နှာခေါင်းသွေးယိုခြင်းသည် အော်တစ်ဇင်ကလေးများသာမက ကလေးများအားလုံးတွင် အလွန်အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ နှာခေါင်းအတွင်းပိုင်းရှိ နူးညံ့သော အမြှေးပါးလေးများတွင် ရှိသည့် သွေးကြောငယ်လေးများ ပေါက်ထွက်ရာမှ သွေးယိုခြင်းဖြစ်သည်။
သွေးယိုသောပမာဏသည် များသောအားဖြင့် နည်းပါးပြီး (၁၀) မိနစ်အတွင်း အလိုအလျောက် ပြန်လည်ရပ်တန့်သွားတတ်သည်။ တစ်ခါတစ်ရံ သွေးများစွာ ထွက်သည်ဟု ထင်ရသော်လည်း (ဥပမာ – အဝတ်အစား သို့မဟုတ် တစ်ရှူးတွင် ပေကျံနေသည့်အခါ) ကလေးများအတွက် ကျန်းမာရေး ထိခိုက်စေလောက်သည်အထိ သွေးဆုံးရှုံးခြင်းမျိုးမှာ အလွန်ရှားပါးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- နှာခေါင်းနှိုက်ခြင်း၊ နှာချေလွန်းခြင်း သို့မဟုတ် နှာခေါင်းကို အားပြင်းပြင်းညှစ်ခြင်း
- ကစားရင်း နှာခေါင်းကို ထိခိုက်မိခြင်း
- ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် သွေးကြောလေးများ ပေါက်ခြင်း
- နှာခေါင်း၊ လည်ချောင်း သို့မဟုတ် ထိပ်ကပ်နာ အအေးမိရောဂါပိုးများ
- ဓာတ်မတည့်ခြင်း (ဥပမာ – ဖုန်မှုန့် သို့မဟုတ် ပန်းဝတ်မှုန်များနှင့် မတည့်ခြင်း)
- နှာခေါင်းထဲသို့ ပစ္စည်းတစ်ခုခု ထည့်ထားမိခြင်း
- ဝမ်းချုပ်ခြင်း (ဝမ်းသွားသည့်အခါ အလွန်အမင်း အားစိုက်ညှစ်ရခြင်း)
- အကိုက်အခဲပျောက်ဆေး သို့မဟုတ် နှာခေါင်းဖြန်းဆေး အချို့ကြောင့် ဖြစ်ခြင်း
- သွေးရောဂါများ (နှာခေါင်းသွေးယိုခြင်းနှင့်အတူ အခြားနေရာများမှပါ သွေးထွက်နိုင်သည်)
ရှေးဦးသူနာပြုစုနည်း (First Aid)
နှာခေါင်းသွေးယိုခြင်းသည် နာကျင်မှုမရှိသော်လည်း သွေးကို မြင်ရသည့်အခါ ကလေးသည် ကြောက်လန့်တုန်လှုပ်နိုင်သည်။ ကလေးကို ဦးစွာ စိတ်အေးအောင် ချော့မြူပါ။ ကလေးငိုပါက သွေးပေါင်ချိန်တက်ပြီး သွေးပိုထွက်နိုင်သောကြောင့်ဖြစ်သည်။
ယခုဖော်ပြပေးထားသော ရှေးဦးသူနာပြုစုနည်းများသည် ပြုစုကုသမှုကို ကောင်းစွာလက်ခံသော အော်တစ်ဇင်ကလေးငယ်များ အပါအဝင် ကလေး၊ လူကြီးအားလုံးအတွက် အသုံးချနိုင်သည့် ပြုစုနည်းများဖြစ်သည်။
ပြုစုနည်းအဆင့်ဆင့်
- ကိုယ်ဟန်အနေအထား – ကလေးကို မတ်မတ်ထိုင်ခိုင်းပြီး ခေါင်းကို ရှေ့သို့ အနည်းငယ် ငိုက်ခိုင်းထားပါ၊ (ခေါင်းကို နောက်သို့ လန်မထားရပါ၊ ခေါင်းလန်ထားပါက သွေးများ လည်ချောင်းထဲသို့ စီးဝင်သွားပြီး ချောင်းဆိုးခြင်း သို့မဟုတ် အန်ခြင်းတို့ ဖြစ်စေနိုင်သည်)
- နှာခေါင်းကို ဖိညှစ်ထားပါ – နှာခေါင်း၏ အောက်ဘက် အပျော့ပိုင်း (နှာသီးဝ) ကို လက်ညှိုးနှင့် လက်မဖြင့် ၁၀ မိနစ်တိတိ မလွှတ်တမ်း ဖိညှစ်ထားပါ
- စိတ်ရှည်စွာ စောင့်ဆိုင်းပါ – သွေးလျှံခြင်း ရပ်မရပ် သိရန် လက်ကို ခဏခဏ လွှတ်မကြည့်ပါနှင့်၊ သွေးခဲရန် အချိန်လိုအပ်သောကြောင့်ဖြစ်သည်၊ ထိုအချိန်အတွင်း ကလေးကို စာအုပ်ဖတ်ပြခြင်း သို့မဟုတ် စကားပြောခြင်းဖြင့် အာရုံလွှဲထားပါ
- ပြန်လည်စစ်ဆေးပါ – ၁၀ မိနစ်ပြည့်မှ လက်ကိုလွှတ်ပြီး စစ်ဆေးပါ၊ အကယ်၍ သွေးမရပ်သေးပါက နောက်ထပ် ၁၀ မိနစ် ထပ်မံဖိထားပါ
အခြားပြုလုပ်နိုင်သည်များ
- အအေးကပ်ပေးခြင်း – အေးမြသော ပဝါ သို့မဟုတ် ရေခဲအိတ်ကို ကလေး၏ နှာခေါင်းရိုးပေါ် သို့မဟုတ် ဂုတ်ပိုးပေါ်တွင် တင်ပေးခြင်းဖြင့် သွေးကြောများကို ကျဥ်းစေပြီး သွေးတိတ်ရန် အထောက်အကူပြုသည်
- သွေးများကို ထွေးထုတ်ခိုင်းပါ – ပါးစပ်ထဲသို့ ရောက်သွားသည့် သွေးများကို မျိုမချဘဲ ထွေးထုတ်ခိုင်းပါ၊ သွေးမျိုချမိပါက အစာအိမ်ကို လှုံ့ဆော်သကဲ့သို့ ရင်ပြည့်ခြင်း သို့မဟုတ် အန်ခြင်းတို့ ဖြစ်စေနိုင်သည်
- ရေအေးတိုက်ပါ – အအေးစာ သို့မဟုတ် ရေအေး တိုက်ပေးခြင်းသည်လည်း ကလေးကို စိတ်တည်ငြိမ်စေသည်
အော်တစ်ဇင် (ASD) ကလေးငယ်များအတွက် နှာခေါင်းသွေးလျှံခြင်းကို ABA နည်းစနစ်သုံး၍ ကုသခြင်း
ဤအပိုင်းတွင် အော်တစ်ဇင် (ASD) ရှိသော ကလေးငယ်များ သို့မဟုတ် အာရုံခံစားမှု အလွန်ထိခိုက်လွယ်သည့် ကလေးငယ်များအတွက် အထူးရည်ရွယ်သော နည်းလမ်းများကို ဖော်ပြပေးမည်။ ရှေးဦးသူနာပြုစုခြင်းကို လက်မခံနိုင်သော သို့မဟုတ် ထိတွေ့မှုကို ငြင်းဆန်တတ်သော ကလေးများအတွက် အပြုအမူပိုင်းဆိုင်ရာ လေ့ကျင့်ကုသမှု (Applied Behavior Analysis – ABA) နည်းစနစ်ကို အသုံးပြု၍ ပူးပေါင်းဆောင်ရွက်လာအောင် လေ့ကျင့်ပေးနိုင်သည်။ ABA (Applied Behavior Analysis) ဆိုသည်မှာ ကလေး၏ အပြုအမူကို နားလည်ပြီး ကောင်းမွန်သော အလေ့အကျင့်သစ်များ ရရှိလာအောင် စနစ်တကျ သင်ကြားပေးသည့် နည်းစနစ်ဖြစ်သည်။
အာရုံခံစားမှု ထိခိုက်လွယ်သော ကလေးများအတွက် နှာခေါင်းသွေးလျှံနေစဥ်အတွင်း အောက်ပါ ABA နည်းစနစ်များကို အသုံးပြုခြင်းဖြင့် ကလေးမှ ငြိမ်သက်စွာ ပူးပေါင်းဆောင်ရွက်လာစေရန်နှင့် နှာခေါင်းသွေးမလျှံအောင် ကြိုတင်ကာကွယ်သည့် လုပ်ငန်းစဥ်များကို လက်ခံလာစေရန် ရည်ရွယ်သည်။
- လုပ်ငန်းစဥ်ကို အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာခြင်း (Task Analysis)
ရှုပ်ထွေးသော အလုပ်တစ်ခုကို သေးငယ်ပြီး သင်ယူရလွယ်ကူသော အဆင့်များအဖြစ် ခွဲထုတ်ခြင်းဖြစ်သည်။- နှာခေါင်းသွေးလျှံနေစဥ် လုပ်ဆောင်ရန်
- ကလေးလုပ်လက်စ အလုပ်ကို ရပ်ခိုင်းပါ
- မတ်မတ် ထိုင်စေပါ
- ခေါင်းကို အရှေ့သို့ အနည်းငယ် ငိုက်ထားပါ
- လူကြီးမှ နှာခေါင်းကို အနည်းဆုံး ၅ မိနစ်မှ ၁၀ မိနစ်ခန့် ဖိထားပေးပါ
- နှာခေါင်းဖိမခံသည့် ကလေးတွင် Visual Timer ပြ၍သော်လည်းကောင်း၊ ၁ မှ ၁၀၀ အထိ ရေတွက်ပြ၍သော်လည်းကောင်း ပြုလုပ်ပေးနိုင်သည်
- နှာခေါင်းဖိထားစဥ် ပါးစပ်ဖြင့် အသက်ရှူသွင်း ရှူထုတ် ပြုလုပ်ရန် လူကြီးမှ ကလေးရှေ့တွင် ပုံစံပြလုပ်ဆောင်ပေးပါ
- ၅ မိနစ် မှ ၁၀ မိနစ်ခန့် ငြိမ်ငြိမ်နေစေရန် လေ့ကျင့်ပေးပါ
- နှာခေါင်းသွေးမလျှံချိန်တွင် နေ့စဥ်လေ့ကျင့်ပေးခြင်း – တစ်ရှူးယူခြင်း၊ နှာခေါင်းအတွင်း Petroleum Jelly (ဥပမာ – Vaseline) ထည့်ခြင်းနှင့် နှာခေါင်းဖြန်းဆေး (Saline spray) အသုံးပြုခြင်းတို့ကို Visual chart များပြ၍ လေ့ကျင့်ပေးထားပါ
- နှာခေါင်းသွေးလျှံနေစဥ် လုပ်ဆောင်ရန်
- တဖြည်းဖြည်း ယဥ်ပါးလာစေခြင်း (Gradual Desensitization)
အာရုံခံစားမှု ထိခိုက်လွယ်သော ကလေးများသည် နှာခေါင်း ကိုင်တွယ်ခြင်းကို ကျင့်သားရစေရန် ပါးကိုအရင်ထိခြင်း၊ နှာခေါင်းအနီးတစ်ဝိုက်ကို ထိခြင်းဖြင့် အဆင့်ဆင့် လေ့ကျင့်ပေးပါ။- လူကြီးမှ ကလေး၏ မျက်နှာအနီးသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို ကျင့်သားရပါစေ
- ထို့နောက် ကလေး၏ ပါးကို ထိတွေ့ခြင်း၊ နှာခေါင်းအနီးတစ်ဝိုက်ကို ထိတွေ့ခြင်းနှင့် နှာခေါင်းကို ခဏမျှထိတွေ့ခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်ပါ
- နောက်ဆုံးမှ နှာခေါင်းအတွင်း ဆေးထည့်ခြင်းကို လုပ်ဆောင်ပါ
- အပြုအမူကို အားပေးချီးမြှောက်ခြင်း (Positive Reinforcement)
ကလေးမှ ပူးပေါင်းဆောင်ရွက်လာပါက ချက်ချင်း ဆုလာဘ်ပေးပါ။- “ငြိမ်ငြိမ်လေး ထိုင်နေတာ တော်လိုက်တာ” ဟု ချီးမွမ်းခြင်း
- Stickers ပေးခြင်း သို့မဟုတ် ကလေးအကြိုက်ဆုံး အလုပ်တစ်ခုကို လုပ်ခွင့်ပေးခြင်းတို့ ပြုလုပ်ပါ
- လူကြီးမှ အစပိုင်းတွင် ကူညီပေးခြင်း (Prompting and Fading)
အစပိုင်းတွင် ကလေး၏ ခေါင်းအနေအထားကို လက်ဖြင့် ညင်သာစွာ ကူညီကိုင်ပေးပြီး “ရှေ့ ကို ငိုက်ထားပါ” ဟု နှုတ်ဖြင့် သို့မဟုတ် ရုပ်ပုံများဖြင့် လမ်းညွှန်ပါ။ ကလေးက တဖြည်းဖြည်း သိလာပါက လူကြီးမှ ကူညီပေးမှုကို လျှော့ချပါ။ - ရုပ်ပုံများဖြင့် ကူညီပံ့ပိုးခြင်း (Visual Supports)
နှာခေါင်းသွေးလျှံလျှင် လုပ်ဆောင်ရမည့် အဆင့်ဆင့်ကို ရုပ်ပုံများဖြင့် ပြသပါ။ “နှာခေါင်းကို ၁၀ မိနစ် ဖိထားမည်” ဆိုသည့်အချိန်ကို မြင်သာသော အချိန်တိုင်းစက် (Visual Timer) ဖြင့် ပြသပါ။ - လိုအပ်ချက်ကို ဖော်ပြတတ်အောင် သင်ကြားပေးခြင်း (Functional Communication Training – FCT)
ကလေးက ရုန်းကန်မည့်အစား သူ၏ ခံစားချက်ကို “နှာခေါင်းနာတယ်”၊ “ကူညီပါ” ဟု ပြောဆိုခြင်း သို့မဟုတ် နှာခေါင်းကို လက်ညှိုးထိုးပြခြင်းဖြင့် ဖော်ပြတတ်အောင် သင်ပေးပါ။ - ကောင်းသော အပြုအမူကို ရွေးချယ် အားပေးခြင်း (Differential Reinforcement)
ကလေး ငြိမ်ငြိမ်လေး ထိုင်နေလျှင် ဆုပေးပါ။ အန္တရာယ်မရှိသော အနည်းငယ် ရုန်းကန်မှုများကို လျစ်လျူရှုပြီး ကောင်းမွန်စွာ လုပ်ဆောင်ရန် ကြိုးစားမှုကိုသာ အာရုံစိုက် အားပေးပါ။ - ပြုစုစောင့်ရှောက်သူအားလုံး တစ်သမတ်တည်းဖြစ်ခြင်း (Consistency)
မိဘ၊ ဆရာနှင့် ပြုစုစောင့်ရှောက်သူ အားလုံးသည် တူညီသောအဆင့်များ၊ တူညီသော စကားလုံးများနှင့် ဆုလာဘ်စနစ်ကို တစ်သမတ်တည်း အသုံးပြုရမည်။ - စိတ်အေးချမ်းနေချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်း (Practice When Calm)
နှာခေါင်းသွေး အမှန်တကယ် လျှံနေချိန်မှ မဟုတ်ဘဲ ပုံမှန်အချိန်များတွင် “နှာခေါင်းသွေးလျှံဟန်ဆောင်တမ်း” ကစားပြီး မည်သို့ထိုင်ရမည်၊ မည်သို့နေရမည်ကို လေ့ကျင့်ပေးထားပါ။ - အချိန်တိုတိုနှင့် ပျော်ရွှင်စရာ ဖြစ်ပါစေ
ကလေး အလွန်စိတ်ဖိစီးနေလျှင် အတင်းအကျပ် မလုပ်ပါနှင့်။ အောင်မြင်မှု သေးသေးလေး ရလျှင်ပင် ရပ်နားပြီး ချီးမွမ်းပေးပါ။
ဆရာဝန်နှင့် ပြသသင့်သည့်အချိန်
အောက်ပါအခြေအနေများရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသရန် လိုအပ်သည်။
- သွေးမရပ်ခြင်း – အထက်ပါအတိုင်း (၂၀) မိနစ်ခန့် စနစ်တကျ ဖိထားသော်လည်း သွေးမရပ်ပါက
- သွေးထွက်လွန်ခြင်း – သွေးထွက်သည့် ပမာဏ အလွန်များပြားခြင်း သို့မဟုတ် သွေးအန်ခြင်းများ ရှိပါက
- မကြာခဏ ဖြစ်ပွါးခြင်း – ရက်သတ္တပတ် အတော်ကြာသည်အထိ မကြာခဏ နှာခေါင်းသွေးယိုခြင်း ရှိပါက
- အခြားလက္ခဏာများရှိခြင်း – ခန္ဓာကိုယ်တွင် အလိုအလျောက် အညိုအမည်းစွဲခြင်း၊ သွေးဖြူဥအားနည်း၍ ဖြူဖျော့ခြင်းများရှိခြင်း သို့မဟုတ် မိသားစုထဲတွင် သွေးမတိတ်သည့် ရောဂါမျိုးရိုးရှိခြင်း စသည်တို့ရှိပါက
- ထိခိုက်ဒဏ်ရာရခြင်း – ခေါင်းကို ပြင်းထန်စွာ ထိခိုက်မိပြီးနောက် နှာခေါင်းသွေးယိုခြင်း ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
အိမ်တွင် သတိပြုလုပ်ဆောင်ရန်
သွေးတိတ်သွားပြီးနောက်တွင် အောက်ပါအချက်များကို (၂၄) နာရီအတွင်း အထူးဂရုပြုရမည်။
- အနားယူခြင်း
- သွေးတိတ်သွားပြီးနောက် အနည်းဆုံး (၂) နာရီခန့် (ပြင်းထန်ပါက ၁၂ နာရီမှ ၂၄ နာရီအထိ) ငြိမ်ငြိမ်သက်သက် အနားယူခိုင်းပါ
- ပြေးလွှားခြင်း၊ ခုန်ခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ
- အပူရှောင်ရန်
- (၂၄) နာရီအတွင်း ပူလွန်းသော အစားအသောက်များ စားခြင်းနှင့် ရေပူဖြင့် ရေချိုးခြင်းတို့ကို ရှောင်ကြဉ်ပါ
- အပူသည် သွေးကြောများကို ကျယ်စေပြီး သွေးပြန်ယိုစေနိုင်သောကြောင့်ဖြစ်သည်
- နှာခေါင်းမနှိုက်ရန်
- အနည်းဆုံး (၂၄) နာရီအတွင်း နှာခေါင်းနှိုက်ခြင်း၊ နှာခေါင်းကို အားဖြင့် ညှစ်ထုတ်ခြင်းတို့ကို လုံးဝမပြုလုပ်ရန် ကလေးကို သတိပေးပါ
နောင်တွင် နှာခေါင်းသွေးမယိုအောင် ကာကွယ်ရန်
- အစိုဓာတ် ထိန်းသိမ်းပါ – နှာခေါင်းအတွင်းပိုင်း ခြောက်သွေ့ခြင်းကို ကာကွယ်ရန် Vaseline သို့မဟုတ် Petroleum Jelly ကို ဂွမ်းတံဖြင့် နှာခေါင်းတွင်းသို့ တစ်နေ့ ၂ကြိမ် မှ ၃ကြိမ်ခန့် ညင်သာစွာ လိမ်းပေးပါ (အသက် ၄ နှစ်အောက် ကလေးများအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ)
- ဝမ်းမချုပ်အောင် ဂရုစိုက်ပါ – ဝမ်းညှစ်ခြင်းကြောင့် သွေးကြောပေါက်ခြင်းမှ ကာကွယ်ရန် ကလေးကို ရေများများတိုက်ပါ၊ အမျှင်ဓာတ်ပါသော အသီးအရွက်များ ကျွေးပါ
- လက်သည်းတိုတို ညှပ်ပေးပါ – နှာခေါင်းနှိုက်ရာမှ အမြှေးပါးကို ထိခိုက်မှုမရှိစေရန် ကလေး၏ လက်သည်းများကို အမြဲတိုတို ညှပ်ပေးထားပါ
အဓိကမှတ်သားရန်အချက်များ
- ကလေးများတွင် နှာခေါင်းသွေးယိုခြင်းသည် အဖြစ်များပြီး အများအားဖြင့် စိုးရိမ်စရာ မရှိတတ်ပါ။
- စနစ်ကျသော ရှေးဦးသူနာပြုစုနည်း (နှာခေါင်းကို ဖိညှစ်ထားခြင်း) ဖြင့် အိမ်တွင်ပင် ကုသနိုင်သည်။
- သွေးထွက်လွန်ပါက သို့မဟုတ် မကြာခဏ ဖြစ်ပွါးပါက အရင်းခံအကြောင်းရင်းကို သိရှိနိုင်ရန် ဆရာဝန်နှင့် ပြသတိုင်ပင်ရမည်။
References:
- HealthyChildren.org. (n.d.). Nosebleeds. Retrieved April 20, 2026, from https://www.healthychildren.org/English/health-issues/conditions/ear-nose-throat/Pages/Nosebleeds.aspx
- Royal Children’s Hospital Melbourne. (n.d.). Epistaxis. Retrieved April 20, 2026, from https://www.rch.org.au/clinicalguide/guideline_index/Epistaxis/
- Cooper, J. O., Heron, T. E., & Heward, W. L. (2020). Applied behavior analysis (3rd ed.). Pearson Education.
- Mayo Clinic. (n.d.). First aid for nosebleeds. Retrieved April 20, 2026, from https://www.mayoclinic.org/first-aid/first-aid-nosebleeds/basics/art-20056683
Published: 22 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.