Vaping effects on health (အီလက်ထရွန်းနစ် စီးကရက်နှင့် ကျန်းမာရေးအန္တရာယ်)

Vaping effects on health (အီလက်ထရွန်းနစ် စီးကရက်နှင့် ကျန်းမာရေးအန္တရာယ်)

အီလက်ထရွန်းနစ် စီးကရက်များ (E-cigarettes or Vapes) သုံးစွဲခြင်းကို Vaping ပြုလုပ်သည်ဟု သတ်မှတ်ခေါ်ဆိုကြသည်။ Vape များအသုံးပြုခြင်းသည် ဆေးလိပ်သောက်ခြင်းနှင့် သဘောတရားခြင်း ဆင်တူသော်လည်း ဆေးလိပ်သည် ဆေးရွက်ကြီးကို မီးရှို့၍ ရှူသွင်းခြင်းဖြစ်ပြီး Vaping သည် အီလက်ထရွန်းနစ်စီးကရက်အတွင်းရှိ အရည် (E-liquid) ကို အပူပေး၍ ထွက်ရှိလာသော အလွန်သေးငယ်သည့် အမှုန်များကို ပါးစပ်မှတစ်ဆင့် ရှူသွင်းခြင်းဖြစ်သည်။

Vape သုံးစွဲမှုကျယ်ပြန့်လာပုံ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်သော အချက်အလက်များအရ နိုင်ငံ‌ပေါင်း (၇၀) ကျော်တွင် အီလက်ထရွန်းနစ်စီးကရက်များ ရောင်းချမှုကို တားမြစ်ကန့်သတ်ထားခြင်း မရှိသည့်အပြင် ဝယ်ယူသုံးစွဲသင့်သော အသက်ကန့်သတ်ချက်လည်း မရှိသောကြောင့် ၎င်းတို့သည် ဆယ်ကျော်သက်လူငယ်များကို စွဲဆောင်ရန် အကောင်းဆုံးထုတ်ကုန်များ ဖြစ်လာကြသည်ဟုဆိုသည်။ အမျိုးအစား၊ ဒီဇိုင်းနှင့် အရသာပေါင်းစုံ ရရှိနိုင်သည့်အပြင် ဆိုရှယ်မီဒီယာတွင် အကျယ်တဝင့် ကြေငြာနေခြင်းတို့ကြောင့် ယခုနောက်ပိုင်းတွင် လူကြီးများထက် လူငယ်လူရွယ်များတွင် အီလက်ထရွန်းနစ်စီးကရက်များ သုံးစွဲနေကြသည်ကို ပိုမိုတွေ့ရှိလာရသည်။

ထိုအီလက်ထရွန်းနစ်စီးကရက်များကို ကာလကြာရှည်စွာ သုံးစွဲခြင်းပြုလုပ်ပါက နောက်ဆက်တွဲပြဿနာများအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း၊ Vape ကို စွဲလမ်းခြင်းနှင့် အခြားပြဿနာများစွာကို ဖြစ်ပေါ်လာစေနိုင်သည်။ ယခင်က Vaping ကို ဆေးလိပ်အစားထိုး နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ယခုအခါ အီလက်ထရွန်းနစ်စီးကရက်များ၏ ဘေးထွက်ဆိုးကျိုးများကို ပိုမိုသတိပြုမိလာသောကြောင့် ရှောင်ကြဥ်သင့်သည်ဟူသော လမ်းညွှန်ချက်များ ထွက်ပေါ်လာပြီဖြစ်သည်။

အီလက်ထရွန်းနစ် စီးကရက် (e-cigarettes or vapes) အမျိုးအစားများ
  • Disposable Vapes
  • Pre-Filled Pod Vapes
  • Refillable Pod Vapes
  • Cigalikes
  • Vape Pens
  • Vape Mods
  • Pod Mods စသည်ဖြင့် Vape အမျိုးအစားများစွာ ရှိသည်။

၎င်းတို့ကို စုပေါင်းပြီး နီကိုတင်း ထုတ်လွှတ်ပေးပို့သည့် အီလက်ထရွန်းနစ်စနစ် (Electronic Nicotine Delivery System or ENDS) များဟုခေါ်သည်။

Vape ၏အစိတ်အပိုင်းများ

အီလက်ထရွန်းနစ် စီးကရက်များအတွင်း အဓိကပါဝင်သော အရည်ကို E-liquid (E-juice or Vape juice) ဟုခေါ်သည်။ ထိုအရည်ကို အပူပေး၍ ထွက်လာသော အမှုန်များ၊ အခိုးအငွေ့များ (Aerosol or Mist or Vapour) ကို လူမှရှူသွင်းခြင်းဖြစ်သည်။ ထိုအရည်မှထွက်သော အမှုန်များသည် သာမန်ရေမှုန်မျိုးမဟုတ်ဘဲ အန္တရာယ်ရှိသော ဓာတုပစ္စည်းများစွာ ပါဝင်နေသည်။

စက်ကိရိယာအစိတ်အပိုင်းများအနေဖြင့်

  • အရည်ထည့်ရန် အခန်းအကန့် (cartridge) သို့မဟုတ် တိုင်ကီ (tank) သို့မဟုတ် ခွက် (pod) (အချို့တွင် အရည်ကုန်ပါက ပြန်ဖြည့်နိုင်သည်)
  • အရည်ကို ရှူရှိုက်နိုင်သည့် အမှုန် (aerosol or vapour) အဖြစ် ပြောင်းလဲပေးရန် အပူပေးသည့် အစိတ်အပိုင်း (heating element)
  • အပူပေးသည့်အစိတ်အပိုင်းကို လျှပ်စစ်ဓာတ်ပေးရန်အတွက် ဘက်ထရီ (battery)
  • ရှူသွင်းချိန်တွင် နှိပ်ရန် ပါဝါခလုတ် သို့မဟုတ် ထိန်းချုပ်ခလုတ် (control button)
  • အမှုန်များကို ရှူသွင်းရန်အတွက် ပါးစပ်ဖြင့် ငုံ၍ရှူရသော အစိတ်အပိုင်း (mouthpiece) စသည်တို့ပါဝင်သည်။
E-liquid နှင့် Aerosol တွင် ပါဝင်သောပစ္စည်းများ

E-liquid မှ ထုတ်လွှတ်သော အခိုးအငွေ့ (Aerosol) တွင် ဆေးလိပ်၏ အဓိကပါဝင်ပစ္စည်းဖြစ်သော ဆေးရွက်ကြီး (Tobacco) မပါရှိသော်လည်း ကိုယ်ခန္ဓာအား အထူးသဖြင့် အဆုတ်ကို ထိခိုက်စေနိုင်သော ဓာတုပစ္စည်းများစွာ ပါဝင်သည်။ ဆေးလိပ်ငွေ့မှ ထွက်သော ဓာတုပစ္စည်းပေါင်း (၇၀၀၀) ကျော်နှင့် နှိုင်းယှဥ်လျှင် အီလက်ထရွန်းနစ်စီးကရက်များသည် ဆေးလိပ်ထက် အန္တရာယ်နည်းသည်ဟု ယူဆနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးမရှိဟု သက်သေမပြနိုင်ပါ။ အီလက်ထရွန်းနစ် စီးကရက်များတွင် ပါဝင်သော အန္တရာယ်ရှိသည့် ပစ္စည်းအချို့မှာ_

  • နီကိုတင်း (Nicotine) – အလွန်အမင်း စွဲလမ်းစေပြီး အန္တရာယ်ရှိသော ဓာတုပစ္စည်းဖြစ်သည်၊ နီကိုတင်းဓာတ်သည် ဦးနှောက်၊ နှလုံးနှင့် ကိုယ်ဝန်ဆောင်သန္ဓေသားများကို ထိခိုက်စေသည်
  • အရသာ (Flavoring) – အရသာအမျိုးမျိုးရှိပြီး ၎င်းတို့ထဲမှ အချို့တွင် အဆုတ်ရောဂါဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ (ဥပမာ – diacetyl) ပါဝင်သည်၊ စားသုံးရန် ဘေးကင်းသော်လည်း ရှူရှိုက်ရန် မသင့်တော်ဘဲ အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်သည်
  • အခြားဓာတုပစ္စည်းများ (Propylene glycol and Glycerin) – အခိုးအငွေ့ကို ဖန်တီးရာတွင် အသုံးပြုသည်
  • အခြားအန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် အရာများ
    • ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများ (Carcinogens) (ဥပမာ – acetaldehyde နှင့် formaldehyde)
    • အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်သော ဓာတုပစ္စည်းများ (ဥပမာ – acrolein၊ diacetyl နှင့် diethylene glycol)
    • THC (ဆေးခြောက်တွင်ပါဝင်သော ဓာတုပစ္စည်း)
    • Vitamin E acetate – အငွေ့ရှူသွင်းခြင်းကြောင့် ဖြစ်သော အဆုတ်ထိခိုက်မှု (EVALI) နှင့် အဓိကဆက်စပ်နေသော ဓာတုပစ္စည်းများ
    • ဘေးထွက်ဆိုးကျိုးများသော သတ္တုအပြင်းစားများ (Heavy metals) (ဥပမာ – နီကယ်၊ သံဖြူ၊ ခဲ၊ ကတ်မီယမ်)
    • အဆုတ်အတွင်းထိ နက်ရှိုင်းစွာ ရောက်ရှိနိုင်သော အလွန်သေးငယ်သည့် အမှုန်များ (Ultrafine particles) စသဖြင့် အမျိုးအစားများစွာ ပါဝင်သည်။
Vaping ကြောင့်ဖြစ်ပေါ်နိုင်သော ကျန်းမာရေးအန္တရာယ်များ

Vaping သည် ကျန်းမာရေးအတွက် ဘေးကင်းသည်မဟုတ်ဘဲ ဆေးလိပ်သောက်ခြင်းကဲ့သို့ပင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိစေပြီး၊ ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။

  1. Vape စတင်သုံးစွဲချိန်တွင် တွေ့ရသော လက်ငင်းပြဿနာများ
    • ချောင်းဆိုးခြင်း
    • အသက်ရှူရခက်ခဲခြင်း
    • မျက်လုံးယားယံခြင်း
    • ခေါင်းကိုက်ခြင်း
    • ပါးစပ်နှင့်လည်ချောင်း ခြောက်သွေ့ယားယံခြင်း
    • ပျို့အန်ခြင်းစသည်တို့ကို ခံစားရလေ့ရှိသည်။
  2. အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
    Vape ကို ‌ရေရှည်စွဲမြဲစွာ သုံးစွဲလာပါက အသက်ရှူလမ်းကြောင်းနှင့် အဆုတ်တွင် ပြင်းထန်စွာ ထိခိုက်နိုင်ခြေမြင့်မားသည်။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ_
    • အဆုတ်ရောင်ရမ်းခြင်းနှင့် ယားယံခြင်း (Airway inflammation and irritation)
      ရှူသွင်းလိုက်သော အမှုန်များသည် အဆုတ်တွင် ရောင်ရမ်းမှုနှင့် ယားယံမှုကို ဖြစ်စေသည်။
    • ပန်းနာရင်ကျပ် (Asthma) နှင့် နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါ (COPD)
      ထိုရောဂါများဖြစ်နိုင်ခြေကို ပိုများစေသည့်အပြင် နဂိုအခံရောဂါရှိသော လူနာများတွင်လည်း လက္ခဏာများကို ပိုမိုဆိုးရွားစေသည်။
    • အဆုတ်ထိခိုက်ပျက်စီးခြင်း (Lung scarring)
      အဆုတ်အသားမာဖြစ်ခြင်းနှင့် လေပြွန်များ ကျဉ်းမြောင်းခြင်းကို ဖြစ်စေနိုင်သည်။
    • အဆုတ်အသားမာဖြစ်ခြင်း (Popcorn Lung or Bronchiolitis obliterans)
      Diacetyl ကဲ့သို့သော အရသာခံဓာတုပစ္စည်းများသည် အဆုတ်တွင် ပြန်လည်ပျောက်ကင်းနိုင်ခြေ နည်းပါးသော အမြဲတမ်းအမာရွတ်များ ဖြစ်ကျန်စေနိုင်သည်။
    • EVALI (E-cigarette, or vaping, product use associated lung injury)
      Vaping ကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် အဆုတ်ရောဂါဖြစ်သည်။ ရောဂါလက္ခဏာများအနေဖြင့်
      • ချောင်းဆိုးခြင်း
      • အသက်ရှူရခက်ခဲခြင်း
      • ရင်ဘတ်အောင့်ခြင်း
      • ဖျားခြင်း
      • အန်ခြင်း
      • ဝမ်းလျှောခြင်း
      • ဗိုက်နာခြင်း
      • နှလုံးခုန်နှုန်းမြန်ခြင်းစသည့် လက္ခဏာများ ခံစားရသည့်အပြင် အသက်အန္တရာယ်ကိုပင် ဖြစ်စေနိုင်သည်။
  3. ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်းနှင့် အခြားအန္တရာယ်များ
    • နှလုံး၊ ဦးနှောက်နှင့် သွေးကြောများထိခိုက်ခြင်း
      • နီကိုတင်းနှင့် အခြားပါဝင်ပစ္စည်းများသည် နှလုံးနှင့် ဦးနှောက်ကို ထိခိုက်စေနိုင်သည်
      • နီကိုတင်းဓာတ်သည် အဓိကအားဖြင့် သွေးပေါင်ချိန်တက်ခြင်းနှင့် သွေးလွှတ်ကြောများ ကျဉ်းမြောင်းခြင်းကို ဖြစ်စေနိုင်သည်
    • ကင်ဆာဖြစ်နိုင်ခြင်း
      • Vape အရည်တွင် ပါဝင်သော ကင်ဆာဖြစ်စေသည့် ဓာတုပစ္စည်းအချို့ကြောင့် ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေနိုင်သည်
    • ဘေးပတ်ဝန်းကျင်မှ အငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိခြင်း (Second-hand exposure)
      • Vape သုံးစွဲသူအနီးရှိ လူများသည်လည်း အခိုးအငွေ့မှထွက်သော နီကိုတင်းနှင့် အခြားဓာတုပစ္စည်းများကို ရှူရှိုက်မိနိုင်သည့် အန္တရာယ်ရှိသည်
    • ပေါက်ကွဲနိုင်ခြင်း
      • Vape ကိရိယာရှိ ဘက်ထရီများ ချို့ယွင်းပါက ပေါက်ကွဲပြီး ပြင်းထန်သည့် ဒဏ်ရာနှင့် မီးလောင်မှုများကို ဖြစ်စေနိုင်သည်
    • အဆိပ်သင့်နိုင်ခြင်း
      • Vape အရည်ကို မတော်တဆ မျိုချမိခြင်း သို့မဟုတ် အရေပြားနှင့် ထိတွေ့မိခြင်းကြောင့် ကလေးများသာမက လူကြီးများတွင်လည်း အဆိပ်သင့်နိုင်သည်
  4. ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အန္တရာယ်များ
    • ကိုယ်ဝန်ဆောင်စဉ် Vape သုံးစွဲခြင်းသည် ဘေးအန္တရာယ်များစွာရှိသည်
    • နီကိုတင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်လည်း အန္တရာယ်ဖြစ်စေပြီး၊ ဖွံ့ဖြိုးဆဲ သန္ဓေသားအတွက် အဆိပ်အတောက် ဖြစ်စေသည်
    • သန္ဓေသား၏ ဖွံ့ဖြိုးဆဲ ဦးနှောက်နှင့်အဆုတ်ကို ထိခိုက်စေနိုင်သည့်အပြင် ကိုယ်အလေးချိန်နည်းသော ကလေးမွေးဖွားခြင်းနှင့် လမစေ့ဘဲ မွေးဖွားခြင်းစသည်တို့နှင့် ဆက်စပ်နေကြောင်း လေ့လာချက်များအရ သိရှိရသည်
  5. နီကိုတင်း စွဲလမ်းမှုနှင့် ဦးနှောက်အပေါ် သက်ရောက်မှုများ
    • နီကိုတင်း စွဲလမ်းမှု (Nicotine Addiction)
      Vape အပါအဝင် ဆေးရွက်ကြီးမှ ထုတ်လုပ်သော ပစ္စည်းများကို လူများ အဓိကစွဲလမ်းစေသည့် ဓာတုပစ္စည်းများတွင် အဓိကအကျဆုံးပစ္စည်းမှာ နီကိုတင်းပင်ဖြစ်သည်။ အကြိမ်ကြိမ် အသုံးပြုပြီးနောက် လူတစ်ဦး၏ဦးနှောက်သည် နီကိုတင်းရှိနေခြင်းကို နေသားတကျဖြစ်သွားပြီး၊ ပုံမှန်စိတ်ခံစားမှု ရရန်အတွက် နီကိုတင်းကို လိုအပ်သည်ဟု ထင်မြင်လာသည်။ ယင်းသည် နီကိုတင်းစွဲလမ်းမှု၏ အဓိကလက္ခဏာဖြစ်သည်။
    • နီကိုတင်းစွဲလမ်းမှု လက္ခဏာများ
      • နီကိုတင်းကို ပြင်းပြင်းထန်ထန် တောင့်တခြင်း
      • သုံးစွဲမှုကို ရပ်တန့်နိုင်စွမ်း မရှိခြင်းနှင့် သုံးစွဲမှုပမာဏ ပိုမိုတိုးလာခြင်း
      • ကျန်းမာရေး ထိခိုက်လာလျှင်ပင် ရပ်တန့်ရန် ခက်ခဲခြင်း
      • စွဲလမ်းမှုကြောင့် မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေး၊ ကျောင်း၊ အလုပ် သို့မဟုတ် အခြားလှုပ်ရှားမှုများတွင် စွမ်းဆောင်ရည်ကို ထိခိုက်စေခြင်း
    • ဦးနှောက်အပေါ် သက်ရောက်မှုများနှင့် အန္တရာယ်များ
      နီကိုတင်းသည် ဦးနှောက်တွင် ပြင်းထန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး အထူးသဖြင့် လူငယ်များအတွက် အန္တရာယ် ပိုမိုများပြားသည်။
    • လူငယ်များအတွက် အန္တရာယ်
      နီကိုတင်းသည် အသက် (၂၅) နှစ်အထိ ဖွံ့ဖြိုးဆဲ ဦးနှောက်ကို ထိခိုက်စေနိုင်သည်။
      • ဖွံ့ဖြိုးမှု ထိခိုက်ခြင်း – အာရုံစူးစိုက်မှု၊ သင်ယူမှု၊ စိတ်ခံစားမှုနှင့် စိတ်ထိန်းချုပ်မှုဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းများကို ထိခိုက်စေသည်
      • အခြားစွဲလမ်းမှု အန္တရာယ် – အနာဂတ်တွင် အခြားမူးယစ်ဆေးဝါးများကို စွဲလမ်းရန် အန္တရာယ်ပိုများစေသည်
      • စီးကရက် ဆက်လက်သောက်သုံးနိုင်ခြေ – Vape သုံးစွဲသော လူငယ်များသည် နောက်ပိုင်းတွင် စီးကရက်သောက်ရန် ပို၍ဖြစ်နိုင်ခြေရှိသည်
    • စိတ်ကျန်းမာရေး ထိခိုက်ခြင်း
      • Vape သုံးစွဲခြင်းသည် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး စိုးရိမ်စိတ်၊ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းတို့နှင့် ဆက်စပ်ကြောင်း တွေ့ရှိရသည်
      • နီကိုတင်းစွဲလမ်းခြင်းကြောင့်သာမက ဆေးဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများသည် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို ပိုမိုဆိုးရွားစေနိုင်သည်
    • နီကိုတင်းဆေးဖြတ်ခြင်း လက္ခဏာများ (Withdrawal Symptoms)
      နီကိုတင်းစွဲနေသူတစ်ဦးသည် အသုံးပြုခြင်းကို ရုတ်တရက်ရပ်လိုက်သောအခါ ၎င်း၏ ခန္ဓာကိုယ်နှင့် ဦးနှောက်သည် ပြုပြင်ပြောင်းလဲမှုများ လက်ခံရန် အချိန်လိုအပ်သည်။ ထိုအချိန်တွင် နီကိုတင်းဆေးဖြတ်ခြင်း လက္ခဏာများကို ယာယီဖြစ်ပေါ်စေနိုင်ပြီး ယင်းလက္ခဏာများတွင်
      • စိတ်တိုလွယ်ခြင်း
      • ထိတ်လန့်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း သို့မဟုတ် စိုးရိမ်စိတ်များခြင်း
      • စိတ်ဓာတ်ကျခြင်း
      • အိပ်မပျော်ခြင်း
      • အာရုံစူးစိုက်ရန် ခက်ခဲခြင်း
      • ဆာလောင်ခြင်း
      • နီကိုတင်းကို တောင့်တခြင်းစသည်တို့ ခံစားရနိုင်သည်။
Vaping ပြုလုပ်၍ ဆေးလိပ်ဖြတ်ခြင်းအန္တရာယ်
  • Vaping သည် ဆေးလိပ်သောက်ခြင်းထက် ပို၍ အန္တရာယ်နည်းပါးသည်ဟု ထင်ရသော်လည်း လုံးဝဘေးကင်းသည် မဟုတ်ဘဲ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်သည်
  • အချို့သူများသည် ဆေးလိပ်ဖြတ်ရန်အတွက် Vaping ကို အသုံးပြုသော်လည်း နီကိုတင်းစွဲလမ်းမှုကိုသာ ဆက်လက်ဖြစ်စေနိုင်ပြီး၊ ဆေးလိပ်ဖြတ်ရာတွင် ထိရောက်မှု ရှိမရှိ ခိုင်လုံသည့် အထောက်အထားများ မတွေ့ရှိသေးပါ
  • အီး-စီးကရက်နှင့် ဆေးလိပ်နှစ်မျိုးစလုံး သုံးစွဲခြင်း (Dual Use) သည်လည်း ကျန်းမာရေးကို ကာကွယ်ရန် ထိရောက်သော နည်းလမ်းမဟုတ်ပါ၊ ၎င်းသည် ထုတ်ကုန်တစ်ခုတည်းကို သုံးစွဲသည်ထက် ပိုမိုဆိုးရွားသော ကျန်းမာရေးရလဒ်များနှင့် ပိုမိုများပြားသော အဆိပ်အတောက်များနှင့် ထိတွေ့မှုကို ဖြစ်စေနိုင်သည်
  • အဆုတ်ထိခိုက်ပျက်စီးမှုအချို့သည် ဆေးလိပ် သို့မဟုတ် Vape ဖြတ်လိုက်ပါက ပြန်လည်ကောင်းမွန်နိုင်သော်လည်း အဆုတ်အသားမာဖြစ်ခြင်းကဲ့သို့ အခြေအနေများသည် အမြဲတမ်း ကျန်ရှိနေနိုင်သည်
  • ထို့ကြောင့် အကောင်းဆုံးနှင့် စိတ်အချရဆုံး နည်းလမ်းမှာ Vape များနှင့် ဆေးလိပ်၊ ဆေးရွက်ကြီး ထုတ်ကုန်နှစ်မျိုးလုံးကို လုံးဝ မသုံးစွဲရန်ဖြစ်သည်။
Vape ဖြတ်ခြင်း သို့မဟုတ် နီကိုတင်းဖြတ်ခြင်း

ဦးနှောက်သည် နီကိုတင်းမရှိသည့် အခြေအနေကို ယဉ်ပါးလာသည်နှင့်အမျှ ဆေးဖြတ်ခြင်းလက္ခဏာများသည် အချိန်ကြာလာလျှင် ပျောက်ကွယ်သွားနိုင်သည်။ ဆေးဖြတ်နေချိန်တွင် လိုက်နာသင့်သော အချက်များမှာ_

  1. Vape ဖြတ်ခြင်းသည် ရက်အနည်းငယ်ကြိုးစားရုံဖြင့် မအောင်မြင်နိုင်သော်လည်း တိကျသော အစီအစဉ် သို့မဟုတ် ပန်းတိုင်တစ်ခုကို ချမှတ်ပါ
  2. Vape ဖြတ်ရန် ကုထုံးပညာရှင် (Therapist) များနှင့် တိုင်ပင်ဆွေးနွေးပါ၊ ချမှတ်ထားသော ပန်းတိုင် သို့မဟုတ် အစီအစဉ်ကို အဆင်ပြေစေရန် များစွာအထောက်အပံ့ပေးနိုင်မည်ဖြစ်သည်
  3. Vape ဖြတ်မည့်ရက်ကို ကိုယ်တိုင်သတ်မှတ်ပါ၊ ရက်စွဲသည် မနီးမဝေးဖြစ်နေလျှင် ပိုကောင်းမည်ဖြစ်ပြီး စိတ်ဖိစီးမှုများသော ဖြစ်ရပ်တစ်ခုခုနှင့် မတိုက်ဆိုင်စေရန် ဂရုပြုပါ
  4. Vape ဖြတ်မည့်အစီအစဉ်ကို သူငယ်ချင်းများနှင့် မိသားစုအား အသိပေးပါ၊ ရင်းနှီးချစ်ခင်သူများ၏ အားပေးထောက်ခံမှုသည် မိမိပန်းတိုင်ကို အမြန်ဆုံးရောက်ရှိရန် ခွန်အားဖြစ်စေနိုင်သည်
  5. Vape ဖြတ်ချင်သည့် အကြောင်းပြချက်များကို စာရင်းပြုလုပ်ပါ၊ Vape ဖြတ်သည့် ကာလတစ်လျှောက်လုံး ထိုအကြောင်းပြချက်များကို ပြန်ကြည့်ပါ သို့မဟုတ် ပြန်လည်စဉ်းစားပါ
  6. သွေးဆောင်မှုများနှင့် လှုံ့ဆော်မှုများကို ရှောင်ရှားပါ၊ ယခင်က Vape သုံးလေ့ရှိသည့် အခြေအနေများကို ရှောင်ကြဥ်ရန်ကြိုးစားပါ သို့မဟုတ် အခြားသော လှုပ်ရှားဆောင်ရွက်မှုများဖြင့် အစားထိုးပါ
  7. လေ့ကျင့်ခန်းလုပ်ပါ
    လေ့ကျင့်ခန်းလုပ်ခြင်းသည် Vape သုံးစွဲချင်စိတ်ကို အာရုံလွှဲပေးရုံသာမက ကျန်းမာလန်းဆန်းစေသည်။ ယောဂလုပ်ခြင်း၊ တရားထိုင်ခြင်းနှင့် အသက်ပြင်းပြင်း သို့မဟုတ် စည်းချက်ကျကျ ရှူသွင်းခြင်းတို့ဖြင့် စိတ်ကို ဖြေလျှော့ရန် သင်ယူပါ။
  8. နီကိုတင်းစွဲလန်းမှုကြောင့် ခေါင်းကိုက်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သည်ကို သတိထားပါ၊ နီကိုတင်းပီကေ၊ ကပ်ခွာ (patches) သို့မဟုတ် အခြားဆေးဝါးများသည် စွဲလန်းတောင့်တမှုများကို သက်သာစေရန် ကူညီပေးနိုင်သည်

References:

  1. American Cancer Society. (n.d.). E-cigarettes & vaping. Retrieved November 19, 2025, from https://www.cancer.org/cancer/risk-prevention/tobacco/e-cigarettes-vaping.html
  2. Centers for Disease Control and Prevention. (n.d.). Health effects of e-cigarettes. Retrieved November 19, 2025, from https://www.cdc.gov/tobacco/e-cigarettes/health-effects.html
  3. Cleveland Clinic. (n.d.). Vaping. Retrieved November 19, 2025, from https://my.clevelandclinic.org/health/treatments/21162-vaping
  4. Hopkins Medicine. (n.d.). 5 truths you need to know about vaping. Retrieved November 19, 2025, from https://www.hopkinsmedicine.org/health/wellness-and-prevention/5-truths-you-need-to-know-about-vaping
  5. Royal Children’s Hospital Melbourne. (n.d.). E-cigarettes and teens. Retrieved November 19, 2025, from https://www.rch.org.au/kidsinfo/fact_sheets/E-cigarettes_and_teens/
  6. World Health Organization. (n.d.). Tobacco: E-cigarettes. Retrieved November 19, 2025, from https://www.who.int/news-room/questions-and-answers/item/tobacco-e-cigarettes
  7. Henry Ford Health. (2024). The health risks of e-cigarettes vs traditional cigarettes. Retrieved November 19, 2025, from https://www.henryford.com/blog/2024/06/the-health-risks-of-e-cigarettes-vs-traditional-cigarettes
  8. Innokin. (n.d.). Types of vapes. Retrieved November 19, 2025, from https://www.innokin.com/blog/types-of-vapes

Published: 26 December 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Care of the bed ridden patient (အိပ်ရာထဲ လဲနေသော လူနာများ ပြုစုစောင့်ရှောက်ခြင်း)
Dec 24, 2025
Healthy Lifestyles

Care of the bed ridden patient (အိပ်ရာထဲ လဲနေသော လူနာများ ပြုစုစောင့်ရှောက်ခြင်း)

အိပ်ရာထဲလဲနေသော လူနာများသည် ၄င်းတို့၏ နေ့စဥ်လုပ်ငန်းဆောင်တာများကို...

Geriatric Care (သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း)
Dec 24, 2025
Healthy Lifestyles

Geriatric Care (သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း)

အသက် (၆၅) နှစ်နှင့်အထက်ရှိသော သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့်...

Aging and Health (အိုမင်းရင့်ရော်ခြင်းနှင့် ကျန်းမာရေး)
Dec 24, 2025
Healthy Lifestyles

Aging and Health (အိုမင်းရင့်ရော်ခြင်းနှင့် ကျန်းမာရေး)

အိုမင်းခြင်းသည် သက်ရှိလူသားတိုင်း ကြုံတွေ့ရမည့် သဘာဝဖြစ်စဥ်တစ်ခုဖြစ်သည်။