Epigenetics (မျိုးဗီဇအပေါ် သက်ရောက်ပြောင်းလဲမှု)

Epigenetics (မျိုးဗီဇအပေါ် သက်ရောက်ပြောင်းလဲမှု)

မျိုးဗီဇအပေါ် သက်ရောက်ပြောင်းလဲမှု (Epigenetics) ဆိုသည်မှာ ကျွန်ုပ်တို့၏ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်ကြောင့် ခန္ဓာကိုယ်ထဲရှိ မျိုးဗီဇ (Genes) များ၏ အလုပ်လုပ်ပုံ မည်သို့ပြောင်းလဲသွားသည်ကို လေ့လာသည့်ပညာရပ်ဖြစ်သည်။ ထိုသို့ သက်ရောက်မှုများသည် DNA ၏ အခြေခံတည်ဆောက်ပုံနှင့် အစီအစဉ်များ (DNA sequence) ကို လုံးဝပြောင်းလဲစေခြင်း မရှိသော်လည်း မျိုးဗီဇများ၏ လုပ်ဆောင်မှု (Gene Expression) ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်သည်။ ၎င်းသည် ကိုယ်ခန္ဓာ၏ ကြီးထွားမှု၊ စိတ်ဖိစီးမှုခံနိုင်ရည်နှင့် ကျန်းမာရေးအခြေအနေများကို ပုံဖော်ပေးသည်။ အရေးကြီးသည့်အချက်မှာ အဆိုပါ ပြောင်းလဲမှုများသည် ရေရှည်တည်ရှိနေနိုင်ပြီး ကလေးဘဝမှ အရွယ်ရောက်သည်အထိ သက်ရောက်မှု ရှိနိုင်ခြင်းဖြစ်သည်။

လူသားမျိုးဗီဇနှင့် Epigenetics

လူသားတို့၏ မျိုးဗီဇသည် မိဘများထံမှ အမွေဆက်ခံရရှိခြင်းဖြစ်ပြီး ပြောင်းလဲ၍မရသောအရာများဖြစ်သည်ဟု အများစုက ယူဆထားကြသည်။ အကြောင်းမှာ လူတစ်ဦး၏ အရပ်အမောင်း၊ အသားရောင်၊ ကျား-မ လိင်အမျိုးအစား၊ မျက်လုံးအရောင်နှင့် မျိုးရိုးလိုက်ရောဂါ ပါလာနိုင်ခြေတို့သည် မွေးဖွားလာချိန်ကတည်းက သတ်မှတ်ပြီးဖြစ်နေသောကြောင့်ဖြစ်သည်။

သို့ရာတွင် မျိုးဗီဇအရပါလာသော အခြေအနေများကို ပြင်ပပတ်ဝန်းကျင် အကြောင်းရင်းများဖြင့် ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ခြင်း ရှိမရှိကို သုတေသနပြုရာမှ Epigenetics ပညာရပ် ဖြစ်ပေါ်လာသည်။ ဤပညာရပ်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များမှ ထုတ်လုပ်သော ဓာတုပစ္စည်းများက မျိုးဗီဇများကို မည်သို့ထိန်းချုပ်သည်ကို ရှာဖွေသိရှိလာသည်။ အဆိုပါ ဓာတုပစ္စည်းများကို “မျိုးဗီဇဆိုင်ရာ ဇီဝဓာတု အမှတ်အသားများ” (Epigenetic marks သို့မဟုတ် Chemical signatures) ဟု ခေါ်ဆိုသည်။ ထိုအမှတ်အသားများသည် ကျွန်ုပ်တို့၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်သကဲ့သို့ တစ်ခါတစ်ရံတွင် ထိခိုက်မှုများလည်း ဖြစ်စေနိုင်သည်။

Epigenome

Epigenome ဆိုသည်မှာ လူတစ်ဦး၏ မျိုးဗီဇအားလုံးနှင့် ထိုမျိုးဗီဇများ မည်သို့အလုပ်လုပ်ရမည်ကို ညွှန်ကြားထိန်းချုပ်မှု အားလုံးကို စုပေါင်းခေါ်ဆိုခြင်းဖြစ်သည်။ Epigenome သည် ပတ်ဝန်းကျင် အခြေအနေများကြောင့် အမြဲပြောင်းလဲနိုင်ခြေရှိပြီး၊ ၎င်းပြောင်းလဲမှုများကို Epigenetic changes ဟု ခေါ်ဆိုသည်။ အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းနှင့် စိတ်ဖိစီးမှုကို ကောင်းစွာထိန်းချုပ်နိုင်ခြင်းတို့သည် ကောင်းမွန်သော ပြောင်းလဲမှုများကို ဖြစ်စေသည်။ ပြုပြင်ဖန်တီးထားသော အစားအသောက်များ စားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် စိတ်ဖိစီးမှု များပြားခြင်းတို့သည် ကျန်းမာရေးကို ထိခိုက်စေသည့် ပြောင်းလဲမှုများကို ဖြစ်စေနိုင်သည်။

Epigenome ပြောင်းလဲမှု (Epigenetic changes) ဖြစ်စေနိုင်သည့် အချက်များ

ကလေးတစ်ဦး မမွေးဖွားမီကပင် ပတ်ဝန်းကျင်အခြေအနေများမှ Epigenome ကို သက်ရောက်မှုများ ရှိနိုင်သည်။

  1. သန္ဓေသားနှင့် ကလေးဘဝ အတွေ့အကြုံများ
    • ကိုယ်ဝန်ဆောင်စဉ် မိခင်၏ အစားအသောက် အာဟာရများ – ကိုယ်ဝန်ဆောင်စဥ် စားသုံးသော အစာအာဟာရများ
    • မိခင်၏ ကျန်းမာရေး – ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်၏ ကိုယ်ကာယနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ
    • ကလေးဘဝ အာဟာရ – မွေးကင်းစမှ လမ်းလျှောက်တတ်စအရွယ်အထိ ရရှိခဲ့သော အာဟာရဓာတ်များ
    • ကလေးဘဝ စိတ်ဒဏ်ရာ – ငယ်စဉ်က ကြုံတွေ့ခဲ့ဖူးသော ဆိုးရွားသည့် ဘဝအတွေ့အကြုံများနှင့် စိတ်ဒဏ်ရာများ (Adverse Childhood Experiences)
    • သင်ယူမှုနှင့် ထိတွေ့ဆက်ဆံမှု – ငယ်စဉ်က လူကြီးများနှင့် ထိတွေ့ဆက်ဆံခဲ့ရမှုနှင့် လူကြီးများထံမှ သင်ယူရမှု အတွေ့အကြုံများ
  2. ပတ်ဝန်းကျင်နှင့် လူနေမှုဘဝ
    • အဆိပ်အတောက်များ – ဒီဇယ်မီးခိုး သို့မဟုတ် ဆေးလိပ်ငွေ့ကဲ့သို့သော အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း
    • ဓာတုပစ္စည်းများ – ပလတ်စတစ် (BPA) သို့မဟုတ် ခဲ၊ ကက်ဒမီယမ် (Cadmium) ကဲ့သို့သော သတ္တုဓာတ်များနှင့် ထိတွေ့ခြင်း
    • ဆေးဝါးနှင့် မူးယစ်ဆေး – အရက်၊ ဆေးလိပ်နှင့် စိတ်ကြွဆေးဝါးများ အသုံးပြုခြင်း
    • အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှု – လူကြီးဘဝတွင် စားသုံးသော အစားအသောက်များနှင့် ကိုယ်လက်လှုပ်ရှားမှုပမာဏ
    • စိတ်ဖိစီးမှု – နေ့စဉ်ဘဝတွင် ကြုံတွေ့ရသော စိတ်ဖိစီးမှုအခြေအနေ
  3. လူမှုပတ်ဝန်းကျင်နှင့် အထောက်အပံ့များ
    • လူမှုဆက်ဆံရေး – မိမိ၏ ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်ဝန်းကျင်ရှိ လူများနှင့် ထိတွေ့မှု
    • နေထိုင်ရာ အသိုက်အဝန်း – နေထိုင်ရာ အရပ်ဒေသမှ မိမိအပေါ် ပံ့ပိုးကူညီမှု ရှိမရှိ
    • ကျန်းမာရေး စောင့်ရှောက်မှု – ကျန်းမာရေး ဝန်ဆောင်မှုများနှင့် အရင်းအမြစ်များကို လက်လှမ်းမီနိုင်မှု
လူ၏ခန္ဓာကိုယ်အပေါ် သက်ရောက်မှု

ပတ်ဝန်းကျင်နှင့် နေထိုင်မှုပုံစံ ပြောင်းလဲမှုများသည် DNA ပေါ်တွင် မျိုးဗီဇဆိုင်ရာ ဇီဝဓာတု အမှတ်အသားများ (Epigenetic marks) ကို ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် ဆဲလ်များ မည်သို့ အလုပ်လုပ်ရမည်ကို ပြောင်းလဲပေးသည်။ အချို့သော ပြောင်းလဲမှုများသည် ခေတ္တခဏသာဖြစ်သော်လည်း အချို့မှာမူ တစ်သက်လုံး ကျန်ရှိနေနိုင်သည်။

  • မျိုးဗီဇများကို ပိတ်ပစ်ခြင်း
    တစ်ခါတစ်ရံ ထိုအမှတ်အသားများသည် မျိုးဗီဇအချို့ကို အလုပ်မလုပ်နိုင်အောင် ပိတ်ထားတတ်သည်။ ဥပမာ _ ခန္ဓာကိုယ်ကို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးသည့် မျိုးဗီဇတစ်ခု ပိတ်သွားပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
  • ပရိုတင်း ထုတ်လုပ်မှုကို ထိန်းချုပ်ခြင်း
    ဤအမှတ်အသားများသည် မျိုးဗီဇများကို ခလုတ်တစ်ခုကဲ့သို့ အဖွင့်-အပိတ် လုပ်ပေးသည်။ ၎င်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်းဓာတ်များကို မှန်ကန်သော ဆဲလ်များတွင်သာ ထုတ်လုပ်ရန် လမ်းညွှန်ပေးသည်။ ဥပမာ _ အရိုးဖြစ်စေသော ပရိုတင်းများကို ကြွက်သားဆဲလ်များတွင် မထုတ်လုပ်ရန် တားဆီးပေးသည်။

ဤမျိုးဗီဇ ပြောင်းလဲမှုပုံစံများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီသကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက်လည်း ကွဲပြားနိုင်သည်။ ထူးခြားချက်မှာ အဆိုပါ အမှတ်အသားများသည် ဆဲလ်အသစ်များသို့ ဆက်လက်ပါသွားနိုင်ပြီး အချို့မှာ မိဘမှ သားသမီးထံသို့ပင် လက်ဆင့်ကမ်း အမွေဆက်ခံသွားနိုင်သည်။

အဓိက Epigenetic Changes နည်းလမ်းများ
  1. DNA Methylation (ဒီအင်န်အေ မီသိုင်းလေးရှင်း)
    ၎င်းသည် အတွေ့ရအများဆုံး နည်းလမ်းဖြစ်သည်။ DNA ၏ အစိတ်အပိုင်းအချို့တွင် မီသိုင်းအုပ်စု (Methyl groups) ဟုခေါ်သော ဓာတုပစ္စည်းလေးများ သွားရောက်တွယ်ကပ်ခြင်းဖြစ်သည်။ မျိုးဗီဇတစ်ခုပေါ်တွင် ထိုအုပ်စုများ ကပ်သွားပါက ၎င်းမျိုးဗီဇကို အလုပ်မလုပ်နိုင်အောင် ပိတ်ပစ်လိုက်သည့်အတွက် ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်းများကို ဆက်လက် မထုတ်လုပ်နိုင်တော့ပေ။
  2. Histone Modification (ဟစ်စတုန်း ပြုပြင်မွမ်းမံခြင်း)
    ဆဲလ်အတွင်းရှိ DNA များသည် ဟစ်စတုန်း (Histone) ဟုခေါ်သော ပရိုတင်းများအပေါ်တွင် ရစ်ပတ် တည်ရှိနေသည်။ ထိုဟစ်စတုန်းများပေါ်တွင် ဓာတုအုပ်စုများ ထည့်ခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းဖြင့် DNA ထုပ်ပိုးဖွဲ့စည်းမှုပုံစံများကို ကျပ်သွားအောင် သို့မဟုတ် ပွသွားအောင် ပြုလုပ်နိုင်သည်။ ဤနည်းဖြင့် မျိုးဗီဇများကို လိုအပ်သလို အဖွင့်-အပိတ် ပြုလုပ်ပေးသည်။
Epigenetic changes နှင့် ဆက်စပ်သည်ဟု ယူဆနိုင်သော ရောဂါအခြေအနေများ

သုတေသနလေ့လာချက်အသစ်များအရ မျိုးဗီဇလုပ်ဆောင်ချက် ပြောင်းလဲမှု (Epigenetic changes) များသည် အောက်ပါ ရောဂါအခြေအနေများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။

  • ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် (Metabolism) အပြောင်းအလဲများ
  • အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်နှင့် အသက်အရွယ် ကြီးရင့်ခြင်းကြောင့်ဖြစ်သော ရောဂါများ
  • ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ (ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ နှင့် ဉာဏ်ရည်မသန်စွမ်းမှုဆိုင်ရာ ရောဂါစုများ)
  • ကင်ဆာရောဂါများ
  • မူးယစ်ဆေးဝါးနှင့် အခြားဆေးဝါးများ အလွဲသုံးစားမှုဆိုင်ရာ ရောဂါအခြေအနေများ
  • ပန်းနာရင်ကျပ်ရောဂါနှင့် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သောရောဂါများ (Autoimmune diseases) ကဲ့သို့ ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းခြင်းဆိုင်ရာ ရောဂါအခြေအနေများ စသည်တို့ဖြစ်သည်။
Epigenome ကို ကောင်းမွန်အောင် ပြုပြင်နည်း

ကျွန်ုပ်တို့၏ နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် Epigenome ကို ပိုမိုကောင်းမွန်လာအောင် ကိုယ်တိုင် ပြုပြင်ယူနိုင်သည်ဟု သုတေသနပညာရှင်များက ဆိုကြသည်။ ပတ်ဝန်းကျင်နှင့် နေထိုင်မှုဆိုင်ရာ မှန်ကန်သော ရွေးချယ်မှုများသည် ကောင်းမွန်သော ဗီဇပြောင်းလဲမှုများကို အထောက်အကူပြုပြီး ကျန်းမာရေးထိခိုက်မှုများကို လျော့နည်းစေနိုင်သည်။

အောက်ပါတို့သည် Epigenome ကို ကောင်းမွန်လာစေရန် လုပ်ဆောင်သင့်သည့် အကြံပြုချက်များဖြစ်သည်။

  1. ကိုယ်တိုင်လုပ်ဆောင်နိုင်သော အချက်များ
    • အာဟာရ ပြည့်ဝစွာ စားပါ – ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံအတွက် လိုအပ်ပါက အာဟာရပညာရှင်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်
    • ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ – နေ့စဉ်လေ့ကျင့်ခန်းလုပ်သည့် အလေ့အကျင့်ကို ပျိုးထောင်ပါ၊ သို့သော် လေ့ကျင့်ခန်းအသစ်များ မစတင်မီ မိမိနှင့် သင့်တော်မှု ရှိမရှိ ဆရာဝန်နှင့် အရင်တိုင်ပင်သင့်သည်
    • အရက်နှင့် ဆေးလိပ် ရှောင်ကြဉ်ပါ – အရက်သောက်ခြင်းကို ကန့်သတ်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ရှောင်ကြဉ်ပါ
    • စိတ်ဖိစီးမှုကို လျှော့ချပါ – စိတ်ကို တတ်နိုင်သမျှ လျှော့ချပြီး အပန်းဖြေပါ
  2. မိဘများနှင့် ပြုစုစောင့်ရှောက်သူများအတွက်
    Epigenome သည် ဘဝ၏ အစောပိုင်းကာလ (အထူးသဖြင့် ကလေးဘဝ ပထမရက်တစ်ထောင်) တွင် အပြောင်းလဲဆုံးဖြစ်သည်။ ထို့ကြောင့် ကလေးများအတွက် အောက်ပါတို့ကို ဂရုစိုက်ပေးသင့်သည်။
    • မှန်ကန်သော အာဟာရ ကျွေးမွေးပါ – ကလေးအတွက် လိုအပ်သည့် အာဟာရနှင့် ပတ်သက်၍ ကလေးအထူးကုဆရာဝန်များထံမှ အကြံဉာဏ် ရယူပါ
    • သင်ယူမှု အခွင့်အရေးများ ပေးပါ – ကလေးနှင့် စကားများများ ပြောပေးခြင်း၊ စာဖတ်ပြခြင်းနှင့် မှတ်ဉာဏ်ကို အားပေးသော ကစားနည်းများဖြင့် သင်ကြားပေးပါ
    • နွေးထွေးသော ပတ်ဝန်းကျင် ဖန်တီးပေးပါ – ကလေးကို ချစ်ခင်ကြင်နာပြီး ပံ့ပိုးကူညီပေးမည့်သူများ ဝန်းရံပေးခြင်းဖြင့် ကလေးကို ဘေးကင်းလုံခြုံသည်ဟု ခံစားရစေနိုင်သည်
    • အကူအညီ ရယူပါ – စားဝတ်နေရေး ခက်ခဲခြင်း သို့မဟုတ် အိမ်တွင်း အကြမ်းဖက်မှုကဲ့သို့ စိန်ခေါ်မှုများ ရှိနေပါက မိမိနှင့် ကလေးများကို ကာကွယ်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ အကူအညီ ရယူပါ

အချုပ်အားဖြင့်ဆိုသော် ကျွန်ုပ်တို့၏ နေထိုင်မှုပုံစံကို ကောင်းမွန်အောင် ပြုပြင်ခြင်းသည် မိမိအတွက်သာမက နောင်လာနောက်သားများ၏ မျိုးဗီဇအဆင့်အထိ အကျိုးပြုနိုင်မည်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Epigenetics. Retrieved March 30, 2026, from https://my.clevelandclinic.org/health/articles/epigenetics
  2. Centers for Disease Control and Prevention. (n.d.). Epigenetics. Retrieved March 30, 2026, from https://www.cdc.gov/genomics-and-health/epigenetics/index.html
  3. National Institute of Environmental Health Sciences. (n.d.). Epigenetics. Retrieved March 30, 2026, from https://www.niehs.nih.gov/health/topics/science/epigenetics
  4. National Human Genome Research Institute. (n.d.). Epigenetics. Retrieved March 30, 2026, from https://www.genome.gov/genetics-glossary/Epigenetics
  5. MedlinePlus. (n.d.). What is epigenetics?. Retrieved March 30, 2026, from https://medlineplus.gov/genetics/understanding/howgeneswork/epigenome/
  6. Psychology Today. (n.d.). Epigenetics. Retrieved March 30, 2026, from https://www.psychologytoday.com/us/basics/epigenetics
  7. National Human Genome Research Institute. (n.d.). Epigenomics fact sheet. Retrieved March 30, 2026, from https://www.genome.gov/about-genomics/fact-sheets/Epigenomics-Fact-Sheet

Published: 23 April 2026

Share

23 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.