Palliative care (ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း)

Palliative care (ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း)

ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း
ဝေဒနာသက်သာရေး ပြုစုကုသခြင်း (Palliative care) ဆိုသည်မှာ ပြင်းထန်သော ရောဂါအခြေအနေတစ်ခုခုကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုအပါအဝင် လက္ခဏာများကို သက်သာစေရန် ကုသပေးခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကင်ဆာရောဂါကုသရာ၌ ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း (Radiation therapy)၊ ကင်ဆာဆေးသွင်းခြင်း (Chemotherapy) စသည်တို့သည် ရောဂါအမြစ်ဖြတ်ကုသနည်းများဖြစ်ပြီး ကင်ဆာကြောင့် နာကျင်ခြင်း၊ သွေးအားနည်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဆေးများ၏ ဘေးထွက်ဆိုးကျိုးတို့ကို ကုသပေးခြင်းသည် ဝေဒနာသက်သာရေး ကုသခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် Palliative care ကို ပြင်းထန်သောရောဂါများ စစ်ဆေးတွေ့ရှိချိန်မှစ၍ပင် ရောဂါပျောက်ကင်းစေသော ကုသမှုများနှင့် စောစီးစွာ ပေါင်းစပ်ထည့်သွင်းခြင်းသည် စံနှုန်းတစ်ခု (Gold standard) ဖြစ်လာသည်။ ဝေဒနာသက်သာရေး ကုသမှုများသည် ရောဂါ အလုံးစုံပျောက်ကင်းနိုင်ခြင်းအတွက် ရည်ရွယ်ခြင်းမရှိသော်လည်း ၎င်းတို့ကို ရောဂါအမြစ်ဖြတ်ကုသမှုများနှင့်လည်း အတူတွဲပေးနိုင်သည်။

“Palliative” ဆိုသော စကားလုံးသည် လက်တင်ဘာသာစကား “Palliare” မှ ဆင်းသက်လာကာ “ဝတ်ရုံခြုံပေးသည်” ဟုအဓိပ္ပာယ်ရသည်။ ထိုအသုံးအနှုန်းသည် ဝေဒနာသက်သာရေးကုသမှု၏ အခန်းကဏ္ဍကို ဖော်ပြနေသည်။ ပြင်းထန်ရောဂါဝေဒနာ၏ ဆိုးကျိုးများမှ ကာကွယ်ပေးမည့် အလွှာတစ်ခုဟု ဆိုနိုင်ပြီး၊ ၎င်းသည် ဝေဒနာသက်သာကုသမှုများ၏ အဓိကရည်ရွယ်ချက်လည်းဖြစ်သည်။ Palliative care သည် လူနာ၏ ရောဂါလက္ခဏာများ သက်သာ၍ သက်တောင့်သက်သာ ရှိစေရန်၊ လိုအပ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ရန်၊ လူနာ၏ နေထိုင်မှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်သော ကုသမှုများဖြစ်သည်။

ဝေဒနာသက်သာရေး ပြုစုကုသမှု ပေးသောအဖွဲ့
ယေဘုယျအားဖြင့် ဝေဒနာသက်သာရေး ပြုစုကုသမှုများကို အဆိုပါကုသမှုများအား လေ့လာထားသော ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့မှ ပြုလုပ်ပေးသည်။ ထိုအဖွဲ့တွင် အထူးကုဆရာဝန်များ၊ သူနာပြုများ၊ လူမှုဆက်ဆံရေးဝန်ထမ်းများ၊ နာတာရှည်လူနာပြုစုခြင်း အတွေ့အကြုံရှိသူဝန်ထမ်းများ၊ လေ့ကျင့်ခန်းနှင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ ဆရာဝန်များနှင့်ဝန်ထမ်းများ၊ စိတ်ကျန်းမာရေးဆရာဝန်များနှင့် မိမိဆန္ဒအလျောက် ကူညီပေးသော Volunteer များပါဝင်ပြီး လူနာကို လက်ရှိကုသမှုပေးနေသော ဆရာဝန်များနှင့် ပူးပေါင်းလုပ်ဆောင်သည်။ လက်ရှိအချိန်၌ Palliative care အထူးကုဆရာဝန်များအပြင် အခြားဆေးကုသမှုနယ်ပယ်မှ ပညာရှင်များ (ဥပမာ _ မိသားစုဆရာဝန်များ၊ သူနာပြုများ) ကိုလည်း ရောဂါလက္ခဏာ ထိန်းချုပ်ခြင်းနှင့် ဆက်သွယ်ရေး စွမ်းရည်များ (Goals-of-Care Communication) ကို သင်ကြားပေးသော “ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဆင့်တွင်ပင် ဝေဒနာသက်သာရေး ပြုစုကုသခြင်း” (Primary Palliative Care) ပုံစံများ ပိုမိုခေတ်စားလာသည်။

ရောဂါနောက်ဆုံးချိန် ပြုစုခြင်း (End of life care) နှင့် ‌ဝေဒနာသက်သာရန် ပြုစုခြင်း (Palliative care) ကွာခြားသည့်အချက်များ

ရောဂါနောက်ဆုံးအချိန်ပြုစုခြင်း (End of life care) ဆိုသည်မှာ ပြင်းထန်သောရောဂါကို ပျောက်ကင်းအောင် ကုသ၍မရနိုင်တော့သည့် အခြေအနေ၊ လူနာသည် ပျှမ်းမျှသက်တမ်း (၆) လမျှသာ အသက်ရှင်နိုင်တော့မည်ဟု ယူဆသော လူနာများအတွက် ရည်ရွယ်သောပြုစုခြင်းဖြစ်သည်။ ဖြစ်ပွါးနေသည့်ရောဂါကို ပျောက်ကင်းအောင် ကုသနည်းများကို မပြုလုပ်တော့ဘဲ နောက်ဆုံးအချိန်တွင် လူနာသက်တောင့်သက်သာရှိရန်သာ အဓိကရည်ရွယ်သည်။ ဝေဒနာသက်သာအောင်ပြုစုခြင်း (Palliative care) မှာမူ ပြင်းထန်သောရောဂါ၏ မည်သည့်အဆင့်တွင်မဆို စတင်နိုင်ပြီး ရောဂါကိုပျောက်ကင်း‌စေသော ကုသမှုများနှင့် တစ်ပြိုင်တည်းပေးနိုင်သည်။ ‌ရောဂါပျောက်စေသော ကုသမှုများ မစတင်မှီကတည်းက စတင်ပေးနိုင်သကဲ့သို့ အမြစ်ဖြတ်ကုသမှုများ ပြီးဆုံးပြီးနောက်ပိုင်းတွင်လည်း ဝေဒနာသက်သာရေးကုသမှုများကို ဆက်လက်ပေးနိုင်သည်။

ကုသမှုခံယူရန် လိုအပ်သော အခြေအနေများ

ဝေဒနာသက်သာရေး ကုသမှုများကို ပြင်းထန်သော (သို့မဟုတ်) အသက်အန္တရာယ်ရှိသော ရောဂါခံစားနေရသည့် ကလေးလူကြီးမရွေး ခံယူနိုင်သည်။ ဥပမာအားဖြင့်_

  • ကင်ဆာရောဂါ
  • ပင်မဆဲလ် အစားထိုးကုသမှု လိုအပ်သော သွေးရောဂါများ၊ ရိုးတွင်းခြင်ဆီရောဂါများ
  • နှလုံးရောဂါ
  • အဆုတ်တွင်း သလိပ်ပျစ်ခဲခြင်းဖြစ်စေသော မွေးရာပါအဆုတ်ရောဂါ (Cystic Fibrosis)
  • ဦးနှောက်အသိမှတ်ဉာဏ်ချို့ယွင်းသောရောဂါ (Dementia, Alzheimer disease)
  • ပြင်းထန်ဦးနှောက်အာရုံကြော ကြွက်သားရောဂါများ
  • ပြင်းထန်အသည်းရောဂါ
  • ကျောက်ကပ်လုပ်ငန်းပျက်စီးသောရောဂါ
  • နာတာရှည် လေပြွန်ရောင်အဆုတ်ပွရောဂါ
  • ပါကင်ဆန်ရောဂါ
  • အေအယ်လ်အက်စ် (ALS) ဟုခေါ်သော အာရုံကြောနှင့် ကြွက်သားအားနည်းသော ရောဂါ
  • လေဖြတ်ခြင်း
  • အာရုံကြောအပေါ်ယံလွှာ ပျက်စီးသောရောဂါ (Multiple sclerosis) စသည်တို့ဖြစ်သည်။
ကုသမှုခံယူနိုင်သော နေရာများ

ဝေဒနာသက်သာကုသမှုများကို အောက်ပါအတိုင်း နေရာအမျိုးမျိုးတွင် ရရှိနိုင်သည်။

  • ဆေးခန်းတွင် ကုသမှုခံယူခြင်း
    ဝေဒနာသက်သာကုသမှု သီးသန့်ပေးသော ဆေးခန်းများတွင် ပြသ၍ ကုသမှုခံယူခြင်းဖြစ်သည်။
  • ဆေးရုံတွင် ကုသမှုခံယူခြင်း
    လူနာသည် ရောဂါကုသရန် ဆေးရုံတက်နေစဉ်အချိန်တွင်း ဝေဒနာကုသမှုအဖွဲ့မှ ဆေးရုံသို့ လာရောက်ကုသပေးခြင်းဖြစ်သည်။
  • အိမ်တွင် ကုသမှုခံယူခြင်း
    လိုအပ်သောကုသမှုများကို လူနာ၏ နေအိမ်သို့ လာရောက်၍ ပြုလုပ်ပေးခြင်းဖြစ်သည်။
  • လူနာစောင့်ရှောက်ရေး‌ဂေဟာများတွင် ကုသမှုခံယူခြင်း
    လူနာပြုစုစောင့်ရှောက်ရေး‌‌ဂေဟာများတွင် ဝေဒနာသက်သာကုသမှု ပေးနိုင်သော ဝန်ထမ်းများက ကုသမှုပေးခြင်းဖြစ်သည်။
  • တယ်လီကျန်းမာရေးစောင့်ရှောက်မှု (Tele-Palliative Care) ဖြင့် ကုသခြင်း
    ယနေ့ခေတ်တွင် တယ်လီကျန်းမာရေးစနစ်များ၊ ဗီဒီယို ကွန်ဖရင့်များ၊ မိုဘိုင်း အပလီကေးရှင်းများကို အသုံးပြု၍ ကျေးလက်ဒေသများနှင့် ဆေးရုံသို့ လာရောက်ရန် ခက်ခဲသော လူနာများအတွက် အဝေးမှ စောင့်ရှောက်ကုသမှုကို ပေးနိုင်လာသည်။
ဝေဒနာသက်သာရေးကုသမှု ဆောင်ရွက်ပုံ
  • ကြိုတင်ပြင်ဆင်ခြင်း
    ဝေဒနာသက်သာကုသမှုများအတွက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်းကို ဆေးရုံ (သို့မဟုတ်) ဆေးခန်းတွင် ပြုလုပ်နိုင်သည်။ ထိုသို့ဆွေးနွေးချိန်တွင် အောက်ပါအချက်များကို ကြိုတင်ပြင်ဆင်ထားသင့်သည်။
    • လက်ရှိ ခံစားနေရသော ရောဂါလက္ခဏာများ၊ လက္ခဏာများကို သက်သာစေသော (သို့မဟုတ်) ပိုဆိုးစေသော အချက်များ၊ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်နိုင်စွမ်းအပေါ် သက်ရောက်မှုများ စသောအချက်များအပြင် လက်ရှိသောက်သုံးနေရသော ဆေးဝါးများနှင့် ဆေးသောက်ရသော အကြိမ်ရေများ၊ လက္ခဏာသက်သာစေသော ဆေးဝါးများ စသည့်အချက်များကို ဆွေးနွေးနိုင်ရန် ပြင်ဆင်ထားရမည်
    • ဆွေးနွေးမည့်နေ့တွင် မိသားစုဝင်တစ်ဦး အဖော်ခေါ်လာပါ
    • မိမိသိလိုသော ကုသမှုနှင့် ပတ်သက်သည့် အစီအစဉ်များ၊ အားသာချက်၊ အားနည်းချက်၊ မည်သည့်အချိန် စတင်ရန် စသည့်အချက်များကို ဆွေး‌နွေးရန် ကြိုတင်ပြင်ဆင်ပါ
  • တိုင်ပင်ဆွေးနွေးခြင်း
    ကုသမှုအဖွဲ့မှ လူနာကို ရောဂါအကြောင်း၊ ကုသမှုနည်းလမ်းများနှင့် လူနာနှင့်မိသားစုအပေါ် သက်ရောက်နိုင်မှုများကို ဆွေးနွေးပေးမည်ဖြစ်သည်။ ထို့နောက် လူနာနှင့် တိုင်ပင်၍ လက္ခဏာများကို သက်သာစေရန်၊ နေ့စဉ်ဘဝနေထိုင်မှု ပိုမိုကောင်းမွန်စေရန် အစီအစဉ်များ ရေးဆွဲပြီး လူနာကို အဓိကကုသပေးနေသော ဆရာဝန်များနှင့် တိုင်ပင်ညှိနှိုင်း၍ ပူးပေါင်းကုသမည်ဖြစ်သည်။
ကုသမှုအစီအစဉ်တွင် ပါဝင်သောအချက်များ

ဝေဒနာသက်သာရေးကုသမှုများတွင် လူနာတစ်ဦးချင်းစီ လိုအပ်ချက်အလိုက် အောက်ပါအချက်များ ပါဝင်နိုင်သည်။

ရောဂါလက္ခဏာများကို သက်သာစေခြင်း
ကုသမှုများသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ ထိခိုက်စေသော ရောဂါလက္ခဏာများကို သက်သာအောင် ကုသပေးနိုင်သည်။ ကုသမှုအဖွဲ့မှ တိုက်ရိုက်ကုသပေးနိုင်သလို နေ့စဉ်အသုံးပြုနိုင်သော သက်တောင့်သက်သာ ဖြစ်စေသည့် နည်းလမ်းများကိုလည်း လမ်းညွှန်ပေးနိုင်သည်။

ဝေဒနာသက်သာရေး ပြုစုကုသမှုများသည် အောက်ပါလက္ခဏာများကို သက်သာစေရန် ကုသပေးသည်။

  • နာကျင်ခြင်း (သို့မဟုတ်) မသက်မသာဖြစ်ခြင်း
  • ပျို့အန်ခြင်း
  • စိုးရိမ်ပူပန်ခြင်း (သို့မဟုတ်) ဂနာမငြိမ်ဖြစ်ခြင်း
  • စိတ်ဓာတ်ကျခြင်း (သို့မဟုတ်) ဝမ်းနည်းခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • ဝမ်းချုပ်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အိပ်မပျော်ခြင်း စသည်တို့ဖြစ်သည်။

ကုသမှုအဖွဲ့သည် ခံစားနေရသောလက္ခဏာများ သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် ကူညီပေးသည်။

  • အသက်ရှူရခက်သော လူနာများအတွက် အသက်ရှူလေ့ကျင့်ခန်းများ
  • စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းများအတွက် လက်ခံသိမြင်မှုဆိုင်ရာ လေ့ကျင့်ခန်းများ
  • ကိုယ်ခန္ဓာလှုပ်ရှားမှုထိခိုက်သော အာရုံကြောရောဂါများအတွက် ပြန်လည်သန်စွမ်း‌ရေး လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ လမ်းညွှန်ပေးခြင်း
  • နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း စသည့်လက္ခဏာများအတွက် လိုအပ်သော ဆေးဝါးများ ညွှန်းပေးခြင်း
  • အနာသက်သာဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို လျှော့ချပေးရန် လမ်းညွှန်ပေးခြင်း
  • စိတ်ဖိစီးမှု လျှော့ချခြင်းဆိုင်ရာ လေ့ကျင့်ခန်းများ
  • ကောင်းမွန်စွာ အိပ်ပျော်စေရန် အကြံပြုချက်များ၊ လိုအပ်ပါက ဆေးဝါးများပေးခြင်း
  • နေ့စဉ်သက်တောင့်သက်သာဖြစ်စေပြီး စိတ်ခံစားမှု တိုးတက်ကောင်းမွန်စေသော အသက်ရှူခြင်းဆိုင်ရာ နည်းလမ်းများ၊ ထိတွေ့မှုဖြင့် ကုသခြင်း (Healing touch)၊ တရားထိုင်ခြင်း၊ စိတ်ထဲတွင် ပုံဖော်တွေးတောခြင်း (Visualization) (သို့မဟုတ်) သီချင်းနားထောင်ခြင်းနည်းလမ်းများဖြင့် ကုသပေးခြင်း
  • နည်းပညာသုံး လက္ခဏာစီမံခန့်ခွဲမှု
    ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သော စက်ကိရိယာများ (Wearable Technologies) ကို အသုံးပြု၍ လူနာ၏ အရေးကြီးလက္ခဏာများ (vital sign) ကို အိမ်မှပင် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ခြင်းဖြင့် ကြိုတင်မှန်းဆစောင့်ရှောက်မှု (Proactive care) ပေးခြင်း
  • ဉာဏ်ရည်တု (AI) အကူအညီဖြင့် ကုသမှု
  • ဉာဏ်ရည်တု (AI) သည် လူနာ၏ သတင်းအချက်အလက်ဒေတာများကို ခွဲခြမ်းစိတ်ဖြာပြီး ရောဂါလက္ခဏာ ဆိုးရွားလာမှုကို ကြိုတင်ခန့်မှန်းနိုင်သလို၊ နာကျင်မှုနှင့် အခြား လက္ခဏာများအတွက် ပိုမိုတိကျသော ဆေးဝါးညွှန်းဆိုမှုများကိုလည်း အကြံပြုပေးနိုင်သည်

အထက်ပါနည်းလမ်းများအပြင် နောက်ထပ်ကုသမှုများ လိုအပ်ပါက ကုသမှုအဖွဲ့မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များထံ လမ်းညွှန်၍ လွှဲပြောင်းပေးမည်ဖြစ်သည်။

အသိပညာပေးခြင်းနှင့် ကိုယ်စားပြု ပြောဆိုပေးခြင်း
ဝေဒနာကုသသောအဖွဲ့သည် လူနာမှ မိမိရောဂါကိုနားလည်မှုနှင့် ကုသမှုများကို ရွေးချယ်ဆုံးဖြတ်ရာတွင် အောက်ပါအချက်များကို ဖြည့်စွက်ကူညီပေးနိုင်သည်။

  • လူနာမှ မိမိရောဂါအခြေအနေကို ပိုမိုနားလည်နိုင်အောင် ရှင်းလင်းပြောပြပေးခြင်း
  • လူနာဆက်လက်ခံယူလိုသော ကုသမှုနည်းလမ်းများကို ဆုံးဖြတ်ရာတွင် ဆွေးနွေးကူညီပေးခြင်း
  • လူနာ၏ ရောဂါအခြေအနေကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများကို ရှင်းပြပေးခြင်း

လူနာကိုယ်တိုင် မိမိရောဂါအခြေအနေကို ပိုမိုသိရှိနားလည်လာသည်နှင့်အမျှ မှန်ကန်သင့်တော်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်သည်။ ထို့ပြင် ကုသမှုအဖွဲ့သည် လူနာတန်ဖိုးထားသောအချက်များ၊ ကုသမှုမျှော်မှန်းချက်များနှင့် အခြားဦးစားပေးအချက်များကို လူနာကို ကုသပေးနေသော ဆရာဝန်များနှင့် ဆက်သွယ်ပြောဆိုပေးနိုင်သဖြင့် လူနာ၏ဆန္ဒနှင့် ကိုက်ညီမှုရှိသော ကုသမှုများကို ရရှိနိုင်သည်။

လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးခြင်း
ကုသမှုအဖွဲ့သည် လူနာ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို သက်သာစေသလို လူနာ၏ မိသားစုဝင်များနှင့် အနီးကပ်ပြုစုသူများအတွက်လည်း လိုအပ်သော ထောက်ပံ့မှုများ ပေးနိုင်သည်။

  • လူနာမိသားစုကို အကူအညီပေးနိုင်မည့် လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ပေးခြင်း (ဥပမာ _ အရေးပေါ်ကား စီစဉ်ခြင်း၊ အောက်စီဂျင်အလွယ်တကူ ရရှိနိုင်ရန် ကူညီပေးနိုင်သည့် ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်ပေးခြင်း)၊ ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့ပေးသော အဖွဲ့များနှင့် ချိတ်ဆက်ပေးခြင်း
  • လူနာနှင့် မိသားစုဝင်များ ပြောဆိုဆက်သွယ်ရာတွင် ကူညီပေးခြင်း၊ လိုအပ်ပါက မိသားစုအကြံပေး ဝန်ဆောင်မှုများအတွက် ကျွမ်းကျင်သူများထံ လမ်းညွှန်ပေးခြင်း
  • မိသားစုဝင်များနှင့် လူနာပြုစုစောင့်ရှောက်သူများ (caregivers) ၏ လိုအပ်ချက်များကို ဦးတည်သည့် အစီအစဉ်များ (ဥပမာ _ အွန်လိုင်းအစီအစဉ်များ၊ စောင့်ရှောက်သူ အကူအညီပေးရေး အစီအစဉ်များ) ကို ပိုမိုအလေးထား ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်များနှင့် မိတ်ဆွေများမှ လူနာ၏ရောဂါနှင့် ပတ်သက်၍ ခံစားနေရသော စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီပေးခြင်း စသည်တို့ဖြစ်သည်။

ဘာသာရေးဆိုင်ရာ အထောက်အပံ့များပေးခြင်း
လူနာ၏ ဘာသာရေးယုံကြည်မှုအလိုက် ဘာသာရေးဆရာ၊ ဘာသာရေးခေါင်းဆောင်စသည့် ပုဂ္ဂိုလ်များနှင့် ပုံမှန်တွေ့ဆုံနိုင်စေရန် ကူညီ‌ပေးခြင်းဖြင့် ရောဂါဝေဒနာ၏ ဘဝပေါ် သက်ရောက်မှုများကို ဆင်ခြင်သုံးသပ်ခြင်း၊ ဘဝအမြင်များကို ပြောင်းလဲစေခြင်းတို့ကို ထောက်ပံ့ပေးနိုင်သည်။

အနာဂတ်စောင့်ရှောက်မှုများအတွက် စီမံခြင်း (Advance care planning)
လူနာသည် နောင်တစ်ချိန် ဆေးကုသမှုများအတွက် ကိုယ်တိုင်ဆုံးဖြတ်နိုင်ခြင်း မရှိတော့သည့်အချိန်၌ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ဆိုသော လူနာ၏ဆန္ဒနှင့် ရည်ရွယ်ချက်များကို တရားဝင်စာရွက်စာတမ်းများဖြင့် ကြိုတင်မှတ်တမ်းတင်ထားခြင်း (Advance directive) ဖြစ်သည်။ လူနာ၏ ဆန္ဒအသေးစိတ်များကို လူနာသတိကောင်းစွာရနေချိန်၊ ပုံမှန်တွေးတောနိုင်ချိန်တွင် ကုသမှုအဖွဲ့မှ တာဝန်ရှိသူများက လူနာနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးကာ မှတ်တမ်းတင်ထား၍ လူနာ၏ အနာဂတ်စောင့်ရှောက်မှု အစီအစဉ်များ ရေးဆွဲရာတွင် ကူညီပေးနိုင်သည်။

ထိုသို့မှတ်တမ်းတင်ရာတွင် ကြိုတင်ရေးထားသော သေတမ်းစာ (Living will) နှင့် ကုသမှုများအတွက် လူနာကိုယ်စားဆုံးဖြတ်ချက်ချရန် အခြားသူတစ်‌ယောက်ထံ ကိုယ်စားလှယ်လွှဲစာ (Health care power of attorney) စသည့်အချက်များ ပါဝင်သည်။ Living will ဆိုသည်မှာ လူနာ၏ ကုသမှုဆိုင်ရာ ဆန္ဒများကို ဖော်ပြခြင်းဖြစ်သည်။ လူနာကိုယ်တိုင် မဆုံးဖြတ်နိုင်တော့မည့်အချိန်တွင် မည်သည့်ကုသမှုများကို ဆက်လက်ခံယူမည်၊ မည်သည့်ကုသမှုများကို ငြင်းဆန်မည် (ဥပမာ _ အရေးပေါ်အခြေအနေဖြစ်လာပါက နှလုံးဖိနှိပ်နှိုးခြင်း၊ အသက်ရှူပိုက်တပ်ခြင်းစသည့် အသက်ကယ်နည်းလမ်းများကို မပြုလုပ်လိုကြောင်း (DNR – Do Not Resuscitate) တောင်းဆိုချက်)၊ နောက်ဆုံးအချိန် ပြုစုကုသမှုများကို မည်သည့်နေရာတွင် ခံယူလိုကြောင်း၊ မည်သို့အချိန်ကုန်ဆုံးချင်ကြောင်း စသည့်အသေးစိတ်အချက်များ ပါဝင်သော စာရွက်စာတမ်းဖြစ်သည်။ Health care power of attorney ဆိုသည်မှာ လူနာသတိမရှိတော့ချိန်တွင် Living will ၌ မပါဝင်သော အချို့ကုသမှုများအတွက် လူနာကိုယ်စားဆုံးဖြတ်ရန် လူနာ၏ ဆန္ဒနှင့်ရည်ရွယ်ချက်၊ တန်ဖိုးထားမှုများကို ရင်းနှီးကျွမ်းဝင်သော မိသားစုဝင် (သို့မဟုတ်) မိတ်ဆွေတစ်ဦးထံသို့ ကိုယ်စားဆုံးဖြတ်ခွင့် လွှဲပြောင်းပေးခြင်းဖြစ်သည်။

ကုသမှုများ စတင်ခံယူရမည့်အချိန်

ဝေဒနာသက်သာရေးကုသမှုများကို မည်သည့်အချိန်တွင် စတင်ခံယူရမည်ဟု အတိအကျ သတ်မှတ်ထားခြင်း မရှိပါ။ ယေဘုယျအားဖြင့် ပြင်းထန်ရောဂါတစ်ခုကို စတင်စစ်ဆေးတွေ့ရှိသည့်အချိန်မှစ၍ ကုသမှုခံယူရန် စတင်နိုင်သည်။ စောစီးစွာ ပေါင်းစပ်ကုသမှု (Early Integration) သည် လူနာ၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးပြီး စိတ်ဓာတ်ကျခြင်းကို လျော့နည်းစေသည်ဟု သုတေသနများက သက်သေပြခဲ့သောကြောင့် ပြင်းထန်သောရောဂါကို စစ်ဆေးတွေ့ရှိသည်နှင့် တစ်ပြိုင်တည်း စတင်ရန် အထူးအကြံပြုထားသည်။ အဓိကကုသပေးသူ ဆရာဝန်မှ ရောဂါအခြေအနေပေါ် မူတည်၍ ဝေဒနာသက်သာကုသမှုများ ခံယူရန် လိုအပ်ပါက ညွှန်းပို့စာဖြင့် ပို့ပေးမည့်အပြင် လူနာကိုယ်တိုင်လည်း မိမိစိတ်ဝင်စားသော ကုသမှုများကို သိရှိနိုင်ရန်၊ မိမိနှင့် ကိုက်ညီမှု ရှိမရှိ မေးမြန်းနိုင်သည်။ ထို့အတူ လူနာက အထောက်အကူဖြစ်သည်ဟု ခံစားရသရွေ့ အဆိုပါကုသမှုများကို ဆက်လက်ခံယူနိုင်ပြီး အကြိမ်အရေအတွက်၊ ကြာမြင့်ချိန်ကာလတို့ ကန့်သတ်ထားခြင်းမရှိပါ။

ရရှိနိုင်သော အကျိုးကျေးဇူးများ

ဝေဒနာသက်သာ‌ရေး ကုသမှုများကို စောစီးစွာ စတင်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု လေ့လာသိရှိရသည်။

  • ပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရသူများ၏ ဘဝအရည်အသွေးကို ပိုမိုကောင်းမွန်စေသည်
  • စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုများကို လျော့နည်းစေသည်
  • လူနာနှင့်မိသားစုဝင်များ၏ ကုသမှုအပေါ် စိတ်ကျေနပ်မှုကို မြှင့်တင်ပေးသည်
  • အချို့ရောဂါအခြေအနေများတွင် လူနာသက်တမ်းကို ပိုရှည်စေသည်
ကုသမှု၏ အားနည်းချက်

ကုသမှုကိုယ်တိုင်တွင် အားနည်းချက် မရှိပါ။ လူအများစုသည် ကုသမှု၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်ကြခြင်းသာဖြစ်သည်။ အများစုက အဆိုပါကုသမှုများသည် အသက်ဆုံးရှုံးတော့မည့် လူနာများအတွက်ဟု ယူဆကြသောကြောင့် ကုသမှု စတင်ခံယူရန် တွန့်ဆုတ်နိုင်သည်။ ထို့ကြောင့် ဝေဒနာသက်သာရေး ကုသမှုများ ခံယူခြင်းသည် မကြာခင်ဆုံးပါးတော့မည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း၊ ဘဝနေထိုင်မှု အရည်အသွေးကို ထိခိုက်စေသော ပြင်းထန်နာတာရှည်ရောဂါရှိသူ မည်သူမဆို ကုသမှုခံယူနိုင်ကြောင်း နားလည်ရန် လိုအပ်သည်။

References:

  1. Cleveland Clinic. (n.d.). Palliative care. Cleveland Clinic. Retrieved September 5, 2025, from https://my.clevelandclinic.org/health/articles/22850-palliative-care
  2. Mayo Clinic. (n.d.). Palliative care. Mayo Foundation for Medical Education and Research. Retrieved September 5, 2025, from https://www.mayoclinic.org/tests-procedures/palliative-care/about/pac-20384637
  3. World Health Organization (WHO). (n.d.). Palliative care. World Health Organization, Regional Office for Europe. Retrieved September 5, 2025, from https://www.who.int/europe/news-room/fact-sheets/item/palliative-care#:~:text=It%20prevents%20and%20relieves%20suffering,and%20manage%20distressing%20clinical%20complications
  4. Health.gov.au. (n.d.). What is palliative care? Australian Government Department of Health and Aged Care. Retrieved September 5, 2025, from https://www.health.gov.au/topics/palliative-care/about-palliative-care/what-is-palliative-care
  5. National Institute on Aging. (n.d.). What are palliative care and hospice care? National Institutes of Health. Retrieved September 5, 2025, from https://www.nia.nih.gov/health/hospice-and-palliative-care/what-are-palliative-care-and-hospice-care
  6. National Health Service (NHS). (n.d.). End of life care: What it involves and when it starts. NHS. Retrieved September 5, 2025, from https://www.nhs.uk/tests-and-treatments/end-of-life-care/what-it-involves-and-when-it-starts/
  7. Canada. Health Canada. (n.d.). Palliative care. Government of Canada. Retrieved September 5, 2025, from https://www.canada.ca/en/health-canada/services/health-services-benefits/palliative-care.html
  8. Get Palliative Care. (n.d.). What is palliative care? Center to Advance Palliative Care. Retrieved September 5, 2025, from https://getpalliativecare.org/whatis/
  9. Centers for Medicare & Medicaid Services. (2024). Guiding an improved dementia experience (GUIDE) model. U.S. Department of Health and Human Services. https://www.cms.gov/priorities/innovation/innovation-models/guide
  10. Parikh, R. B., Parikh, A. R., Mei, J., Goldstein, B. D., Bissonnette, J., Parikh, P. P., et al. (2024). Effectiveness of an automated, opt-out palliative care referral system in oncology: A pragmatic randomized clinical trial. JAMA Network Open, 7(2), e2354719.
  11. Wittenberg, E., & Ferrell, B. R. (2023). Integrating palliative care into health care systems: Financial models. American Society of Clinical Oncology Education Book, 43, 100018.
  12. Sheehan, O., Palfrey, J., Zaydfudim, V., & O’Connor, P. (2024). Enhancing hospitalized patients’ palliative care referrals via machine learning-based predictive modeling within electronic health records. Applied Clinical Informatics, 15(1), 153–160.

Published: 11 October 2025

Share

11 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Complementary and Alternative Medicine (CAM) (ရောဂါအထောက်အကူပြု ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများ)
Oct 15, 2025
Healthy Lifestyles

Complementary and Alternative Medicine (CAM) (ရောဂါအထောက်အကူပြု ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများ)

‌ရောဂါကုသခြင်းတွင် ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများသည်...

Tattoo and Health Risks (တက်တူးထိုးခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများ)
Sep 21, 2025
Healthy Lifestyles

Tattoo and Health Risks (တက်တူးထိုးခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများ)

တက်တူးထိုးခြင်းသည် ယနေ့ခေတ်လူငယ်များကြားတွင် ရေပန်းစားလာသည်နှင့်အမျှ...

HIV prevention (အိတ်ချ်အိုင်ဗွီရောဂါပိုး မကူးစက်အောင် ကာကွယ်ခြင်း)
Sep 13, 2025
Healthy Lifestyles

HIV prevention (အိတ်ချ်အိုင်ဗွီရောဂါပိုး မကူးစက်အောင် ကာကွယ်ခြင်း)

အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုးသည် ကိုယ်ခံအားကို ကျဆင်းစေပြီး...