက်ဘာအနိုင်ကျင့်မှုဆိုသည်မှာ တစ်စုံတစ်ဦးက အီလက်ထရောနစ်စက်ပစ္စည်းကို အသုံးပြု၍ အခြားသူတစ်ဦးအား ရည်ရွယ်ချက်ရှိရှိဖြင့် ထပ်ခါတလဲလဲ နှောင့်ယှက်ခြင်း၊ ဆိုးရွားစွာဆက်ဆံခြင်း သို့မဟုတ် လှောင်ပြောင်ခြင်းတို့ကို ဆိုလိုသည်၊ ၎င်းသည် မိမိကိုယ်ကို တန်ဖိုးထားမှုနှင့် စိတ်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်
- လူမှုဆက်သွယ်ရေး မီဒီယာပလက်ဖောင်းများသည် ဆိုက်ဘာအနိုင်ကျင့်မှုများအတွက် အဓိကပစ်မှတ်နေရာများ ဖြစ်လာသည်
- ထိုသို့နက်ရှိုင်းသော စိတ်ခံစားမှုဆိုင်ရာဒဏ်ရာများကို ကျန်ရစ်စေနိုင်သည့် နာကျင်စေသော ကောလာဟလများ၊ လိမ်ညာမှုများနှင့် စော်ကားမှုများကို ဖြစ်စေနိင်သော အကြောင်းရင်းများတွင် လူမှုဆက်သွယ်ရေးမီဒီယာလည်း ပါ၀င်နေကြောင်း လေ့လာချက်များအရ ဆန်းစစ်တွေ့ရှိရသည်
လူမှုဆက်သွယ်ရေးမီဒီယာကို ဘေးကင်းစွာ အသုံးပြုနိုင်မည့် နည်းလမ်းများ
လူမှုဆက်သွယ်ရေးမီဒီယာ နှင့် သင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်နှင့် ဆိုးကျိုးများကို လျော့ကျစေရန် အကောင်းဆုံးသောနည်းလမ်းတစ်ခုမှာ သင်၏ နေ့စဉ် ဖန်သားပြင်ကြည့်ရှုချိန် (screen time) ကို လျှော့ချခြင်းဖြစ်သည်။ မျက်နှာပြင်ကြည့်ရှုချိန်ကို လျှော့ချရန်အတွက် အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- သင့်ဖုန်း၏ ဆက်တင်များ (settings) ထဲတွင် လူမှုဆက်သွယ်ရေးမီဒီယာ အပလီကေးရှင်း [Application] များအတွက် အချိန်ကန့်သတ်ချက်များ သတ်မှတ်ပါလူမှုဆက်သွယ်ရေးမီဒီယာ အသုံးပြုရန်အတွက် သီးသန့်အချိန်များ သတ်မှတ်ထားပါ
- သင့်သူငယ်ချင်းများနှင့် သင်တင့်သော အကြောင်းအရာများကို ကြည့်ရှုတတ်လေ့ရှိသူများ (Followers စာရင်း) ကို ပြန်လည်ကြည့်ရှုပြီး၊ သင့်ကိုယ်သင်စိတ်ပျက်အားငယ်မှု ဖြစ်ပေါ်စေသောသူများကို မိတ်ဆွေ၊ သူငယ်ချင်း စာရင်းမှဖယ်ရှားခြင်း (unfriend) ပြုလုပ်ပါ
- လူမှုဆက်သွယ်ရေးမီဒီယာ ပြင်ပတွင် ပြည့်စုံမှုနှင့် ပျော်ရွှင်မှုကို ရှာဖွေပါ
- သင်၏စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်လာစေရန်အတွက် လူကိုယ်တိုင် တွေ့ဆုံဆက်သွယ်မှုများနှင့် လှုပ်ရှားမှုများကို ဦးစားပေး လုပ်ဆောင်ပါ၊ ၎င်းသည် ဖန်သားပြင်ကြည့်ရှုချိန် (screen time) ကို လျော့ကျစေရန်လည်း အထောက်အကူပြုနိုင်သည်
- သင့်ဖုန်းပြင်ပတွင် သင့်ကို ပြည့်စုံမှုပေးနိုင်မည့် လှုပ်ရှားမှုများကို ရှာဖွေပါ
- ဥပမာအားဖြင့် ခြေလျှင်တောင်တက်ခြင်း၊ သူငယ်ချင်းများနှင့် ပျော်ပွဲစားထွက်ခြင်း၊ ပန်းချီဆွဲခြင်း၊ စာဖတ်ခြင်း သို့မဟုတ် သင့်ခွေးလေးနှင့်အတူ လမ်းလျှောက်ထွက်ခြင်း အစရှိသည်တို့သည် အခြားသူများနှင့်ဆက်သွယ်ရန် အကောင်းဆုံးနည်းလမ်းများဖြစ်သည်။ ထိုသို့သော လှုပ်ရှားမှုများသည် သင်၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း တိုးတက် ကောင်းမွန်စေနိုင်သည်
- လူမှုဆက်သွယ်ရေးမီဒီယာနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းဆိုသည်မှာ သင့်အတွက် ကိုယ်ပိုင်ကိစ္စရပ်တစ်ခုဖြစ်သည်၊ သင်၏ လူမှုဆက်သွယ်ရေးမီဒီယာ အသုံးပြုမှုနှင့် ၎င်းက သင့်အပေါ် မည်သို့သက်ရောက်မှုရှိသည်ကို အကဲဖြတ်ရန် အချိန်ယူပါ၊ ဖန်သားပြင်ကြည့်ရှုချိန် (screen time) ကို ကန့်သတ်ရန် သို့မဟုတ် သင့်ဖုန်းနှင့် သင့်ကြားရှိ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေရန်အတွက် မည်သည့်ကိစ္စရပ်များကိုမဆို လုပ်ဆောင်ခြင်းက သင့် စိတ်ကျန်းမာရေးအပေါ် အပြုသဘော ဆောင်သော သက်ရောက်မှုများ ရှိစေနိုင်သည်
နိဂုံးချုပ်အားဖြင့် ကျွမ်းကျင်သူနှင့် မည်သည့်အချိန်တွင် ဆက်သွယ်ပြသရမည်ကို အတိအကျ ဆုံးဖြတ်ရန် ခက်ခဲနိုင်သည်။ အကယ်၍ မိမိ သို့မဟုတ် မိမိ၏ ချစ်ခင်ရသူတစ်ဦးဦးတွင် လူမှုကွန်ရက်စာမျက်နှာများ အသုံးပြုမှုနှင့် ဆက်စပ်၍ အိပ်မပျော်ခြင်း၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို တန်ဖိုးမထားတော့ခြင်းနှင့် မိမိကိုယ်ကို ထိခိုက်နာကျင်စေလိုသော အတွေးများ ပေါ်ပေါက်လာခြင်း စသည့်လက္ခဏာရပ်များ ခံစားရပါက မိသားစုဝင်၊ ယုံကြည်စိတ်ချရသူ၊ မိသားစုဆရာဝန် သို့မဟုတ် စိတ်ကျန်းမာရေးပညာရှင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး အကြံဉာဏ်ရယူသင့်သည်။ ထို့ပြင် မိမိကိုယ်ကို အန္တရာယ်ပြုလိုသော အတွေးများ ရှိလာပါက သက်ဆိုင်ရာ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများထံ ချက်ချင်း ဆက်သွယ်အကူအညီတောင်းခံရန် လိုအပ်သည်။
References:
- HelpGuide.org. (2026). Social media and mental health. Retrieved June 29, 2026, from https://www.helpguide.org/mental-health/wellbeing/social-media-and-mental-health
- Priory. (n.d.). Social media and mental health. Retrieved June 29, 2026, from https://www.priorygroup.com/mental-health/social-media-and-mental-health
- UC Davis Health. (2024). Social media’s impact on our mental health and tips to use it safely. Retrieved June 29, 2026, from https://health.ucdavis.edu/blog/cultivating-health/social-medias-impact-our-mental-health-and-tips-to-use-it-safely/2024/05
Published: 22 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.