အိပ်ရာထဲလဲနေသော လူနာ (Bed ridden patient) ဆိုသည်မှာ ရက်ပေါင်း (၁၅) ရက် သို့မဟုတ် ထို့ထက်ပို၍ ရောဂါအခြေအနေတစ်ခုခုကြောင့် အိပ်ရာထဲတွင်သာ နေထိုင်နေရသူဖြစ်ပြီး၊ အချိန်၏ (၉၀) ရာခိုင်နှုန်းကျော်ကို အိပ်ရာထဲတွင်သာ ကုန်ဆုံးနေရကာ သူ၏ နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် အကူအညီလိုအပ်သူကို ဆိုလိုသည်။ ထို့ကြောင့် အိပ်ရာထဲလဲနေသော လူနာများအား ပြုစုစောင့်ရှောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ခံမှုနှင့် ၄င်းတို့၏ ကျန်းမာရေးအခြေအနေများကို ဂရုစိုက်ခြင်းစသည်တို့ ပေါင်းစပ်ပေးရန် လိုအပ်သည်။ အိပ်ရာထဲလဲနေသော လူနာအား ပြုစုစောင့်ရှောက်ခြင်းသည် မိသားစုဝင်တစ်ဦးဦးဖြစ်စေ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများတွင်ဖြစ်စေ လူနာအပေါ် စိတ်ရှည်သည်းခံမှု၊ နားလည်မှုတို့ဖြင့် လုပ်ဆောင်ရန် လိုအပ်ခြင်းကြောင့် ခက်ခဲပင်ပန်းသော်လည်း လူနာအတွက် မရှိမဖြစ် အရေးပါသော တာဝန်တစ်ခုလည်းဖြစ်သည်။ ထိခိုက်ဒဏ်ရာ သို့မဟုတ် ခွဲစိတ်ကုသမှုမှ ပြန်လည်ကောင်းမွန်လာသူ သို့မဟုတ် နာတာရှည်ရောဂါဖြင့် ထိုသူ၏ နေ့စဥ်ဘဝ ရှင်သန်ရေးအတွက် ရုန်းကန်နေရသူတစ်ဦးတွင် ၄င်းတို့၏ ကျန်းမာရေး၊ သက်သောင့်သက်သာရှိမှုနှင့် ပြန်လည်နာလန်ထူရေးတို့အတွက် အကောင်းဆုံး ပြုစုစောင့်ရှောက်မှုပေးခြင်းသည် အလွန်အရေးပါလှသည်။
အိပ်ရာထဲလဲနေသော လူနာများ၏ လိုအပ်ချက်များကို နားလည်ခြင်း
လူတစ်ဦးသည် ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေ၊ ခွဲစိတ်ကုသမှုမှ ပြန်လည် နာလန်ထူနေရခြင်းကြောင့်ဖြစ်စေ သို့မဟုတ် အိုမင်းရင့်ရော်မှု၏ စိန်ခေါ်မှုများကြောင့်ဖြစ်စေ အိပ်ရာထဲလဲနေရသူများသည် ဖိအားဒဏ်ကြောင့် အရေပြားတွင်ဖြစ်သော အိပ်ရာနာများ (Pressure sores)၊ အဆစ်များ တောင့်တင်းခြင်း (Contractures) နှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများအပါအဝင် နောက်ဆက်တွဲပြဿနာမျိုးစုံ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ လူနာ၏ ကျန်းမာရေးဆိုင်ရာ အခြေအနေများအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သော ပြည့်စုံသည့် ပြုစုစောင့်ရှောက်မှုအစီအစဥ် (Comprehensive care plan) ရရှိရန်မှာ အလွန်အရေးကြီးသည်။ ထို့ကြောင့် ၄င်းတို့၏ နေ့စဥ်ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို စာနာနားလည်ခြင်းသည် ထိရောက်သော ပြုစုစောင့်ရှောက်မှုပေးရာတွင် ပထမဆုံးခြေလှမ်းဖြစ်သည်။ လူနာ၏အခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ ပြုစုစောင့်ရှောက်မှုအစီအစဥ်ကို လိုက်လျောညီထွေ ပြောင်းလဲပြင်ဆင်နိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် ပုံမှန်တိုင်ပင်ဆွေးနွေးရန်လည်း အရေးကြီးသည်။
အဖြစ်များသော နောက်ဆက်တွဲပြဿနာများ
အိပ်ရာထဲတွင် ကြာရှည်စွာ လဲလျောင်းနေရခြင်းသည် ဖိအားဒဏ်ကြောင့်ဖြစ်သော အိပ်ရာနာများ၊ ဝမ်းချုပ်ခြင်း၊ အရိုးအားနည်းခြင်း၊ သွေးခဲခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိသော နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရန်နှင့် အကောင်းဆုံး ပြန်လည်သက်သာလာပြီး နာလန်ထူနိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများသည် အလွန်အရေးကြီးသည်။ စောစီးစွာ နလန်ထလှုပ်ရှားမှု ပြုလုပ်ခြင်းသည် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးနိုင်သော အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပြီး ပြဿနာများ ဖြစ်ပေါ်ကာမှ ကုသခြင်းထက် ပို၍လွယ်ကူသည်။
- ကြွက်သားနှင့် အရိုးအဆစ်ဆိုင်ရာ ပြဿနာများ
ကြွက်သားများအားနည်းပြီး ကျုံလှီလာခြင်း (Muscle atrophy) နှင့် အဆစ်များ တောင့်တင်းခြင်းကဲ့သို့သော ပြဿနာများ ဖြစ်လေ့ရှိသည်။ ယင်းကြောင့် ခန္ဓာကိုယ်အခြေအနေ ပျက်ယွင်းခြင်း (Deconditioning) ကို ကြုံတွေ့ရကာ ကိုယ်ကာယဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းနှင့် ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းများကို ဆုံးရှုံးသွားစေနိုင်သည်။ - အခြားသော ကိုယ်တွင်းအင်္ဂါစနစ်ဆိုင်ရာ ပြဿနာများ
လှုပ်ရှားမှုနည်းပါးခြင်းကြောင့် ဖြစ်ပေါ်နိုင်သော အခြားပြဿနာများမှာ အစာအိမ်ထဲမှ အစာခြေရည်များ အစာမျိုပြွန်သို့ ပြန်တက်ခြင်း၊ ဇီဝကမ္မဖြစ်စဉ် နှေးကွေးခြင်းနှင့် ကိုယ်တွင်းအင်္ဂါစနစ် အားလုံးနီးပါးထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အဆုတ်ရောင်ရောဂါကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ဆီးသွားရန် အခက်အခဲရှိသဖြင့် ဆီးပိုက် ကြာရှည်စွာ ထည့်ထားရသူများတွင် မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့လည်း ဖြစ်ပေါ်တတ်သည်။ - နှလုံးသွေးကြောနှင့် အာရုံကြောဆိုင်ရာ ပြဿနာများ
အိပ်ရာထဲလဲနေသူများသည် နှလုံးသွေးကြောဆိုင်ရာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ၊ ကိုယ်ခန္ဓာလှုပ်ရှားမှုဆိုင်ရာနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ အန္တရာယ်ရှိသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ အလွန်အမင်း လှုပ်ရှားမှုမရှိခြင်းနှင့် ဆက်စပ်နေသော နှလုံးသွေးကြောဆိုင်ရာ ပြဿနာများမှာ ကိုယ်ဟန်အနေအထားပြောင်းလဲလျှင် သွေးပေါင်ကျခြင်း (Postural hypotension) နှင့် ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း (Deep Vein Thrombosis) တို့ဖြစ်သည်။ ပုံမှန်မဟုတ်သော နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းတို့ကြောင့် အိပ်စက်မှုဆိုင်ရာ ပြဿနာများလည်း ဖြစ်ပွါးနိုင်သည်။
ပြုစုစောင့်ရှောက်သူများသည် လူနာအား သင့်လျော်သော အာဟာရရရှိစေရန်၊ လှုပ်ရှားမှုကို အားပေးရန်နှင့် ဖိအားကြောင့် အိပ်ရာနာများ မဖြစ်ပွားစေရန် အရေပြားကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးခြင်း အစရှိသည့် နည်းလမ်းများကို အသုံးပြု၍ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်သည်။ အိပ်ရာထဲ ကြာရှည်စွာ လဲနေသူများ၏ နောက်ဆက်တွဲဆိုးကျိုးများသည် အလွန်ပြင်းထန်သဖြင့် အိပ်ရာထဲလဲနေသူများ၏ ကျန်းမာရေးကောင်းမွန်စေရန်နှင့် အမြန်ဆုံး ပြန်လည်နာလန်ထူလာနိုင်စေရန် အောက်ဖော်ပြပါ ပြုစုစောင့်ရှောက်ရေးနှင့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာရန် လိုအပ်သည်။
အိပ်ရာထဲလဲနေသူအား ပြုစုစောင့်ရှောက်မှု နည်းလမ်းများ
- ဖိအားဒဏ်ကြောင့် ဖြစ်သော အိပ်ရာနာများ (Bedsores) နှင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ခြင်း
အိပ်ရာတွင် လဲနေသူများ ရင်ဆိုင်ရလေ့ရှိသည့် အဖြစ်အများဆုံး ပြဿနာများထဲမှ တစ်ခုမှာ ဖိအားကြောင့်ဖြစ်သော အိပ်ရာနာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤအနာများသည် အရေပြားပေါ်တွင် ဖိအားကြာရှည်စွာ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာရပြီး အထူးသဖြင့် အရိုးများနှင့် အရေပြားမျက်နှာပြင်တို့ နီးကပ်နေသည့် နေရာများဖြစ်သော ဖနောင့်၊ တံတောင်ဆစ်နှင့် တင်ပါးဆုံတို့တွင် မကြာခဏ ဖြစ်ပေါ်တတ်သည်။
ကာကွယ်ရေး နည်းလမ်းများ- ကိုယ်ဟန်အနေအထား ပြောင်းလဲပေးခြင်း (Changing positions)
လူနာ၏ ကိုယ်ဟန်အနေအထားကို အနည်းဆုံး နှစ်နာရီ တစ်ကြိမ် ပြောင်းပေးပါ။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ထိခိုက်လွယ်သော နေရာများပေါ်မှ ဖိအားကို လျှော့ချပေးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တင်ပါးရိုးပေါ်သို့ တိုက်ရိုက်ဖိ၍ မထားရပါ၊ ခုတင်၏ ခေါင်းရင်းပိုင်းကို မြှင့်တင်ထားခြင်းကို ရှောင်ကြဥ်ပါ။ ဖိအားများကို လျှော့ချရန်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးကို အထောက်အပံ့ပေးနိုင်ရန် ကူရှင်များ၊ ခေါင်းအုံး သို့မဟုတ် ရေမြှပ်ဖော့တုံးအခံများကို အသုံးပြုပါ
လူနာကို ရွှေ့ပြောင်းပေးခြင်းနှင့် ကိုယ်ဟန်အနေအထားပြောင်းလဲခြင်း ပြုလုပ်ရာတွင် လိုက်နာရမည့် အချက်များမှာ_- လူနာကို တစ်ဖက်သို့ ရွှေ့ခြင်း (Moving the patient to one side)
လူနာကို ခုတင်၏တစ်ဖက်သို့ ညင်သာစွာ တွန်းရွှေ့ပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် လူနာကို ကိုယ်ဟန်အနေအထား ပြောင်းလဲရန်နှင့် ပြုစုစောင့်ရှောက်မှုပေးရန် နေရာလွတ် ပိုရစေသည်။ - လူနာကို ခေါင်းရင်းပိုင်းသို့ ဆွဲတင်ခြင်း (Moving the patient up the bed)
လူနာ သက်သောင့်သက်သာရှိစေပြီး ဘေးကင်းစေရန်အတွက် လူနာကို ခေါင်းရင်းဘက်သို့ ဂရုတစိုက် မတင်ပါ သို့မဟုတ် တွန်းရွှေ့ပါ။ - ဦးခေါင်းနှင့်ပခုံးကို မတင်ခြင်း (Lifting the head and shoulder)
လူနာ၏ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားရင်း ခေါင်းနှင့်ပခုံးကို အနည်းငယ် မြှင့်တင်ပေးခြင်းသည် ထိုင်နေရန် သို့မဟုတ် ခန္ဓာကိုယ်အနေအထား ချိန်ညှိရန် ကူညီပေးသည်။ - ဘေးဖက်သို့လှည့်ပေးခြင်း (Turning onto their side)
လူနာကို ပြုစုစောင့်ရှောက်သူရှိရာ ဘေးဖက်သို့ ဖြည်းညှင်းစွာ လှည့်ပေးခြင်းဖြင့် လူနာကို ပိုမိုသက်သောင့်သက်သာ ဖြစ်စေသည့်အပြင် အခင်းပြောင်းလဲခြင်းများ ပြုလုပ်ပေးနိုင်သည်။ - ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ပြိုင်နက်တည်း လှည့်ပေးခြင်း (Logrolling)
လူနာပြုစုသူနှစ်ဦး တွဲဖက်၍ လူနာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တပြိုင်နက်တည်း ဖြောင့်တန်းစွာထိန်းလျက် လှည့်ပေးခြင်းဖြင့် ကြွက်သားများဆွဲဆန့်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းတို့မှ ရှောင်ရှားနိုင်သည် (အထူးသဖြင့် ခွဲစိတ်ကုသပြီးစ သို့မဟုတ် ဒဏ်ရာရထားစအချိန်တွင်)။ - ထိုင်ခိုင်းခြင်း (Sitting)
လူနာကို ခုတင်ပေါ်တွင် ဘေးကင်းစွာ ထိုင်နိုင်အောင် ကူညီပေးပါ။ လိုအပ်သလို ကျောဖက်နှင့် ခြေထောက်များကို ထောက်ကူပေးပါ။
- လူနာကို တစ်ဖက်သို့ ရွှေ့ခြင်း (Moving the patient to one side)
- အထူးစီမံပြုလုပ်ထားသော အိပ်ရာပစ္စည်းများကို အသုံးပြုခြင်း (Use specialized bedding)
ဖိအားလျှော့ချပေးသော မွေ့ရာများ (ဥပမာ _ ရေမြှပ်မွေ့ရာ သို့မဟုတ် လေမွေ့ရာ) ကို အသုံးပြုပေးပါ။ အိပ်ရာခင်းများ ရေစိုသည့်အခါ လဲလှယ်ပေးပါ။ ထို့အပြင် အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်သော လေဝင်လေထွက်ကောင်းသည့် ချည်သားအထည်များကို ရွေးချယ်အသုံးပြုပါ။ - အရေပြားထိန်းသိမ်းမှု လုပ်ငန်းစဥ် (Routine skin care)
အရေပြားကို စွတ်စိုထိုင်းမှိုင်းမှုမရှိဘဲ သန့်ရှင်းနေစေရန် ထိန်းသိမ်းထားရှိပါ။ နေ့စဥ် ရေချိုးပေးရန် လိုအပ်ပြီး၊ ရေချိုးပြီးနောက် အရေပြားကို နူးညံ့စေရန် အစိုဓာတ်ထိန်းခရင်မ်များ (Moisturizers) လိမ်းပေးပါ။ အရေပြားပါးလွှာသော သို့မဟုတ် ပျက်စီးလွယ်သော နေရာများကို အထူးဂရုပြု၍ နီမြန်းခြင်း သို့မဟုတ် ယားယံခြင်းလက္ခဏာများ ရှိမရှိ ပုံမှန်စစ်ဆေးကြည့်ရှုပါ။
- ကိုယ်ဟန်အနေအထား ပြောင်းလဲပေးခြင်း (Changing positions)
- တစ်ကိုယ်ရေ သန့်ရှင်းမှု ထိန်းသိမ်းခြင်း
အိပ်ရာထဲလဲနေသူတစ်ယောက် တစ်ကိုယ်ရေ သန့်ရှင်းမှုရှိစေရန် ခေါင်းမှစ၍ ခြေထောက်အဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးကို သန့်ရှင်းအောင် ပြုလုပ်ပေးခြင်းသည် ရောဂါပိုးများကို ကာကွယ်နိုင်သည့်အပြင် အိပ်ရာထဲလဲနေသူ၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းပေးနိုင်သည်။- ဦးခေါင်းနှင့်ဆံပင် ကျန်းမာသန့်ရှင်းရေး
ဦးရေပြားကို နှိပ်နယ်ပေးခြင်းနှင့် ဘီးဖြင့် ဖြီးပေးခြင်းတို့က သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင် ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးနိုင်သည်။ ထို့ပြင် ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားယားယံခြင်း၊ ရောဂါပိုးများမှ ကာကွယ်နိုင်ရန် ဆံပင်ပုံမှန်လျှော်ပေးရန် လိုအပ်သည်။ ဆံပင်ကို ဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည်ဖြင့် စင်ကြယ်စွာလျှော်ပါ။ ဆံပင်ကို ရေစင်အောင်ဆေးပြီး အခြောက်ခံပေးပါ။ လူနာပက်လက်အနေအထားတွင် အနားယူရာတွင် ပိုမိုသက်သောင့်သက်သာဖြစ်စေရန် ဆံပင်ကို နားရွက်အနောက်ဘက် ဦးခေါင်းတစ်ဖက်တစ်ချက်စီတွင် နှစ်ဖက်ခွဲ၍ ထုံးထားပေးပါ။ - မျက်စိ သန့်ရှင်းရေး
မျက်စိနှင့် ပတ်သတ်သည့် အဖြစ်အများဆုံး ပြဿနာမှာ မျက်တောင်မွှေးများပေါ်တွင် ခြောက်သွေ့ကပ်ငြိသွားသော မျက်ရည်၊ မျက်လုံးဂလင်းများမှ အရည်များဖြစ်သည်။ ထိုခြောက်သွားသောအရာများကို ပျော့ပျောင်းအောင် ပြုလုပ်ပြီး ဖယ်ရှားရန် လိုအပ်သည်။ အလွန်မပူသော ရေနွေးဂွမ်းဖတ်များကို အသုံးပြု၍ မျက်လုံး၏ အတွင်းထောင့်မှ အပြင်ထောင့်သို့ သန့်စင်ပေးရန် လိုအပ်သည်။ မျက်လုံးတစ်လုံးစီအတွက် သီးခြားဂွမ်းစများ အသုံးပြုပေးရန် လိုအပ်သည်။ တစ်နေ့လျှင် (၃) ကြိမ် သို့မဟုတ် (၄) ကြိမ်ခန့် သန့်ရှင်းရေး ပြုလုပ်ပေးရန် လိုအပ်သည်။ - နှာခေါင်းနှင့် နားသန့်ရှင်းရေး
နှာရည်များ အလွန်အမင်းစုပုံလာခြင်းကြောင့် နှာချေခြင်း၊ နှာရည်ယိုခြင်းတို့ ဖြစ်ပေါ်တတ်သည်။ နှာခေါင်းအပြင်ပိုင်းတွင် ခြောက်သွားသော နှပ်ချေးဖတ်များကို အဝတ်စို သို့မဟုတ် ဆီ၊ ရေတို့ဖြင့် စိုစွတ်အောင် ပြုလုပ်ထားသော ဝါဂွမ်းတံတို့ဖြင့် ဖယ်ရှားပြီး သန့်ရှင်းပေးနိုင်သည်။ နားအရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင်လည်း အညစ်အကြေးများ (နားဖာချေး) များ စုဆောင်းမိနိုင်သည်။ ထိုနားဖာချေးများ စုပုံလာပြီး ဖယ်ရှား၍ မရနိုင်ပါက နားလည်တတ်ကျွမ်းသော ဆရာဝန်များထံသို့ လွှဲပြောင်းပေးရန် လိုအပ်သည်။ - ခံတွင်းသန့်ရှင်းရေး
လူနာသည် သတိရှိနေသူဖြစ်ပါက ၄င်းတို့ ခံတွင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ကူညီလုပ်ဆောင်ပေးပါ။ အကယ်၍ လူနာသည် သတိကောင်းစွာမရသူဖြစ်ပါက ပြုစုစောင့်ရှောက်ပေးသူများကို ခံတွင်းသန့်ရှင်းရေးပြုလုပ်ရမည့် နည်းလမ်းများ စနစ်တကျ သင်ကြားပြသထားရန် လိုအပ်သည်။- သွားပွတ်တံ၊ သွားတိုက်ဆေး သို့မဟုတ် ဆားရည်တို့ကို အသုံးပြုပြီး တစ်ရက်လျှင် နှစ်ကြိမ် သို့မဟုတ် လူနာ၏အနေအထားပေါ်တွင် မူတည်၍ နေ့စဥ် ခံတွင်း သန့်ရှင်းရေးပြုလုပ်ပေးရန် လိုအပ်သည်
- မျက်နှာသုတ်ပုဝါကို ပါးအောက်တွင်ထား၍ လူနာကို ဘေးတစ်စောင်း လဲလျောင်းသည့်ပုံစံတွင် ထားပါ
- သွားပွတ်တံ၏အမွေးများကို တိုအောင်ညှပ်ပြီး ပတ်တီးစ သို့မဟုတ် ပိုးသတ်ထားသော ဝါဂွမ်းထည်ဖြင့် ပတ်ပြီးအသုံးပြုပါ
- သွားတိုက်တံပေါ်တွင် ဖရိုရိုက်ပါဝင်သော သွားတိုက်ဆေးကို ထည့်ပြီး ညင်သာစွာ ပွတ်တိုက်ပါ (သွားဖုံးနှင့် သွားများကို အပြင်ဖက်၊ အတွင်းဖက်နှင့် မျက်နှာပြင်အားလုံးကို ညင်သာစွာနှင့် စက်ပိုင်းပုံစံလှုပ်ရှားမှုဖြင့် ပွတ်တိုက်ပါ)
- ဘက်တီးရီးယားများ ဖယ်ရှားရန်နှင့် ခံတွင်းနံ့သက်သာစေရန် လျှာကို နောက်မှ ရှေ့သို့ ညင်သာစွာ တိုက်ပါ သို့မဟုတ် ခြစ်ပေးပါ
- လူနာသည် ပလုတ်ကျင်းနိုင်သူဖြစ်ပါက ရေအနည်းငယ် သို့မဟုတ် အရက်ပြန်မပါသော ခံတွင်းသန့်စင်ဆေးရည်နှင့် ပလုတ်ကျင်းခိုင်းပါ၊ ပလုတ်မကျင်းနိုင်သူဖြစ်ပါက စိုစွတ်သောအဝတ်စကို အသုံးပြုကာ ပိုလျှံနေသော သွားတိုက်ဆေးနှင့် အညစ်အကြေးများကို ညင်သာစွာ သုတ်ပေးပါ
- အရည်များ အဆုတ်ထဲဝင်၍ သီးခြင်းဖြစ်ပေါ်နိုင်ခြေများသူများတွင် သွားတိုက်စဥ် အရည်များကို စုပ်ထုတ်နိုင်ရန် အရည်စုပ်စက် (Suction Machine) ဖြင့် စုပ်ထုတ်ရန် လိုအပ်နိုင်သည်
- အံကပ်များရှိပါက တစ်ညလုံး ရေစိမ်ထားပါ၊ နှုတ်ခမ်းကွဲအက်ခြင်းအတွက် နှုတ်ခမ်းအဆီ (lip balm) လိမ်းပေးပါ
- ပုံမှန်ခုတင်ပေါ် ရေချိုးပေးခြင်း (Regular Bed Baths)
လူနာပြုစုစောင့်ရှောက်သူများသည် အိပ်ရာပေါ်လဲနေသူ လူနာများကို တစ်ကိုယ်ရည် သန့်ရှင်းမှုရှိစေရန် နေ့စဥ် ပုံမှန်ရေချိုးပေးခြင်းကို အောက်ပါအတိုင်း စနစ်တကျ ပြုလုပ်ပေးရန် လိုအပ်သည်။- ရေချိုးသည့်အချိန်တွင် လူနာအတွက် စိတ်လုံခြုံမှုရစေရန် အကာအကွယ်များ ပြုလုပ်ပေးထားပါ
- လူနာ၏အခန်းသည် နွေးထွေး၍ လေတိုက်ခြင်း ကင်းစင်နေရမည်
- လိုအပ်သော ပစ္စည်းကရိယာများအားလုံးကို လက်လှမ်းမီသော နေရာတွင် စီစဥ်ထားရမည်
- ရေ၏အပူချိန်ကို လူနာသက်သောင့်သက်သာရှိစေရန် ချိန်ညှိပေးရမည်
- အရေပြားခြောက်သွေ့မှု မဖြစ်စေရန် ဆပ်ပြာကို ကိုယ်ခန္ဓာမှ စင်ကြယ်စွာ ဖယ်ရှားရန် လိုအပ်သည်
- တစ်ကြိမ်လျှင် ခန္ဓာကိုယ် အစိတ်အပိုင်းငယ်တစ်ခုကိုသာဖော်၍ ရေချိုးပေးပါ
- လက်မောင်းနှင့် ခြေထောက်များကို သန့်ရှင်းရေးလုပ်ချိန်နှင့် အခြောက်ခံချိန်များတွင် အဆစ်များကို သင့်တော်သော ထောက်ပင့်မှု ပြုလုပ်ပေးပါ
- လက်ချောင်းများနှင့် ခြေချောင်းများကို ရေဇလုံထဲစိမ်၍ ဆေးကြောပါ (ခြေသည်းနှင့် လက်သည်းများ စင်ကြယ်စေရန်)
- ခြေသည်း၊လက်သည်းများ ရှည်လျားပါက ညှပ်ပေးပါ
- ဖိအားဒဏ်ကြောင့် အိပ်ရာနာများရှိပါက စောစီးစွာသိရှိနိုင်ရန် အရေပြားကို သေချာစစ်ဆေးပါ (အထူးသဖြင့် ခန္ဓာကိုယ်အနောက်ပိုင်း)
- အရေပြားမျက်နှာပြင်အားလုံးကို သန့်ရှင်းအောင် ပြုလုပ်ပေးပါ (အထူးသဖြင့် အရေပြားခေါက်များ၊ အရိုးထင်ရှားသော နေရာများကို သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပါ)
- သန့်ရှင်းသောနေရာမှ မသန့်ရှင်းသော နေရာသို့ ဆေးကြောပါ (ဥပမာ _ ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်ပိုင်းထက် ဦးစွာဆေးကြောပါ)
- အရေပြားခြောက်သွေ့ခြင်း၊ ပွန်းပဲ့ခြင်းတို့မှ ကာကွယ်ရန် အစိုဓာတ်ထိန်း ခရင်မ်များ၊ အဆီများကို အသုံးပြုနိုင်သည်
- ဦးခေါင်းနှင့်ဆံပင် ကျန်းမာသန့်ရှင်းရေး
- သင့်တော်သော အာဟာရနှင့် ရေဓာတ်ပြည့်ဝအောင် ပေးခြင်း
မျှတသော အစားအစာများ စားခြင်းနှင့် ရေဓာတ်ပြည့်ဝအောင်နေခြင်းသည် အိပ်ရာထဲလဲနေသော လူနာ၏ ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။- အာဟာရပြည့်ဝသော အစားအစာများ (Nutritious meals)
လူနာနှင့် မိသားစုဝင်များကိုလည်း အာဟာရပြည့်ဝအောင်နေခြင်း၏ အရေးပါပုံနှင့် လိုက်နာရမည့် နည်းလမ်းများကို အသိပညာပေးရန် လိုအပ်သည်။- စားသောက်ရမည့် အစားအစာသည် လူနာတစ်ယောက်ချင်းစီ၏ လိုအပ်ချက်ပေါ် မူတည်၍ စီစဥ်ရန် လိုအပ်သည် (လိုအပ်လျှင် အာဟာရပညာရှင်များနှင့် တိုင်ပင်နိုင်သည်)
- ဗီတာမင်၊ သတ္တုဓာတ်နှင့် ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာများနှင့် အလွယ်တကူ အစာခြေဖျက်နိုင်သော အစားအစာများကိုသာ ကျွေးပါ
- လူနာသည် အစာမျိုချရန် အခက်အခဲရှိပါက သင့်တော်သော အစားအစာ ရွေးချယ်မှုများအတွက် ဆရာဝန်များနှင့် တိုင်ပင်ပါ
- ပုံမှန်အစားအစာများဖြင့် လူနာ၏ အာဟာရလိုအပ်ချက် မပြည့်မီပါက အာဟာရဖြည့်စွက်စာ (supplements) ကို ထည့်သွင်းစဥ်းစားပါ
- လူနာသည် အစာကို ပါးစပ်ဖြင့် မစားနိုင်ဘဲ နှာခေါင်းပိုက် (Ryle’s tube) ဖြင့် အစာထည့်သွင်းပေးရသူဖြစ်ပါက ဆရာဝန်ညွှန်ကြားထားသည့်အချက်များကို လိုက်နာပါ
- လူနာအစာအစားနေစဥ် စကားပြောပေးခြင်းသည် လူနာ၏ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေသည်
- အစာမစားမီနှင့် အစာစားပြီးတိုင်း လက်ကို စင်ကြယ်စွာဆေးကြောခြင်းနှင့် ခံတွင်းသန့်ရှင်းရေး ပြုလုပ်ပေးပါ
- ရေဓာတ်ပြည့်ဝအောင်နေခြင်း
- လူနာသည် တစ်နေ့တာလုံးအတွက် ရေကို လုံလောက်အောင် သောက်သုံးခိုင်းပါ
- ရေဓာတ်ခမ်းခြောက်မှု မရှိအောင်နေခြင်းသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ကျောက်ကပ်ပြဿနာများ ဖြစ်ပွါးခြင်းမှ ကာကွယ်ရန် အဓိကသော့ချက်ဖြစ်သည်
- ၄င်းတို့၏ အရည်သောက်သုံးမှု (Fluid intake) နှင့် အရည်စွန့်ထုတ်မှု (Output) တို့ကို သေချာစွာ စောင့်ကြည့်မှတ်ထားပြီး ရေဓာတ်လုံလောက်စွာ ရရှိခြင်း ရှိမရှိ စစ်ဆေးပါ
- အာဟာရပြည့်ဝသော အစားအစာများ (Nutritious meals)
- ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းပြုလုပ်ရန် အားပေးခြင်း
ပြန်လည်သန်စွမ်းရေးကုထုံးနှင့် ပေါ့ပါးသော လေ့ကျင့်ခန်များသည် ကြွက်သားများ ယိုယွင်းပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေနိုင်သည်။- ညင်သာသော လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း (Gentle exercises)
အိပ်ရာထဲလဲနေသူများအတွက် သင့်လျော်သော လေ့ကျင့်ခန်းများကို သင်ယူနိုင်ရန် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ရေးပညာရှင်များနှင့် တိုင်ပင်ပါ။ ခြေထောက်နှင့် လက်များကို ရိုးရှင်းစွာ လှုပ်ရှားပေးရုံနှင့်ပင် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ ဤလေ့ကျင့်ခန်းများသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျန်းမာရေးကို တိုးတက်စေရုံသာမက စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများကိုလည်း မြှင့်တင်ပေးနိုင်သည်။ - လှုပ်ရှားမှုမလုပ်နိုင်သော လူနာများအတွက် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း (Passive exercises)
လူနာသည် ကိုယ်တိုင်လှုပ်ရှားနိုင်ခြင်းမရှိပါက သွေးစီးဆင်းမှုကို လှုံ့ဆော်ရန်နှင့် တောင့်တင်းမှုကို လျှော့ချရန်အတွက် ၄င်းတို့၏ ခြေလက်များကို ညင်သာစွာ လှုပ်ရှားပေးပါ။ အဆစ်များ လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းရန်နှင့် အဆစ်များ တောင့်တင်းပြီး လှုပ်ရှားမရဖြစ်ခြင်း အန္တရာယ်များကို လျှော့ချပေးရာတွင်လည်း အထောက်အကူပြုသည်။
- ညင်သာသော လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း (Gentle exercises)
- စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပေးခြင်း
အိပ်ရာထဲလဲနေခြင်းသည် လူတစ်ဦး၏ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ထိုအခြေအနေများနှင့် ရင်ဆိုင်ဖြေရှင်းနိုင်ရန် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပေးရန် အလွန်အရေးကြီးသည်။- လူနာအပေါ် အာရုံစူးစိုက်၍ စိတ်ဝင်တစား ရှိနေပါ (Keep them engaged)
လူနာနှင့်အတူ အချိန်ကုန်ဆုံးပေးပါ၊ စကားပြောပေးပါ၊ စာအုပ်များ ဖတ်ပြပါ၊ သို့မဟုတ် ရုပ်ရှင်အတူတူကြည့်ပါ။ ၄င်းတို့၏ စိတ်ခံစားချက်များနှင့် ပူပန်မှုများကို ထုတ်ဖော်ပြောဆိုရန် အားပေးပါ။ လူနာ၏ စိတ်ခံစားမှုအခြေအနေကို နားလည်စေရန် အာရုံစိုက်၍ နားထောင်ပေးပါ။ - လူမှုဆက်ဆံရေးကို အားပေးပါ (Encourage Social Interaction)
သူငယ်ချင်းများနှင့် မိသားစုဝင်များကို လာရောက်လည်ပတ်စေခြင်း သို့မဟုတ် ဗီဒီယိုအသုံးပြု၍ ဖုန်းခေါ်ဆိုခြင်း ပြုလုပ်နိုင်ရန် စီစဥ်ပေးပါ။ ထိုသို့ အဆက်အသွယ်ရှိနေသည်ဟု ခံစားရခြင်းသည် ၄င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာတိုးတက်ကောင်းမွန်စေသည်။ ပုံမှန်လုပ်ရိုးလုပ်စဥ်များတွင် ပျော်ရွှင်မှုနှင့် ပြောင်းလဲမှုများ ရရှိနိုင်စေရန်အတွက် သေးငယ်သော အမှတ်တရများ သို့မဟုတ် အခါသမယများကို ဂုဏ်ပြုချီးကျူးပေးပါ။
- လူနာအပေါ် အာရုံစူးစိုက်၍ စိတ်ဝင်တစား ရှိနေပါ (Keep them engaged)
- စိတ်အပန်းပြေစေသော ပတ်ဝန်းကျင် ဖန်တီးပေးခြင်း
လူနာထားရှိသည့် အခန်းသည် သက်သောင့်သက်သာရှိပြီး သာယာသောနေရာ ဖြစ်အောင် စီစဥ်ပေးပါ။- လုံလောက်သော အလင်းရောင် ရရှိအောင် ထားပါ
သဘာဝအလင်းရောင်သည် စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး ပုံမှန် အိပ်ချိန်-နိုးထချိန် စက်ဝန်းကို ထိန်းသိန်းရန် ကူညီပေးနိုင်သည်။ နေ့ဘက်အချိန်တွင် အခန်းသည် အလင်းရောင်ကောင်းစွာ ရရှိရန် လိုအပ်ပြီး ညဘက်စွာ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်စေရန် အခန်းကို မှောင်အောင် ပြုလုပ်ပေးရန် လိုအပ်သည်။ - အခန်းကို သန့်ရှင်းသပ်ရပ်အောင် ထားပါ
ရှုပ်ပွမှုမရှိဘဲ သန့်ရှင်းသပ်ရပ်နေသောနေရာသည် ပိုမိုဘေးကင်းရုံသာမက လူနာကို စိတ်အေးချမ်းသာယာမှုလည်း ပိုမိုရရှိစေနိုင်သည်။ လူနာကို စိတ်သက်သာရာ ရနိုင်စေရန်အတွက် အခန်းကို လူနာကြိုက်နှစ်သက်သောအရာများ (ဥပမာ _ ဓာတ်ပုံများ၊ ပန်းချီကားများ၊ အပင်များ) နှင့် လူနာ၏ စိတ်ကြိုက်ပြင်ဆင်ပေးထားပါ
- လုံလောက်သော အလင်းရောင် ရရှိအောင် ထားပါ
- လူနာကို သက်သောင့်သက်သာရှိစွာ ဝတ်ဆင်ပေးခြင်း
- အရေပြားကို နူးညံ့စေသော ပျော့ပျောင်းပြီး လေဝင်လေထွက်ကောင်းသည့် အဝတ်အထည်များကို ရွေးချယ်ပါ၊ အလွန်ကြမ်းတမ်းသော သို့မဟုတ် အပူလွန်ကဲစေနိုင်သော အဝတ်အထည်များကို ရှောင်ပါ
- ဝတ်ဆင်ရလွယ်ကူသော အဝတ်အစားများသည် အိပ်ရာထဲလဲနေသော လူနာများအတွက် မရှိမဖြစ် လိုအပ်သည်၊ နောက်ကျောဘက်ဖွင့်ထားသည့် ပုံစံဖြင့် ပြုလုပ်ထားသော အဝတ်အစားများသည် ဆေးဘက်ဆိုင်ရာကိရိယာများနှင့် လိုက်လျောညီထွေရှိသည့်အပြင် ဖိအားဒဏ်ကြောင့်ရသော အိပ်ရာနာများ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း၊ အဝတ်လဲခြင်းကို ပို၍လွယ်ကူနိုင်သည့်အတွက် အသင့်တော်ဆုံး အမျိုးအစားဖြစ်သည်
- သန့်ရှင်းမှုထိန်းသိမ်းရန်နှင့် အရေပြားဆိုင်ရာ ပြဿနာများကို ကာကွယ်ရန်အတွက် လူနာအဝတ်အစားများကို ပုံမှန်လဲပေးပါ၊ ဤသို့ အဝတ်ပုံမှန်လဲခြင်း ပြုလုပ်ပေးခြင်းသည် ဖိအားဒဏ်ကြောင့် ဖြစ်သော အိပ်ရာနာများ သို့မဟုတ် အရေပြားထိခိုက်မှု ရှိမရှိတို့ကိုပါ တစ်ပြိုင်တည်း ကြည့်ရှုစစ်ဆေးပေးနိုင်သည်
- ဆီး/ဝမ်း မထိန်းနိုင်မှုပြဿနာများနှင့် သန့်ရှင်းရေး ပြုလုပ်ပေးခြင်း
- လူနာ၏ ပေါင်ခြံတစ်ဝိုက်၊ ဆီးစပ်ပတ်လည် နေရာတစ်ဝိုက်ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးခြင်းဖြင့် သန့်ရှင်းမှုကို ထိန်းသိမ်းပါ
- ဆီး၊ ဝမ်းမထိန်းနိုင်ခြင်းကို စီမံခန့်ခွဲရန်အတွက် လူကြီးသုံး ဆီး၊ ဝမ်းခံ ဒိုင်ပါများ သို့မဟုတ် စုပ်ယူနိုင်သော အခင်းပြားများကို အသုံးပြုပါ၊ အရေပြားပျက်စီးယိုယွင်းမှုကို ကာကွယ်ရန် အပေါ့/အလေးစွန့်ပြီးပါက ချက်ချင်းလဲလှယ်ပေးပါ၊ သက်သောင့်သက်သာရှိပြီး အလွယ်တကူ လဲလှယ်နိုင်သော အမျိုးအစားများကို ရှာဖွေပါ၊ အရေပြားကို ကာကွယ်ရန် အတွက် ခရင်မ်များ ပုံမှန်လိမ်းပေးခြင်းများ ပြုလုပ်ရန် လိုအပ်သည်
- အိမ်သာခွက် (Bedpans) များကို ဆီး/ဝမ်းစွန့်ပြီးသည်နှင့် ချက်ချင်းဖယ်ရှားပါ၊ အပေါ့၊ အလေးစွန့်ပြီးတိုင်း သေချာစွာ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပါ၊ လူနာ၏ လုံခြုံမှုနှင့် သက်သောင့်သက်သာရှိမှုကို အလေးထားပါ
- နောက်ဆက်တွဲပြဿနာများ ကာကွယ်ခြင်း (Preventing complications)
- သွေးကြောပိတ်ဆို့ခြင်းကို လျော့နည်းစေသည့် ခြေအိတ်များ ဝတ်ဆင်ပေးခြင်း (anti-embolism stockings) နှင့် ဖိအားပေးကိရိယာများ အသုံးပြုခြင်း (compression devices) ဖြင့် သွေးခဲဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်သည်
- သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ ကိုယ်အပူချိန် အစရှိသည့် အရေးကြီးလက္ခဏာများကို မကြာခဏ တိုင်းတာစစ်ဆေးပြီး ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက ဆရာဝန်ထံ အသိပေးပါ
- လူနာအပေါ် စိတ်ရှည်သည်းခံပြီး စာနာထောက်ထားပါ
- လူနာရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို နားလည်ပေးပါ
- စာနာစိတ်ထား၍ ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြောဆိုပေးပါ
- သည်းခံစိတ်ရှည်ပါ၊ မိမိကိုယ်တိုင်၏ လူနာအပေါ် စိတ်ခံစားချက်များကို ကောင်းစွာထိန်းချုပ်ပါ
- ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
- ဆေးကုသမှု စနစ်တကျရရှိနိုင်စေရန်အတွက် ဆရာဝန်များ၊ သူနာပြုများ၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ရေးပညာရှင်များ၊ အခြားသော ကျန်းမာရေးပညာရှင်များနှင့် မကြာခဏ ဆက်သွယ်ပါ
- လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များ မတူညီနိုင်ပါ၊ လူနာများ၏ အခြေအနေနှင့် ကျန်းမာရေးပြဿနာများအပေါ် မူတည်၍ ဆေးကုသမှုအစီအစဥ်များ ချိန်ညှိရန် အလွန်အရေးကြီးသည်၊ ထို့ကြောင့် လူနာအား ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများနှင့် ပုံမှန်အဆက်အသွယ်ပြုလုပ်၍ ကုသမှုများထိန်းညှိခြင်းတို့သည့် အိပ်ရာထဲလဲနေသူများအား ပြုစုစောင့်ရှောက်ရာတွင် အလွန်အရေးကြီးသည်
အိပ်ရာထဲလဲနေသော လူနာကို ပြုစုစောင့်ရှောက်ခြင်းသည် စိန်ခေါ်မှုများသော်လည်း စိတ်ကျေနပ်ဖွယ်ကောင်းသော အရာတစ်ခုလည်းဖြစ်သည်။ ထိုသို့ပြုစုစောင့်ရှောက်ရာတွင် လူနာများ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပြုစုပျိုးထောင်ပေးခြင်းနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးတို့ကိုပါ လုပ်ဆောင်ပေးသည်။ အထက်တွင် ဖော်ပြခဲ့သော အကြံပြုချက်များကို လိုက်နာလုပ်ဆောင်ပေးခြင်းဖြင့် အိပ်ရာထဲလဲနေသောလူနာများ၏ ဘဝကို သိသာထင်ရှားသော အပြောင်းအလဲများကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
References:
- CareXperts Home Nursing. (n.d.). 16 tips: How to nursing care for bedridden patients. Retrieved November 20, 2025, from https://carexperts-homenursing.com/16-tips-how-to-nursing-care-for-bedridden-patients/
- Giving Care by Silverts. (n.d.). How to care for a bedridden patient: A comprehensive guide. Retrieved November 20, 2025, from https://givingcare.silverts.com/how-to-care-for-a-bedridden-patient-a-comprehensive-guide/
- Samitivej Hospitals. (n.d.). Caring for bed-ridden patients: How to prevent complications. Retrieved November 20, 2025, from https://www.samitivejhospitals.com/article/detail/caring-for-bed-ridden-patients-how-to-prevent-complications
- SNH Healthcare. (n.d.). How to take care of an old person who is bedridden at home. Retrieved November 20, 2025, from https://snhhealthcare.com/how-to-take-care-of-an-old-person-who-is-bedridden-at-home.html
- SlideShare. (n.d.). Care of bedridden patient [Slides]. Retrieved November 20, 2025, from https://www.slideshare.net/slideshow/care-of-bedridden-patient/232849089
- Vinmec International Hospital. (n.d.). How to take care of a paralyzed patient lying in one place. Retrieved November 20, 2025, from https://www.vinmec.com/eng/blog/how-to-take-care-of-a-paralyzed-patient-lying-in-one-place-en
- National Library of Medicine. (2025). [Care of bedridden and elderly patients]. Singapore Medical Journal. Retrieved November 20, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC12063940/pdf/SMJ-66-215.pdf
- ResearchGate. (n.d.). Training manual on elderly care for community health officers at Ayushman Bharat – Health and Wellness Centres. Retrieved November 20, 2025, from https://www.researchgate.net/publication/377963945
Published: 24 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
