ကာကွယ်ဆေးထိုးနှံခြင်းသည် အော်တစ်ဇင် (Autism) ရှိသော ကလေးငယ်များအပါအဝင် ကလေးတိုင်းအတွက် အလွန်အရေးကြီးသော ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုဖြစ်သည်။ ၎င်းသည် ကလေးငယ်များ၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အသက်အန္တရာယ်ဖြစ်စေနိုင်သော ကူးစက်ရောဂါများမှ ကာကွယ်ပေးနိုင်သောကြောင့် ပုံမှန်ပြုလုပ်မြဲ ကျန်းမာရေးဆိုင်ရာ အလေ့အထတစ်ခုဖြစ်သည်။ အရေးကြီးသောအချက်မှာ သိပ္ပံနည်းကျလေ့လာမှုများအရ ကာကွယ်ဆေးထိုးခြင်းနှင့် အော်တစ်ဇင်ဖြစ်ပွါးခြင်းတို့အကြား တစ်စုံတစ်ရာ ဆက်နွယ်မှု မရှိခြင်းပင်ဖြစ်သည်။
သို့သော် အော်တစ်ဇင်ကလေးများအတွက်မူ (အထူးသဖြင့် ပထမဦးဆုံးထိုးနှံသော အကြိမ်များတွင်) ကာကွယ်ဆေးထိုးနှံခြင်းသည် လုပ်ဆောင်မြဲမဟုတ်သော အသစ်အဆန်းဖြစ်ရပ် (Out of routine) တစ်ခုဖြစ်နေပြီး၊ စိုးရိမ်ပူပန်မှုနှင့် အာရုံခံစားမှုဆိုင်ရာ အခက်အခဲများ (Sensory Overload) ကို ဖြစ်စေနိုင်သည်။ ဤသို့သော အခြေအနေများကို ကောင်းစွာကျော်လွှားနိုင်ရန် နိုင်ငံတကာ အော်တစ်ဇင်အဖွဲ့အစည်းများ၏ မိဘနှင့်မိသားစုများ ပြင်ဆင်လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
မိဘများအတွက် အိမ်တွင် ကြိုတင်ပြင်ဆင်ရန်
မိဘများအနေဖြင့် “ဘာတွေဖြစ်လာမလဲ” ဆိုသည့် ကြိုတင်သိရှိနိုင်မှု (Predictability) ကို အဓိကထား ပြင်ဆင်ပေးရန် လိုအပ်သည်။ အော်တစ်ဇင်ကလေးအများစုသည် မြင်တွေ့သည့်အရာများမှတစ်ဆင့် လေ့လာနိုင်သူများ (Visual learners) ဖြစ်သောကြောင့် အမြင်အာရုံဆိုင်ရာ ပံ့ပိုးမှုများ (Visual support) ဖြင့် လေ့ကျင့်ပေးထားရမည်။
- ကြိုတင်အသိပေးခြင်း
- ဆေးခန်းသွားပုံ၊ စောင့်ဆိုင်းပုံ၊ သူနာပြုမှ လက်မောင်းကို သန့်ရှင်းပေးပုံနှင့် ပုရွက်ဆိတ်ကိုက်သကဲ့သို ခဏလေးသာ နာကျင်ပုံတို့ကို ပုံပြင် သို့မဟုတ် ဓာတ်ပုံများဖြင့် ကြိုတင်ပြသပေးရန် လိုအပ်သည်
- ကာကွယ်ဆေးထိုးရန် စီစဉ်ထားသော ရက်ချိန်းမတိုင်မီ ရက်အနည်းငယ်အလိုခန့်တွင် ကပ်၍ ကလေးကို ပြောပြထားခြင်းသည် အကောင်းဆုံးဖြစ်သည်
- ရက်ချိန်းမတိုင်မီ အလွန်စောစီးစွာ ပြောပြထားခြင်း သို့မဟုတ် ဆေးခန်းရောက်မှ ပြောပြခြင်းမျိုးသည် ကလေးကို စိတ်ဖိစီးမှုနှင့် စိတ်ရှုပ်ထွေးမှုများ ဖြစ်စေနိုင်သည်
- ဆေးကုသမှုဆိုင်ရာ ဟန်ဆောင်ကစားခြင်း (Medical Play)
- အိမ်၌ပင် မိဘမှ ဆရာဝန်ကဲ့သို့ ဟန်ဆောင်ကစားပေးပြီး ဆေးထိုးရာတွင် အသုံးပြုမည့် ကိရိယာလေးများဖြင့် အရုပ်များကို ဆေးထိုးတမ်း ကစားပြရမည်။
- အရုပ်လေးက အနည်းငယ်သာ နာကျင်သည်ဟုလည်း ရှင်းပြထားပါ
- ထို့နောက် ကလေး၏ လက်မောင်းကို အရက်ပြန်ဂွမ်းဖတ်လေးဖြင့် ပွတ်ပေးခြင်း၊ ခပ်ဖွဖွလေး ဆိတ်ပြခြင်း သို့မဟုတ် သစ်သားတုတ်ချောင်းအသေးလေးဖြင့် လက်မောင်းကို ထိုးပြခြင်း စသည့် အဆင့်ဆင့်ကို ပြုလုပ်ပေးခြင်းဖြင့် ကလေးသည် ကာကွယ်ဆေးထိုးမည့်ဖြစ်စဉ်ကို ကျင့်သားရနေနိုင်သည်
- အာရုံခံစားမှု အထောက်အကူပြုပစ္စည်းများ (Sensory Kit)
- ကာကွယ်ဆေးထိုးမည့်နေ့တွင် ကလေးနှစ်သက်သော ပစ္စည်းများ (ဥပမာ – နားကြပ်၊ နေကာမျက်မှန်၊ ကိုင်ဆော့သည့်အရုပ် [Fidget Toy] သို့မဟုတ် အလေးချိန်ရှိသောစောင် [Weighted blanket] စသည်) ကို ဆေးခန်းသို့ ယူဆောင်သွားရမည်
- ရွေးချယ်ခွင့်ပေးခြင်း (Giving Choices)
- “ဘယ်ဘက်လက်မှာ ထိုးမလား၊ ညာဘက်လက်မှာ ထိုးမလား” သို့မဟုတ် “ကုလားထိုင်မှာ ထိုင်မလား၊ မေမေ့ပေါင်ပေါ်မှာ ထိုင်မလား” စသည့် ရွေးချယ်ခွင့်လေးများ ပေးခြင်းဖြင့် ကလေးကို ယုံကြည်မှုရှိစေသည်။
- ဦးစားပေးတန်းစီစနစ် (Priority appointment)
- အချို့သော ဆေးခန်းများတွင် Autism သို့မဟုတ် အထူးလိုအပ်ချက်ရှိသော ကလေးများအတွက် “ဦးစားပေးတန်းစီစနစ်” ရှိတတ်သည်
- မိဘများအနေဖြင့် ဆေးခန်းသို့ မသွားမီ ထိုကဲ့သို့ ဦးစားပေးစနစ် ရှိမရှိ သို့မဟုတ် ကြိုတင်ချိန်းဆိုမှု (Appointment) ပြုလုပ်နိုင်မည့် အစီအစဉ်များကို မေးမြန်းထားသင့်သည်
ဆေးခန်းဝန်ထမ်းများအတွက် ဆေးခန်းအတွင်း ပြင်ဆင်ရန်
ဆေးခန်းဝန်ထမ်းများအနေဖြင့် အော်တစ်ဇင်ကလေးများအား ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့စေရန် အာရုံခံစားမှု လျှော့ချရေး (Sensory-Friendly Environment) နှင့် စိတ်ရှည်သည်းခံမှုကို အဓိကထားပေးရမည်။
- အာရုံခံစားမှု လျှော့ချထားသော ပတ်ဝန်းကျင် (Low-Sensory Environment)
- ဖြစ်နိုင်ပါက ကလေးကို လူရှုပ်သော စောင့်ဆိုင်းခန်းတွင် မထားဘဲ သီးသန့်အေးဆေးသော အခန်းတွင် စောင့်ဆိုင်းစေရမည်
- မီးချောင်းအလင်းစူးစူးများ သို့မဟုတ် ဆူညံသံများကို တတ်နိုင်သမျှ လျှော့ချပေးရမည်
- ကလေးကို သက်သောင့်သက်သာ နေစေပြီး ကလေးနှစ်သက်သော အရုပ်များနှင့် အရာဝတ္ထုများကို အနားတွင် ထားပေးရမည်
- တစ်ဦးတည်းသာ စကားပြောခြင်း စည်းကမ်း (The “One Voice” Rule)
- ဆေးထိုးနေစဉ် လူအများကြီး ဝိုင်း၍ စကားပြောခြင်းသည် ကလေးကို စိတ်ရှုပ်ထွေးစေနိုင်သောကြောင့် မိဘ သို့မဟုတ် ဝန်ထမ်းတစ်ဦးတည်းကသာ ကလေးကို လမ်းညွှန်ချက်များ အေးအေးဆေးဆေး ပေးရမည်
- ဆေးထိုးပြီးနောက် ကလေးနှစ်သက်ရာ ပြုလုပ်ခွင့်ပေးမည့်အကြောင်း ဆေးမထိုးမီကပင် ရုပ်ပုံကားချပ် (First-Then visual board) ဖြင့် ရှင်းပြပေးရမည်
- ဥပမာအားဖြင့် ဆေးထိုးပြီးလျှင် ရေခဲမုန့်စားရမည် သို့မဟုတ် ကစားကွင်းတွင် ကစားနိုင်သည် စသည်တို့ဖြစ်သည်
- တိကျရိုးရှင်းသော စကားလုံးများ သုံးနှုန်းခြင်း (Clear and Simple Language)
- “ခဏလေးပါ” သို့မဟုတ် “မနာပါဘူး” စသည့် မရေရာသော စကားများထက် “အခု လက်မောင်းကို ဂွမ်းလေးနဲ့ သုတ်မယ်” သို့မဟုတ် “အခု (၁၊ ၂၊ ၃) ဆိုရင် နည်းနည်းလေး နာသွားမယ်၊ တစ်ချက်တည်းမို့ ပြီးပြီ” စသည့် တိကျသော စကားလုံးများကို အသုံးပြုရမည်
- နွေးထွေးသော အနေအထား (Comfort Positioning)
- ကလေးကို အတင်းအဓမ္မ ဖိချုပ်ထားခြင်းထက် မိဘနှင့် ရင်ချင်းအပ် ဖက်ထားစေသည့် (Comfort Hug) အနေအထားကို အသုံးပြုရမည်
- ဆေးထိုးမည့်အချိန်တွင် ကလေးအား အသက်ပြင်းပြင်းရှူစေရန် ပြောပြပေးရမည်
- စောင့်ဆိုင်းခြင်း၊ အခြေအနေကို ကြည့်ခြင်း (Wait and Watch)
- ကလေးအလွန်အမင်း ထိတ်လန့်နေပါက (၅) မိနစ်ခန့် ခေတ္တနားပေးရမည်
- ကလေး၏ အရှိန်အဟုန်အတိုင်း လိုက်ပါဆောင်ရွက်ပေးပြီး ကလေးတည်ငြိမ်လာမှသာ ဆေးပြန်ထိုးရန် ကြိုးစားရမည်
- ကလေးကို အာရုံလွှဲရန်နှင့် နာကျင်မှု သက်သာစေရန် ကာကွယ်ဆေးထိုးမည့် လက်မောင်းရင်းနေရာတွင် Buzzy the bee ကိရိယာလေးကို တပ်ဆင်ပေးနိုင်သည်
- ထိုကိရိယာလေးသည် တုန်ခါမှုနှင့် အေးမြမှုကို ထုတ်လွှတ်ပေးပြီး ဆေးထိုးမည့် နေရာတစ်ဝိုက်ကို ထုံသွားစေသဖြင့် နာကျင်မှုကို သိသိသာသာ လျော့နည်းစေသည်
- ချက်ချင်း ဆုချခြင်း (Immediate Reinforcement)
- ဆေးထိုးပြီးသည်နှင့် ကြိုတင်သဘောတူထားသည့်အတိုင်း ကလေးနှစ်သက်သော စတစ်ကာ၊ အရုပ် သို့မဟုတ် မုန့်ကို “ချက်ချင်း” ပေးရမည်၊ ၎င်းသည် နောက်တစ်ကြိမ် ဆေးခန်းလာရန်အတွက် ကောင်းမွန်သော အမှတ်တရ ဖြစ်စေသည်
ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း စောင့်ရှောက်မှု (Post-Vaccination Care)
- ဆေးခန်းအတွေ့အကြုံကို မှတ်တမ်းတင်ခြင်း (Keep a Record of Preferences)
- ကလေးအတွက် မည်သည့်အရာက အဆင်ပြေခဲ့သည်၊ မည်သည့်အရာက ထိတ်လန့်စေခဲ့သည် (ဥပမာ – ဂွမ်းဖြင့်ပွတ်ခြင်းကို ကြောက်ခြင်း သို့မဟုတ် အရုပ်ဖြင့် အာရုံလွှဲခြင်းကို နှစ်သက်ခြင်း စသည်) တို့ကို မှတ်သားထားရမည်
- ၎င်းမှတ်တမ်းသည် နောက်တစ်ကြိမ် ဆေးထိုးသည့်အခါ ဆေးခန်းဝန်ထမ်းများကို ကြိုတင်အသိပေးရန်အတွက် အလွန်အရေးကြီးသည်
- ဝေဒနာများ သက်သာအောင် ပြုလုပ်ပေးခြင်း (Managing Side Effects)
- ဆေးထိုးပြီးနောက် လက်မောင်းတွင် နာကျင်ခြင်း သို့မဟုတ် ကိုယ်ပူခြင်းရှိပါက Autism ကလေးငယ်များအတွက် အာရုံခံစားမှုဆိုင်ရာ စိတ်အနှောင့်အယှက် ပိုဖြစ်စေနိုင်သည်
- ထို့ကြောင့် ဖြစ်လာနိုင်သော ဝေဒနာများအတွက် ရေဝတ်တိုက်ပေးခြင်း သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးများတိုက်ကျွေးခြင်းတို့ကို ပြုလုပ်ပေးရမည်
- အကြံပြုချက်များ ဖလှယ်ခြင်း (Providing Feedback)
- လုပ်ငန်းစဉ်အားလုံး ပြီးဆုံးသွားသည့်နောက်တွင် မိဘများထံမှ အကြံပြုချက်များကို ဆေးခန်းဝန်ထမ်းများက မေးမြန်းရမည်
- ကလေးအတွက် အဆင်မပြေမှုများကို သိရှိခြင်းအားဖြင့် နောက်အကြိမ်များတွင် ပိုမိုအဆင်ပြေချော့မွေ့စေရန် ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်သည်
References:
- Autism New Zealand. (n.d.). Autism New Zealand launches Vaximate: The tool helping autistic people navigate the world of vaccinations. Retrieved May 8, 2026, from https://autismnz.org.nz/autism-new-zealand-launches-vaximate-the-tool-helping-autistic-people-navigate-the-world-of-vaccinations/
- Seeds for Special Needs LLC. (n.d.). Preparing your child with autism for their shots. Retrieved May 8, 2026, from https://seedsforspecialneeds.com/preparing-your-child-with-autism-for-their-shots/
- May Institute. (n.d.). Preparing students with special needs for vaccinations. Retrieved May 8, 2026, from https://www.mayinstitute.org/news/acl/asd-and-dd-child-focused/preparing-students-with-special-needs-for-vaccinations/
- The Royal Children’s Hospital Melbourne. (n.d.). BUZZY® presentation [PDF]. Retrieved May 8, 2026, from https://www.rch.org.au/uploadedFiles/Main/Content/comfortkids/BUZZYR%20Presentation%20in%20PDF%20.pdf
Published: 24 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.