ကိုလိုစတိုမီ (Colostomy) ဆိုသည်မှာ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ အူမကြီး၏ တစ်စိတ်တစ်ပိုင်းကို ဝမ်းဗိုက်အပြင်သို့ လွှဲထုတ်၍ အပေါက်အသစ် (Stoma) တစ်ခု ဖန်တီးပေးရသော ခွဲစိတ်မှုဖြစ်သည်။ ထိုအပေါက်မှတစ်ဆင့် စွန့်ပစ်ပစ္စည်းများကို ကိုလိုစတိုမီအိတ် (Colostomy bag) ဖြင့် သိမ်းဆည်းထားသည်။ လူနာအတွက် ကိုလိုစတိုမီနှင့်အတူ နေထိုင်ရခြင်းသည် ယာယီ (Temporary) သို့မဟုတ် အမြဲတမ်း (Permanent) ဖြစ်နိုင်သည်။
အူလမ်းကြောင်းလွှဲထားခြင်းသည် ကြီးမားသော လူနေမှုဘဝအပြောင်းအလဲတစ်ခု ဖြစ်သော်လည်း စနစ်တကျ ဂရုစိုက်တတ်ပါက ပုံမှန်အတိုင်း အလုပ်လုပ်ခြင်း၊ ခရီးသွားခြင်းနှင့် လူမှုရေးလုပ်ငန်းများကို ယုံကြည်မှုရှိရှိ ဆောင်ရွက်နိုင်သည်။
အူလမ်းကြောင်းလွှဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ဖော်ပြပါ အခြေအနေများတွင် အူလမ်းကြောင်း ပုံမှန်အလုပ်မလုပ်နိုင်သောအခါ အူလမ်းကြောင်းလွှဲ ခွဲစိတ်မှု (Colostomy) ကို ပြုလုပ်လေ့ရှိသည်။
လူကြီးများတွင် ဖြစ်ပွါးတတ်သော အခြေအနေများ
- အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါများ (Inflammatory Bowel Disease) – Crohn’s disease သို့မဟုတ် Ulcerative colitis ကြောင့် အူလမ်းကြောင်း ပြင်းထန်စွာ ပျက်စီးခြင်း
- ထိခိုက်ဒဏ်ရာရခြင်း (Trauma) – မတော်တဆမှုတစ်ခုခုကြောင့် ဝမ်းဗိုက်အတွင်းရှိ အူလမ်းကြောင်း ပျက်စီးသွားခြင်း
- အူပေါက်ခြင်း (Perforated Bowel) – အကြောင်းအမျိုးမျိုးကြောင့် အူနံရံပေါက်ထွက်သော လူနာများတွင် လတ်တလော အခြေအနေအရ အူပြန်ဖာပြီး ပုံမှန်လမ်းကြောင်း ပြန်လည်အသုံးပြုရန် မဖြစ်နိုင်ခြင်း
- အူမကြီးတွင် အပိုပါသော အတက်များ ပေါက်ထွက်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း (Diverticular Perforation/Abscess) – အူမကြီးတွင် အပိုပါသော အတက်များ ရောင်ရမ်း၍ ပေါက်ထွက်ခြင်း သို့မဟုတ် ပြည်တည်ခြင်းတို့ကြောင့် အူမကြီးလမ်းကြောင်းကို အနားပေးရန် လိုအပ်ခြင်း
ကလေးငယ်များတွင် ဖြစ်ပွါးတတ်သော အခြေအနေများ
- မွေးရာပါ စအိုပေါက်မပါခြင်း (Imperforate Anus) – ကလေးငယ် မွေးဖွားလာစဉ် စအိုပေါက် လုံးဝမပါခြင်း သို့မဟုတ် လမ်းကြောင်းပိတ်နေခြင်း
- မွေးရာပါ အူလမ်းကြောင်း လှုပ်ရှားမှုအားနည်းသောရောဂါ (Hirschsprung’s Disease) – မွေးရာပါ အူမကြီးရှိ အာရုံကြော ဆဲလ်များ ချို့ယွင်းမှုကြောင့် ဝမ်းမသွားနိုင်ဘဲ အူလမ်းကြောင်း ပိတ်ဆို့ခြင်း
- Necrotizing Enterocolitis (NEC) – လမစေ့ဘဲ မွေးသော ကလေးငယ်များတွင် အဖြစ်များပြီး အူလမ်းကြောင်း တစ်ရှူးများ ပုပ်သွားခြင်း သို့မဟုတ် ပေါက်ထွက်ခြင်း
- မွေးရာပါ ဝမ်းဗိုက်မှအူကျွံထွက်ခြင်း (Gastroschisis or Omphalocele) – မွေးစတွင် ဝမ်းဗိုက်နံရံပွင့်နေပြီး အူလမ်းကြောင်းများ အပြင်သို့ ထွက်နေသည့် အခြေအနေများတွင် ကုသမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် လိုအပ်နိုင်သည်
အူလမ်းကြောင်းလွှဲ ခွဲစိတ်ပြီးနောက် သိထားသင့်သည့် အဓိကအချက် (၃) ချက်
- အစာအာဟာရနှင့် စားသောက်နေထိုင်မှု (Diet & Nutrition)
အထူးတလည် အစားရှောင်ရန်မလိုသော်လည်း အစာခြေစနစ် ချောမွေ့စေရန် အောက်ပါတို့ကို လိုက်နာသင့်သည်။- သေချာစွာဝါးစားပါ – အူလမ်းကြောင်း ပိတ်ဆို့မှုကို ကာကွယ်ရန် အစာကို အလွန်ကြေညက်အောင် ဖြည်းဖြည်းချင်း ဝါးစားရမည်
- ရေများများသောက်ပါ – ရေဓာတ်ခမ်းခြောက်ခြင်းသည် ခွဲစိတ်ပြီးသူများတွင် အဖြစ်များသောကြောင့် ခန့်မှန်းခြေအားဖြင့် တစ်နေ့လျှင် ရေ (၂) လီတာ မှ (၂.၅) လီတာခန့် သောက်ပေးပါ
- လေပွစေသော အစားအစာများ – ပဲမျိုးစုံ၊ ဂေါ်ဖီထုပ်၊ အချိုရည် (Carbonated drinks) တို့သည် လေပွစေနိုင်သဖြင့် သတိပြုစားသုံးပါ
- အနံ့လျှော့ချရန် – ဒိန်ချဉ် (Yogurt) သောက်ခြင်း သို့မဟုတ် နံနံပင် (Parsley) စားခြင်းသည် အနံ့ဆိုးထွက်ခြင်းကို သက်သာစေနိုင်သည်
- အနံ့ထိန်းချုပ်မှု နည်းပညာသစ် (Advanced Filter Technology) – ခေတ်ပေါ်အိတ်များတွင် ပိုမိုကောင်းမွန်သော မီးသွေးစစ်ထုတ်ကိရိယာ (Charcoal Filters) များ ပါဝင်လာသဖြင့် လေပွခြင်းကြောင့် အိတ်ဖောင်းတက်ခြင်း (Ballooning) ကို လျှော့ချပေးနိုင်သည့်အပြင် အနံ့အသက်ကိုလည်း ယခင်ကထက် ပိုမိုထိရောက်စွာ ထိန်းချုပ်ပေးနိုင်သည်
- ကိုလိုစတိုမီအိတ်နှင့် အရေပြားကို ဂရုစိုက်ခြင်း (Stoma & Skin Care)
အရေပြားယားယံခြင်းနှင့် အနံ့အသက်ကင်းစင်စေရန် စနစ်တကျ လဲလှယ်ရန်- သွန်ရမည့်အချိန် – အိတ်၏ (၃) ပုံ (၁) ပုံခန့် ပြည့်လာပါက သွန်ပေးပါ၊ အိတ်လေးလံပါက အရေပြားမှ ကွာကျနိုင်ခြေ ပိုများသည်
- အိတ်လဲလှယ်ခြင်း – ပုံမှန်အားဖြင့် (၃) ရက်လျှင် တစ်ကြိမ်ခန့် အိတ်အသစ် လဲပေးသင့်သည်
- စမတ်နည်းပညာသုံးအိတ်များ (Smart Ostomy Sensors) – အိတ်အတွင်း အညစ်အကြေး မည်မျှပြည့်နေသည်ကို ဖုန်းနှင့် ချိတ်ဆက်၍ အချက်ပေးနိုင်သော အာရုံခံကိရိယာ (Sensors) များ ထွက်ပေါ်လာပြီဖြစ်သည်၊ ၎င်းသည် အိတ်လျှံထွက်ခြင်း သို့မဟုတ် အရေပြားမှ ကွာကျခြင်းတို့ကို ကြိုတင်ကာကွယ်ပေးနိုင်သည်
- အရေပြားသန့်ရှင်းရေး – Stoma ဘေးပတ်လည်ကို ရေနွေးနွေးဖြင့် ဆေးကြောပါ၊ အမွှေးနံ့သာပါသော ဆပ်ပြာများသည် အိတ်ကပ်သည့်ကော်ကို ပျက်စီးစေနိုင်သဖြင့် ရှောင်ကြဉ်ပါ၊ ကပ်ရလွယ်ကူစေရန်နှင့် ယားယံမှု သက်သာစေရန် လိမ်းဆေးမှုန့်နှင့် ခရင်မ်များကိုလည်း ဆရာဝန်နှင့် တိုင်ပင်၍ အသုံးပြုနိုင်သည်
- အရေပြားအကာအကွယ် (Skin Barrier) – အရေပြားကို အစိုဓာတ်ထိန်းပေးပြီး ယားယံခြင်းမှ ကာကွယ်ပေးသည့် Ceramide ဓာတ်ပါဝင်သော ကပ်ခွာများကို အသုံးပြုနိုင်သည်
- အရေပြားအကာနှင့် Stoma အပေါက် အံကိုက်ဖြစ်မှု – အရေပြားကာကွယ်သည့် ကပ်ခွာ (Wafer) သည် Stoma အပေါက်နှင့် အံကိုက်ဖြစ်ရမည် (သေးလွန်းလျှင် ပွတ်တိုက်မိတတ်ပြီး ကြီးလွန်းလျှင် အရေပြားကို အညစ်အကြေးများ ထိတွေ့စေနိုင်သည်)
- လူမှုဘဝနှင့် လှုပ်ရှားမှုများ (Lifestyle)
- အဝတ်အစား – ခေတ်ပေါ် ကိုလိုစတိုမီအိတ်များသည် အလွန်ပါးလွှာသဖြင့် သာမန်အတိုင်း ဝတ်ဆင်နိုင်သည်၊ အိတ်ကို လုံခြုံစေရန် ခါးမြင့်ဘောင်းဘီ သို့မဟုတ် အူကျွံခြင်းကာကွယ်သောခါးပတ် (Support Belt) များ အသုံးပြုနိုင်သည်
- ကိုယ်လက်လှုပ်ရှားမှု – ဆရာဝန်ခွင့်ပြုပါက လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းများ ပြုလုပ်နိုင်သည်၊ အိတ်များသည် ရေစိုခံသဖြင့် စိတ်ချလက်ချ ရေကူးနိုင်သည် (ရေမကူးမီ အိတ်ကို ကြိုသွန်ထားပါ)၊ အားကစားလုပ်စဉ် အိတ်ကို ကာကွယ်ရန် “Stoma Guard” (အကာအကွယ်) များ သုံးနိုင်သည်
- ခရီးသွားခြင်း – အိတ်အပိုနှင့် လိုအပ်သော ပစ္စည်းများကို လက်ဆွဲအိတ် (Carry-on) ထဲတွင် အမြဲဆောင်ထားပါ
စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် လူမှုဆက်ဆံရေး
ခန္ဓာကိုယ်အပြောင်းအလဲကြောင့် စိတ်အားငယ်ခြင်း၊ ဒေါသထွက်ခြင်းများ ဖြစ်ပေါ်တတ်သည်မှာ သဘာဝပင်ဖြစ်သည်။
- မိသားစု၊ သူငယ်ချင်း သို့မဟုတ် အခြေအနေတူသူများနှင့် ပွင့်လင်းစွာ ဆွေးနွေးပါ
- Peer Support – အွန်လိုင်းမှတစ်ဆင့် အလားတူအခြေအနေရှိသူ အချင်းချင်း အတွေ့အကြုံဖလှယ်နိုင်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာကို များစွာ အထောက်အကူပြုသည်
- လိင်မှုကိစ္စတွင် လက်တွဲဖော်နှင့် ပွင့်လင်းစွာ တိုင်ပင်ပါ၊ အိတ်ကို သန့်ရှင်းစွာထားခြင်း သို့မဟုတ် အထူးပြုလုပ်ထားသော အတွင်းခံများ ဝတ်ဆင်ခြင်းဖြင့် ယုံကြည်မှု တည်ဆောက်နိုင်သည်
- မိမိတွင် ကိုလိုစတိုမီ (Colostomy bag) နှင့် နေရခြင်းအား မည်သူ့ကို ပြောပြမည်ဆိုသည်မှာ သင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်သည်၊ မိသားစုနှင့် ရင်းနှီးသူများကို ပြောပြခြင်းဖြင့် စိတ်သက်သာရာရစေနိုင်သည်
- အလုပ်ခွင်တွင် ပစ္စည်းလဲလှယ်ရန်နေရာ လိုအပ်ပါက သက်ဆိုင်ရာလူကိုသာ အသိပေးနိုင်သည်
- မရင်းနှီးသူများက မေးမြန်းပါက “ဝမ်းဗိုက်ခွဲစိတ်မှု လုပ်ထားတယ်” ဟု ယေဘုယျသာ ပြောနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
- လမ်းကြောင်းလွှဲထားသော အပေါက် (Stoma) အရောင်သည် သွေးလည်ပတ်မှု မကောင်းသော လက္ခဏာဖြစ်သည့် အမည်းရောင် သို့မဟုတ် ခရမ်းရင့်ရောင် ပြောင်းသွားခြင်း
- ၂ နာရီ သို့မဟုတ် ၃ နာရီထက်ပိုပြီး ဝမ်း လုံးဝမထွက်ဘဲ ဗိုက်အရမ်းနာပြီး အန်ခြင်း (အူပိတ်သည့်လက္ခဏာ ဖြစ်နိုင်သည်)
- လမ်းကြောင်းလွှဲထားသော အပေါက် (Stoma) ဘေးပတ်လည် အရေပြားတွင် အဖုအပိမ့်များ ထွက်လာခြင်း
အထက်ပါ ရောဂါလက္ခဏာများ ရှိနေပါက မိသားစုဆရာ၀န်များနှင့် အမြန်တိုင်ပင်ဆွေးနွေး၍ ဆေးကုသမှုခံယူသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ ပြင်းထန်စွာ ဝမ်းလျှောခြင်းဖြစ်လာပါက အရေးပေါ်သွားရောက်ပြသသင့်သည်။
အကြံပြုချက်
- အလေးအပင် မခြင်းကို လုံးဝရှောင်ကြဉ်ပါ
- Support Belt (အူကျွံခြင်းကာကွယ်သော ခါးပတ်) ကို ပုံမှန်ဝတ်ဆင်ပါ
- ကိုယ်အလေးချိန်ကို ထိန်းထားပါ
References:
- Universitas Airlangga. (2017). Quality of life in patients with colostomy. Retrieved March 21, 2026, from https://e-journal.unair.ac.id/JNERS/article/view/6026
- United Ostomy Associations of America. (2024). Living with a colostomy guide. https://www.ostomy.org/wp-content/uploads/2024/11/UOAA_Living_with_a_Colostomy_Guide-2024-11.pdf
- Stavropoulou, A., et al. (2025). Quality of life and psychophysical consequences in individuals with intestinal stoma: An observational study. International Journal of Environmental Research and Public Health, 22(9), 1327. Retrieved March 21, 2026, from https://www.mdpi.com/1660-4601/22/9/1327
- Harvard Health Publishing. (2023). Ostomy: Life after colostomy or ileostomy. Retrieved March 21, 2026, from https://www.health.harvard.edu/healthy-aging-and-longevity/ostomy-life-after-colostomy-or-ileostomy
- Stavropoulou, A., et al. (2021). Living with a stoma: Exploring the lived experience of patients with permanent colostomy. International Journal of Environmental Research and Public Health, 18(16), 8512. Retrieved March 21, 2026, from https://www.mdpi.com/1660-4601/18/16/8512
Published: 21 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.