စကားပြောခြင်း၊ ဘာသာစကားနှင့် ဆက်သွယ်ပြောဆိုမှုဆိုင်ရာ လိုအပ်ချက် (Speech, Language and Communication Needs) ရှိနေသူများသည် မိသားစုဝင်များ သို့မဟုတ် ပတ်ဝန်းကျင်နှင့် ဆက်သွယ်ရာတွင် အခက်အခဲများ ကြုံတွေ့ရတတ်သည်။ ထိုကဲ့သို့ ဆက်သွယ်မှုပြုလုပ်ရာတွင် ပိုမိုရှင်းလင်းလွယ်ကူစေရန် ကူညီပေးသည့် (နှုတ်ဖြင့် စကားပြောခြင်းမဟုတ်သော) အခြားဆက်သွယ်ရေးနည်းလမ်းနှင့် ကိရိယာအားလုံးကို ကူညီဖြည့်စွက်၊ အစားထိုး ဆက်သွယ်ပြောဆိုခြင်းစနစ် (AAC) ဟု ခေါ်သည်။
ထိရောက်သော ဆက်သွယ်ပြောဆိုမှု၏ အရေးပါပုံ
လူတစ်ဦးနှင့်တစ်ဦးကြား ဆက်ဆံရေး တည်ဆောက်ခြင်း၊ မိမိ၏ လိုအပ်ချက်များကို ပြသခြင်းနှင့် ခံစားချက်များကို ထုတ်ဖော်ခြင်းတို့အတွက် ထိရောက်သော ဆက်သွယ်မှုသည် အလွန်အရေးကြီးသည်။ ဆက်သွယ်ပြောဆိုမှုတွင် အောက်ပါအတိုင်း ပုံစံ (၂) မျိုး ပါဝင်သည်။
- စကားပြော၍ ဆက်သွယ်ခြင်း (Verbal Communication)
- နှုတ်မှစကားဖြင့်မဟုတ်ဘဲ ဆက်သွယ်ခြင်း (Non-verbal Communication)
နှုတ်မှစကားဖြင့်မဟုတ်သော ဆက်သွယ်ပြောဆိုခြင်း (Non-verbal Communication)
နှုတ်ဖြင့် စကားမပြောနိုင်သောသူများ (Non-verbal individuals) သည် ၎င်းတို့၏ လိုအပ်ချက်များကို ဖော်ပြရန် ဤနည်းလမ်းများကို အခြေခံ၍ AAC ကိရိယာများကို အသုံးပြုကြရသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်။
- ကိုယ်ဟန်အမူအရာ (Body language) နှင့် ခြေဟန်လက်ဟန်ပြခြင်း (Gestures)
- မျက်နှာအမူအရာ (Facial expression)
- လက်ဟန်ပြ ဘာသာစကား (Sign language)
- မျက်လုံးချင်းဆုံကြည့်ခြင်း (Eye contact)
- အသံနေအသံထား (Tone of voice)
ကူညီဖြည့်စွက်၊အစားထိုး ဆက်သွယ်ပြောဆိုခြင်း စနစ် (AAC) အမျိုးအစားများ
AAC ကို အဓိကအားဖြင့် အောက်ပါအတိုင်း အမျိုးအစား (၂) မျိုး ခွဲခြားနိုင်သည်။
- ပြင်ပကိရိယာ မလိုသော ဆက်သွယ်ပြောဆိုမှုစနစ် (Unaided AAC)
ပြင်ပမှ မည်သည့် အထောက်အကူပြုပစ္စည်းမျှ အသုံးပြုရန် မလိုအပ်ဘဲ မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ အသုံးပြုသော စနစ်ဖြစ်သည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်။- နှုတ်မှ အသံပြုခြင်း (Vocalisations) – အသံထွက် ရယ်မောခြင်း၊ ငိုခြင်း သို့မဟုတ် အခြားသော အသံများ ပြုလုပ်ခြင်း
- မျက်နှာအမူအရာ (Facial expressions) – မျက်နှာဖြင့် စိတ်ခံစားမှုကို ပြသခြင်း
- ကိုယ်ဟန်အမူအရာ (Body language or Gestures) – ခေါင်းငြိမ့်ခြင်း၊ ခေါင်းရမ်းခြင်း၊ လက်ညှိုးထိုးပြခြင်း သို့မဟုတ် တွန်းဖယ်ခြင်း
- မျက်လုံးအကြည့်ဖြင့် ဆက်သွယ်ခြင်း (Eye movement and Gaze) – မိမိလိုချင်သောအရာကို စိုက်ကြည့်ခြင်း သို့မဟုတ် မျက်လုံးအကြည့်ဖြင့် သဘောတူညီမှုကို ပြသခြင်း
- လက်ဟန်ပြနှင့် စကားပြော တွဲဖက်ခြင်း (Sign Supported Speech) – စကားပြောနေစဉ် အဓိကစကားလုံးများကို လက်ဟန်ဖြင့် တစ်ပြိုင်နက် ဖော်ပြခြင်း (ဥပမာ – Makaton၊ Signalong)
- လက်ဟန်ပြ ဘာသာစကား (Signing) – ဥပမာ _ ဗြိတိသျှ လက်ဟန်ပြဘာသာစကား (British Sign Language)
- ပြင်ပကိရိယာ အကူအညီပါသော ဆက်သွယ်ပြောဆိုမှုစနစ် (Aided AAC)
ဆက်သွယ်ပြောဆိုရာတွင် အထောက်အကူဖြစ်စေရန် ပြင်ပပစ္စည်းကိရိယာ သို့မဟုတ် နည်းပညာများကို အသုံးပြုသော စနစ်ဖြစ်သည်။ ဥပမာအားဖြင့် အရာဝတ္ထုသင်္ကေတများ၊ ပုံ သို့မဟုတ် စာသားများ ပါရှိသော ဘုတ်ပြားများ၊ စာအုပ်များ၊ ကတ်ပြားငယ်များ၊ စကားပြောသံ ထုတ်ပေးသည့် စက်များ၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ စသည်တို့ ပါဝင်သည်။ ထိုဆက်သွယ်ပြောဆိုမှုစနစ်ကို နည်းပညာအဆင့်အတန်းပေါ် မူတည်၍ (၂) မျိုး ထပ်မံခွဲခြားနိုင်သည်။- နည်းပညာနိမ့်သော သို့မဟုတ် ရိုးရှင်းသောစနစ်များ (Low/Light Technology Systems)
ဤစနစ်သည် ဘက်ထရီ သို့မဟုတ် လျှပ်စစ်အားသွင်းရန် မလိုဘဲ ရိုးရှင်းကာ ကုန်ကျစရိတ် သက်သာသည်။- Picture Exchange Communication System (PECS) – သင်္ကေတနှင့် ရုပ်ပုံကတ်ပြားများကို အပြန်အလှန် လဲလှယ်ခြင်း သို့မဟုတ် ညွှန်ပြခြင်းဖြင့် ဆက်သွယ်ခြင်း
- Look2Talk – သင်္ကေတနှင့် ရုပ်ပုံများကို မျက်လုံးဖြင့် စိုက်ကြည့်ခြင်းဖြင့် ဆက်သွယ်ခြင်း
- ဆက်သွယ်ရေး လမ်းညွှန်မှတ်တမ်း (Communication Passport) – မိမိ၏ အကြောင်း၊ အားသာချက်နှင့် နှစ်သက်သော ဆက်သွယ်နည်းများကို ဖော်ပြထားသည့် စာအုပ်ငယ်
- ကြိုတင်အသံသွင်းထားသော စနစ်များ – ရိုးရှင်းသော စက်ခလုတ်ကို နှိပ်လိုက်ရုံဖြင့် ကြိုတင်အသံသွင်းထားသော စကားသံ ထွက်ပေါ်လာခြင်း
- နည်းပညာမြင့်သော စနစ်များ (High Technology Systems)
ဤစနစ်တွင် အထူးပြုလုပ်ထားသော စက်ကိရိယာများ၊ ကွန်ပျူတာဆော့ဖ်ဝဲများနှင့် အသံထုတ်ပေးသည့် ကိရိယာများ ပါဝင်သည်။- လုပ်ဆောင်ပုံ – တက်ဘလက် သို့မဟုတ် ကွန်ပျူတာမှတစ်ဆင့် ကြိုတင်ထည့်သွင်းထားသော စကားပြောသံ (Speech-generating devices) ကို အသုံးပြု၍ ဆက်သွယ်ခြင်းဖြစ်သည်
- အသုံးပြုနည်း – မိမိပြောလိုသည့်အရာကို မျက်နှာပြင်ပေါ်တွင် ထိ၍ရွေးချယ်နိုင်သည်၊ လက်ချောင်းလှုပ်ရှားရန် ခက်ခဲသူများအတွက် မျက်လုံးစိုက်ကြည့်ခြင်းဖြင့် ရွေးချယ်နိုင်သော မျက်လုံးခြေရာခံနည်းပညာ (Eye-gaze technology) ကိုလည်း အသုံးပြုနိုင်သည်
- လိုအပ်ချက် – လျှပ်စစ်အားသွင်းရန် ဓာတ်အားအရင်းအမြစ် (Battery or Power source) အမြဲလိုအပ်သည်
- နည်းပညာနိမ့်သော သို့မဟုတ် ရိုးရှင်းသောစနစ်များ (Low/Light Technology Systems)
AAC အသုံးပြုရန် လိုအပ်သူများ
စကားပြောခြင်းနှင့် ဆက်သွယ်ခြင်းဆိုင်ရာ အခက်အခဲရှိသော မည်သူမဆို AAC ကို အသုံးပြုနိုင်သည်။ ၎င်းတွင် အောက်ပါအခြေအနေရှိသူများ ပါဝင်သည်။
- အော်တစ်ဇင် (Autism Spectrum Disorder) ရှိသူကလေးများ
- အာရုံစူးစိုက်မှုနည်း၍ တက်ကြွလွန်ကဲသော ကလေးများ (ADHD)
- ဉာဏ်ရည် မသန်စွမ်းသူများ (Intellectual Disability)
- စီပီရောဂါ (Cerebral Palsy) နှင့် ကြွက်သားလှုပ်ရှားမှု အားနည်းသူများ
- ပါကင်ဆန်ရောဂါ (Parkinson’s disease) ရှိသူများ
- အယ်လ်ဇိုင်းမား (Alzheimer’s) နှင့် အသိမှတ်ဉာဏ် ချို့ယွင်းလာသူများ
- ဦးနှောက်နှင့် အာရုံကြော ထိခိုက်မှုကြောင့် မသန်စွမ်းဖြစ်ရသူများ
ကြိုတင်သိရှိထားရမည့်အချက်များ
- အသက်အရွယ်နှင့် ဉာဏ်ရည် ကန့်သတ်ချက်မရှိခြင်း
သုတေသနများအရ AAC ကို မည်သည့်အသက်အရွယ်တွင်မဆို အသုံးပြုနိုင်ပြီး အသက် (၃) နှစ်အောက်အရွယ်ကတည်းကပင် စောစီးစွာ စတင်အသုံးပြုနိုင်သည်။ AAC စတင်ရန်အတွက် ဉာဏ်ရည်ပမာဏ သို့မဟုတ် အသက်အရွယ် ကန့်သတ်ချက်များ မရှိပါ။ မည်သည့်အခြေအနေတွင်မဆို ဆက်သွယ်ပြောဆိုရန် အခက်အခဲရှိနေပါက AAC ကို စတင်အသုံးပြုခြင်းဖြင့် ထိရောက်သော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။ - မိမိအတွက် သင့်တော်သည့် AAC ကို ရွေးချယ်ခြင်း
စကားပြောခြင်းနှင့် ဘာသာစကားဆိုင်ရာ ပညာရှင်များ (Speech and Language Therapists) နှင့် တိုင်ပင်၍ အောက်ပါအချက်များအပေါ် မူတည်ကာ စနစ်တကျ ရွေးချယ်သင့်သည်။- ဘာသာစကား လိုအပ်ချက် – မိမိ၏ လက်ရှိဆက်သွယ်နိုင်စွမ်းနှင့် လိုအပ်ချက် အခြေအနေ
- အသုံးပြုမည့် ပတ်ဝန်းကျင် – အိမ်တွင်း သို့မဟုတ် အိမ်ပြင်ပတွင် အဓိကသုံးစွဲမည့်နေရာ
- လက်တွေ့အသုံးဝင်မှု – ကိရိယာ၏ အလေးချိန်၊ ပေါ့ပါးမှုနှင့် သယ်ဆောင်ရ လွယ်ကူမှု
- AAC အသုံးပြုခြင်းနှင့် စကားပြောနိုင်စွမ်း
မိဘအများစုသည် AAC ကို အသုံးပြုပါက ကလေးသည် စကားပြောရန် ပျင်းရိသွားမည် သို့မဟုတ် စကားပြောနောက်ကျသွားမည်ကို စိုးရိမ်တတ်ကြသည်။ သို့သော် သုတေသနပြုချက်များအရ ဤစိုးရိမ်မှုသည် အမှန်မဟုတ်ဘဲ AAC သည် စကားပြောနိုင်စွမ်းကို မဟန့်တားသည့်အပြင် အောက်ပါအချက်များကြောင့် ပိုမိုမြှင့်တင်ပေးကြောင်း တွေ့ရှိရသည်။- စိတ်ဖိအားကို လျှော့ချပေးခြင်း – မိမိအလိုဆန္ဒကို မပြောပြနိုင်၍ ဖြစ်ရသော စိတ်ဖိစီးမှုနှင့် ဒေါသထွက်ခြင်းများကို လျော့ကျစေကာ ဆက်သွယ်ပြောဆိုလိုစိတ်ကို ပိုမိုတက်ကြွစေသည်
- စံနမူနာပြ အသံများကို ကြားရခြင်း – နည်းပညာမြင့် (High-tech) AAC စက်များမှ ထွက်ပေါ်လာသော အသံများကို ထပ်ခါတလဲလဲ ကြားရခြင်းဖြင့် ကလေးသည် စကားလုံးများ၏ အသံထွက်ကို ပိုမိုရင်းနှီးနားလည်လာစေသည်
- ဘာသာစကား သင်ယူမှုကို မြှင့်တင်ပေးခြင်း – စကားလုံးများကို သင်္ကေတ သို့မဟုတ် ရုပ်ပုံများနှင့် တွဲဖက်မြင်ရခြင်းကြောင့် ဘာသာစကားဆိုင်ရာ အခြေခံများကို ပိုမိုမြန်ဆန်စွာ သင်ယူနိုင်လာပြီး နှုတ်ဖြင့် စကားပြောနိုင်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်လာစေသည်။
AAC ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ
AAC စနစ်ကို စနစ်တကျနှင့် ထိရောက်စွာ အသုံးပြုခြင်းဖြင့် အောက်ပါ အရေးကြီးသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
- သိမြင်နားလည်မှုနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
ဆက်သွယ်ပြောဆိုနိုင်စွမ်းသည် သင်ယူမှုနှင့် သိမြင်နားလည်မှု ကြီးထွားလာစေရန် အဓိက အထောက်အကူပြုသည်။- အတန်းတွင်း ပါဝင်လှုပ်ရှားနိုင်ခြင်း – မိမိ၏ စိတ်ကူးစိတ်သန်းများကို ဖော်ပြခြင်း၊ မေးခွန်းများ မေးမြန်းခြင်းနှင့် ဆွေးနွေးမှုများတွင် ပါဝင်လာနိုင်ခြင်းတို့ကြောင့် ပိုမိုကောင်းမွန်သော ပညာရေးရလဒ်များကို ရရှိစေသည်
- မိမိ၏ အသိပညာကို ပြသနိုင်ခြင်း – ကလေး၏ နှုတ်ဖြင့်ပြောဆိုနိုင်စွမ်း ရှိမရှိအပေါ် မမူတည်ဘဲ အဖြေများကို ဖြေဆိုနိုင်ခြင်းနှင့် တာဝန်ပေးချက်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့် ကလေး၏ နားလည်နိုင်စွမ်းကို တိကျစွာ အကဲဖြတ်နိုင်သည်
- စာဖတ်ခြင်းနှင့် စာရေးခြင်းစွမ်းရည် မြှင့်တင်ခြင်း – AAC ကိရိယာများတွင် စာသားများနှင့် သင်္ကေတများကို ပေါင်းစပ်ထားလေ့ရှိသဖြင့် အသံထွက်ဗေဒဆိုင်ရာ အသိပညာ၊ စာဖတ်ခြင်းနှင့် စာရေးခြင်း စွမ်းရည်များကို ပိုမိုဖွံ့ဖြိုးစေသည်။
- လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှု
ဆက်သွယ်ပြောဆိုခြင်းသည် လူမှုဆက်ဆံရေး ထူထောင်ရန်နှင့် မိမိကိုယ်မိမိ နားလည်သဘောပေါက်ရန်အတွက် မရှိမဖြစ် လိုအပ်သည်။- ဆက်ဆံရေးများ တည်ဆောက်ခြင်း – အခြားသူများနှင့် စတင်ထိတွေ့ဆက်ဆံခြင်း၊ ချစ်ခင်မှုကို ဖော်ပြခြင်းနှင့် သူငယ်ချင်းဖွဲ့ခြင်းတို့ ပြုလုပ်နိုင်ကာ မိသားစုနှင့် မိတ်ဆွေများအကြား လူမှုဆက်ဆံရေးကို ထိန်းသိမ်းနိုင်သည်
- မိမိကိုယ်တိုင်အတွက် ရပ်တည်ပြောဆိုနိုင်ခြင်း – ကလေး၏ အလိုဆန္ဒ၊ လိုအပ်ချက်နှင့် သဘောထားများကို ထုတ်ဖော်ပြောဆိုခွင့်ပေးခြင်းဖြင့် ၎င်းတို့အား ကိုယ်ပိုင်အသံတစ်သံ ပိုင်ဆိုင်စေပြီး ပတ်ဝန်းကျင်အပေါ် ဆုံးဖြတ်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းကို ဖြစ်ပေါ်စေသည်
- အမူအကျင့်များကို ထိန်းညှိပေးခြင်း – ကလေးငယ်များသည် ၎င်းတို့၏ နာကျင်မှု၊ စိတ်ပျက်မှု သို့မဟုတ် ရှုပ်ထွေးမှုများကို ထိရောက်စွာ ပြောဆိုလာနိုင်သောအခါ ဆက်သွယ်ရန်အတွက် ခက်ခဲကြမ်းတမ်းသော အမူအကျင့်များကို အသုံးပြုရန် မလိုတော့သဖြင့် ထိုသို့သော အမူအကျင့်များ လျော့နည်းသွားလေ့ရှိသည်။
- ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု
အရေးကြီးသော သတင်းအချက်အလက်များကို ဆက်သွယ်ပြောဆိုနိုင်ခြင်းသည် ကလေး၏ ဘေးကင်းရေးနှင့် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။- နာကျင်မှု သို့မဟုတ် ဖျားနာမှုကို ဖော်ပြခြင်း – ရောဂါလက္ခဏာများ၊ နာကျင်မှုအဆင့်နှင့် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းစွာ ပြောပြနိုင်သဖြင့် လျင်မြန်ပြီး တိကျသော ကုသမှုကို ရရှိစေသည်
- အရေးပေါ်အခြေအနေများကို အစီရင်ခံခြင်း – အန္တရာယ် သို့မဟုတ် စိတ်သောကရောက်မှုကို ဆက်သွယ်ပြောဆိုနိုင်ခြင်းသည် အခြေခံကျသော ဘေးကင်းရေးအတွက် ယန္တရားတစ်ခုဖြစ်သည်
- အသိပေးဆုံးဖြတ်ချက်နှင့် ရွေးချယ်မှု – ကလေးကြီးပြင်းလာသည်နှင့်အမျှ ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေ့စဉ်ဘဝဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ကိုယ်တိုင် ပိုမိုပါဝင်လာနိုင်စေသည်
AAC အသုံးပြုရာတွင် တွေ့ကြုံရသော အတားအဆီးများ
AAC စနစ်ကို အောင်မြင်စွာ အသုံးပြုနိုင်ရန် အားထုတ်ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများမှာ _
- ပတ်ဝန်းကျင်ဆိုင်ရာ အတားအဆီးများ (Environmental Barriers)
- ယုံမှားသံသယ အတားအဆီး (Attitude Barrier) – မိဘ၊ ဆရာ သို့မဟုတ် ပတ်ဝန်းကျင်က AAC အသုံးပြုခြင်းသည် စကားပြောခြင်းကို နှောင့်နှေးစေသည်ဟု မှားယွင်းစွာ ယုံကြည်နေခြင်း
- မူဝါဒဆိုင်ရာ အတားအဆီး (Policy Barrier) – ကျောင်း သို့မဟုတ် ဆေးရုံများကဲ့သို့သော အများပြည်သူဆိုင်ရာ နေရာများတွင် AAC စက်ပစ္စည်းများ အသုံးပြုခွင့်နှင့် ပတ်သက်၍ ကန့်သတ်ချက်များ သို့မဟုတ် လမ်းညွှန်ချက်များ မရှိခြင်း
- ကျွမ်းကျင်မှုဆိုင်ရာ အတားအဆီးများ (Skill Barriers)
- သင်ကြားမှုဆိုင်ရာ အခက်အခဲ – ပြုစုစောင့်ရှောက်သူများနှင့် မိသားစုဝင်များအနေဖြင့် AAC စက်ကို မည်သို့စနစ်တကျ အသုံးပြုရမည် သို့မဟုတ် ကလေးအား မည်သို့သင်ကြားပေးရမည်ကို ကောင်းစွာ နားမလည်ခြင်း
- ရုပ်ပိုင်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ အတားအဆီးများ (Physical and Financial Barriers)
- ကုန်ကျစရိတ် – နည်းပညာမြင့် (High-tech) AAC စက်ပစ္စည်းများနှင့် ဆော့ဖ်ဝဲလ်များမှာ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် လက်လှမ်းမီရန် ခက်ခဲခြင်း
- ဝန်ဆောင်မှု လက်လှမ်းမီမှု – မိမိနေထိုင်ရာ ဒေသတွင် AAC ကျွမ်းကျင်သူ (Speech Therapist) ရှာဖွေရန် ခက်ခဲခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ ရယူရန် ခက်ခဲခြင်း
References:
- American Speech-Language-Hearing Association. (n.d.). Augmentative and alternative communication (AAC). Retrieved January 19, 2026, from https://www.asha.org/public/speech/disorders/aac/
- National Council for Special Education. (2021). My communication passport: Communication passport template. https://ncse.ie/wp-content/uploads/2021/05/Communication-Passport-Template.pdf
- Royal College of Speech and Language Therapists. (2024). Augmentative and alternative communication (AAC) overview. https://www.rcslt.org/speech-and-language-therapy/clinical-information/augmentative-and-alternative-communication/#section-2
- Speech Pathology Australia. (2024). Augmentative and alternative communication. https://www.speechpathologyaustralia.org.au/Public/Public/Comm-swallow/Aug-alt-strategies/Augmentative-Alternative-Communication.aspx
- The Communication Hub. (n.d.). Augmentative and alternative communication (AAC) fact sheet. Retrieved January 19, 2026, from https://www.communicationhub.com.au/CommunicationHub/Communication_Hub/Resources/Fact_Sheets/Augmentative-and-Alternative-Communication.aspx
- The Makaton Charity. (n.d.). Home. Retrieved January 19, 2026, from https://www.makaton.org/
Published: 21 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.