Birth, Intrapartum Care and Immediate Postnatal Interventions (ဘေးကင်းကျန်းမာစွာ ကလေးမွေးဖွားခြင်းနှင့် မွေးဖွားပြီး ကျန်းမာ‌ရေးစောင့်ရှောက်မှု နည်းလမ်းများ)

Birth, Intrapartum Care and Immediate Postnatal Interventions (ဘေးကင်းကျန်းမာစွာ ကလေးမွေးဖွားခြင်းနှင့် မွေးဖွားပြီး ကျန်းမာ‌ရေးစောင့်ရှောက်မှု နည်းလမ်းများ)

မိခင်နှင့် မွေးကင်းစကလေး သေဆုံးမှုနှုန်းကို လျှော့ချရာတွင် မွေးဖွားရန် ကြိုတင်စီစဉ်ခြင်းနှင့် မွေးဖွားစဉ်၊ မွေးဖွားပြီးပြီးချင်း စနစ်တကျ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။

အန္တရာယ်ကင်းသောမွေးဖွားခြင်းအတွက် ကြိုတင်စီစဥ်ခြင်း

ဘေးကင်းကျန်းမာသော မွေးဖွားခြင်းဖြစ်စေရန် မွေးဖွားမည့် အချိန်၊ နေရာနှင့် နည်းလမ်းများကို မှန်ကန်စွာ ရွေးချယ်စီစဉ်ထားမှုသည် အလွန်အရေးကြီးသည်။

မွေးဖွားမည့်အချိန် (Timing of Delivery)

ယေဘုယျအားဖြင့် ကိုယ်ဝန်သက် (၃၇)ပတ် မှ (၄၂)ပတ်အတွင်းသည် မွေးဖွားရန် အသင့်တော်ဆုံးသော ကာလဖြစ်သည်။ ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်မီ မွေးဖွားခြင်းကို လမစေ့ဘဲ မွေးဖွားခြင်း (Preterm or Premature Birth) ဟုသတ်မှတ်သည်။ မွေးဖွားချိန်စောလေ ကလေးအတွက် ကျန်းမာရေးဆိုင်ရာအန္တရာယ် ပိုများလေဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင် (၅-၁၀) ရာခိုင်နှုန်းသည် ကိုယ်ဝန်သက် (၄၂) ပတ်ကျော်သည်အထိ သဘာဝအတိုင်း ဗိုက်မနာဘဲ ရှိတတ်သည်။ ထိုအခြေအနေကို ကိုယ်ဝန်သက်ပုံမှန်ထက် ရှည်ကြာခြင်း (Post Term) ဟုခေါ် ပြီး မိခင်နှင့်ကလေးတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များတွင် မွေးဖွားရက်ကို သေချာစွာ သတ်မှတ်နိုင်ရန် အလွန်အရေးကြီးသည်။ ထိုကြောင့် ကိုယ်ဝန်စောင့်ရှောက်မှု စောစီးစွာခံယူပြီး ကိုယ်ဝန်သက် (၁၁)ပတ် မှ (၁၃)ပတ်အတွင်း အာထရာဆောင်း (Dating scan) ရိုက်ခြင်းသည် မွေးဖွားရက်ကို သတ်မှတ်တွက်ချက်ရာတွင် မှားယွင်းနိုင်မှုကို လျှော့ချပေးနိုင်သည်။

မွေးဖွားမည့်နေရာ (Place of Delivery)

ကလေးမွေးဖွားခြင်းသည် မိခင်ရောကလေးပါ အချိန်မရွေး အသက်အန္တရာယ် ရှိနိုင်သော အခြေအနေတစ်ခု ဖြစ်သောကြောင့် ဆေးရုံ၊ သားဖွားဆေးခန်းများသည် ကလေးမွေးဖွားရန် ပို၍လုံခြုံစိတ်ချရသော နေရာများဖြစ်သည်။ အိမ်တွင်မီးဖွားစဥ် အခက်အခဲတစ်စုံတစ်ရာရှိ၍ ဆေးရုံသို့ရောက်ရှိရန် ကြန့်ကြာလျှင် မိခင်ရောကလေးပါ အသက်အန္တရာယ် ရှိနိုင်သည်။ ထို့ကြောင့် အိမ်တွင်မွေးဖွားခြင်းနှင့် ဆေးရုံ၊ ဆေးခန်းများတွင် မွေးဖွားခြင်းတို့၏ အကျိုးအပြစ်များကို သိရှိပြီး သေချာစွာ စဉ်းစားပြီးမှသာ ရွေးချယ်ဆုံးဖြတ်သင့်သည်။

မွေးဖွားသည့်နည်းလမ်းများ (Mode of Delivery)

မွေးဖွားခြင်းနည်းလမ်းများမှာ သဘာဝအတိုင်း ရိုးရိုးမွေးဖွားခြင်း (Normal Vaginal Delivery)၊ ကိရိယာအကူအညီဖြင့် မွေးဖွားခြင်း (Assisted Vaginal Delivery) နှင့် ခွဲစိတ်မွေးဖွားခြင်း (Caesarean Section) တို့ ဖြစ်သည်။ မွေးဖွားမည့်နည်းလမ်းကို ရွေးချယ်ရာတွင် မိခင်ရော ကလေးပါ အန္တရာယ်အကင်းဆုံး နည်းလမ်းကို သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများနှင့် မွေးဖွားခြင်း (Skilled Birth Attendants)

အန္တရာယ်ကင်းသော မွေးဖွားခြင်းဖြစ်စဉ်အတွက် အရေးကြီးဆုံးမှာ တတ်သိကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းများနှင့် မွေးဖွားရန်ဖြစ်သည်။ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းဆိုသည်မှာ သဘာဝအတိုင်း ကလေးမွေးဖွားခြင်းကို စနစ်တကျ စီမံခန့်ခွဲရန်၊ ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ကြိုတင်ခန့်မှန်း သိရှိရန်နှင့် အရေးပေါ် အသက်ကယ်ကုသမှုများ ပြုလုပ်ပေးနိုင်ရန် လေ့ကျင့်သင်ကြားထားသည့် အသိအမှတ်ပြု လက်မှတ်ရ ကျန်းမာရေးပညာရှင်များဖြစ်သည်။ ၎င်းတို့တွင် သားဖွားမီးယပ် အထူးကုဆရာဝန်များ၊ အသိအမှတ်ပြုထားသော သားဖွားဆရာမ၊ သူနာပြု (Certified Nurse-Midwife, Certified Midwife) များ ပါဝင်သည်။

မွေးဖွားခြင်းဖြစ်စဉ်နှင့် မွေးဖွားစဉ်စောင့်ရှောက်မှု
မွေးဖွားပုံ အဆင့်ဆင့် (Stages of Labour)

သဘာဝအတိုင်း ရိုးရိုးမွေးဖွားခြင်းဖြစ်စဥ်တွင် အဆင့် (၃) ဆင့်ရှိသည်။ ကလေးမွေးဖွားရန် ဗိုက်နာလာပြီး သားအိမ်ခေါင်းပွင့်ခြင်း၊ ကလေးမွေးဖွားခြင်းနှင့် အချင်းကျခြင်းတို့ဖြစ်သည်။

  • ကလေးမွေးဖွားခြင်းအဆင့် (၁) – ကလေးမွေးဖွားရန် ဗိုက်နာလာပြီး သားအိမ်‌ခေါင်းပွင့်ခြင်း
    ဤအဆင့်သည် သားအိမ်ညှစ်ခြင်းကြောင့် ဗိုက်နာလာပြီး မွေးလမ်း‌ကြောင်းမှ သွေးစလေးများရောနေသော အချွဲများ ဆင်းလာခြင်းမှ စတင်ကာ သားအိမ်ခေါင်း (၁၀) စင်တီမီတာအကျယ် ပွင့်သည်အထိ ကြာမြင့်သည်။
  • ကလေးမွေးဖွားခြင်းအဆင့် (၂) – ကလေးမွေးဖွားခြင်း
    ဤအဆင့်သည် သားအိမ်ခေါင်း (၁၀) စင်တီမီတာအကျယ် ပွင့်ပြီးသည့်အချိန်မှ မွေးလမ်းကြောင်းအပြင်‌သို့ ကလေးရောက်သည်အထိ ကြာမြင့်သည်။
  • ကလေးမွေးဖွားခြင်းအဆင့် (၃) – အချင်းကျခြင်း
    နောက်ဆုံးအဆင့်မှာ ကလေးထွက်ပြီးနောက်ပိုင်း သားအိမ်ထဲ၌ကျန်နေသော အချင်းကို ကွာကျလာသည်အထိ စောင့်ခြင်းဖြစ်သည်၊ ဤအဆင့်သည် ကလေးမွေးထွက်ပြီးသည့်နောက် မိနစ် (၃၀) ခန့်ထိ ကြာမြင့်နိုင်သည်၊ အချင်း၏အပိုင်းအစများ သားအိမ်ထဲတွင် ကျန်နေခဲ့ခြင်း မရှိစေရန် အချင်းကို သေချာစွာ စစ်ဆေးကြည့်ရှုရသည်။
မွေးဖွားစဥ်အတွင်း စောင့်ကြည့်စစ်ဆေးခြင်း

မွေးဖွားခြင်းဖြစ်စဥ်အတွင်း မိခင်နှင့်ကလေး၏ အခြေအနေကို စနစ်တကျစောင့်ကြည့် မှတ်တမ်းတင်ရန်နှင့် ဖြစ်ပေါ် လာနိုင်သော အန္တရာယ်များကို ကြိုတင်ကာကွယ်ရန် ပါတိုဂရပ် (Partograph) ဟုခေါ် သော ဂရပ်ဇယားတစ်ခုကို အသုံးပြုလေ့ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသော ပါတိုဂရပ်တွင် အောက်ပါအချက်များ ပါဝင်သည်။

  • ကလေး၏ကျန်းမာရေး အခြေအနေ – ကလေးနှလုံးခုန်နှုန်း၊ ‌ရေမွှာရည် အရောင်၊ ကလေးဦးခေါင်း၏ အနေအထားတို့ကို မှတ်တမ်းတင်သည်
  • မိခင်၏ကျန်းမာရေး အခြေအနေ – မိခင်၏ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ ကိုယ်အပူချိန်နှင့် ဆီးသွားခြင်းတို့ ပါဝင်သည်
  • မွေးဖွားခြင်း အခြေအနေ တိုးတက်မှု – စွမ်းအားပြည့် ထိရောက်သော ဗိုက်နာခြင်း၊ သားအိမ်ခေါင်းပွင့်နှုန်း စသည်တို့ကို မှတ်တမ်းတင်သည်
  • ဆေးဝါးများ – မွေးဖွားစဥ်အတွင်း သားအိမ်ညှစ်အား မလုံလောက်လျှင် အောက်စီတိုစင်ဆေးကို သားအိမ်ညှစ်အား ကောင်းစေရန် အသုံးပြုကြသည်

မွေးဖွားခြင်းဖြစ်စဉ်သည် မိခင်တို့အတွက် သဘာဝတရားတစ်ခုဖြစ်သော်လည်း နာကျင်မှုကြောင့် စိတ်အ‌နှောင့်အယှက်ဖြစ်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းတို့ကို ခံစားရသည်။ ၎င်းတို့ကို သက်သာစေရန် မနာကျင်စေဘဲ ကလေးမွေးဖွားခြင်း (Painless Labour) နည်းလမ်းကို အသုံးပြုနိုင်သည်။ ခါးဆစ်ရိုးကြားမှတစ်ဆင့် အနာသက်သာစေသော ဆေးများကို အပ်ဖြင့် ထိုးပေးခြင်း နည်းလမ်းဖြစ်သည်။

ပါတိုဂရပ်ဖြင့် မှတ်တမ်းတင်ထားခြင်းကြောင့် မွေးဖွားချိန် ကြာမြင့်ခြင်း၊ သားအိမ်ပွင့်နှုန်းနှေးခြင်း၊ ရေမြွှာရည်နောက်လာပြီး ကလေး နှလုံးခုန်နှုန်းမြန်ခြင်း၊ နှေးခြင်းတို့ကို အချိန်မီသိရှိနိုင်ပြီး လိုအပ်ပါက မိခင်နှင့်ကလေးအန္တရာယ်ကင်းစေရန် လေစုပ်စက် အကူအညီဖြင့် မွေးဖွားရခြင်း သို့မဟုတ် ညှပ်ဖြင့်ဆွဲ၍ မွေးဖွားရခြင်းနှင့် အရေးပေါ်ခွဲစိတ်မွေးဖွားရခြင်းများ ပြုလုပ်ရသည်။

ချက်ကြိုးကို ခေတ္တဆိုင်းငံ့၍ ဖြတ်ခြင်း (Delayed Cord Clamping)
  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကလေးမွေးဖွားပြီးနောက် (၁)မိနစ် မှ (၃)မိနစ်ခန့်အထိ စောင့်ဆိုင်းပြီးမှ ချက်ကြိုးကို ညှပ်၍ ဖြတ်ခြင်းသည် ကလေးအတွက် လိုအပ်သော သွေးပမာဏကို ပိုမိုရရှိစေပြီး အောက်ဆီဂျင်စီးဆင်းမှုကို ပို၍ကောင်းမွန်စေသောကြောင့် ချက်ကြိုးကို ခေတ္တဆိုင်းငံ့၍ဖြတ်ခြင်း (Delayed Cord Clamping) ကို ပိုမိုအကြံပြုလာကြသည်
  • ထိုကဲ့သို့ ကလေးရရှိလိုက်သော သွေးပမာဏသည် ကလေး၏ဘဝ ပထမ (၆) လတာအတွင်း လိုအပ်သောသံဓာတ် (Iron) ကို အလုံအလောက်သိုလှောင်ပေးထားနိုင်ပြီး နောက်ပိုင်းတွင်ဖြစ်ပွားတတ်သော သွေးအားနည်းရောဂါနှင့် ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးနိုင်သည်
  • လမစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များလည်း သွေးသွင်းရနိုင်ခြေကို လျော့ကျစေပြီး ဦးနှောက်အတွင်း သွေးယိုစီးခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်

သို့သော် အောက်ပါအရေးပေါ် အခြေအနေများတွင်မူ ချက်ကြိုးကို ချက်ချင်းဖြတ်ရန် လိုအပ်သည်။

  • မိခင်တွင် သွေးလွန်ကဲစွာ ဆင်းနေခြင်း
  • ကလေးငယ်သည် အသက်ရှူကျပ်နေသဖြင့် အရေးပေါ် အောက်ဆီဂျင်ပေး၍ အသက်ကယ်ရန် လိုအပ်နေခြင်း
  • အချင်းနှင့် ချက်ကြိုးဆိုင်ရာ အရေးပေါ် ပြဿနာများရှိခြင်း
မွေးကင်းစကလေး အသက်ရှူကျပ်ခြင်းမှ ကာကွယ်ခြင်း (Prevention of Birth Asphyxia)
  • မွေးကင်းစကလေးငယ်များ မွေးပြီး ကောင်းစွာအသက်မရှူနိုင်သည့်အခါ လုံလောက်သော အောက်ဆီဂျင်မရရှိသည့်အတွက် မွေးကင်းစကလေး အောက်ဆီဂျင် ပြတ်တောက်ခြင်း (Birth Asphyxia) ဖြစ်ပေါ်ခံစားရသည်
  • ဤအခြေအနေသည် မမွေးမီ၊ မွေးနေစဉ် သို့မဟုတ် မွေးပြီးချိန်၌ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်သည်၊ မွေးကင်းစကလေးသည် မွေးပြီး ငါးမိနစ်ကျော်သည်အထိ အောက်ဆီဂျင် လုံလောက်စွာ မရရှိပါက ဦးနှောက်တစ်ရှူးများ စတင်ပျက်စီးနိုင်ပြီး ဆိုးရွားသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်
  • ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်ဝန်စောင့်ရှောက်မှု စနစ်တကျခံယူခြင်း၊ နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေများသော ကျန်းမာရေးအခြေအနေများတွင် ညွှန်ကြားထားသည့်အတိုင်း မကြာခဏ ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်းနှင့် ကျွမ်းကျင်ဆရာဝန်များ ပြည့်စုံသော ဆေးရုံ၊ ဆေးခန်းများ၌သာ မီးဖွားခြင်းတို့ကို လုပ်ဆောင်သင့်သည်
  • သို့မှသာ ထိရောက်၍ မှန်ကန်သော မွေးကင်းစအသက်ကယ်နည်းလမ်းများ (Neonatal resuscitation) ဖြင့် ကလေးမွေးဖွားချိန် အောက်ဆီဂျင်ပြတ်တောက်မှုများတွေ့ရှိသည့် တိုင်အောင် နောက်ဆက်တွဲပြဿနာများ နည်းပါးအောင် ကူညီပေးနိုင်မည်ဖြစ်သည်။
မွေးဖွားပြီးပြီးချင်း ပြုစုစောင့်ရှောက်မှု

မည်သို့သောနည်းလမ်းဖြင့် မွေးဖွားသည်ဖြစ်စေ၊ မွေးဖွားပြီးစကာလသည် မိခင်နှင့်ကလေးအတွက် အလွန်အရေးကြီးသည့်အချိန်အဖြစ်ရှိနေဆဲဖြစ်သည်။

မိခင်နှင့်ကလေး ရင်းနှီးမှု တည်ဆောက်ခြင်း (Mother-Newborn Bonding)
မွေးဖွားပြီးနောက် ကလေးကို မိခင်၏ ရင်ခွင်ပေါ်တွင် အရေပြားချင်း ထိတွေ့ထားခြင်း (Skin-to-Skin contact) သည် မိခင်နှင့်ကလေးကြား ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို ခိုင်မာစေရုံသာမက ကလေး၏ ကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး မိခင်နို့ထွက်ရှိမှုကို အားပေးသည်။

မိခင်နို့ စောစီးစွာ တိုက်ကျွေးခြင်း (Early Breastfeeding)
ကလေးမွေးဖွားပြီး (၁) နာရီအတွင်း နို့ရည်ကြည် စတင်တိုက်ကျွေးသင့်သည်။ ၎င်းတွင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသော ပဋိပစ္စည်းများစွာ ပါဝင်သောကြောင့် ရောဂါပိုးများစွာကို ကာကွယ်ပေးသည်။ မိခင်နို့တိုက်ခြင်းကြောင့် မီးဖွားပြီးနောက်ပိုင်း သားအိမ်ဝပ်ခြင်း ဖြစ်စေသော ဟော်မုန်းကို ထွက်စေပြီး နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သော မီးဖွားပြီးနောက် သွေးသွန်ခြင်းကို ကာကွယ်ပေးသည်။

မီးဖွားပြီးနောက်ပိုင်း ပြုစုစောင့်ရှောက်မှု

မိခင်၏ အာဟာရနှင့် သားဆက်ခြားခြင်း (Nutrition & Birth Spacing)
မိခင်နို့တိုက်သော မိခင်များသည် နို့တိုက်နေစဉ် အစာအာဟာရစုံလင်စွာ စားသောက်ရန် လိုအပ်သည်။ သို့မှသာ မိခင်‌ရော၊ ကလေးပါ အာဟာရပြည့်ဝ၍ ‌ရောဂါကင်းရှင်းမည်။ ထို့ပြင် မိခင်သည် ကလေးကို ဂရုတစိုက် စောင့်ရှောက်မှုပေးနိုင်ရန် သင့်တော်သော သားဆက်ခြားနည်းလမ်း (Contraception) ကို အသုံးပြု၍ အနည်းဆုံး (၂) နှစ်ခန့် ခြားပြီးမှ ကိုယ်ဝန်ထပ်ယူသင့်သည်။ ကလေးမွေးဖွားပြီး ပထမ (၄)ပတ် မှ (၆)ပတ်အတွင်း အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း ပြုမိပါက ကိုယ်၀န်ရနိုင်သည်။

သားဆက်ခြားနည်းလမ်းများကို မိမိအခြေအနေ (နို့တိုက်/မတိုက်) ပေါ်မူတည်၍ အောက်ပါအတိုင်း ရွေးချယ်နိုင်သည်။

  1. မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် သားဆက်ခြားနည်း (LAM)
    ကလေးကို မိခင်နို့တစ်မျိုးတည်း ပြည့်ပြည့်ဝဝ တိုက်ကျွေးခြင်းဖြင့် သဘာဝအလျောက် သားဥကြွေခြင်းကို တားဆီးပေးသည့် နည်းလမ်းဖြစ်သည်။
    • အသုံးပြုနိုင်မည့် အခြေအနေများ (၃ ချက်လုံးနှင့် ကိုက်ညီရမည်)
      • ကလေးအသက် ၆ လ မပြည့်သေးခြင်း
      • မီးဖွားပြီးနောက် ရာသီသွေး ပြန်မလာသေးခြင်း
      • ကလေးကို နေ့ရောညပါ မိခင်နို့တစ်မျိုးတည်းသာ ပုံမှန်တိုက်ကျွေးနေခြင်း (ရေ၊ နို့မှုန့် သို့မဟုတ် ဖြည့်စွက်စာ လုံးဝမကျွေးခြင်း)
    • သတိပြုရန် – အထက်ပါ ၃ ချက်ထဲမှ ၁ ချက်ချက် လွဲချော်သွားပါက အခြားသားဆက်ခြားနည်းလမ်း တစ်ခုခုကို ချက်ချင်းပြောင်းလဲအသုံးပြုရမည်။
  2. ဟော်မုန်းမပါဝင်သော နည်းလမ်းများ (နို့တိုက်မိခင်များအတွက် အလွန်သင့်လျော်သည်)
    မိခင်နို့ထွက်နှုန်းကို လုံးဝ မထိခိုက်စေသည့် နည်းလမ်းများဖြစ်သည်။
    • အမျိုးသားကွန်ဒုံး (Condoms) – မီးဖွားပြီး ကာမစပ်ယှက်နိုင်သည့် အချိန်မှစ၍ ချက်ချင်းသုံးနိုင်သည်၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကိုပါ ကာကွယ်ပေးသည်
    • သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ကော့ပါးတီ (IUD – Copper T) – ကလေးမွေးပြီး မိနစ် ၄၈ နာရီအတွင်း သို့မဟုတ် မွေးပြီး ၄ပတ် မှ ၆ပတ်အကြာတွင် ထည့်သွင်းနိုင်သည်
      • ၅နှစ် မှ ၁၀ နှစ်အထိ ရေရှည်ကာကွယ်ပေးနိုင်ပြီး နို့ထွက်နှုန်းကို မထိခိုက်စေပါ
  3. ဟော်မုန်းပါဝင်သော နည်းလမ်းများ
    ဟော်မုန်းအမျိုးအစားပေါ် မူတည်၍ သုံးစွဲရမည့် အချိန်ကာလ ကွာခြားမှုရှိသည်။
    • ပရိုဂျက်စတင် (Progesterone) တစ်မျိုးတည်းပါသော နည်းလမ်းများ
      (နို့တိုက်မိခင်များ မွေးပြီး ၆ ပတ်အကြာတွင် စတင်သုံးစွဲနိုင်ပြီး နို့ထွက်နှုန်းကို မထိခိုက်စေပါ)
      • ၃ လခံ ထိုးဆေး (DMPA Injection) – ၃လ တစ်ကြိမ် ပုံမှန်ထိုးရမည်
      • အရေပြားအောက်ထည့် သားဆက်ခြားပစ္စည်း (Implant) – လက်မောင်းအရေပြားအောက်တွင် ထည့်ရပြီး ၃နှစ် မှ ၅နှစ်အထိ ကာကွယ်ပေးသည်
      • နို့တိုက်မိခင်သုံး သားဆက်ခြားသောက်ဆေး (POPs) – နေ့စဉ်ရက်မပျက် အချိန်မှန်သောက်ရမည်။
    • ဟော်မုန်းနှစ်မျိုးစပ် နည်းလမ်းများ (Combined Hormonal Methods)
      (အီစထရိုဂျင်ဟော်မုန်း ပါဝင်သောကြောင့် နို့ထွက်နှုန်းကို လျော့နည်းစေနိုင်သဖြင့် နို့တိုက်မိခင်များ မွေးပြီး ၆ လအထိ ရှောင်ကြဉ်သင့်သည်)
      • ပုံမှန်သောက်ဆေး (Combined Oral Contraceptive Pills) – နို့မတိုက်သော မိခင်များဆိုပါက မွေးပြီး ၆ ပတ်အကြာတွင် စတင်သောက်သုံးနိုင်သည်

သားဆက်ခြားနည်းလမ်း အမျိုးမျိုးရှိပြီး လုပ်ဆောင်ပုံကွဲပြား၍ အားသာချက်၊ အားနည်းချက်များ အသီးသီးရှိသည့်အတွက် မရွေးချယ်မီ လက်တွဲဖော်နှစ်ယောက်စလုံးသည် မိမိ၏ သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပြီး မိမိနှင့်အသင့်တော်ဆုံးဖြစ်မည့် နည်းလမ်းကို ရွေးချယ်ပါ။

အယူအဆအမှားများနှင့် အန္တရာယ်ရှိသော အပြုအမူများ (Common Myths and Risky Behaviour)

ကလေးမွေးဖွားခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်တွင် ရှေးရိုးစွဲ အယူအဆအမှားများနှင့် အန္တရာယ်ရှိသော အလေ့အထအချို့ ရှိနေသေးသည်။ ၎င်းတို့ကို သိရှိရှောင်ကြဉ်ခြင်းဖြင့် မိခင်နှင့်ကလေး၏ ကျန်းမာရေးကို ပိုမိုကာကွယ်နိုင်မည်ဖြစ်သည်။

  1. မွေးပြီး မိခင်ကို အစာရှောင်ခိုင်းခြင်း
    မီးတွင်းကာလတွင် မိခင်၏ခန္ဓာကိုယ်သည် အားအင်များ ပြန်လည်ဖြည့်တင်းရန် လိုအပ်သလို ကလေးအတွက် အရည်အသွေးပြည့်မီသော နို့ရည်ကို ထုတ်လုပ်ပေးရသည်။
    အစားရှောင်ခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
    • နို့ထွက်အား လျော့ကျခြင်း
      • ငါးခြောက်၊ ငါးကြော်ကဲ့သို့ အာဟာရမစုံလင်သော အစားအစာများကိုသာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် အာဟာရဓာတ်များ ချို့တဲ့ကာ နို့ကောင်းကောင်း မထွက်တော့ခြင်း၊ နို့ရည်အရည်အသွေး ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်
      • မိခင်နှင့်ကလေးတွင် ဗီတာမင် B1 ဓာတ်ချို့တဲ့ကာ ကလေးအသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်
    • မိခင်ကျန်းမာရေး အားနည်းခြင်း
      • မီးဖွားပြီးစ ခန္ဓာကိုယ်သည် အစားအသောက် ဆိုးရွားစွာ ရှောင်ခြင်းပါက မိခင်ကို မောပန်းနွမ်းနယ်စေပြီး နာလန်ထရန် အလွန်နှေးကွေးစေသည်
    • ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းဖြစ်ခြင်း
      • အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ရှောင်ကြဉ်ခြင်းကြောင့် အမျှင်ဓာတ် မလုံလောက်ဘဲ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ ဖြစ်ပွားခြင်းတို့ ကြုံတွေ့ရနိုင်သည်
  2. ရေမချိုးခိုင်းခြင်း
    • မီးဖွားပြီးနောက် မိန်းမကိုယ် သွေးဆင်းခြင်း၊ ရင်သားမှနို့ရည်ထွက်ခြင်း နှင့် ဗိုက်ခွဲထားသော သို့မဟုတ် မွေးလမ်းကြောင်း ချုပ်ရိုးများ ရှိနိုင်သောကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရမည့်အချိန်ဖြစ်သည်
      ရေမချိုးခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
      • ပိုးဝင်ခြင်း (Infection) အန္တရာယ်
        • ရေမချိုးဘဲ နေခြင်းဖြင့် ချွေး၊ ဆီး၊ သွေးများနှင့် ဘက်တီးရီးယား ပိုးမွှားများ စုလာပြီး မီးဖွားထားသော ဒဏ်ရာ၊ ချုပ်ရိုးများတွင် ပိုးဝင်ခြင်းကို အလွယ်တကူ ဖြစ်စေနိုင်သည်
      • အရေပြားပြဿနာများ
        • အနံ့အသက်ဆိုးထွက်ခြင်း၊ အရေပြားယားယံခြင်း၊ မွေးညင်းပေါက်များ ပိတ်ဆို့ခြင်းနှင့် အရေပြားတွင် အဖုအပိမ့်များ ထွက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်
  3. ကလေး၏ ချက်ကြိုးငုတ်တိုင်ကို သန့်ရှင်းခြောက်သွေ့စွာ မထားခြင်း
    • ကလေး၏ ချက်ကြိုးငုတ်တိုင်ကို သန့်ရှင်းခြောက်သွေ့စွာ ထားရမည်
    • ချက်ကြိုးငုတ်တိုင်ပေါ်သို့ နနွင်း သို့မဟုတ် မသန့်ရှင်းသော ဆေးမြီးတိုများ ထည့်ခြင်းသည် မေးခိုင်ရောဂါနှင့် သွေးဆိပ်တက်ခြင်းတို့ကို ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်
  4. ကလေးအား မိခင်နို့အပြင် ရေနှင့်အခြားအရည်များ တိုက်ကျွေးခြင်း
    • ကလေးကို မိခင်နို့ မထွက်သေးဟုဆိုကာ ရေ သို့မဟုတ် နို့မှုန့်များ တိုက်ကျွေးခြင်းသည် ကလေး၏ အူလမ်းကြောင်းကို ပိုးဝင်စေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်သည်
  5. အသက် (၆) လမပြည့်မီ ကလေးအား အစားအစာကျွေးခြင်း
    • ကလေး အသက် (၆) လမပြည့်မီ ထမင်းကျွေးခြင်း သို့မဟုတ် တခြားအစာများ ကျွေးခြင်းသည် ကလေး၏ အစာခြေစနစ်ကို ထိခိုက်စေနိုင်သည်

အချုပ်အားဖြင့် ဆိုရသော် မှန်ကန်သော မွေးဖွားမှုဆိုင်ရာ စောင့်ရှောက်မှုများနှင့် မွေးဖွားပြီးချိန် မှန်ကန်သော ပြုစုစောင့်ရှောက်မှုများ ရရှိခြင်းသည် မိခင်နှင့်ကလေးနှစ်ဦးလုံး၏ ရေရှည်ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သည်။ အထူးသဖြင့် ရှေးရိုးစွဲ အယူအဆအမှားများကို ရှောင်ကြဉ်ပြီး၊ ခေတ်မီဆေးပညာအရ အသိအမှတ်ပြုထားသော အလေ့အထများကို လေ့လာလိုက်နာဆောင်ရွက်ပြုမူခြင်းဖြင့် မလိုလားအပ်သော အန္တရာယ်များနှင့် နောက်ဆက်တွဲပြဿနာများ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Breastfeeding. Retrieved June 27, 2026, from https://www.cdc.gov/infant-toddler-nutrition/breastfeeding/index.html
  2. Cleveland Clinic. (n.d.). Breastfeeding. Retrieved June 27, 2026, from https://my.clevelandclinic.org/health/articles/5182-breastfeeding
  3. Cleveland Clinic. (n.d.). Vaginal delivery. Retrieved June 27, 2026, from https://my.clevelandclinic.org/health/articles/23097-vaginal-delivery
  4. National Institute for Health and Care Excellence. (2023). Intrapartum care (NICE Guideline NG235). Retrieved June 27, 2026, from https://www.nice.org.uk/guidance/ng235/resources/intrapartum-care-pdf-66143897812933
  5. National Institute for Health and Care Excellence. (2021). Postnatal care (NICE Guideline NG194). Retrieved June 27, 2026, from https://www.nice.org.uk/guidance/ng194/resources/postnatal-care-pdf-66142082148037
  6. World Health Organization. (2022). WHO recommendations on maternal and newborn care for a positive postnatal experience. Retrieved June 27, 2026, from https://www.who.int/publications/i/item/9789240017566
  7. World Health Organization. (n.d.). Postnatal care. Retrieved June 27, 2026, from https://www.who.int/teams/sexual-and-reproductive-health-and-research-(srh)/areas-of-work/maternal-and-perinatal-health/postnatal-care

Published: 22 July 2026

Share

22 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.