ခံနိုင်ရည်အား (Resilience) ရှိခြင်းဆိုသည်မှာ စိတ်ဖိစီးမှုများစွာကို သည်းခံနိုင်ခြင်း၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ပြီးနောက် ပြန်လည်နလန်ထူနိုင်ခြင်း (Bounce back) ကို ဆိုလိုသည်။ ထို့အပြင် ပြောင်းလဲ၍ မရနိုင်သော အခြေအနေများကို လိုက်လျောညီထွေဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းနှင့် ဘဝကို ဆက်လက် အောင်မြင်စွာ ဖြတ်သန်းနိုင်ခြင်းတို့လည်း ပါဝင်သည်။ ခံနိုင်ရည်ရှိသူများသည် အခက်အခဲများမှ သင်ခန်းစာယူခြင်းကိုပါ လုပ်ဆောင်နိုင်ကြသည်။
ခံနိုင်ရည်ရှိခြင်းသည် မွေးရာပါ အရည်အချင်းတစ်ခု မဟုတ်ပါ။ ၎င်းသည် အတွေ့အကြုံများ၊ ဆက်ဆံရေးများနှင့် အထောက်အပံ့ကောင်းများပေးသော ပတ်ဝန်းကျင်များဖြင့် ပုံဖော်ထားသော၊ အချိန်ကြာလာသည်နှင့်အမျှ ဖွံ့ဖြိုးလာသော စွမ်းရည်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကလေးများတွင်လည်း ခံနိုင်ရည်စွမ်းအားသည် မွေးစကတည်းကပါလာသည့် အစွမ်းအစမျိုးမဟုတ်ဘဲ မိဘ၊ ဘိုးဘွားများ၏ ပံ့ပိုးကူညီမှုများနှင့် ကောင်းမွန်သော ပတ်ဝန်းကျင်၏ အထောက်အပံ့များမှ အခြေခံအုတ်မြစ်သဖွယ် လုပ်ဆောင်ပေးခြင်းကြောင့် အကျိုးရလဒ်ရလာနိုင်သည့် သဘောပင်ဖြစ်သည်။
ဘဝအစရက် ၁၀၀၀ နှင့် ခံနိုင်ရည်အား
ဘဝအစရက် ၁၀၀၀ ဆိုသည်မှာ ကလေးတစ်ဦး သန္ဓေတည်သည့်အချိန်မှစ၍ အသက် (၂) နှစ်ပြည့်သည့်အချိန်အထိ ကာလအပိုင်းအခြားကို ဆိုလိုခြင်းဖြစ်သည်။ ထိုအစောပိုင်းကာလ ရက် ၁၀၀၀ အတွင်း ကလေးများ၏ ဦးနှောက်သည် ပုံသွင်းရလွယ်ကူခြင်းကြောင့် ထိုကာလအတွင်း အားပေးကူညီမှုများ၊ စောင့်ရှောက်မှုများနှင့် ထောက်ပံ့မှုများဖြင့် ကလေး၏ ခံနိုင်ရည်စွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်လာစေနိုင်သည်။ သို့သော် ထိုကာလများအတွင်း ကလေးများ၏ ခံနိုင်ရည်သည် တသမတ်တည်း တိုးတက်လာမည်ဟု သတ်မှတ်၍မရပါ။ ကလေးများ၏ ခံနိုင်ရည်သည် အချိန်ကာလအလိုက် အတက်အကျ ဖြစ်နိုင်သကဲ့သို့ ကလေးတစ်ဦးနှင့်တစ်ဦးလည်း ကွာခြားနိုင်သည်။ ကလေးတစ်ဦးသည် အချို့သော စိန်ခေါ်မှုများကို ကျော်လွှားနိုင်သော်လည်း အခြားအခြေအနေများတွင် ပိုမိုခက်ခဲနေနိုင်သည်။
ခံနိုင်ရည်အားမြင့်မားကြောင်း သိရှိနိုင်သည့် လက္ခဏာများ
လူတစ်ဦးတွင် ခံနိုင်ရည်အား မြင့်မားကြောင်းကို အောက်ပါအချက်များဖြင့် သိရှိနိုင်သည်။
- စိတ်ဖိစီးမှုနှင့် အခက်အခဲများကို စိတ်အေးချမ်းစွာ ရင်ဆိုင်နိုင်စွမ်းရှိခြင်း
- လိုက်လျောညီထွေရှိခြင်း – အပြောင်းအလဲများကို အဆင်ပြေအောင် လုပ်ဆောင်နိုင်စွမ်းရှိခြင်း
- ဇွဲလုံ့လရှိခြင်း – အခက်အခဲများ ကြုံတွေ့ပြီးနောက်တွင်လည်း လက်မလျှော့ဘဲ ဆက်လက်ကြိုးစားနေသည့် ခွန်အားရှိခြင်း
- အားပေးနှစ်သိမ့်မှုနှင့် အထောက်အပံ့များ ရရှိစေရန်အတွက် လိုအပ်သော ဆက်ဆံရေးများကို အသုံးပြုနိုင်သော စွမ်းရည်ရှိခြင်း
- မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း – မိမိဘဝတွင် ဖြစ်ပျက်သော အခြေအနေများအတွက် မိမိကိုယ်တိုင်သာ တာဝန်ယူခြင်းနှင့် သက်ရောက်မှုရှိနိုင်သည်ဟူသော ယုံကြည်ချက်ရှိခြင်း
ခံနိုင်ရည်အားနှင့်ဆိုင်သော လေ့လာတွေ့ရှိချက်များ
လေ့လာမှုများအရ ကလေးဘဝအစောပိုင်း အထူးသဖြင့် ဦးနှောက်အာရုံကြော ဖွံ့ဖြိုးမှု (Neurobiological development) အရှိန်အဟုန် အကောင်းဆုံးဖြစ်သည့် ဘဝအစ ရက် ၁၀၀၀ အတွင်း ကြုံတွေ့ရသော အတွေ့အကြုံများသည် ဘဝတစ်သက်တာအပေါ် သက်ရောက်မှုရှိကြောင်း တွေ့ရသည်။
- ရေရှည်ထိခိုက်မှု – ဆိုးရွားသော ဘဝအတွေ့အကြုံများ (ဥပမာ – ဆင်းရဲမွဲတေမှု၊ စစ်ပွဲ၊ ဘေးအန္တရာယ်များ) သည် အချိန်ကြာမြင့်ခြင်း သို့မဟုတ် စုပုံလာခြင်းမျိုး ဖြစ်လာပါက ကလေး၏ ကိုယ်စိတ်ကျန်းမာရေးကို ရေရှည်ထိခိုက်စေနိုင်သည်
- နလန်ထူနိုင်စွမ်း – ခံနိုင်ရည်အားကောင်းသော ကလေးများသည် အခက်အခဲများမှ မြန်မြန် နလန်ထူနိုင်ကြသည်၊ ၎င်းတို့သည် စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှုများကို ခံစားရသော်လည်း ထိုခံစားချက်များသည် ခေတ္တသာဖြစ်ကြောင်း နားလည်ပြီး အပြုသဘောဖြင့် ကျော်လွှားနိုင်ကြသည်
- ယုံကြည်မှုနှင့် တုံ့ပြန်မှု – ခံနိုင်ရည်ရှိခြင်းကြောင့် ပြဿနာများကို ရှောင်လွှဲခြင်း သို့မဟုတ် ရန်လိုခြင်းတို့အစား မိမိကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် ကိုင်တွယ်ဖြေရှင်းတတ်လာသည်
ခံနိုင်ရည်အား တည်ဆောက်ရန် လိုအပ်ချက်များ
ကလေးတိုင်းသည် ၎င်းတို့၏ သဘာဝအလျောက် သို့မဟုတ် ပတ်ဝန်းကျင်ကြောင့် အောက်ပါစိန်ခေါ်မှုနှင့် အခက်အခဲများကို ကြုံတွေ့ရနိုင်သည်။
- နေ့စဉ်ဘဝ အပြောင်းအလဲများ – ကျောင်းစတက်ခြင်း၊ အိမ်ပြောင်းခြင်း၊ ညီအစ်ကိုမောင်နှမအသစ် ရရှိခြင်း
- စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေများ – အနိုင်ကျင့်ခံရခြင်း (Bullying)၊ မိသားစုဝင်နှင့် ခွဲခွာရခြင်း သို့မဟုတ် မိသားစုဝင်တစ်ဦးဦး သေဆုံးခြင်း
- အထူးဂရုစိုက်ရန် လိုအပ်သည့်ကလေးများ – စိတ်ပူပန်လွယ်သော သဘာဝရှိသူများ၊ စာသင်ယူရန် အခက်အခဲရှိသူများနှင့် စိတ်မလုံခြုံမှု ခံစားရလွယ်သော ကလေးများသည် သာမန်အခြေအနေ (ဥပမာ – အတန်းရှေ့ စာဖတ်ခြင်း) တွင်ပင် ပိုမိုခက်ခဲတတ်သဖြင့် ပို၍ဂရုစိုက်ပံ့ပိုးပေးရန် လိုအပ်သည်။
အထက်ပါအခြေအနေများအတွက် လိုအပ်သော ခံနိုင်ရည်အားကို ပိုင်ဆိုင်နိုင်ရန် ကလေးတစ်ဦးတွင် အောက်ပါ အခြေခံအချက် (၃) ချက် လိုအပ်သည်။
- ခိုင်မာသော ဆက်ဆံရေး – မိဘ၊ မိသားစုနှင့် ပတ်ဝန်းကျင်မှ နွေးထွေးစွာ ပံ့ပိုးပေးခြင်း
- လက်တွေ့ကျသော ကျွမ်းကျင်မှု – အခက်အခဲများကို ကောင်းစွာ တုံ့ပြန်နိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် လက်တွေ့ကျသော ဖြေရှင်းနည်းများကို သင်ယူထားခြင်း
- အပြုသဘောဆောင်သော အမြင် – စိန်ခေါ်မှုများကို သင်ခန်းစာအဖြစ် မြင်တတ်သည့် အတွေးအခေါ်ပုံစံများကို ပုံဖော်ပေးခြင်းတို့ဖြစ်သည်။
ခံနိုင်ရည်အား တည်ဆောက်နိုင်ရန် ပံ့ပိုးပေးမည့်သူများ၏ အခန်းကဏ္ဍ
ကောင်းမွန်သော ဆက်ဆံရေးများသည် ကလေး၏ ခံနိုင်ရည်အားအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ မိဘများ၊ ကလေးကို ပြုစုစောင့်ရှောက်သူများနှင့် ကလေးအကြား ခိုင်မာသော ဆက်ဆံရေးများကြောင့် ကလေးသည် ချစ်ခြင်း၊ လုံခြုံခြင်းနှင့် ယုံကြည်ခြင်းတို့ကို ခံစားရစေသည်။ ထိုကဲ့သို့ ကိုယ်ရောစိတ်ပါ လုံခြုံမှုရှိခြင်းသည် ကလေးအား ကမ္ဘာကြီးကို စူးစမ်းလေ့လာရန်နှင့် အခက်အခဲများမှ ပြန်လည်ထူထောင်နိုင်ရန် ယုံကြည်မှုကို ပေးစွမ်းနိုင်သည်။
မိဘများအပြင် အဘိုးအဘွားများ၊ မောင်နှမများ၊ ဆွေမျိုးသားချင်းများ၊ ဆရာ၊ ဆရာမများနှင့် ကလေးအကြား ဆက်ဆံရေးများသည်လည်း များစွာအရေးကြီးသည်။ မိသားစုအပြင် ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းမှ ကောင်းမွန်သော ဆက်ဆံရေးများကြောင့်လည်း ကလေးသည် မိမိကိုယ်ကို ပိုမိုတန်ဖိုးထားနိုင်လာမည်ဖြစ်သည်။
ကလေးအားပြုစုစောင့်ရှောက်သူများမှ လုပ်ဆောင်ပေးနိုင်သောအချက်များ
- တည်ငြိမ်သော နေ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာများကို ကျင့်သုံးပါ
ကလေးအတွက် နေ့စဉ်လုပ်ဆောင်နေကျ အလုပ်များက ပုံသေရှိနေပြီး ပြုစုစောင့်ရှောက်သူကို ယုံကြည်စိတ်ချရသည့်အခါ ကလေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်သည်။ ကြိုတင်ခန့်မှန်းနိုင်သော နေ့စဉ်အလုပ်များက ကလေး၏ စိုးရိမ်ပူပန်မှုကို လျှော့ချပေးပြီး ယုံကြည်မှုကို တည်ဆောက်ပေးသည်။- အစာကျွေးချိန်နှင့် အိပ်စက်ချိန်ကို ပုံမှန်ဇယားအတိုင်း လုပ်ဆောင်ပေးခြင်း
- ကလေးအတွက် ရင်းနှီးပြီးသား နေ့စဉ်အလုပ်များကို အစဉ်တစိုက် ပြုလုပ်ပေးခြင်း
- ကလေး ငိုသည့်အခါ သို့မဟုတ် စိတ်သောကရောက်သည့်အခါမျိုးတွင် လျစ်လျူမရှုဘဲ အမြဲတစေ တုံ့ပြန်ပေးခြင်း စသည်တို့ဖြစ်သည်။
- စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုနှင့် နှစ်သိမ့်မှုကို အမြဲပေးပါ
ကလေး၏ တုံ့ပြန်မှုများအပေါ် လူကြီးများက နူးညံ့ညင်သာစွာ တုံ့ပြန်ပေးခြင်းသည် ကလေး၏ စိတ်ခံစားမှုထိန်းညှိခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကလေးသည် အောက်ပါတို့ကို သင်ယူနိုင်သည်။- မိမိ၏ စိတ်ခံစားမှုများကို မည်သို့ထိန်းချုပ်ရမည်နည်း
- မိမိသည် တစ်ယောက်တည်း အထီးကျန်နေသည်မဟုတ်ကြောင်း သိရှိလာခြင်း
- စိတ်သက်သာရာရမှုနှင့် နှစ်သိမ့်မှုကို ရရှိနိုင်ခြင်း
- ဘေးကင်းစွာ စူးစမ်းလေ့လာခွင့်နှင့် လွတ်လပ်မှုကို အားပေးပါ
အရာရာကို ကိုယ်တိုင်စမ်းသပ်ခွင့် ရရှိခြင်းက ကလေး၏ ခံနိုင်ရည်အားကို ကြီးထွားစေသည်။ မိဘများအနေဖြင့် အောက်ပါတို့ကို ကူညီပေးနိုင်သည်။- ကလေး စူးစမ်းလေ့လာရန်အတွက် ဘေးကင်းသောနေရာများ ပြင်ဆင်ပေးခြင်း
- ပြဿနာများကို စဉ်းစားဖြေရှင်းတတ်စေမည့် ကစားစရာများ ပေးခြင်း
- အခက်အခဲကြုံပါက လူကြီးမှ ချက်ချင်းဝင်မကူညီဘဲ ကလေးအား အရင်ကြိုးစားခွင့်ပေးခြင်း (ထို့နောက်မှသာ ကလေး၏ တုံ့ပြန်မှုကို ကြည့်၍ အကြံပေးခြင်း သို့မဟုတ် အတူဖြေရှင်းခြင်း)
- ရလဒ်ထက် ကလေး၏ ဇွဲရှိရှိ ကြိုးစားအားထုတ်မှု (Persistence) ကို ပိုမိုချီးကျူးဂုဏ်ပြုခြင်း
- စိတ်ခံစားမှုများကို အမည်တပ်တတ်စေရန်နှင့် ထိန်းချုပ်တတ်စေရန် သင်ကြားပေးပါ
ကလေး၏ အသက်အရွယ်နှင့် ကိုက်ညီသော ရိုးရှင်းသည့် စကားလုံးများဖြင့် စိတ်ခံစားမှုကို နားလည်အောင် ကူညီပေးပါ။ အားပေးကူညီမှုနှင့် စိတ်ခံစားမှုကို အောက်ပါအတိုင်း တွဲဖက်ပြောပြပေးနိုင်သည်။- “သား/သမီး ဝမ်းနည်းနေတာလား၊ ဘေးမှာ အဖေနဲ့အမေ အမြဲရှိနေတယ်နော်”
- “အခု စိတ်ပျက်အားလျော့သွားတာလား၊ အတူတူ ထပ်ကြိုးစားကြည့်ကြမလား”
- “အခု စိတ်လှုပ်ရှားနေတာလား၊ စိတ်ကလေး အေးအေးဆေးဆေးဖြစ်အောင် အတူလုပ်ကြည့်ရအောင်”
ဤသို့ပြောပြပေးခြင်းဖြင့် ကလေးသည် စိတ်ခံစားမှုဆိုင်ရာ ဝေါဟာရများကို သိရှိလာပြီး မိမိကိုယ်ကိုယ် ထိန်းညှိတတ်လာမည်ဖြစ်သည်။
- လူကြီးများကိုယ်တိုင် တည်ငြိမ်သော အပြုအမူဖြင့် စံနမူနာပြပါ
ကလေးများသည် လူကြီးများ လုပ်ဆောင်သည်ကို ကြည့်၍ အတုယူ သင်ယူတတ်ကြသည်။ ထို့ကြောင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် အောက်ပါတို့ကို လက်တွေ့ပြသခြင်းဖြင့် ကလေးကို သင်ကြားပေးနိုင်သည်။- မိမိ၏စိတ်ခံစားမှုများကို အေးဆေးတည်ငြိမ်စွာ စီမံခန့်ခွဲပြခြင်း
- ပြဿနာများကို အကောင်းမြင်စိတ်ဖြင့် ရင်ဆိုင်ဖြေရှင်းပြခြင်း
- အရာရာကို အကောင်းဘက်မှ တွေးတောတတ်ကြောင်း ပြသခြင်း
ကလေးများ ကစားခြင်းမှတစ်ဆင့် ခံနိုင်ရည်အားကို တည်ဆောက်ပေးခြင်း
ကစားခြင်းသည် ကလေးများအတွက်ခံနိုင်ရည်အား ရရှိစေရန် အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်။ ကစားခြင်းမှတစ်ဆင့် ကလေးများသည် အောက်ပါကျွမ်းကျင်မှုများကို သင်ယူနိုင်သည်။
- ပြဿနာဖြေရှင်းခြင်း
- စိတ်ပျက်အားငယ်မှုကို စီမံခန့်ခွဲခြင်း
- ဖန်တီးမှုစွမ်းရည်
- ညှိနှိုင်းဆောင်ရွက်ခြင်း
- ဇွဲလုံ့လထား၍ ကြိုးစားခြင်း
- ပူးပေါင်းဆောင်ရွက်ခြင်း
ခံနိုင်ရည်ရှိမှုကို တည်ဆောက်ပေးနိုင်သော ကစားနည်း ဥပမာများမှာ_
- ကုဗတုံးလေးများ ဆင့်၍ စုပုံခြင်းနှင့် ပြုတ်ကျသည်ကို ကြည့်ခြင်း
- ပဟေဠိများ ဖြေရှင်းခြင်း
- ဟန်ဆောင်တုပကစားခြင်း
- အလှည့်ကျကစားရသော ဂိမ်းများ
- ပြင်ပပတ်ဝန်းကျင်သို့ စူးစမ်းလေ့လာခြင်း
- သီချင်းဆိုခြင်း၊ ကခုန်ခြင်းနှင့် လှုပ်ရှားမှုဆိုင်ရာ ကစားနည်းများ စသည်တို့ဖြစ်သည်။
ကစားခြင်းဖြင့် စိန်ခေါ်မှုများသည် ရင်ခုန်ပျော်ရွှင်စရာ ဖြစ်နိုင်ကြောင်းနှင့် ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုများ ရရှိနိုင်ကြောင်း ကလေးများအား သင်ကြားပေးနိုင်သည်။
စောင့်ကြည့်ရမည့် မူမမှန်အခြေအနေများ
အောက်ပါအခြေအနေများကို သတိပြုမိပါက ကလေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကျွမ်းကျင်သူများ သို့မဟုတ် ကလေးအထူးကု ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
- ကလေးသည် ပုံမှန်မဟုတ်ဘဲ ရှက်ကြောက်လွန်းခြင်း သို့မဟုတ် သီးသန့်နေလွန်းခြင်း
- ကလေးသည် ကစားခြင်းကို စိတ်ဝင်စားမှု အလွန်နည်းပါးနေခြင်း
- အလွန်အမင်း ဒေါသထွက်ခြင်း သို့မဟုတ် စိတ်ငြိမ်သက်အောင် ပြုလုပ်ရန် အလွန်ခက်ခဲခြင်း
- ဘာသာစကား၊ လှုပ်ရှားမှုနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးမှုများ နောက်ကျနေခြင်း
- မကြာသေးမီက စိတ်ဒဏ်ရာ သို့မဟုတ် မိသားစု အကျပ်အတည်း ကြုံတွေ့ခဲ့ရခြင်း
ထို့အပြင် ကလေးအား ပြုစုစောင့်ရှောက်သူကိုယ်တိုင် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများ ခံစားနေရပါကလည်း စောစီးစွာ ပြသတိုင်ပင်သင့်သည်။
အချုပ်အားဖြင့် ကလေးများသည် အချိန်ကာလတစ်ခုကြာမှသာ ခံနိုင်ရည်အားကို ရရှိလာနိုင်မည် ဖြစ်သောကြောင့် မိဘများအနေဖြင့် စိတ်ရှည်စွာဖြင့် အမြဲထောက်ပံ့ အားပေးနေရန် အရေးကြီးသည်။ အထူးသဖြင့် ဘဝအစ ရက် ၁၀၀၀ ကာလအတွင်း ပြုစုစောင့်ရှောက်မှုများမှတစ်ဆင့် ချစ်ခြင်းမေတ္တာ၊ နှစ်သိမ့်ကြင်နာမှုနှင့် ကောင်းမွန်သော ဆက်ဆံရေးများကို ပေးကာ ခံနိုင်ရည်ရှိမှုကို ပုံဖော်ပေးသင့်သည်။ အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရသော ကလေးများသည်ပင် နွေးထွေးကြင်နာသော ပြုစုစောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ရရှိပါက လိုက်လျောညီထွေရှိစွာဖြင့် ကောင်းစွာ ကြီးပြင်းဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်။
References:
- UNICEF. (2023). From the first 1,000 days to a resilient future. Retrieved March 25, 2026, from https://www.unicef.org/lac/media/44501/file/From%20the%20first%201000%20days%20to%20a%20resilient%20future.pdf
- CIMA Care. (2025). The first 1,000 days: Building foundations for lifelong health and development. Retrieved March 25, 2026, from https://www.cima.care/post?id=31
- Cusick, S. E., & Georgieff, M. K. (2018). The first 1,000 days of life: The brain’s window of opportunity. Pediatrics, 141(Suppl 2), S91–S98. Retrieved March 25, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC6069421/
- University of Notre Dame. (2023). Raising resilient children: The first 1,000 days. Retrieved March 25, 2026, from https://think.nd.edu/raising-resilient-children-the-first-1000-days/
- Raising Children Network. (n.d.). Resilience: How to build it in children (3–8 years). Retrieved March 25, 2026, from https://raisingchildren.net.au/school-age/development/school-age-social-emotional-development/resilience-how-to-build-it-in-children-3-8-years
- Skylight. (n.d.). How to build resilience. Retrieved March 25, 2026, from https://www.skylight.org.nz/resources/how-to-build-resilience
- Alba Health. (n.d.). The first 1,000 days: Setting the foundation of lifelong health. Retrieved March 9, 2026, from https://albahealth.com/blogs/gut-health-deep-dive/the-first-1000-days-setting-the-foundation-of-lifelong-health
Published: 27 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.