Milestones of Fetal Growth (သန္ဓေသား ကြီးထွားမှုအဆင့်ဆင့်)

Milestones of Fetal Growth (သန္ဓေသား ကြီးထွားမှုအဆင့်ဆင့်)

ကလေးဘဝ ရက် (၁၀၀၀) ကာလအတွင်း သန္ဓေသားကြီးထွားမှုသည် အလွန်ထူးခြားအံ့ဩဖွယ်ကောင်းသော ခရီးစဥ်တစ်ခုဖြစ်သည်။ သန္ဓေအောင်သည့်အချိန်မှစ၍ ရက်သတ္တပတ် (၄၀) အတွင်း အလွန်သေးငယ်သော မျိုးအောင်သည့်သားဥသည် တဖြည်းဖြည်းဖွံ့ဖြိုးပြီး၊ ကလေးတစ်ဦးအဖြစ် ကြီးထွားကာ ပုံပေါ်လာခြင်းဖြစ်သည်။ သန္ဓေသားဖွံ့ဖြိုးမှုသည် ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် ထပ်တူမကျသော်လည်း အများအားဖြင့် ကိုယ်ဝန်ပတ်အလိုက် ဖွံ့ဖြိုးမှုအဆင့်များ ဆင်တူကြသည်။ သန္ဓေသားဖွံ့ဖြိုးမှုတွင် အဓိကအဆင့် (၃) ဆင့်ရှိသည်။

သန္ဓေသားဖွံ့ဖြိုးမှု အဓိကအဆင့် ၃ ဆင့်

သန္ဓေသားဖွံ့ဖြိုးမှုသည် စနစ်တကျရှိပြီး ရှုပ်ထွေးနက်နဲသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းဖြစ်စဥ်သည် သန္ဓေအောင်သည့်အချိန်မှ စတင်ပြီး ကလေးမွေးဖွားချိန်တွင် အဆုံးသတ်သည်။ သန္ဓေတည်ခြင်းနှင့် မွေးဖွားခြင်းကြားတွင် အသေးစိတ်ဖြစ်ပေါ်လာသော အဆင့်များစွာ ရှိပြီး အဓိကအားဖြင့် အဆင့် ၃ ဆင့်ခွဲခြားနိုင်သည်။ ၎င်းတို့မှာ_

  1. သန္ဓေမျိုးစေ့အဆင့် (Germinal)
  2. သန္ဓေလောင်းအဆင့် (Embryonic) နှင့်
  3. သန္ဓေသားအဆင့် (Fetal) တို့ဖြစ်သည်။
  1. သန္ဓေမျိုးစေ့အဆင့် (Germinal stage)
    ကိုယ်ဝန်သက် ပထမ (၂) ပတ်ကာလဖြစ်သည်။ သုက်ပိုးနှင့် မမျိုးဥတို့ ပေါင်းစပ်မျိုးအောင်ပြီးနောက် ဆဲလ်များ လျင်မြန်စွာ ကွဲပွားကာ သားအိမ်နံရံ၌ သွားရောက်တွယ်ကပ်သည့်အဆင့်ဖြစ်သည်။
  2. သန္ဓေသားလောင်းအဆင့် (Embryonic stage)
    ကိုယ်ဝန်သက် (၃)ပတ် မှ (၈)ပတ်မြောက်အထိ ကြာမြင့်သည်။ ဦးနှောက်၊ အာရုံကြော၊ နှလုံးနှင့် ခြေလက်စသည့် အဓိက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ အခြေခံစတင်ပုံပေါ်လာသော အဆင့်ဖြစ်သည်။
  3. သန္ဓေသားအဆင့် (Fetal stage)
    ကိုယ်ဝန်သက် (၉) ပတ်မှစ၍ မွေးဖွားချိန်အထိဖြစ်သည်။ စတင်ပုံပေါ်ပြီးသော ကိုယ်တွင်းအင်္ဂါစနစ်များ ဆက်လက်ရင့်ကျက်လာပြီး၊ သန္ဓေသား၏ အရွယ်အစားနှင့် ကိုယ်အလေးချိန် အဓိကကြီးထွားဖွံ့ဖြိုးလာသည့်အဆင့်ဖြစ်သည်။
ကိုယ်ဝန်သက်အလိုက် သန္ဓေသားဖွံ့ဖြိုးပုံ အသေးစိတ်
ပထမ သုံးလပတ် (၀ – ၁၂ ပတ်) – အခြေခံ အုတ်မြစ် ကာလ

ဤအဆင့်သည် သန္ဓေသားတွင် ထိခိုက်နိုင်ခြေ အမြင့်ဆုံး အဆင့်ဖြစ်သည်။ သန္ဓေသားသည် အရွယ်အစားအားဖြင့် သေးငယ်နေသေးသော်လည်း အဓိကကိုယ်တွင်းအင်္ဂါစနစ် အားလုံးနီးပါး စတင်ဖွဲ့စည်းလာ‌သော အဆင့်ဖြစ်သည်။

  • ရက်သတ္တပတ် ၁ – ၄ – သန္ဓေစတင်ခြင်း
    • သန္ဓေအောင်ထားသော မျိုးဥသည် သားအိမ်နံရံအတွင်းသို့ စတင်အမြစ်တွယ်ချိန်တွင် ကိုယ်ဝန်ဆောင်ခြင်းဖြစ်စဥ် စတင်သည်
    • ထိုအဆင့်ကို သန္ဓေသားလောင်း (Embryo) ဟုခေါ်သည်
    • တစ်ပြိုင်နက်တည်းတွင် အချင်း (Placenta) စတင်ဖွဲ့စည်းလာပြီး၊ ထိုအချင်းမှတစ်ဆင့် သန္ဓေသားအတွက် အောက်ဆီဂျင်နှင့် အာဟာရများကို ပေးပို့မည်ဖြစ်သည်
    • ဦးနှောက်နှင့်ကျောရိုး ဖြစ်လာမည့် အာရုံကြောပြွန် (Neural tube) စတင်ဖွဲ့စည်းလာသည့်အပြင် နှလုံးသည်လည်း ရိုးရှင်းသော ပြွန်တစ်ခုအဖြစ် စတင်ဖွံ့ဖြိုးလာသည်
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၄) ပတ်မြောက်တွင် (၂) မီလီမီတာခန့်သာ အရှည်ရှိ၍ ဆန်စေ့ခန့်အရွယ်ရှိသည်။
  • ရက်သတ္တပတ် ၅ – ၈ – ကိုယ်အင်္ဂါများ ဖွဲ့စည်းခြင်း (Organogenesis)
    • သန္ဓေသားဖွံ့ဖြိုးမှုတွင် ကလေး၏ အခြေခံခန္ဓာကိုယ်ဖွဲ့စည်းပုံများ ဖွဲ့စည်းနေသည့်အချိန် ဖြစ်သောကြောင့် အလွန်အရေးကြီးသည့်ကာလဖြစ်သည်
    • ရက်သတ္တပတ် ၅ ပတ်အပြီး ၆ ပတ်မြောက်အစတွင် နှလုံးစတင်ခုန်လာသည်
    • လက်မောင်း၊ လက်ချောင်းများ၊ ခြေထောက် နှင့် ခြေချောင်းများ စတင်ဖွဲ့စည်းသည်
    • မျက်လုံး၊ နားနှင့် မျက်နှာသွင်ပြင်များ စတင်ပုံပေါ်လာပြီး အဆုတ်၊ အသည်း၊ ကျောက်ကပ်နှင့် အူများသည် ၎င်းတို့၏ အစောပိုင်း ပုံသဏ္ဌာန်ကို စတင်ဖွဲ့စည်းသည်
    • ဤကာလအတွင်း သန္ဓေလောင်း၏ ဦးနှောက်သည်လည်း လျင်မြန်စွာ ကြီးထွားသည်
    • သန္ဓေလောင်းအချိန်တွင် သေးငယ်သော လှုပ်ရှားမှုများ စတင်ပြီဖြစ်သော်လည်း ကိုယ်ဝန်ဆောင်မိခင်မှ သိသာစွာခံစားရခြင်းမရှိပါ
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၈) ပတ်မြောက်တွင် (၂) စင်တီမီတာခန့် အရှည်ရှိပြီး ပဲနက်အစေ့အရွယ်အစားရှိသည်။
  • ရက်သတ္တပတ် ၉ – ၁၂ – သန္ဓေသား အဖြစ်သို့ ရောက်ရှိခြင်း (Fetus)
    • ဤအဆင့်တွင် သန္ဓေလောင်းမှ သန္ဓေသား (Fetus) အဆင့်သို့ ပြောင်းလဲသွားသည်
    • အဓိကကိုယ်တွင်းအင်္ဂါစနစ် အားလုံး ဖွဲ့စည်းပြီးဖြစ်သော်လည်း ကောင်းစွာ ရင့်ကျက်မှု မရှိသေးပါ
    • သန္ဓေသားအဆင့်တွင် အရိုးများ စတင် မာကျောလာသည်
    • ခြေသည်း၊ လက်သည်းများ စတင်ဖွဲ့စည်းလာသည့်အပြင် ပြင်ပလိင်အင်္ဂါများ (ကျားအင်္ဂါ၊ မအင်္ဂါစသည်ဖြင့်) လည်း စတင်ဖွံ့ဖြိုးစပြုလာသော်လည်း သဲသဲကွဲကွဲ မဖြစ်သေးပါ
    • သန္ဓေသားသည် လက်မောင်းကွေးခြင်း၊ ခြေထောက် ကန်ခြင်း၊ အရည်များ စတင်မျိုချခြင်းစသည့် သေးငယ်သော လှုပ်ရှားမှုများ ပြုလုပ်နိုင်သည်
    • ဤအဆင့်တွင် အချင်းသည် ကောင်းစွာ ဖွံ့ဖြိုး၍ ပိုမိုအလုပ်လုပ်နေပြီဖြစ်သည်
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၁၂) ပတ်မြောက်တွင် (၆ – ၇) စင်တီမီတာခန့် အရှည်ရှိပြီး ဇီးသီးအရွယ်ခန့်ရှိသည်။
ဒုတိယ သုံးလပတ် (၁၃ – ၂၇ ပတ်) – လျင်မြန်စွာ ကြီးထွားမှုနှင့် အာရုံခံ ဖွံ့ဖြိုးမှုအဆင့်

၎င်းဒုတိယ သုံးလပတ်တွင် ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ဆောင်ခါစလက္ခဏာများ သက်သာ၍ နေထိုင်ရသည်မှာ ပိုမိုကောင်းမွန်သည်ဟု ခံစားရပြီး၊ သန္ဓေသားသည်လည်း ပိုမိုလျင်မြန်ထင်ရှားစွာ ကြီးထွားလာသောကြောင့် ၎င်းကို ရွှေရောင်အချိန်ကာလ (Golden period) ဟု ခေါ်ဆိုကြသည်။

  • ရက်သတ္တပတ် ၁၃ – ၁၆ – ခန္ဓာကိုယ် ပိုမို သန်မာလာပြီး လှုပ်ရှားမှု ပိုများလာခြင်း
    • သန္ဓေသား၏ လည်ပင်း တည့်မတ်လာပြီး ဦးခေါင်း ပို၍ မြှောက်လာနိုင်သည်
    • မျက်နှာကြွက်သားများ ပိုမိုဖွံ့ဖြိုးလာပြီး သန္ဓေသားလေးသည် စိတ်ခံစားမှုများ (မျက်မှောင်ကြုတ်ခြင်း၊ မျက်လုံးမှေးခြင်း) တို့ကို ပြုလုပ်လာနိုင်သည်
    • မွေးညင်းနုများ (Lanugo) ထွက်လာပြီး အရေပြားကို ဖုံးအုပ်လာသည်
    • သန္ဓေသားသည် ရေမြွှာရည်ကို မျိုချလာနိုင်သည်
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၁၆) ပတ်မြောက်တွင် အရှည် (၁၀–၁၂) စင်တီမီတာခန့် ရှိပြီး ထောပတ်သီးအရွယ်ခန့်ရှိသည်။
  • ရက်သတ္တပတ် ၁၇ – ၂၀ – မိခင်မှ ကလေးလှုပ်သည်ကို ခံစားရခြင်း
    • ကိုယ်ဝန်ဆောင်မိခင်သည် ကလေး၏ ပထမဆုံး ကန်ချက်များနှင့် လှုပ်ရှား၍ ခုန်ခြင်းများကို မကြာခဏ ခံစားရလာသည်
    • နားနှင့် အကြားအာရုံ ဖွံ့ဖြိုးသည့်အချိန်ဖြစ်သောကြောင့် ကလေးသည် မိခင်၏ အသံကို ကြားနိုင်သည်
    • မွေးဖွားလာပြီးနောက် ကလေး၏ ခန္ဓာကိုယ်အတွင်း၌ နွေးထွေးမှုရရှိစေရန် အရေးပါသော အညိုရောင် အဆီ (brown fat) များလည်း စတင်ဖွံ့ဖြိုးလာသည်
    • လက်ချောင်းများတွင် လက်ဗွေများ စတင်ဖွဲ့စည်းစပြုလာသည်
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၂၀) ပတ်မြောက်တွင် အရှည် ၂၅ စင်တီမီတာခန့် ရှိပြီး ကိုယ်အလေးချိန်အားဖြင့် ၂၅၀–၃၀၀ ဂရမ်ဝန်းကျင် ရှိသည်။
  • ရက်သတ္တပတ် ၂၁ – ၂၄ – ဦးနှောက်၊ အဆုတ်နှင့် အရသာခံနိုင်စွမ်း ဖွံ့ဖြိုးမှု
    • ဦးနှောက်အတွင်း၌ ဆက်သွယ်မှုများ လျင်မြန်စွာ များပြားလာသည်
    • လျှာရှိ အရသာခံနိုင်သော အဖုလေးများ (Taste buds) ရင့်ကျက်လာပြီး ကလေးသည် ရေမြွှာရည်မှ အချိုအရသာကို ခံစားနိုင်သည်
    • အဆုတ်တွင် သေးငယ်သော လေအိတ်များ (alveoli) စတင်ဖွဲ့စည်းသည်
    • မျက်ခွံများ ခွဲထွက်လာပြီး မျက်လုံးများ စတင်ပွင့်လာသည်
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၂၄) ပတ်မြောက်တွင် အရှည် ၃၀ စင်တီမီတာခန့်နှင့် ကိုယ်အလေးချိန် ၆၀၀ ဂရမ်ခန့်ရှိသည်။
  • ရက်သတ္တပတ် ၂၅ – ၂၇ – သန္ဓေသား၏ ခွန်အား ပိုမိုကောင်းမွန်လာပြီး သတိပိုရှိလာခြင်း
    • သန္ဓေသားကလေးတွင် ပုံမှန် အိပ်စက်ခြင်းနှင့် နိုးထခြင်း စက်ဝန်းများ ရှိလာသည်
    • ကိုယ်ခန္ဓာနှင့် ခြေလက် လှုပ်ရှားမှုများ ပိုမိုခိုင်မာလာပြီး ပေါင်းစပ် ညီညွတ်လာသည်
    • ဦးနှောက်နှင့် အာရုံကြောစနစ် ပိုမို ဖွံ့ဖြိုးကောင်းမွန်လာပြီး တုံ့ပြန်မှုများသည်လည်း ပိုမို ချောမွေ့လာသည်
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၂၇) ပတ်မြောက်တွင် အရှည် ၃၅ စင်တီမီတာခန့်နှင့် ကိုယ်အလေးချိန် ၉၀၀ ဂရမ်ခန့်ရှိသည်။
တတိယ သုံးလပတ် (၂၈ – ၄၀ ပတ်) – ရင့်ကျက်မှု၊ ကိုယ်အလေးချိန် တိုးခြင်းနှင့် ဦးနှောက် ကြီးထွားမှု

ဤကာလသည် သန္ဓေသားကို သားအိမ်ပြင်ပတွင် ရှင်သန်ရမည့်ဘဝအတွက် ပြင်ဆင်ပေးသည့်အဆင့်ဖြစ်သည်။

  • ရက်သတ္တပတ် ၂၈ – ၃၂ – သန္ဓေသား၏ ဦးနှောက် လျင်မြန်စွာ ကြီးထွားခြင်း
    • ဦးနှောက်အတွင်းရှိ အတွန့်၊ အခေါက်များ (gyri and sulci) ဖွံ့ဖြိုးလာသည်
    • ကလေးသည် မျက်လုံးကို ဖွင့်နိုင်၊ ပိတ်နိုင်ပြီဖြစ်ပြီး အကြားအာရုံသည်လည်း အပြည့်အဝ အလုပ်လုပ်နေပြီဖြစ်သည်
    • ကလေး၏ လှုပ်ရှားမှုများသည် အားကောင်းလာပြီး သားအိမ်နံရံအား ကန်ခြင်း သို့မဟုတ် သားအိမ်အတွင်း လှည့်ခြင်းတို့ သိသာစွာ ပြုလုပ်လာနိုင်သည်
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၃၂) ပတ်မြောက်တွင် အရှည် ၄၀-၄၅ စင်တီမီတာခန့်နှင့် ကိုယ်အလေးချိန် ၁.၅ ကီလိုဂရမ်ခန့်ရှိသည်။
  • ရက်သတ္တပတ် ၃၃ – ၃၆ – သန္ဓေသား၏ ခန္ဓာကိုယ်အတွက် နောက်ဆုံး ပြင်ဆင်မှု
    • အဆုတ်သည် ပိုမိုရင့်ကျက်လာပြီး အသက်ရှူရန် အသင့်ဖြစ်နေသည်
    • အရိုးများ ပိုမိုခိုင်မာလာသော်လည်း နူးညံ့နေဆဲဖြစ်သည်
    • ကလေးသည် မွေးဖွားပြီးနောက် ခန္ဓာကိုယ်အပူချိန် ထိန်းနိုင်ရန်အတွက် ခန္ဓာကိုယ်အဆီများ ရရှိလာသည်
    • နေရာ ပိုမိုကျဉ်းလာသဖြင့် လှုပ်ရှားမှုများသည် ကွဲပြားသည်ဟု ခံစားရနိုင်သည်
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၃၆) ပတ်မြောက်တွင် အရှည် ၄၅ စင်တီမီတာခန့်နှင့် ကိုယ်အလေးချိန် ၂.၅ ကီလိုဂရမ်ခန့်ရှိသည်။
  • ရက်သတ္တပတ် ၃၇ – ၄၀ – လစေ့ ပေါင်ပြည့်၍ ကျန်းမာသော သန္ဓေသား (Full-Term Baby)
    • သန္ဓေသားသည် ရေမြွှာရည်ကို ရှူရှိုက်ခြင်းဖြင့် အသက်ရှူခြင်းလုပ်ငန်းကို စတင်လေ့ကျင့်သည်
    • မိခင်နို့ကို စို့နိုင်သည့် အလိုအလျောက် တုံ့ပြန်မှုအား (Sucking reflex) ကောင်းလာသည်
    • အသည်း၊ အဆုတ်နှင့် ဦးနှောက်စသည့် ကိုယ်တွင်းအင်္ဂါစနစ်များသည် ဖွံ့ဖြိုးမှု၏ နောက်ဆုံးအဆင့်များကို ရောက်ရှိသည်
    • ကလေးသည် မွေးလမ်းကြောင်းမှတစ်ဆင့် မွေးဖွားရန်အတွက် အများအားဖြင့် ဦးခေါင်းကို အောက်ဘက်သို့စိုက်၍ နေရာယူထားသည်
    • အရေပြား‌အောက်တွင် အဆီပိုများ သိုလှောင်လာသောကြောင့် အရေပြား ပိုမို ချောမွေ့လာသည်
    • အရွယ်အစားအားဖြင့် ရက်သတ္တပတ် (၄၀) ပြည့်တွင် အရှည် ၄၅ – ၅၀ စင်တီမီတာခန့်နှင့် ကိုယ်အလေးချိန် ၂.၅ – ၄.၀ ကီလိုဂရမ်ထိ ရှိနိုင်သည်။

အချုပ်အားဖြင့် သန္ဓေသား၏ ဖွံ့ဖြိုးမှုအဆင့်ဆင့်သည် အလွန်အရေးကြီးပြီး ကိုယ်ဝန်ဆောင်မိခင်၏ အာဟာရ၊ ဘေးကင်းမှုနှင့် စိတ်ခံစားမှုတို့သည် ထိုဖွံ့ဖြိုးမှုများအပေါ် သက်ရောက်လွှမ်းမိုးမှုရှိသည်။ ကိုယ်ဝန်ဆောင်မိခင်၏အချို့သော ရောဂါအခြေအနေများ (ဥပမာ – ကူးစက်ရောဂါများဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း စသည်တို့) သည် သန္ဓေသားဖွံ့ဖြိုးမှု အစောပိုင်းတွင် ပို၍ အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းတွင် ကိုယ်ဝန်စောင့်ရှောက်မှုခံယူရန်၊ ဘဝနေထိုင်မှုဆိုင်ရာ ကောင်းသောအလေ့အကျင့်များကို ပြုပြင်ပြောင်းလဲရန် မဖြစ်မနေ လိုအပ်သည်။

References

  1. Cleveland Clinic. (n.d.). Fetal development: Stages of growth. Retrieved April 24, 2026, from https://my.clevelandclinic.org/health/articles/7247-fetal-development-stages-of-growth
  2. Mayo Clinic. (n.d.). Pregnancy week by week. Retrieved April 24, 2026, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/basics/healthy-pregnancy/hlv-20049471
  3. MedlinePlus. (n.d.). Fetal development. Retrieved April 24, 2026, from https://medlineplus.gov/ency/article/002398.htm
  4. UNICEF. (n.d.). Pregnancy milestones. Retrieved April 24, 2026, from https://www.unicef.org/parenting/pregnancy-milestones
  5. American College of Obstetricians and Gynecologists. (n.d.). How your fetus grows during pregnancy. Retrieved April 24, 2026, from https://www.acog.org/womens-health/faqs/how-your-fetus-grows-during-pregnancy
  6. American College of Obstetricians and Gynecologists. (n.d.). Changes during pregnancy. Retrieved April 24, 2026, from https://www.acog.org/womens-health/infographics/changes-during-pregnancy

Published: 22 May 2026

Share

22 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.