ကိုယ်ဝန်ဆောင်ချိန် ကာလတွင် အချင်း (Placenta) သည် သန္ဓေသားအတွက် လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို မိခင်ထံမှတစ်ဆင့် ထောက်ပံ့ပေးခြင်း၊ သန္ဓေသား၏ ကိုယ်ခန္ဓာမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးခြင်းနှင့် အန္တရာယ်ရှိသော ပိုးမွှားအချို့ကို တားဆီးပေးသည့် တာဝန်များသာမက မိခင်နှင့်သန္ဓေသားအကြား ဓာတုအချက်ပြမှုပေါင်းများစွာကို ထိန်းညှိပေးသည့် အဓိကနေရာလည်းဖြစ်သည်။ ထိုသို့သော အချင်း၏ ဓာတုအချက်ပြလမ်းကြောင်းများအနက် မိခင်၏ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းဖြစ်သော ကော်တီစော (Cortisol) လည်း ပါဝင်သည်။ မိခင်သွေးတွင်းရှိ ကော်တီစောဟော်မုန်း အခြေခံပမာဏသည် သန္ဓေသား၏ အဆုတ်ရင့်ကျက်မှုနှင့် အစာခြေစနစ်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အင်္ဂါအစိတ်အပိုင်းများ စနစ်တကျ ဖွံ့ဖြိုးရန် အရေးကြီးသော်လည်း မိခင်၏ ပြင်းထန်သော စိတ်ဖိစီးမှုများကြောင့် ထိုဟော်မုန်းပမာဏ အလွန်အမင်း များပြားလာပါက သန္ဓေသားဦးနှောက်၏ ပုံမှန်တည်ဆောက်ပုံ ဖွံ့ဖြိုးမှုဖြစ်စဉ်ကိုမူ အနှောင့်အယှက်ဖြစ်စေပြီး ပြောင်းလဲသွားနိုင်သည်။
လူတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် ရောဂါဖြစ်ပွားနိုင်ခြေ အခြေအနေကို သန္ဓေသားဘဝ မိခင်ဝမ်းတွင်း၌ ရှိစဉ်ကတည်းက ကြိုတင်ပုံဖော်ခြင်း (Fetal Programming) သဘောတရားအရ ကိုယ်ဝန်ဆောင်မိခင်တွင် ကော်တီစောဟော်မုန်းပမာဏ လွန်ကဲစွာ မြင့်မားခြင်းသည် မွေးဖွားလာမည့် ကလေးငယ်၏ အနာဂတ်ဉာဏ်ရည်ဉာဏ်သွေး၊ အပြုအမူပိုင်းဆိုင်ရာ ထိန်းချုပ်မှုနှင့် စိတ်ခံစားမှုဆိုင်ရာ ကြီးပြင်းမှု ဖြစ်စဉ်များအပေါ် နှစ်ရှည်လများ ရေရှည်သက်ရောက်မှုများ ကျန်ရစ်ခဲ့စေနိုင်သည်။
သန္ဓေသား၏ဦးနှောက်အပေါ် ကော်တီစောဟော်မုန်း၏ အကျိုးသက်ရောက်ပုံ
သန္ဓေသားဦးနှောက်သည် ဆဲလ်များ အချင်းချင်း ချိတ်ဆက်မှုစနစ် (Synaptogenesis) အပါအဝင် တည်ဆောက်ပုံ အဆင့်ဆင့်ကို အချိန်ကိုက် တိတိကျကျ တည်ဆောက်ရသည်။ မိခင်တွင် စိတ်ဖိစီးမှုများကြောင့် ကော်တီစောဟော်မုန်းများလွန်းပါက ထိုတည်ဆောက်မှုအချိန်ဇယား ပျက်စီးသွားတတ်သည်။
- အချင်း၏ ကာကွယ်ရေးစနစ် ယိုယွင်းခြင်း (Placental Barrier Downregulation)
ပုံမှန်အားဖြင့် အချင်းတွင်ရှိသော အင်ဇိုင်းတစ်ခုဖြစ်သည့် (11β-HSD2) သည် မိခင်၏စိတ်ဖိစီးမှု ကော်တီစောဟော်မုန်းကို အာနိသင်မရှိအောင် ဖျက်ဆီးပြီး၊ သန္ဓေသားထံ ဟော်မုန်းများစွာမရောက်အောင် ဒိုင်းသဖွယ် အကာကွယ်ပြုလုပ်ပေးသည်။ သို့သော် မိခင်သည် အချိန်ကာလကြာမြင့်စွာ ပြင်းထန်သော စိတ်ဖိစီးမှုရှိနေပါက ထိုကာကွယ်ရေးစနစ် ပျက်စီးသွားပြီး ကော်တီစောဟော်မုန်းများ သန္ဓေသားဆီသို့ ပမာဏများစွာ ရောက်ရှိလာနိုင်သည်။ - ဦးနှောက်အစိတ်အပိုင်းအချို့ ပြောင်းလဲသွားခြင်း (Structural Remodeling of Key Brain Regions)
ထိုသို့ ဝင်ရောက်လာသော ကော်တီစောဟော်မုန်းများသည် သန္ဓေသားဦးနှောက်၏ အဓိကနေရာနှစ်ခုဖြစ်သော ကြောက်ရွံ့မှုနှင့် စိတ်ခံစားမှုကို ထိန်းချုပ်သည့်နေရာ (Amygdala) နှင့် မှတ်ဉာဏ်နှင့် သင်ယူမှုကို ထိန်းချုပ်သည့်နေရာ (Hippocampus) တို့ကို တိုက်ရိုက်ထိခိုက်စေပြီး ၎င်းတို့ တည်ဆောက်ပုံ သေးငယ်သွားခြင်း သို့မဟုတ် ချိတ်ဆက်မှု ပုံမှန်မဟုတ်ခြင်းများ ဖြစ်စေသည်။ - ကျား/မ သဘာဝအလိုက် ကွဲပြားခြားနားစွာ အကျိုးသက်ရောက်မှု (Sex-Specific Vulnerabilities: Boys vs. Girls)
နောက်ဆုံးပေါ် ဆေးပညာသုတေသနတွေ့ရှိချက်များအရ ကော်တီစောဟော်မုန်းအာနိသင်သည် သန္ဓေသားအားလုံးပေါ် တူညီသောသက်ရောက်မှုမရှိဘဲ လိင်အမျိုးအစား ပေါ်မူတည်ပြီး အချင်း၏ ဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုများ တူညီစွာ မလုပ်ဆောင်သောကြောင့် ကွဲပြားစွာ သက်ရောက်မှုရှိကြောင်း တွေ့ရှိရသည်။ မိခင်ဝမ်းတွင်း၌ ကော်တီစောဟော်မုန်း၏ ထိတွေ့မှု များစွာခံရသော မိန်းကလေးသန္ဓေသားများသည် ကြီးပြင်းလာသောအခါ စိုးရိမ်သောက လွန်ကဲခြင်း၊ အလိုလိုနေရင်း ကြောက်ရွံ့ခြင်းကဲ့သို့သော စိတ်တွင်းခံစားမှု ဆိုင်ရာ ပြဿနာများ (Internalizing Behaviors) ပိုမိုဖြစ်ပွားတတ်ကြောင်း တွေ့ရှိရသည်။ သို့သော် ယောကျ်ားလေး သန္ဓေသားများသည် ကော်တီစောဟော်မုန်း ထိတွေ့မှုများခြင်းကြောင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ စကားပြော နောက်ကျခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်းနှင့် အာရုံမစူးစိုက်နိုင်ခြင်း (ADHD လက္ခဏာရပ်များ) ကဲ့သို့သော အပြုအမူဆိုင်ရာ ပြဿနာများ (Externalizing Behaviors) ပိုမိုခံစားရကြောင်း တွေ့ရှိရသည်။ - ဟော်မုန်းနှင့်ဉာဏ်ရည် ဆက်စပ်မှု
ကိုယ်ဝန်ဆောင်စဉ် မိခင်တွင် ကော်တီစောဟော်မုန်း ပမာဏ မြင့်မားပါက မွေးဖွားလာသော ကလေးငယ်သည် ကနဦးတွင် အခြားကလေးများထက် အရာရာကို မှတ်သားတွေးခေါ်မှု နှေးကွေးခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းတို့ ရှိနေတတ်သည်။ - စိတ်ဖိစီးမှု အမျိုးအစားနှင့် သန္ဓေသား ထိခိုက်နိုင်ခြေ (Type of Maternal Stress)
ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရသော စိတ်ဖိစီးမှုတိုင်းသည် သန္ဓေသား၏ ဦးနှောက်ကို ထိခိုက်စေခြင်း မဟုတ်ပါ။ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကြောင့် ခဏတာ စိတ်လှုပ်ရှားခြင်း သို့မဟုတ် စိုးရိမ်ခြင်းကဲ့သို့သော သာမန်စိတ်ဖိစီးမှု (Acute Stress) ဖြစ်ပေါ်ချိန်တွင် ထွက်ရှိသော ကော်တီစောဟော်မုန်း ပမာဏကိုမူ အချင်း၌ရှိသော အင်ဇိုင်းများက အောင်မြင်စွာ တားဆီးပေးနိုင်သည်။ သို့သော် မိခင်တွင် စိတ်ဓာတ်ကျခြင်း၊ အိမ်တွင်းအကြမ်းဖက်မှု ကြုံတွေ့ရခြင်း သို့မဟုတ် လူမှုစီးပွားရေး ကြောင့်ဖြစ်သော ကာလရှည်ကြာ ပြင်းထန်သည့် နာတာရှည် စိတ်ဖိစီးမှု (Chronic Stress) ရှိနေပါက ဟော်မုန်းထွက်ရှိမှုသည် အဆက်မပြတ် မြင့်မားနေသဖြင့် အချင်း၏ အကာအကွယ်စနစ် ကျော်လွန်ကာ သန္ဓေသားထံသို့ တိုက်ရိုက် ရောက်ရှိသွားခြင်းဖြစ်သည်။ - ကိုယ်ဝန်ဆောင်ကာလအလိုက် ထိခိုက်လွယ်မှု ကွဲပြားခြင်း (Trimester-Specific Vulnerability)
မိခင်ဝမ်းတွင်း၌ ကော်တီစောဟော်မုန်း အလွန်အမင်း ထိတွေ့ရသော ကိုယ်ဝန်ဆောင်ကာလ အပိုင်းအခြားအပေါ် မူတည်ပြီး သန္ဓေသားဦးနှောက်၏ ထိခိုက်မှုပုံစံသည်လည်း ကွဲပြားခြားနားသည်။ ကိုယ်ဝန်ဦးပိုင်း ပထမသုံးလပတ် (First Trimester) ကာလသည် သန္ဓေသား၏ အခြေခံ အာရုံကြောစနစ်နှင့်ဦးနှောက် တည်ဆောက်မှု စတင်ချိန်ဖြစ်သောကြောင့် ဤကာလတွင် ဟော်မုန်းလွန်ကဲပါက ဦးနှောက်၏ အခြေခံ ဆဲလ်ခွဲဝေမှု ဖြစ်စဉ်ကို ထိခိုက်စေသည်။ ကိုယ်ဝန်နောက်ပိုင်း တတိယသုံးလပတ် (Third Trimester) ကာလတွင်မူ ဦးနှောက်ဆဲလ်များ အချင်းချင်း ကွန်ရက်သဖွယ် ချိတ်ဆက်မှုစနစ် (Synaptogenesis) အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးချိန် ဖြစ်သောကြောင့် ဤကာလ၌ ကော်တီစောဟော်မုန်း ထိတွေ့မှုများပါက အပြုအမူနှင့် မှတ်ဉာဏ်ဆိုင်ရာ အာရုံကြောကွန်ရက်များ ချိတ်ဆက်မှုကို အဓိကအနှောင့်အယှက် ဖြစ်စေသည်။ - ဉာဏ်ရည်ဉာဏ်သွေး ရလဒ်များနှင့် မိခင်၏ နွေးထွေးမှု (The Buffering Role of Attachment)
မိခင်ဝမ်းတွင်း၌ ကော်တီစောဟော်မုန်း ပမာဏများစွာ ထိတွေ့ခဲ့ရခြင်းကြောင့် ကလေး၏ အနာဂတ်ကံကြမ္မာသည် အလွန်ဆိုးရွားသွားပြီဟုလည်း ပုံသေယူဆ၍ မရပါ။ ကလေးမွေးဖွားပြီးနောက် ပြုစုပျိုးထောင်သည့် ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ထိုဆိုးကျိုးများကို များစွာပြောင်းလဲပစ်နိုင်သည်။ - မိခင်၏ အနီးကပ် နွေးထွေးမှု (Secure Attachment) ဖြင့် ကုစားခြင်း
အလွန်ထူးခြားသော တွေ့ရှိချက်မှာ ကလေးငယ်နှင့် မိခင်အကြား မွေးဖွားပြီးစအရွယ်ကတည်းက စိတ်ပိုင်းဆိုင်ရာ အလွန်နွေးထွေးခိုင်မြဲသော တွယ်တာမှု (Secure Attachment) ရှိနေပါက ထိုနွေးထွေးမှုသည် အကောင်းဆုံး အကာအကွယ်ဒိုင်းတစ်ခု ဖြစ်လာသည်။ မိခင်ဝမ်းတွင်း၌ ကော်တီစောဟော်မုန်း ပမာဏများစွာ ထိတွေ့ခဲ့ရသော်လည်း မွေးပြီးနောက်တွင် မိခင်၏ မေတ္တာနှင့် ဂရုစိုက်မှုကို အပြည့်ဝရသော ကလေးများသည် ဉာဏ်ရည်ဉာဏ်သွေး အညွှန်းကိန်းများ ပြန်လည် မြင့်မားလာပြီး အခြားပုံမှန်ကလေးများကို အမှီလိုက်နိုင်သည်ကို တွေ့ရှိရသည်။ သို့သော် မွေးဖွားပြီးနောက် မိခင်နှင့်ကလေးအကြား နွေးထွေးသော ထိတွေ့မှုမရှိပါက (Insecure Attachment) ကလေး၏ ဉာဏ်ရည်ချို့ယွင်းမှုနှင့် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများ ပိုမိုဆိုးရွားသွားတတ်သည်။
လက်တွေ့အကြံပြုချက်များ
လေ့လာတွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွင် မိခင်၏ ကိုယ်ခန္ဓာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ စနစ်တကျ ဂရုစိုက်စောင့်ကြည့်ရန် လိုအပ်ကြောင်း ပိုမိုထင်ရှားလာသည်။
- စောစီးစွာ စစ်ဆေးခြင်း – မိခင်ကိုယ်ဝန်ဆောင်စဉ်တွင် စိတ်ဖိစီးမှုလွန်ကဲသည်ကို သံသယရှိပါက သာမန်စစ်ဆေးမှုများအပြင် မိခင်၏ တံတွေး သို့မဟုတ် ဆံပင်တို့မှတစ်ဆင့် ကော်တီစောဟော်မုန်းပမာဏကို တိုင်းတာပြီး မိခင်တွင် စိတ်ဖိစီးမှု လွန်ကဲနေခြင်း ရှိမရှိကို စောစီးစွာ ဖော်ထုတ်ကာကွယ်နိုင်သည်
- မွေးဖွားပြီးနောက် ကောင်းမွန်သော ပတ်ဝန်းကျင်ဖန်တီးပေးခြင်း – ကလေးငယ်များ၏ ဦးနှောက်သည် မွေးဖွားပြီးစအရွယ်တွင် အလွန်ပြုပြင်ပြောင်းလဲလွယ်သောကြောင့် မိခင်နှင့်ဖခင်တို့မှ စိတ်အေးချမ်းသာယာပြီး ဆူညံသံနှင့် စိတ်ဖိစီးမှုကင်းသော မိသားစု ဖန်တီးနေထိုင်ပေးခြင်းဖြင့် မိခင်ဝမ်းတွင်း၌ ရရှိခဲ့သော ဦးနှောက်ထိခိုက်မှု ဘေးအန္တရာယ်များကို အောင်မြင်စွာ ပြန်လည်ကုစား ခြေဖျက်ပေးနိုင်မည်ဖြစ်သည်
အချုပ်အားဖြင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ စိတ်ဖိစီးမှုနည်းပါးခြင်း နှင့် စိတ်အေးချမ်းသာယာမှုသည် မွေးဖွားပြီးနောက်ပိုင်း ကလေးဘဝတွင် အပြုအမူ ကောင်းမွန်စေရုံသာမက၊ နောင်တစ်ချိန် လူကြီးဘဝအထိ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သော လူသားတစ်ယောက် ဖြစ်လာစေရန် သန္ဓေသား၏ကောင်းမွန်သော အနာဂတ်ကျန်းမာရေးကို ပုံဖော်ပေးလိုက်ခြင်းဖြစ်သည်။
References:
- Luque-Fernandez, M. A., Monfort, S., et al. (2023). How prenatal cortisol levels may differentially affect the neurodevelopment of boys and girls. Early Human Development, 183, 105874. https://doi.org/10.1016/j.earlhumdev.2023.105874
- Bergman, K., Sarkar, P., Glover, V., & O’Connor, T. G. (2010). Maternal prenatal cortisol and infant cognitive development: Moderation by infant–mother attachment. Biological Psychiatry, 67(11), 1026–1032. https://doi.org/10.1016/j.biopsych.2010.01.002
- Winiarski, D. A., & Mueller, B. R. (2023). Prenatal stress and the developing brain: Postnatal environments promoting resilience. IBRO Neuroscience Reports, 15, 88–98. Retrieved June 4, 2026, from https://www.ibroneuroreports.org/article/S2667-2421(23)00096-9/fulltext
Published: 23 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.