Terrible Twos (ထိန်းရခက်သော အသက် ၂ နှစ်အရွယ် ကလေးငယ်များ)

Terrible Twos (ထိန်းရခက်သော အသက် ၂ နှစ်အရွယ် ကလေးငယ်များ)

Terrible Twos ဆိုသည့် ‌ဝေါဟာရသည် ကမ္ဘာတစ်ဝှမ်းရှိ မိဘများကြားတွင် လူသိများသော စကားလုံးဖြစ်သည်။ ကလေးများသည် အသက် (၁) နှစ်ခန့်အရွယ်တွင် ထိန်းရလွယ်ကူပြီး၊ လိမ္မာလေ့ရှိကြသော်လည်း အသက် (၂) နှစ်အရွယ်ခန့် ရောက်လာပါက ရုတ်တရက် ဂျီကျခြင်း၊ စကားနားမထောင်ခြင်း၊ ကလန်ကဆန်လုပ်ခြင်း၊ စိတ်ခံစားချက်များ ပေါက်ကွဲထွက်ခြင်း၊ လွတ်လပ်မှုကို တောင်းဆိုလာခြင်း စသည့်အပြုအမူများ စတင်ပြုလုပ်လာသည်ကို တွေ့ရသည်။ ဤအခြေအနေသည် ကလေးအသက် ၁၈ လနှင့် ၃ နှစ်အကြား၌ အတွေ့ရများသော ဖွံ့ဖြိုးမှုအဆင့်တစ်ခုဖြစ်ပြီး၊ မိဘ သို့မဟုတ် အုပ်ထိန်းသူများအတွက် စိန်ခေါ်မှုများသဖွယ် ခံစားရနိုင်သည်။ သို့ရာတွင် အသက် (၂) နှစ်ဝန်းကျင်၌ တွေ့ရသော ဤအပြုအမူများသည် အများအားဖြင့် ကလေးတ‌‌စ်ယောက်၏ ပုံမှန် ဖွံ့ဖြိုးတိုးတက်မှုသာဖြစ်ပြီး၊ ကလေး၏ စိတ်ခံစားချက်၊ အသိဉာဏ်၊ လူမှုဆက်ဆံရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်ပြနေခြင်းဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Terrible Twos တွင် တွေ့ရသည့်အခြေအနေများသည် အများအားဖြင့် ကလေးများ၏ ပုံမှန်ဖွံ့ဖြိုးမှုအဆင့်တစ်ခုဖြစ်ပြီး၊ ကလေးငယ်အနေဖြင့် သိသာထင်ရှားသော ဖွံ့ဖြိုးမှုမှတ်တိုင်အချို့ကို ရရှိပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ပြသသည့် လက္ခဏာတစ်ရပ်လည်းဖြစ်သည်။ သုတေသနပညာရှင်များ၏ ကလေးဖွံ့ဖြိုးမှုဆိုင်ရာ လေ့လာချက်များအရ အသက် (၂) နှစ်အရွယ် (အသက် ၁ – ၃ နှစ်ကြား) ကလေးများသည်

  • လမ်းလျှောက်ခြင်း၊ ခုန်ခြင်းစသည့် လှုပ်ရှားမှုများ ကျွမ်းကျင်လာခြင်း
  • အခြားသူများနှင့် ဆက်သွယ်သည့် လူမှုဆက်ဆံရေး တိုးတက်လာခြင်း
  • ဉာဏ်ရည်ဉာဏ်သွေးနှင့် အရာရာကို စူးစမ်းလေ့လာနိုင်စွမ်းများ ဖွံ့ဖြိုးလာခြင်းနှင့်
  • ဘာသာစကား ပြောနိုင်လာခြင်းစသည့် ဖွံ့ဖြိုးမှုဆိုင်ရာ စွမ်းရည်များ အလျင်အမြန် တိုးတက်လာကြသည်။

ထိုသို့ကြီးမားသော အပြောင်းအလဲများ ရှိသော်လည်း ဦးနှောက်ဖွံ့ဖြိုးမှု ရှုထောင့်မှ ကြည့်လျှင် အသက် (၂) နှစ်အရွယ်တွင် ဆုံးဖြတ်ချက်ချခြင်း၊ စိတ်ခံစားမှုကို ထိန်းချုပ်ခြင်း စွမ်းရည်များ နုနယ်ကြသေးသည်။ ထို့ကြောင့် ကလေးငယ်သည် ကျိုးကြောင်းဆီလျော်စွာ မတွေးနိုင်မီ၊ မိမိကိုယ်ကို ပြန်လည်ငြိမ်သက်အောင် မပြုလုပ်နိုင်မီ စိတ်ခံစားချက်အရ အများအားဖြင့် တုံ့ပြန်တတ်ကြသည်။

ထို့အပြင် ဤကလေးများတွင် ကိုယ့်အားကိုယ်ကိုး၍ လွတ်လပ်စွာ လုပ်ဆောင်လိုသော ဆန္ဒနှင့် မိဘများအပေါ် မှီခိုနေရခြင်းတို့ကြားတွင် ရုန်းကန်နေရတတ်သည်။ အရာရာကို ကိုယ်တိုင်လုပ်ဆောင်ရန် စိတ်အားထက်သန် ကြသော်လည်း တစ်ဖက်တွင်လည်း မိဘအုပ်ထိန်းသူများကို ဘေးမှ စောင့်ကြည့်ပေးစေချင်သော စိတ်လည်း ရှိသောကြောင့် စိတ်အာရုံထွေပြားလွယ်သည်။ သို့ဖြစ်၍ နေ့စဥ်ဘဝတွင် ကြုံတွေ့လာရသည့် အခက်အခဲများကြောင့် မသင့်လျော်သော အပြုအမူများ ပြုလုပ်ခြင်း၊ စိတ်ပျက်ခြင်း၊ အားမလိုအားမရဖြစ်ခြင်း၊ စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲခြင်းနှင့် ဂျီကျခြင်းစသည့် အပြုအမူများကို လုပ်ဆောင်လာခြင်းဖြစ်သည်။

Terrible Two တွင် တွေ့ရလေ့ရှိသော လက္ခဏာများ

စိတ်ခံစားချက်များ ကောင်းစွာ မထိန်းချုပ်နိုင်သေးသော အသက်အရွယ်ဖြစ်သောကြောင့် အပြုအမူပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများကို အများအားဖြင့် တွေ့ရတတ်သည်။ Terrible Two အရွယ်တွင် အတွေ့ရများသည့် လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. စိတ်ဆိုးဂျီကျခြင်းနှင့် စိတ်လွတ်ကိုယ်လွတ် ငိုယိုအော်ဟစ်ခြင်း (Tantrums and meltdowns)
    အသက် ၂ နှစ်အရွယ် ကလေးများသည် မကြာခဏ သို့မဟုတ် ပိုမိုပြင်းထန်စွာ စိတ်ဆိုးဂျီကျခြင်း၊ စိတ်လွတ်ကိုယ်လွတ် ငိုယိုအော်ဟစ်ခြင်းမျိုး လုပ်လာတတ်ကြသည်။ ဤသို့ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားခြင်းသည် စကားမနားထောင်ခြင်း သို့မဟုတ် ခေါင်းမာခြင်းကြောင့် မဟုတ်ဘဲ မိမိကိုယ်ကို ကောင်းစွာ မထိန်းချုပ်နိုင်ခြင်း (dysregulation) ကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်သည့်အခါ မိဘများအနေဖြင့် စိတ်သောက ရောက်ရနိုင်သော်လည်း ရေရှည်တွင် ထိုအပြုအမူများကို ကိုင်တွယ်ဖြေရှင်းပြီး လျှော့ချပေးနိုင်မည့် နည်းလမ်းကောင်းများ ရှိကြသည်။
  2. ပြဿနာဖြစ်စေနိုင်သော အပြုအမူများ (Problem behaviors)
    အသက် ၂ နှစ်အရွယ် ကလေးများသည် အကြောင်းရင်းမရှိဘဲ ရုတ်တရက် သူတစ်ပါးကို ကန်ခြင်း၊ ရိုက်ခြင်း သို့မဟုတ် ကိုက်ခြင်း၊ ကစားရာတွင် အလှည့်မစောင့်ဘဲ လုကစားခြင်း၊ ပစ္စည်းများ လွှင့်ပစ်ခြင်းစသည့် အပြုအမူတို့ကို စတင်လုပ်ဆောင်လာတတ်သည်။ ဤကဲ့သို့ ပြုမူခြင်းကြောင့် ကလေးကို ဆိုးသော၊ စိတ်ပုပ်သောကလေးဟူ၍ မသတ်မှတ်သင့်ပါ။ အမှန်အားဖြင့် ဤကလေးများသည် မိမိတို့၏ ခံစားချက်များကို ထုတ်ဖော်ပြသရန် ခက်ခဲနေသည့် ပုံမှန်ကလေးများသာဖြစ်ပြီး၊ ထိုခံစားချက်များသည် ၎င်းတို့၏ ခန္ဓာကိုယ်မှတစ်ဆင့် အပြင်သို့ ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။
  3. မကြာခဏ စိတ်ပျက်၍ အားမလိုအားမရဖြစ်ခြင်း (Frequent frustration)
    အသက် ၂ နှစ်အရွယ် ကလေးအရွယ်သည် အရာရာကို အရှိန်အဟုန်ဖြင့် လေ့လာသင်ယူပြီး အသစ်အသစ်သော အရာများကို ကြိုးစားကြည့်နေသည့်အရွယ်ဖြစ်သည်။ ထို့ကြောင့် လုပ်ဆောင်ချက်များအတွက် ရုန်းကန်ရခြင်း၊ ကျရှုံးရခြင်းများနှင့်လည်း ဒွန်တွဲနေတတ်သည်။ ထိုကလေးများတွင် စိတ်ပျက်၍ အားမလိုအားမရဖြစ်မှုကို သည်းခံနိုင်စွမ်း (frustration tolerance) ကို ဖွံ့ဖြိုးအောင် တည်ဆောက်နေရဆဲ ဖြစ်သောကြောင့် မလုပ်ဆောင်နိုင်သည့်အခါ သို့မဟုတ် လိုချင်သည်ကို မရသည့်အခါ အလွယ်တကူ စိတ်ကောက်၊ စိတ်ဆိုးသွားတတ်ကြသည်။
  4. “မလုပ်ဘူး/ ဟင့်အင်း” ဟု အမြဲငြင်းဆိုခြင်း (Saying “No”)
    အသက် ၂ နှစ်အရွယ် ကလေးများ၏ အကြိုက်ဆုံးစကားလုံးသည် “ဟင့်အင်း” သို့မဟုတ် “မလုပ်ဘူး” ဖြစ်နေတတ်သည်။ ထိုသို့တောင်းဆိုချက်များကို ငြင်းပယ်ခြင်းနှင့် စည်းကမ်းဘောင်များကို စမ်းသပ်ခြင်းတို့သည် ကလေးငယ်များမှ ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အမှီအခိုကင်းမှုကို ရှာဖွေစူးစမ်းသည့် နည်းလမ်းဖြစ်သည်။ ဘူးခံငြင်းခြင်းနှင့် ခိုင်းသည့်အတိုင်း မလုပ်ခြင်းတို့သည် ကလေးသည် မိဘများနှင့် မတူဘဲ ခြားနားသော လူသားတစ်ယောက် ဖြစ်ကြောင်း သင်ယူနေကြခြင်းဖြစ်ပြီး၊ ယခင်က မရှိခဲ့သော အတွေးအခေါ်၊ မတူညီသည့် သဘောထားများ ရှိလာခြင်းကို ဆိုလိုခြင်းဖြစ်သည်။
  5. စိတ်ခံစားချက် ရုတ်တရက် ပြောင်းလဲခြင်း (Sudden mood changes)
    အသက် ၂ နှစ်အရွယ် ကလေးများတွင် စိတ်ခံစားချက် ပြင်းထန်ခြင်းနှင့် ရုတ်တရက် စိတ်ပြောင်းလဲခြင်းများ ဖြစ်တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ စိတ်အတက်အကျ မြန်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ မနာလိုဖြစ်ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းစသည့် ပြင်းထန်သော စိတ်ခံစားချက်များ ခံစားရလေ့ရှိပြီး၊ မိဘများ၏ ကူညီလမ်းညွှန်မှုနှင့်အတူ ကလေးအသက်ကြီးလာသည်နှင့်အမျှ ထိုခံစားချက်များကို ထိန်းချုပ်နိုင်မည့် အရည်အချင်းများ ပိုမိုရရှိလာမည်ဖြစ်သည်။
Terrible Twos ကြာမြင့်နိုင်ခြေ

မိဘများအနေဖြင့် ဤအခြေအနေသည် အချိန်ကာလ အလွန်ကြာရှည်တော့မည်လားဟု စိတ်ပူရသည်အထိ ခက်ခဲပင်ပန်းနိုင်သော်လည်း ကလေးငယ်များအနေဖြင့် စည်းကမ်းများကို ပိုမိုနားလည်လာခြင်း၊ မိမိတို့အလိုရှိသောအရာကို ပိုမိုပြောဆိုဆက်သွယ်လာနိုင်ခြင်းနှင့် စိတ်ခံစားချက်များကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းတို့ ရရှိလာပါက ထိန်းရခက်သော အပြုအမူများ လျော့ပါးသွားလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ အထူးသဖြင့် အသက် (၄) နှစ်ခန့်တွင် ထိုအပြုအမူများ သိသိသာသာလျော့နည်းလာသည်ကို တွေ့ရှိရသည်။

သို့သော် Terrible Twos ကာလကြာရှည်မှုသည် မိဘများအပေါ်တွင်လည်း တစ်စိတ်တစ်ပိုင်း မူတည်နေသည်။ ကလေး၏ ထူးခြားသော စိတ်နေသဘောထားအပြင်၊ မိဘ၏ ဆုံးမသွန်သင်မှုအတွက် ချဉ်းကပ်ပုံ နည်းလမ်းများသည်လည်း အရေးကြီးသည်။ ထို့ပြင် ကိုင်တွယ်ဖြေရှင်းနည်းများသည်လည်း ကလေးတစ်ဦးနှင့်တစ်ဦးအတွက်လည်း ထပ်တူမကျနိုင်ပါ။

ဆရာဝန်နှင့် တိုင်ပင်သင့်သော အခြေအနေများ

Terrible Twos ၏ လက္ခဏာများသည် အသက် (၁ – ၃) နှစ်ကြားအရွယ်အတွက် ပုံမှန် သဘာဝအပြုအမူများ ဖြစ်သော်လည်း ပို၍ အသက်ကြီးသော ကလေးများတွင် ဖြစ်ခြင်းအပြင် ပုံမှန်မဟုတ်သည့် လက္ခဏာများ၊ အခြေအနေများကို သတိပြုမိပါက မိဘများအနေဖြင့် မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကု ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

စိတ်ဆိုးဂျီကျတတ်သည့်ကလေးများ (Temper tantrums) အတွက် သတိပြုရမည့် လက္ခဏာများ
  • မူကြိုအရွယ် (အသက် ၃ နှစ် မှ ၆ နှစ်) ရောက်သည်အထိ စိတ်ဆိုးဂျီကျခြင်း
  • စိတ်ဆိုးဂျီကျသည့် အချိန်ကာလသည် ကြာရှည်ခြင်း (တစ်ကြိမ်လျှင် နာရီဝက်ခန့် ကြာမြင့်တတ်ခြင်း)
  • စိတ်ဆိုးဂျီကျသည့် အကြိမ်အရေအတွက်သည် တစ်နေ့တာအတွင်း (၁၀) ကြိမ် မှ အကြိမ် (၂၀) ထိဖြစ်ခြင်း
  • ကလေးသည် စိတ်ဆိုးဂျီကျချိန်တွင် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခြင်း
  • မိမိကိုယ်တိုင်သာမက မိဘ သို့မဟုတ် ပြုစုစောင့်ရှောက်သူအပေါ် ရိုက်နှက်ခြင်း၊ ကန်ခြင်း၊ ကိုက်ခြင်း သို့မဟုတ် အခြားသော ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများ ပြုလုပ်ခြင်း
  • ကလေးသည် စိတ်ပြန်တည်ငြိမ်အောင် မိမိကိုယ်တိုင် ပြန်လည်မထိန်းချုပ်နိုင်ခြင်း
သတိပြု၍ တိုင်ပင်သင့်သည့် အခြားလက္ခဏာများ
  • ကလေးသည် လူအများကြားတွင် မနေဘဲ ရှောင်ဖယ်နေတတ်ခြင်း၊ တစ်ဦးတည်း သီးသန့်နေတတ်ခြင်း
  • အခြားသူများထံမှ အာရုံစိုက်မှုကို မရှာဖွေခြင်း
  • အခြားသူများနှင့် မျက်လုံးချင်း မဆုံခြင်း
  • ရန်လိုခြင်း သို့မဟုတ် စကားများ ငြင်းခုံလွန်းခြင်း
  • အကြမ်းဖက်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သို့မဟုတ် အခြားသူများကို ထိခိုက်ဒဏ်ရာရစေရန် ကြိုးစားခြင်း
  • ကလေးကြောင့် အိမ်သားများတွင် စိတ်ဖိစီးမှုများစွာ ခံစားရခြင်းစသည့် အခြေအနေများ ရှိလျှင်လည်း ဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။

ကလေး၏ အပြုအမူများကို ဆန်းစစ်လေ့လာရာတွင် ဖြစ်နိုင်ခြေမြင့်မားစေသည့် အခြေအနေများကိုလည်း ထည့်သွင်းစဥ်းစားရမည် ဖြစ်သည်။ ဥပမာအားဖြင့်_

  • ကိုယ်ဝန်ဆောင်ကာလတွင် မိခင်သည် အရက်သောက်သုံးသည့် ရာဇဝင်ရှိခြင်း
  • ငယ်ရွယ်စဉ်ကာလ၌ အကြမ်းဖက်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်း
  • ကလေး၏ စိတ်နေသဘောထားသည် မွေးရာပါ ခက်ခဲကြမ်းတမ်းခြင်း စသည်တို့ဖြစ်သည်။
Terrible Twos အတွက် ရင်ဆိုင်ကျော်လွှားနိုင်ရန် သိပ္ပံနည်းကျအချက်များ

Terrible Twos အရွယ် ကလေးငယ်များကို သွန်သင်ဆုံးမပဲ့ပြင်ရာတွင် အဓိကအကျဆုံးအချက်မှာ မိဘများအနေဖြင့် ဒေါသတကြီး အော်ဟစ်ဖြေရှင်းခြင်းကို လုံးဝမပြုလုပ်ဘဲ စိတ်အေးအေးထား၍ ကိုင်တွယ်ရခြင်းဖြစ်သည်။ မိဘကိုယ်တိုင် စိတ်ဆိုးပြီး အခြေအနေကို ပို၍ဆိုးဝါးအောင် မလုပ်မိစေရန် ကလေးစတင် ဂျီမကျခင်ကတည်းက နည်းဗျူဟာအချို့ကို ကြိုတင်ပြင်ဆင်ထားသင့်သည်။

ကလေး၏ ဂျီကျဆိုးသွမ်းသည့် အပြုအမူကို ကိုင်တွယ်ဖြေရှင်းရာတွင် “တစ်သမတ်တည်းရှိခြင်း” သည် အဓိကသော့ချက်ဖြစ်သည်ဟု ကျွမ်းကျင်သူများမှ အဆိုပြုကြသည်။ ကလေးငယ်များအတွက် ကြိုတင်တွက်ဆနိုင်သော စည်းကမ်းများနှင့် တစ်နေ့တာပုံမှန်လုပ်ဆောင်စရာများကို သတ်မှတ်ထားပေးရန် လိုသည်။ ထိုစည်းဘောင်များကို ကလေးကို ပြုစုစောင့်ရှောက်သူ အားလုံးမှလည်း တပြေးညီတည်း ကျင့်သုံးရမည်ဖြစ်သည်။

အောက်ပါတို့သည် ကျွမ်းကျင်သူများမှ အကြံပြုထားသည့် အများဆုံးအသုံးပြုကြသော ကိုင်တွယ်ဖြေရှင်းနည်းအချို့ဖြစ်သည်။

  • ကလေး၏ စိတ်ခံစားချက်ကို အသိအမှတ်ပြုပေးပါ (Acknowledge their feelings)
    ဥပမာအားဖြင့် ကလေးသည် ပန်းခြံမှ ပြန်ရမည့် အချိန်တွင် မပြန်ဘဲ ဂျီကျငိုယိုနေလျှင် ၎င်း၏ စိတ်ခံစားချက်အတွက် ကိုယ်ချင်းစာစကားပြောပေးပါ။ အဖေ၊ အမေ ကိုယ်တိုင်လည်း ပန်းခြံတွင်ပျော်၍ အိမ်မပြန်ချင်သေးကြောင်း၊ သို့သော် ညနေစောင်းချိန် ရောက်လာသည့်အတွက် အိမ်ကို ပြန်သင့်ပြီဖြစ်ကြောင်း ဖျောင်းဖျကြည့်ပါ။ ထိုအခြေအနေသည် ကလေး ခံစားနေရသော စိတ်ခံစားချက်ကို စကားလုံးအဖြစ် ဖော်ပြတတ်စေရန် ကူညီပေးရုံသာမက စိတ်ခံစားချက် အမျိုးမျိုး ရှိနေခြင်းသည် သဘာဝကျကြောင်းကိုလည်း သင်ကြားပေးရာ ရောက်သည်။
  • ပြတ်ပြတ်သားသား “ဟင့်အင်း/မလုပ်ရဘူး” ဟု ငြင်းဆိုပါ (A firm no)
    ဤနည်းလမ်းသည် ကိုက်ခြင်း သို့မဟုတ် ရိုက်ခြင်းကဲ့သို့ ချက်ချင်းရပ်တန့်ရမည့် အပြုအမူများအတွက် အဓိကသော့ချက်ဖြစ်သည်။ ကလေးကို ကြောက်လန့်စေရန် မဟုတ်ဘဲ မကောင်းသော အပြုအမူများကို မကောင်းကြောင်း သိစေရန် ရည်ရွယ်သည့် နည်းလမ်းအဖြစ် အကြံပြုထားသည်။ ကလေးက ကိုက်ခြင်း သို့မဟုတ် ရိုက်ခြင်း စတင်ပြုလုပ်သည်နှင့် (သို့မဟုတ် ပြုလုပ်တော့မည့်ပုံစံရှိသည်နှင့်) ချက်ချင်း ကလေးနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ထိုင်ချပါ။ ကလေး၏ လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ်ဘေးတွင် ညင်သာစွာ ကပ်၍ ထိန်းထားပြီး မျက်နှာချင်း အနီးကပ်ကာ ရိုက်ခြင်း၊ ကိုက်ခြင်းများ လုံးဝမလုပ်ရကြောင်း ပြောပါ။ ထိုအချိန်တွင် မရိုက်သင့်၊ မကိုက်သင့်သည့် အကြောင်းပြချက်များကို ရှည်ရှည်ဝေးဝေး ရှင်းပြရန် မလိုပါ။ ကလေးငယ်များ၏ အာရုံစိုက်နိုင်စွမ်းသည် တိုတောင်းသောကြောင့် ပြောချင်သည့် စကားကို ပြတ်ပြတ်သားသားနှင့် တစ်သမတ်တည်းသာ ပြောပါ။ တစ်ခါတစ်ရံ ကလေးသည် ကိုက်မည်ဟု အချက်ပြလာလျှင် ကလေး၏နှုတ်ခမ်းကို မိဘမှ လက်ချောင်းလေးများတင်၍ တားမြစ်ကြည့်နိုင်သည်။ သို့သော် ကလေးအား ကိုယ်ထိလက်ရောက် ရိုက်ခြင်းမျိုး မလုပ်မိစေရန် မိဘများမှ သတိပြုသင့်သည်။ ကြမ်းတမ်းသော အပြစ်ပေးခြင်းများသည် ကလေး၏ ရန်လိုမှု၊ စိတ်ထိန်းချုပ်နိုင်မှုတို့ကို ပိုဆိုးစေနိုင်သောကြောင့်ဖြစ်သည်။
  • ပြန်လည်သုံးသပ်ရန် အချိန်ပေး၍ အပြစ်ပေးခြင်း (Timeouts)
    Timeouts ပေးခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်နိုင်သည်။ ကလေးသာမက မိဘများပါ စိတ်ငြိမ်သွားစေရန် အချိန်ရစေသည့်အပြင် ကလေးမှ သူ၏ အပြုအမူကို မိဘမှ ခွင့်မပြုဆိုသည့် ရှင်းလင်းသော သတိပေးချက်ကို နားလည်စေနိုင်သည်။ မိဘများအနေဖြင့် Timeouts သတ်မှတ်ရန် အိမ်ရှိ ဘေးကင်းသောနေရာတစ်ခုကို timeout နေရာအဖြစ် ရွေးချယ်သင့်ပြီး၊ ကလေးကို အသက် ၁ နှစ်လျှင် ၁ မိနစ်နှုန်း၊ အသက် ၂ နှစ်လျှင် ၂ မိနစ်နှုန်းဖြင့် ငြိမ်သက်စွာ ထိုင်ခိုင်းထားရမည်။ Timeouts မပေးသင့်သည့်နေရာများမှာ အိပ်ရာကုတင် (crib) သို့မဟုတ် ကလေးတွန်းလှည်း (stroller) တို့ ဖြစ်ကြပြီး၊ ထိုနေရာများကို အပြစ်ပေးခြင်းနှင့် ဆက်စပ်၍ မမှတ်မိစေလိုသောကြောင့်ဖြစ်သည်။ သို့သော် Timeouts ပေးခြင်းသည် ကလေးတိုင်းအတွက် အဆင်မပြေနိုင်သည်ကိုလည်း သတိပြုသင့်သည်။
  • ကလေး၏ အခွင့်အရေးများကို ရုပ်သိမ်းပါ (Take away privileges)
    ကလေး၏ အရုပ်များ သို့မဟုတ် မုန့်များကို သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိ သိမ်းဆည်းထားခြင်းသည်လည်း ကလေးအား သူ၏မကောင်းသော အပြုအမူကို လက်မခံကြောင်း သိရှိစေနိုင်သည့် အားကောင်းသော နည်းလမ်းဖြစ်သည်။ ဥပမာအားဖြင့် ကလေးမှ မုန့်များကို ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်ပါက မိဘမှ စိတ်မဆိုးအောင် ထိန်း၍ “သား/သမီးက မုန့်စားလို့ ဝသွားပြီပဲ” ဟု ရိုးရိုးရှင်းရှင်းသာ ပြောပြီး မုန့်ကို သိမ်းလိုက်ပါ။ အရုပ်များကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပါ။ အဓိကသော့ချက်မှာ တစ်သမတ်တည်းရှိရန်ဖြစ်သည်။
  • အာရုံလွှဲပါ (Distract)
    ကလေး ဂျီကျဒေါသထွက်နေချိန်တွင် လိုက်လံဖျောင်းဖျရန် ကြိုးစားမည့်အစား တစ်ခါတစ်ရံ အခြားအရာတစ်ခုခုဆီသို့ ကလေးအာရုံကို လွှဲပြောင်းပေးလိုက်ခြင်းသည် ပိုကောင်းသောနည်းလမ်းဖြစ်သည်။ ကလေးသေးခံ (Diaper) ဝတ်ရန် ငြင်းဆန်၍ ဂျီကျနေသောကလေးကို ဂိမ်းကစားနည်းလေးများ ဖန်တီး၍ ချက်ချင်းကစားပေးခြင်းမျိုးဖြစ်သည်။ သေးခံကို အရုပ်များတွင် အမေမှ ဝတ်ပြခြင်း၊ ကလေးအား အရုပ်များကို သေးခံကူညီဝတ်စေခြင်းဖြင့် ကလေးသည် အာရုံပြောင်းသွားကာ စိတ်တည်ငြိမ်သွားနိုင်သည်။
  • ကောင်းမွန်သောအပြုအမူကို ချီးမွမ်းပေးပါ (Use positive reinforcement)
    မသင့်လျော်သော အပြုအမူများကို သီးသန့်အာရုံစိုက် ပြောနေခြင်းထက် အဆင်ပြေသော အပြုအမူများကို တွေ့ပါက ကလေးကို ချက်ချင်းချီးမွမ်းပေးပါ။ ဥပမာအားဖြင့် ကြောင်အမြီးကို အမြဲဆွဲတတ်သော ကလေးတစ်ဦးကို အပြစ်ပြောဆူပူမည့်အစား ကြောင်လေးကို ညင်ညင်သာသာ ကိုင်တွယ်သည့်အချိန်ကို စောင့်ကြည့်၍ အပြုသဘောဆောင် ချီးမွမ်းပေးခြင်းဖြင့် ကောင်းမွန်သောအပြုအမူကို ပိုမိုလုပ်ဆောင်လာစေရန် အားပေးရာရောက်ပြီး မကောင်းသော အပြုအမူများကို လျော့ပါးသွားစေနိုင်သည်။

အချုပ်အားဖြင့် ထိန်းရခက်သော အသက် ၂ နှစ်အရွယ်သည် ကလေးများအတွက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသော အချိန်အပိုင်းအခြားတစ်ခုဖြစ်သည်။ ကလေးသည် မိမိ၏ ကိုယ်ပိုင်လွတ်လပ်မှု၊ စိတ်ခံစားချက် ထိန်းချုပ်မှု၊ ဆက်သွယ်ပြောဆိုမှုနှင့် လူမှုဆက်ဆံရေးစည်းဘောင်များကို တပြိုင်တည်း လေ့လာသင်ယူနေသော ကာလဖြစ်သောကြောင့် ကလေး၏ ဆိုးသွမ်းသော အပြုအမူများသည် တမင်တကာ ပြုလုပ်နေခြင်း မဟုတ်ကြောင်း မိဘများမှ နားလည်ထားရမည်။ မိဘအုပ်ထိန်းသူများအနေနှင့်လည်း ထိုအပြုအမူများ၏ အခြေခံအကြောင်းတရားများကို နားလည်ထားခြင်းဖြင့် စိတ်ရှည်သော၊ စနစ်ကျသော၊ သိပ္ပံနည်းကျ သက်သေခိုင်မာသော နည်းဗျူဟာများနှင့် ကလေး၏ အပြုအမူများကို တုံ့ပြန်ပြီး ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီအားပေးနိုင်မည်ဖြစ်သည်။

References:

  1. Augusta Health. (n.d.). Terrible twos: Why are 2-year-olds so difficult? Retrieved May 18, 2026, from https://www.augustahealth.com/answer/terrible-twos-why-are-2-year-olds-so-difficult/
  2. Healthline. (n.d.). Terrible twos: What to expect and how to handle them. Retrieved May 18, 2026, from https://www.healthline.com/health/parenting/terrible-twos
  3. The Bump. (n.d.). Terrible twos: What they are and how to survive them. Retrieved May 18, 2026, from https://www.thebump.com/a/terrible-twos
  4. What to Expect. (n.d.). The terrible twos. Retrieved May 18, 2026, from https://www.whattoexpect.com/toddler-behavior/terrible-twos.aspx
  5. Centers for Disease Control and Prevention. (n.d.). Positive parenting tips: Toddlers (2–3 years). Retrieved May 18, 2026, from https://www.cdc.gov/child-development/positive-parenting-tips/toddlers-2-3-years.html
  6. Good Inside. (n.d.). How to handle the terrible twos. Retrieved May 18, 2026, from https://www.goodinside.com/blog/how-to-handle-the-terrible-twos/
  7. American Academy of Pediatrics. (n.d.). Toddler parenting. Retrieved May 18, 2026, from https://www.aap.org/en/patient-care/healthy-active-living-for-families/toddler-parenting/

Published: 1 June 2026

Share

1 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.