ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းဆိုသည်မှာ_
- ရောဂါဖြစ်နိုင်ခြေများ
- ထိခိုက်ဒဏ်ရာဖြစ်နိုင်ခြေများ
- မသန်စွမ်းဖြစ်ခြင်းများ
- အရွယ်မတိုင်မီ သေဆုံးခြင်းများကို ကာကွယ်လျှော့ချခြင်းဖြစ်သည်။
လူတစ်ဦးတစ်ယောက်ချင်းစီသာမက လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ကျန်းမာရေးကို မြှင့်တင်ရန် အထက်ပါအခြေအနေများ ဖြစ်ပွါးရသည့်အကြောင်းရင်းများကို ရှာဖွေတားဆီးခြင်းဖြစ်သည်။
ကျန်းမာခြင်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အရာအားလုံး ပြည့်စုံ၍ အနာရောဂါဘယ ကင်းဝေးသော အခြေအနေဖြစ်သည်ဟု ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) မှ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
လူတစ်ဦး၏ကျန်းမာရေးအပေါ် သက်ရောက်စေနိုင်သည့် အကြောင်းအရာများမှာ_
- ဇီဝဗေဒဆိုင်ရာ အချက်အလက်များ (အသက်အရွယ်၊ လိင်အမျိုးအစား၊ မျိုးရိုးဗီဇ)
- ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင် အခြေအနေများ (ပထဝီအနေအထား၊ ရေအခြေအနေ၊ အစားအသောက် အရည်အသွေး၊ နေထိုင်မှုဆိုင်ရာ အခြေအနေများ)
- လူမှုစီးပွားရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ အချက်အလက်များ
- ပညာသင်ကြားနိုင်ခွင့်ရရှိမှု
- ကျန်းမာရေးဆိုင်ရာ မှန်ကန်သော သတင်းအချက်အလက်များ ရရှိနိုင်မှု
- ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လက်လှမ်းမီရရှိနိုင်မှု စသည်တို့ ဖြစ်ကြသည်။
အခြေခံအားဖြင့် ရောဂါတစ်ခု၏ သဘာဝဖြစ်စဥ်ကို အောက်ပါအတိုင်း အဆင့် (၅) ဆင့်ဖြင့် သတ်မှတ်ထားသည်။
- ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်း (Underlying)
- ထိုအခြေခံအကြောင်းများတွင် ရောဂါကိုတိုက်ရိုက်ဖြစ်စေသောအကြောင်း (Cause) နှင့် ရောဂါဖြစ်နိုင်ချေများစေသောအချက်များ (Risk factors) တို့ ပါဝင်သည်
- ရောဂါဖြစ်ပွါးနိုင်ခြေရှိသည့်အဆင့် (Susceptible)
- ရောဂါလက္ခဏာ မပြခင်အဆင့် (Subclinical)
- ရောဂါလက္ခဏာ ပြသည့်အဆင့် (Clinical)
- ပြန်လည်ကျန်းမာခြင်း (သို့မဟုတ်) မသန်စွမ်းဖြစ်သွားခြင်း (သို့မဟုတ်) သေဆုံးခြင်း ဖြစ်ပေါ်နိုင်သည့် အဆင့် (Recovery or Disability or Death)
ထိုအဆင့်များကို အခြေခံ၍ သက်ဆိုင်ရာ ကာကွယ်ရေးလုပ်ဆောင်ချက်များကို အောက်ပါအတိုင်း အဆင့်ခွဲခြားထားသည်။
- ရောဂါဖြစ်နိုင်ခြေလျော့ကျစေရန် ကာကွယ်ခြင်း (Primordial Prevention)
- ပထမအဆင့် ကာကွယ်ခြင်း (Primary Prevention)
- ဒုတိယအဆင့် ကာကွယ်ခြင်း (Secondary Prevention)
- တတိယအဆင့် ကာကွယ်ခြင်း (Tertiary Prevention)
- စတုတ္ထအဆင့် ကာကွယ်ခြင်း (Quaternary Prevention)
အထက်ပါ ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးနည်းဗျူဟာများကို အဆင့်ဆင့် အသုံးပြုခြင်းအားဖြင့် ရောဂါဖြစ်နိုင်ခြေများကို လျှော့ချပြီး ရောဂါဖြစ်ပွားမှုကို တားဆီးသည်။ ဤနည်းအားဖြင့် ရောဂါများ၏ နောက်ဆက်တွဲပြဿနာများကိုပါ ကာကွယ်နိုင်သည်။
ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေရန် ကာကွယ်ခြင်း (Primordial Prevention)
ဤကာကွယ်ခြင်းအဆင့်တွင် ပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အပြုအမူအလေ့အထများနှင့် ယဥ်ကျေးမှု ပုံစံအနေအထားများပေါ် မူတည်၍ ရောဂါဖြစ်နိုင်ခြေများ (Risk factors) ပေါ်ပေါက်လာမှုကို တားဆီးသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။ ရောဂါဖြစ်ပွားနိုင်ခြေများ လျှော့ချရေးအတွက် ရောဂါများဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းဇစ်မြစ်များကို ဦးတည်၍ ကာကွယ်ခြင်းဖြစ်သည်။ ရောဂါဖြစ်ပေါ်ခြင်း မရှိသေးသောအရွယ်၊ နေရာများ (သို့မဟုတ်) လူ့အဖွဲ့အစည်းများတွင် ရောဂါဖြစ်နိုင်သည့်အခြေအနေများ မပေါ်ပေါက်လာစေရန် ကာကွယ်တားဆီးခြင်းဖြစ်သည်။
ကလေးဘဝမှစတင်၍ တတ်နိုင်သမျှ ရောဂါဖြစ်ပွားနိုင်စေသည့် အခြေအနေများနှင့် ထိတွေ့မှုမရှိစေရန် ပြုလုပ်ရမည်။ ကလေးဘဝတွင် အစပြုသော နေထိုင်စားသောက်မှုပုံစံ (ဥပမာ _ အစားအသောက်ပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း) သည် လူကြီးဘဝတွင် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများ (သွေးတိုးရောဂါ၊ အဝလွန်ရောဂါ) ၏ မူလပထမအကြောင်းရင်းပင်ဖြစ်သည်။ ထို့ကြောင့် ကလေးဘဝကတည်းကပင် အန္တရာယ်ရှိသော နေထိုင်စားသောက်မှုပုံစံများ မကျင့်သုံးစေရန် လေ့ကျင့်ကာကွယ်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်စေရန် ကျန်းမာရေး အသိပညာပေးခြင်းသည် အဓိကကျသော လုပ်ဆောင်ချက်ဖြစ်သည်။ ဥပမာအားဖြင့်_
- ကျောင်းကျန်းမာရေးသင်ကြားမှု အစီအစဉ်များဖြင့် လူငယ်များကို ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းများအကြောင်း၊ မျိုးစက်ပွါးကျန်းမာရေး အပါအဝင် အထွေထွေကျန်းမာရေး ပညာပေးခြင်း
- အဝလွန်ခြင်းကို ကာကွယ်တားဆီးရန် ကလေးဘဝကတည်းကပင် ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအသောက်များကို စားသုံးသည့် အလေ့အကျင့်ကောင်းများ မွေးမြူခြင်း
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်နိုင်ရေး အစီအစဥ်များ ပြုလုပ်ခြင်း
- ယာဥ်မတော်တဆဖြစ်မှုများ ရှောင်ရှားနိုင်စေရန် လူသွားလမ်း၊ စက်ဘီးသွားလမ်းများ ပြုလုပ်ပေးခြင်း
- စိုက်ပျိုးရေးကဏ္ဍ၊ အစားအသောက် ထုတ်လုပ်မှု၊ အစားအသောက်များ တင်သွင်းမှု အပါအဝင် အာဟာရဆိုင်ရာ အစီအစဥ်များကို နိုင်ငံအလိုက် ကျန်းမာရေးနှင့်သင့်လျော်သော စည်းမျဥ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ခြင်းတို့ ဖြစ်ကြသည်။
ပထမအဆင့် ကာကွယ်ခြင်း (Primary Prevention)
ပထမအဆင့် ကာကွယ်ခြင်းဆိုသည်မှာ ရောဂါဖြစ်နိုင်ခြေရှိနေသော လူတစ်ဦးချင်းစီ (သို့မဟုတ်) လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ရည်ရွယ်၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခြင်းဖြစ်သည်။ ဤအဆင့်တွင် ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများ (Risk Factors) သည် လူမှုအသိုင်းအဝိုင်းအတွင်း ရှိနှင့်ပြီးဖြစ်သော်လည်း ရောဂါစတင်ဖြစ်ပွားမှု မရှိသေးပေ။ ထို့ကြောင့် ရောဂါမဖြစ်မီ ယင်းဖြစ်နိုင်ခြေများကို ဖယ်ရှားကာကွယ်ခြင်းမှာ ဤအဆင့်၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။ ရောဂါဖြစ်နိုင်ခြေရှိသောအချက်များ ရှိနေသည့်တိုင် လက်ရှိကျန်းမာပြီး ရောဂါလက္ခဏာမပြသေးသော လူထုအား ရည်မှန်း၍ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခြင်းဖြစ်သည်။ ကျန်းမာရေးမြှင့်တင်မှု လုပ်ဆောင်ချက်များနှင့် သက်ဆိုင်ရာရောဂါအခြေအနေအလိုက် အထူးပြုကာကွယ်ခြင်းများဖြင့် ပထမအဆင့် ကာကွယ်ခြင်းကို ရရှိနိုင်သည်။
ကျန်းမာရေးမြှင့်တင်မှု လုပ်ဆောင်ချက်များ (Health Promotion)
- ကျန်းမာရေး အသိပညာပေးခြင်း (Health education)
လူထုအတွင်း ကျန်းမာရေးကို အထောက်အကူပြုသည့် အမူအကျင့်များနှင့် ကျန်းမာရေး ဗဟုသုတများ တိုးပွါးလာစေရန် အသိပညာပေးခြင်း [အထူးသဖြင့် ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများ (Risk Factors) – ဥပမာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲနေမှုများဖြတ်ရန်ပညာပေးခြင်း] - ကျန်းမာရေးကို အထောက်အကူပြုသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်မှုများ ပြုလုပ်ခြင်း (Environmental modification)
ရှိနှင့်ပြီးသောရေအရင်းအမြစ်၊ အညစ်အကြေးစွန့်ပစ်မှုနှင့် လူနေအဆောက်အဦးများကို ကျန်းမာရေးနှင့် ညီညွတ်စေရန် ပြင်ဆင်ပေးခြင်း - စားသုံးသူများအတွက် အာဟာရဖော်ပြချက် (Nutrition labels) များဖြင့် သတိပေးခြင်း
- အာဟာရဆိုင်ရာစီမံချက်များ ဆောင်ရွက်ခြင်း (Nutritional intervention)
- ကျန်းမာရေးနှင့်လျော်ညီသော နေထိုင်စားသောက်မှုပုံစံနှင့် အပြုအမူများသို့ ပြောင်းလဲစေခြင်း (Lifestyle and behavioural changes)
သက်ဆိုင်ရာရောဂါအခြေအနေအလိုက် အထူးပြုကာကွယ်ခြင်းများ (Specific Protection)
- ကာကွယ်ဆေးထိုးနှံခြင်း (Immunisation)
ရောဂါပိုးများနှင့် ထိတွေ့မှုမရှိခင်တွင် ရောဂါကာကွယ်နိုင်သည့် ကိုယ်ခံအား ရရှိနိုင်စေရန် ပုံမှန်ကာကွယ်ဆေးထိုးစီမံချက်များဖြင့် ကာကွယ်ဆေးများထိုးနှံပေးသင့်သည် [ဥပမာ – တီဘီရောဂါကာကွယ်ဆေး (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါကာကွယ်ဆေး (DPT)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်ရောဂါကာကွယ်ဆေးများ (MMR)] ။ - ဆေးသောက်ခြင်းဖြင့် ကာကွယ်ခြင်း (Chemoprophylaxis)
ရောဂါပိုးများနှင့် ထိတွေ့မှုရှိပြီးနောက် ရောဂါမဖြစ်ပွါးစေရန် ဆေးဝါးများ အသုံးပြုကာကွယ်ခြင်းဖြစ်သည်။ (ဥပမာ _ ကာလဝမ်းရောဂါ (Cholera) တွင် Tetracycline၊ အနာကြီးရောဂါတွင် Rifampicin၊ ငှက်ဖျားရောဂါ (Malaria) တွင် Chloroquine ဆေးများကို ကြိုတင်သောက်သုံးခြင်း) - အာဟာရပံ့ပိုးမှု ပေးခြင်း (Use of specific nutrients)
ကလေးများတွင် ဗီတာမင် အေ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များတွင် သံဓာတ်နှင့် ဖောလစ်အက်ဆစ် တိုက်ကျွေးခြင်း၊ မိခင်နို့တိုက်ကျွေးရေးကို အားပေးမြှင့်တင်ခြင်းတို့ဖြစ်သည်။ - လုပ်ငန်းခွင်ဆိုင်ရာ အန္တရာယ်များကို ကာကွယ်ခြင်း (Protection against occupational hazards)
လုပ်ငန်းခွင် လုံခြုံမှုရှိစေရန် လိုအပ်သော အကာအကွယ်ပစ္စည်းများကို အသုံးပြုစေခြင်းဖြစ်သည်။ - အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှု (Safety of drugs and foods)
- ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို ထိန်းချုပ်ခြင်း (Control of environmental hazards) (ဥပမာ – လေထုညစ်ညမ်းမှုလျှော့ချခြင်း)
- မတော်တဆထိခိုက်မှုများမှ ကြိုတင်ကာကွယ်ခြင်း
လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး နည်းနာများ ထားရှိအသုံးပြုခြင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ ချမှတ်ကာကွယ်ခြင်းတို့ဖြစ်သည်။
ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) မှ ပထမအဆင့် ကာကွယ်ခြင်းကို လုပ်ဆောင်နိုင်စေရန် အောက်ပါနည်းလမ်းများကို ချမှတ်ထားသည်။
- လူထုစီမံကိန်း နည်းဗျူဟာ (Population or Mass Strategy)
လူတစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ဘဲ အများပြည်သူအားလုံးအတွက် ရည်ရွယ်၍ ပြုလုပ်သော လူထုစီမံကိန်း နည်းဗျူဟာဖြစ်သည်။ ထိုနည်းဗျူဟာသည် လူမှုစီးပွားရေး၊ အပြုအမူနှင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းကို ဦးတည်လုပ်ဆောင်သည်။ - ရောဂါအခြေအနေဖြစ်နိုင်ခြေမြင့်မားသူများကို ရည်ရွယ်၍ ကာကွယ်ခြင်း (High-risk Strategy)
စမ်းသပ်စစ်ဆေးမှုများကို အသုံးပြု၍ ဖြစ်နိုင်ခြေမြင့်မားသူများကို ရှာဖွေကာကွယ်ခြင်းဖြစ်သည်။
ဒုတိယအဆင့် ကာကွယ်ခြင်း (Secondary Prevention)
ဒုတိယအဆင့် ကာကွယ်ခြင်းသည် ရောဂါကို စောစီးစွာ ရှာဖွေခြင်းနှင့် ကုသခြင်းဖြစ်သည်။ ရောဂါလက္ခဏာမပြမီအဆင့် (Subclinical stage) တွင် ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိရန် ရည်ရွယ်၍ ကာကွယ်ခြင်းဖြစ်သည်။ ရောဂါလက္ခဏာမပြမီအဆင့်ဆိုသည်မှာ ခန္ဓာကိုယ်ထဲတွင် ရောဂါအစပျိုးနေသော်လည်း ရောဂါလက္ခဏာများ သိသာထင်ရှားစွာ မရှိသေးသောအဆင့်ကို ဆိုလိုသည်။ ရောဂါကြိုတင်ရှာဖွေစစ်ဆေးခြင်း (Screening) အနေဖြင့် လုပ်ဆောင်နိုင်သည်။ ဒုတိယအဆင့် ကာကွယ်ခြင်း လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ_
- ရောဂါကိုစောစီးစွာကုသခြင်းဖြင့် လုံးဝပပျောက်စေရန် နှင့် ရောဂါပိုမဆိုးလာစေရန်
- ရောဂါ ရှိနေသူကို ကုသခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ကာကွယ်ရန်
- ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန်
- ရောဂါခံစားရချိန် တိုတောင်းစေရန်တို့ ဖြစ်ကြသည်။
ဒုတိယအဆင့် ကာကွယ်ခြင်းတွင် အထူးပြုလုပ်သည့်အချက်များ
- ရောဂါစောစီးစွာရှာဖွေသိရှိနိုင်ရန်
- ရောဂါကြိုတင်စစ်ဆေးချက်များ (Screening test) ပြုလုပ်ခြင်း၊ ကင်ဆာရောဂါ ကြိုတင်စစ်ဆေးခြင်း
(ဥပမာ _ သားအိမ်ခေါင်းကင်ဆာကို စောစီးစွာသိရှိနိုင်ရန် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း) - ရောဂါဖြစ်နေသောသူများကို ရှာဖွေရေး အစီအစဥ်များရေးဆွဲ၍ ရှာဖွေကုသခြင်း (Case finding programs)
(ဥပမာ _ သွေးပေါင်ချိန်တိုင်းတာခြင်း ပြုလုပ်၍ သွေးတိုးရောဂါရှိသူများကို ရှာဖွေပြီး ကုသမှုပေးခြင်း)
- ရောဂါကြိုတင်စစ်ဆေးချက်များ (Screening test) ပြုလုပ်ခြင်း၊ ကင်ဆာရောဂါ ကြိုတင်စစ်ဆေးခြင်း
- ပြည့်စုံလုံလောက် ထိရောက်သော ကုသမှုပေးခြင်း (Adequate treatment)
- အချိန်မီ လွှဲပြောင်းကုသခြင်း (Referral)
ထိုသို့ ဒုတိယအဆင့် ကာကွယ်ခြင်းတွင်
- အချို့ သောရောဂါဖြစ်စဥ်များကို ရပ်တန့်စေခြင်း
- သိသာထင်ရှားမှု မရှိသေးသော ရောဂါများကို ကြိုတင်ရှာဖွေခြင်းနှင့်
- ကုသ၍မရနိုင်သောအဆင့်သို့ မရောက်မီ ထိရောက်စွာ ကုသခြင်း
- အချို့သောကူးစက်ရောဂါများတွင် ကူးစက်နိုင်စွမ်းကို တားဆီးခြင်းဖြင့် ကျန်းမားရေး ကောင်းမွန်အောင် ထိန်းသိမ်းနိုင်သည်။
လူထုထဲတွင် အခြားသူများအား ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ရောဂါပိုးရှိနေသောသူတွင် ဒုတိယအဆင့်ကာကွယ်ခြင်း၊ ရောဂါပိုးရှိသူနှင့် ထိတွေ့မှုရှိသူများအား ပထမအဆင့်ကာကွယ်ခြင်း လုပ်ဆောင်ပေးခြင်းဖြင့် ကာကွယ်နိုင်သည်။ ဆိုလိုသည်မှာ ရောဂါကို စောစီးစွာရှာဖွေတွေ့ရှိ၍ ထိရောက်သော ကုသမှုခံယူနိုင်လျှင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မှုကို တားဆီးနိုင်ပြီး ရောဂါသက်သာပျောက်ကင်းနိုင်ခြေ ပိုမိုမြင့်တက်လာသည့်အပြင် အခြားသူများသို့ ရောဂါကူးစက်မှုဖြစ်ပွါးခြင်းကိုလည်း ကာကွယ်နိုင်သည်။ ဥပမာအားဖြင့် တီဘီရောဂါကို စောစီးစွာရှာဖွေတွေ့ရှိ၍ ကုသမှုခံယူခြင်းသည် ရောဂါရှိသူကို ရောဂါပျောက်ကင်းစေနိုင်သကဲ့သို့ ရောဂါရှိသူနှင့် အတူနေထိတွေ့မှုရှိသူများတွင် တီဘီရောဂါပိုးကူးစက်မှုနှုန်း လျော့နည်းသွားစေပြီး ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်သည်။
တတိယအဆင့် ကာကွယ်ခြင်း (Tertiary Prevention)
တတိယအဆင့် ကာကွယ်ခြင်းသည် ရောဂါလက္ခဏာပြသောသူများတွင် ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများ လျော့ကျစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ရောဂါအခြေအနေသည် အစောပိုင်းအဆင့်ကို ကျော်လွန်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နေသည့် ရောဂါကျွမ်းသောအဆင့်သို့ ရောက်ရှိချိန်တွင် ပြုလုပ်ရသည့်ကာကွယ်ခြင်းဖြစ်သည်။
ရောဂါတစ်ခုဖြစ်ပေါ်လျှင် ရောဂါလက္ခဏာများ ခံစားရပြီးနောက်တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာဗေဒဖွဲ့စည်းပုံနှင့် ကိုယ်တွင်းအင်္ဂါလုပ်ငန်း လုပ်ဆောင်ချက်များ ထိခိုက်လာပြီး လူသားတစ်ယောက်၏ ပုံမှန်စွမ်းဆောင်ရည်များ ကျဆင်းခြင်း သို့မဟုတ် ယာယီဆုံးရှုံးခြင်းမှ ရာသက်ပန် မသန်စွမ်းခြင်းသို့ ရောက်ရှိသည်အထိ ဖြစ်ပေါ်နိုင်သည်။ ထိုကဲ့သို့ မဖြစ်လာစေရန် မသန်စွမ်းမှုလျှော့ချရေး လုပ်ဆောင်ချက်များ (Disability limitation) နှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း (Rehabilitation) တို့ပါဝင်သော တတိယအဆင့် ကာကွယ်ခြင်းကို လုပ်ဆောင်ပေးရသည်။ ဥပမာအားဖြင့် နှလုံးသွေးကြောပိတ်ထားသော လူနာများတွင် နှလုံးပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ဆီးချိုလူနာများတွင် ခြေထောက်အနာများ မဖြစ်စေရန် ခြေထောက်ကို ဂရုစိုက်စစ်ဆေးကုသခြင်းတို့ဖြစ်သည်။
ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း (Rehabilitation)
ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းပြုလုပ်ခြင်းဆိုသည်မှာ လူတစ်ယောက်၏ အမြင့်ဆုံး အလုပ်လုပ်ဆောင်နိုင်စွမ်းကို ပြန်လည်ရရှိနိုင်စေရန် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အစရှိသည့်အရာအားလုံးကို ပေါင်းစပ်လေ့ကျင့်ခြင်းဖြစ်သည်။
- ကျန်းမာရေးအတွက် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း (Medical rehabilitation) ဖြင့် ခန္ဓာကိုယ်၏ လုပ်ငန်းများကို ပုံမှန်ပြန်လည်လုပ်ဆောင်နိုင်စေသည်
- အသက်မွေးဝမ်းကျောင်းပညာအတွက် ပြန်လည်သန်စွမ်းမှု လေ့ကျင့်ခန်းပြုလုပ်ခြင်း (Vocational rehabilitation) ဖြင့် အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာများကို ပြန်လည်လုပ်ဆောင်စေနိုင်သည်
- လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာ စွမ်းရည်များ ပြန်လည်လေ့ကျင့်ခြင်း (Social rehabilitation) ဖြင့် မိသားစုနှင့် လူမှုအသိုင်းအဝန်းများတွင် ကောင်းမွန်သည့် ဆက်ဆံရေး ရရှိလာစေသည်
- စိတ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းမှု လေ့ကျင့်ခန်းပြုလုပ်ခြင်း (Psychological rehabilitation) ဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုတို့ကို ပြန်လည်ရရှိစေနိုင်သည်
အထက်ဖော်ပြပါ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန်
- အမြင်အာရုံ ချို့ယွင်းသူများအတွက် သင်တန်းကျောင်းများဖွင့်ခြင်း
- ဦးနှောက်အာရုံကြောဆိုင်ရာ ချို့ယွင်းချက်ရှိသူများအတွက် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
- နားမကြားသူများအတွက် နားကြားကိရိယာများ တပ်ဆင်ပေးခြင်း
- ကိုယ်လက်အင်္ဂါဆုံးရှုံးမှုရှိသူများတွင် ပြန်လည်အစားထိုးခွဲစိတ်မှုများ ပြုလုပ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
စတုတ္ထအဆင့် ကာကွယ်ခြင်း (Quaternary Prevention)
စတုတ္ထအဆင့် ကာကွယ်ခြင်းဆိုသည်မှာ မလိုအပ်ဘဲ ဆေးဝါးအလွန်အကျွံသုံးစွဲခြင်းနှင့် ရောဂါဖြစ်နိုင်မည်ကို အလွန်အမင်းစိုးရိမ်ပြီး အန္တရာယ်ရှိသည့် စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့မှ ကာကွယ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ ဤကာကွယ်မှုသည် အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်သူများနှင့် ပိုမိုသက်ဆိုင်ပြီး၊ အောက်ပါပြဿနာများကို ရှောင်ရှားရန် ရည်ရွယ်သည်။
ဆေးဝါးအလွန်အကျွံသုံးစွဲခြင်း (Polypharmacy)
မလိုအပ်သော ဆေးဝါးများ အလွန်အကျွံသောက်သုံးပါက ဘေးထွက်ဆိုးကျိုးများ ပိုမိုဖြစ်နိုင်ခြေ၊ ဆေးဝါးများအချင်းချင်းဓာတ်ပြုမှုကြောင့် လိုအပ်သောဆေး၏အာနိသင်လျော့ကျခြင်းစသည့် အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် အသက်ကြီးသူများတွင် လဲကျခြင်း၊ သတိလစ်ခြင်းစသော ဆိုးကျိုးများ ဖြစ်နိုင်သည်။
မလိုအပ်သော စစ်ဆေးမှုများ
ရောဂါဖြစ်နိုင်ခြေ နည်းပါးသော လူများအား စိုးရိမ်လွန်ကဲစွာဖြင့် အကြိမ်ကြိမ်စစ်ဆေးခြင်း၊ အချိန်မတိုင်မီ ကြိုတင်စစ်ဆေးခြင်းများသည် မလိုအပ်သော စိတ်ဖိစီးမှု၊ ဓာတ်ရောင်ခြည်သင့်မှု၊ ကုန်ကျစရိတ်များခြင်းစသည့် ပြဿနာများကို ဖြစ်စေနိုင်သည်။ ဥပမာ_ ရင်သားကင်ဆာကြိုတင်စစ်ဆေးခြင်းကို စတင်စစ်ဆေးရမည့် သတ်မှတ်အရွယ်မတိုင်ခင်ကတည်းက အကြိမ်အရေတွက်များစွာ ကြိုတင်စစ်ဆေးခြင်းမျိုးဖြစ်သည်။
ထို့ကြောင့် မလိုအပ်သော ဆေးဝါးသုံးစွဲမှုနှင့် စစ်ဆေးမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ရန် စတုတ္ထအဆင့် ကာကွယ်ခြင်းလုပ်ငန်းစဉ်များ လိုအပ်သည်။
အချုပ်အားဖြင့် ဆိုရသော် ရောဂါတစ်ခု ဖြစ်ပွားခဲ့လျှင် ရောဂါလက္ခဏာများခံစားရခြင်း၊ နောက်ဆက်တွဲ ပြဿနာများဖြစ်ပေါ်ခြင်း၊ မသန်စွမ်းမှုများနှင့် သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သောကြောင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
References:
- National Center for Biotechnology Information. (n.d.). Basic concepts in preventive medicine. In StatPearls. Retrieved January 24, 2025, from https://www.ncbi.nlm.nih.gov/books/NBK537222/
- Synlab. (n.d.). Preventive medicine: What it is and why it is important. Retrieved January 24, 2025, from https://www.synlab-sd.com/en/blog/health-and-wellness-en/preventive-medicine-what-it-is-and-why-it-is-important/
- Urbanek, K., Batura-Gabryel, H., & Wysocki, M. (n.d.). Epidemiology and prevention [PDF]. Poznan University of Medical Sciences. Retrieved January 24, 2025, from https://www.ump.edu.pl/files/8_483_epidemiology_and_prevention.pdf
- PrepLadder. (n.d.). Prevention strategies: Levels of prevention. Retrieved January 24, 2025, from https://www.prepladder.com/neet-pg-study-material/social-and-preventive-medicine/prevention-strategies-levels-of-prevention
- SlideShare. (n.d.). Level of prevention [SlideShare presentation]. Retrieved January 24, 2025, from https://www.slideshare.net/slideshow/level-of-prevention-234899146/234899146
Published: 25 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.