ကိုယ်ခန္ဓာအတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ရရှိစေရန် အစားအသောက်များကို အရောင်အသွေးစုံလင်စွာ စားသုံးသင့်ကြောင်း အကြံပြုချက်များစွာရှိကြသည်။ နေ့စဥ်စားသုံးသည့် အစားအစာများတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံတို့ကို အရောင်အသွေးစုံလင်စွာ စားသုံးသင့်သည်။ အနီရောင် ပန်းသီး၊ လိမ္မော်ရောင် မုန်လာဥ၊ အဝါရောင် ရွှေဖရုံသီး၊ အစိမ်းရောင် ဆလတ်ရွက်စသည့် သဘာဝအစားအစာများ စားသုံးခြင်းသည် Antioxidants ဟုခေါ်သော ကိုယ်ခန္ဓာအကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းမျိုးစုံကို ရရှိစေနိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သည်။
သို့သော် တစ်ခါတစ်ရံ အရောင်အသွေးစုံလင်သော ဆိုးဆေးများကို အသုံးပြု၍ အစားအသောက်များကို ဖန်တီးပြုလုပ်လျက်ရှိသည်။ ဆိုးဆေးများစွာအနက် အစားအသောက်များအတွက် ခွင့်ပြုထားသည့် ဆိုးဆေးများမှာ အရေအတွက် အနည်းငယ်သာရှိသည်။ အစားအသောက်ဆိုးဆေးများကို
- လူတို့၏ အမြင်အာရုံနှင့် စားသောက်ချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ရန်
- နေဒဏ်၊ လေဒဏ်၊ စိုထိုင်းမှုနှင့် အပူချိန် ပြောင်းလဲမှုများ၊ သိုလှောင်သိမ်းဆည်းရမည့် အနေအထားတို့ကြောင့် အစားအစာ အရောင်မပျက်စီးဘဲ ပိုမိုကြာရှည်ခံရန်
- သဘာဝအစားအစာများကို အရောင်ပိုထွက်၍ အမြင်တင့်တယ်စေရန် စသည့်အကြောင်းရင်းများကြောင့် သုံးစွဲကြသည်။
အစားအသောက်ဆိုးဆေးအမျိုးအစားများ
အစားအသောက်ဆိုးဆေးများကို သဘာဝဆိုးဆေးနှင့် ဓာတုဆိုးဆေးဟူ၍ အဓိကအမျိုးအစား နှစ်မျိုးခွဲခြားနိုင်သည်။
သဘာဝအစားအသောက်ဆိုးဆေးများ
သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဟင်းခတ်အမွှေးအကြိုင်အရွက်များစသည့် အပင် (သို့မဟုတ်) သဘာဝအရင်းအမြစ်များမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ အစားအသောက်ထုတ်ကုန်၏ ပါဝင်ပစ္စည်းစာရင်းတွင် သဘာဝအစားအသောက်ဆိုးဆေးများ အသုံးပြုထားပါက တိုက်ရိုက်ဖော်ပြလေ့မရှိဘဲ ‘သဘာဝအရောင်’ (Natural colour) သို့မဟုတ် အရောင်ဖြည့်စွက်ထားသည် (Colour added) ဟူသည့် စကားလုံးများဖြင့်သာ ဖော်ပြထားလေ့ရှိသည်။ သဘာဝအစားအသောက် ဆိုးဆေးများတွင် အောက်ပါတို့ ပါဝင်သည်။
- အနီရောင်၊ ပန်းရောင်အတွက် နိုကိုဥ ဖျော်ရည်နှင့် အမှုန့် (Beet juice and powder)
- ခရမ်းရောင်အတွက် အောင်မဲညိုပန်းပွင့်မှထုတ်သော အဆီ (Butterfly pea flower extract)
- အစိမ်းရောင်အတွက် သစ်သီးဖျော်ရည်နှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များ (Fruit and Vegetable juice)
- အပြာရောင်အတွက် စိမ်းပြာရေညှိမှ ထုတ်သော အဆီ (Spirulina extract)
- လိမ္မော်ရောင်၊ အဝါရောင်အတွက် ရိုင်ဘိုဖလေဗင်ရောင်ခြယ် (Riboflavin)၊ ဘီတာ-ကာရိုတင်း ရောင်ခြယ် (Beta-carotene)၊ ကုံကုမံပန်း (Saffron) နှင့် နနွင်း (Turmeric) စသည်တို့ဖြစ်သည်။
ဓာတုအစားအသောက်ဆိုးဆေးများ
ဓာတုဗေဒဆိုင်ရာပစ္စည်းများမှတစ်ဆင့် လူတို့ ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ဆိုးဆေးများဖြစ်သည်။ အများအားဖြင့် ဓာတ်ဆီနှင့် ပလတ်စတစ်များ ပြုလုပ်ရာတွင် အသုံးပြုသည့် ရေနံကို အခြေခံ၍ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားသောကြောင့် ရေနံအခြေပြု ဓာတုဆိုးဆေးများ (Petroleum-based food dyes) ဟုလည်း ခေါ်သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration) မှ ခွင့်ပြုထားသော အသိအမှတ်ပြု အရောင်ဖြည့်စွက် ဓာတုအစားအသောက်ဆိုးဆေးပစ္စည်း (Certified color additives) ကိုးမျိုးရှိသည်။ ထိုဓာတုဆိုးဆေးအမည်များကို အစားအစာ (သို့မဟုတ်) အဖျော်ယမကာ ထုတ်ကုန်များ၏ ပါဝင်ပစ္စည်းစာရင်းတွင် အမြဲဖော်ပြရန် လိုအပ်ပြီး ‘အရသာတုပ ထည့်သွင်းထားသည်’ (Artificially flavored) သို့မဟုတ် ‘အရောင်တုပ ထည့်သွင်းထားသည်’ (Artificial color added) စသည့် စကားလုံးများအဖြစ် မြင်တွေ့နိုင်သည်။ သုံးစွဲခွင့်ပြုထားသော ဓာတုအစားအသောက်ဆိုးဆေးများမှာ_
- အပြာရောင် နံပါတ် ၁ (Blue No. 1)
- အပြာရောင် နံပါတ် ၂ (Blue No. 2)
- အနီရောင် နံပါတ် ၂ (Citrus Red No. 2)
- အစိမ်းရောင် နံပါတ် ၃ (Green No. 3)
- အနီရောင် နံပါတ် ၃ (Red No. 3)
- လိမ္မော်ရောင် ဘီ (Orange B)
- အနီရောင် နံပါတ် ၄၀ (Red No. 40)
- အဝါရောင် နံပါတ် ၅ (Yellow No. 5)
- အဝါရောင် နံပါတ် ၆ (Yellow No. 6) တို့ဖြစ်သည်။
အသုံးအများဆုံး ဓာတုဆိုးဆေးအချို့မှာ_
- အနီရောင် နံပါတ် ၄၀ (Red No. 40)
- အဝါရောင် နံပါတ် ၅ (Yellow No. 5)
- အပြာရောင် နံပါတ် ၁ (Blue No. 1)
- အနီရောင် နံပါတ် ၃ (Red No. 3) တို့ဖြစ်ပြီး အနီရောင် နံပါတ် ၃ ကို အလှကုန်ပစ္စည်းများတွင် တားမြစ်ထားသော်လည်း အချို့အစားအစာများတွင် အသုံးပြုနေဆဲဖြစ်သည်။
အဆိုပါဓာတုဆိုးဆေးများကို နေ့စဉ်စားသောက်သုံးစွဲနေသော လူသုံးကုန်ပစ္စည်းများစွာတွင် တွေ့ရသည်။ ဥပမာ_
- မနက်စာအဖြစ် စားသုံးနေသော စီရီယယ် (Cereals) များ
- ရေခဲမုန့်နှင့် ပီဇာ၊ ဟော့ဒေါ့၊ ကွတ်ကီး၊ ကိတ်မုန့် စသည်တို့ပြုလုပ်ရာတွင် အသုံးပြုသော မုန့်ဖုတ်ပစ္စည်းများ
- သကြားလုံးနှင့် ပီကေများ
- အချိုရည်များ၊ သစ်သီးဖျော်ရည်များနှင့် အားဖြည့်အချိုရည်များ
- အာလူးချောင်းကြော်နှင့် ဘီစကစ်ကဲ့သို့သော သရေစာများ
- အသင့်စား အစားအစာများ (ဥပမာ _ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ခေါက်ဆွဲခြောက်) စသည့် အထူးတလည် ပြုပြင်စီမံထားသော အစားအသောက်များ (Ultra processed foods)၊ တနည်းအားဖြင့် အာဟာရတန်ဖိုးနည်းသော်လည်း မကြာခဏစားသောက်ချင်စိတ်ဖြစ်စေရန်၊ စွဲလမ်းစေရန် ပြုပြင်ထုတ်လုပ်ထားသော အစားအသောက်များအပြင်
- ကလေးများအတွက် ထုတ်လုပ်ထားသော ဗီတာမင်အားဆေးအချို့ စသည်တို့တွင် တွေ့ရသည်။
ဓာတုအစားအသောက်ဆိုးဆေးများကို အစားအစာများ ပိုမိုတောက်ပပြီး စားချင်စဖွယ်ဖြစ်အောင် အထူးသဖြင့် ကလေးငယ်များနှင့် ဆယ်ကျော်သက်များအတွက် ရည်ရွယ်၍ အသုံးပြုကြသည်။ သဘာဝဆိုးဆေးများထက် အရောင်အသွေး ပိုမိုတောက်ပသောကြောင့် အစားအသောက် ထုတ်လုပ်သူများအနေဖြင့် ဓာတုဆိုးဆေးများကို ပိုမိုရွေးချယ်အသုံးပြုလာကြသည်။ သို့သော် ကာလကြာရှည်စွာ သုံးစွဲပါက အစားအသောက်စားချင်စိတ်နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိသည်။
ဓာတုအစားအသောက်ဆိုးဆေးများ၏ ကျန်းမာရေးအပေါ် သက်ရောက်မှု
အာရုံစူးစိုက်မှုနှင့် စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှုများ
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အထက်ပါဆိုးဆေးများကို အစားအစာများတွင် အသုံးပြုရန် ခွင့်ပြုထားသော်လည်း ကျန်းမာရေးအဖွဲ့အစည်းများနှင့် မိဘများမှ ကလေးငယ်များ၏ အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာကြသည်။ မိဘများဘက်မှ ဓာတုဆိုးဆေးပါသော အစားအသောက်များသည် ကလေးများကို အလွန်တက်ကြွစေခြင်း၊ စိတ်မတည်ငြိမ်ခြင်းများ ဖြစ်စေသည်ဟု ကာလရှည်ကြာစွာ ဖော်ထုတ်ပြောကြားခဲ့သည့်နည်းတူ ယခုအခါ The Center for Science in the Public Interest ကဲ့သို့ သိပ္ပံနည်းကျ ဆန်းစစ်နေသော သုတေသနအဖွဲ့အစည်းများ၏ လေ့လာချက်များအရ Red No. 40 နှင့် Yellow No. 5 ကဲ့သို့သော ဆိုးဆေးများသည် ကလေးများတွင် တွေ့ရသော
- တက်ကြွလွန်းခြင်း (Hyperactivity)
- အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာများ (Attention problems)
- စိတ်ခံစားချက်ပြောင်းလဲခြင်း (Mood swings)
- စိတ်တိုလွယ်ခြင်း (Irritability)
- စိုးရိမ်ပူပန်ခြင်း (Anxiety) စသည့် အခြေအနေများဖြင့် ဆက်စပ်မှုရှိနေနိုင်သည်ဟု တွေ့ရှိလာကြသည်။
လေ့လာသူများ၏အဆိုအရ ထိုဆိုးဆေးများသည် ဦးနှောက်၏ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ပေးနိုင်ပြီး လူတို့၏ စိတ်ခံစားချက်၊ စွမ်းအင်သုံးစွဲမှုနှင့် အစာစားချင်စိတ်တို့ကို ရုတ်တရက်ပြောင်းလဲစေနိုင်သည်ဟု ဆိုသည်။ ထိုဆိုးဆေးများကြောင့် တိုက်ရိုက်ဖြစ်စေသည်ဟု သက်သေအတိအကျ မပြနိုင်သော်လည်း ဆက်စပ်မှုရှိနိုင်သည်ဟု ယူဆပြီး ထိုအပြုအမူများသည် ADHD ကလေးများ၊ စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် စိတ်ဓာတ်ကျခြင်း ခံစားနေရသူများတွင် ပို၍တွေ့ရှိရသည်ဟု ဆိုသည်။
စားသောက်မှုအလေ့အထဆိုင်ရာ ပြဿနာများ
ဓာတုဆိုးဆေးများပါသော အစားအသောက်များသည် လူတို့၏ စားသောက်မှုအလေ့အထများကို ထိခိုက်စေနိုင်သည့်အပြင် ဆာလောင်မှုနှင့် စိတ်ခံစားချက်ကို ထိန်းညှိရာတွင်လည်း အနှောင့်အယှက် ဖြစ်စေနိုင်သည်။ နောက်ဆုံးတွင် စားသောက်မှုအလေ့အထ မူမမှန်ခြင်းဆိုင်ရာရောဂါ (Eating disorders) များအထိ ဖြစ်စေနိုင်သည်။
ရေနံအခြေပြု ဓာတုဆိုးဆေးများသည် လူ့ခန္ဓာကိုယ်တွင်
- သကြားဓာတ်များ၊ အဆီများသော အစားအစာများကို တောင့်တစိတ်ကို တိုးပွါးစေနိုင်သည်
- သကြားဓာတ်ကျဆင်းခြင်းနှင့် စိတ်မပျော်မရွှင် ခံစားရခြင်းကို ဖြစ်စေနိုင်ပြီး အလွန်အကျွံစားသုံးခြင်း (Binge eating) ကို ဖြစ်ပေါ်စေနိုင်သည်
- ဆာလောင်ခြင်းနှင့် ဗိုက်ပြည့်ခြင်းဆိုင်ရာ ဦးနှောက်မှ အချက်ပေးချက်များကို နှောင့်ယှက်နိုင်သည်
- စိတ်ရှိသည့်အတိုင်း စားသောက်ပြီးနောက် စိတ်ခံစားချက်ကို ထိခိုက်စေနိုင်ပြီး ရှက်ရွံ့ခြင်း၊ နောင်တရခြင်း၊ စိုးရိမ်ပူပန်ခြင်း (သို့မဟုတ်) စိတ်ဓာတ်ကျခြင်းတို့ကို ပိုမိုခံစားရစေနိုင်သည်။
ထိုဆိုးဆေးများသည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များအတွက် ရည်ရွယ်ထုတ်လုပ်ထားသော အစားအသောက်များတွင် အများဆုံးပါဝင်သောကြောင့် ထိုအသက်အရွယ်များတွင် စားသောက်မှုအလေ့အထ မူမမှန်ခြင်းဆိုင်ရာရောဂါ (Eating disorders) များ ပိုမိုတွေ့ရနိုင်ခြေရှိသည်။
ကင်ဆာဖြစ်နိုင်ခြေနှင့် အခြားကျန်းမာရေးပြဿနာများ
အစားအသောက်ဆိုးဆေးများပါဝင်သည့် အလွန်အမင်းပြုပြင်ထုတ်လုပ်ထားသော အစားအစာများသည် အာဟာရတန်ဖိုးနည်းပါးလေ့ရှိပြီး သကြား၊ ဆိုဒီယမ်နှင့် အဆီပမာဏ ပိုများကာ ဆီးချို၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ အဝလွန်ခြင်းနှင့် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို မြင့်တက်စေသည်။
ဆိုးဆေးများအနက် အနီရောင် နံပါတ် ၃ (Red No. 3) ဆိုးဆေးသည် ဓာတ်ခွဲခန်းများမှ ကြွက်ထီးများတွင် ကင်ဆာဖြစ်စေနိုင်သည်ဟု လေ့လာမှုများအရ တွေ့ရှိရသည်။ FDA ၏ထုတ်ပြန်ချက်များအရ ကြွက်များတွင် ကင်ဆာဖြစ်ပေါ်စေသော ဖြစ်စဥ်သည် လူများတွင် မဖြစ်ပေါ်နိုင်ဟုဆိုသည်။ သို့ရာတွင် လူ (သို့မဟုတ်) တိရစ္ဆာန်များတွင် ကင်ဆာဖြစ်စေနိုင်ပါက ထိုအစားအသောက်ဖြည့်စွက်ပစ္စည်းကို အသုံးမပြုသင့်ဆိုသည့် အချက်ကြောင့် FDA မှ (၂၀၂၇) ခုနှစ် ဇန်နဝါရီလမှစ၍ အစားအစာနှင့် ဆေးဝါးများတွင် အနီရောင် နံပါတ် ၃ (Red No. 3) ဆိုးဆေးအသုံးပြုခွင့်ကို ရုပ်သိမ်းတော့မည်ဟု ကြေညာခဲ့သည်။
အနီရောင် နံပါတ် ၃ ဆိုးဆေးအပြင် အခြားဓာတုဆိုးဆေးများကိုလည်း ကင်ဆာဖြစ်နိုင်ခြေအတွက် လေ့လာစစ်ဆေးနေသော်လည်း လူသားများအတွက် အန္တရာယ်ရှိနိုင်ခြေရှိသည့် သတ်မှတ်ချက်များကို ရှင်းရှင်းလင်းလင်း မတွေ့ရှိရသေးပါ။
ထို့ကြောင့် သုတေသနများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သော်လည်း အချက်အလက်များအရ ကျန်းမာရေးအတွက် မသင့်တော်ပါဟု ထုတ်ပြန်ထားသော အလွန်အမင်း ပြုပြင်ထုတ်လုပ်ထားသည့် အစားအစာများတွင် ဓာတုအစားအသောက်ဆိုးဆေးများကို မကြာခဏ တွေ့ရှိရသဖြင့် အန္တရာယ်များကြောင်း ယေဘုယျအားဖြင့် ညွှန်ပြလျက်ရှိသည်။
ဓာတုအစားအစာဆိုးဆေးများစားသုံးခြင်းမှ လျှော့ချရန် အကြံပြုချက်များ
စားသောက်မှု အလေ့အထများကို ထိခိုက်စေခြင်းအပြင် စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာပြဿနာများ ဖြစ်စေခြင်းကြောင့် ဓာတုဆိုးဆေးများပါဝင်သော အစားအသောက်များ စားသုံးခြင်းကို တတ်နိုင်သမျှလျှော့ချရန် လိုအပ်သည်။ သန့်ရှင်းသော အစာအာဟာရသည် အရေးကြီးသည်။ ရိုးရှင်းပြီး အာဟာရပြည့်ဝသော အစားအစာများ၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို ရွေးချယ်စားသုံးခြင်းသည် ဓာတုအစားအသောက်ဆိုးဆေးများကြောင့် ဖြစ်ပေါ်လာသော ဦးနှောက်နှင့် ခန္ဓာကိုယ်ထိခိုက်မှုများမှ ပြန်လည်ကုစားရန် အကူအညီပေးနိုင်သည်။
ဓာတုဆိုးဆေးများကို လျှော့ချခြင်း သို့မဟုတ် ရှောင်ကြဉ်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိစေနိုင်သည်။
- အူလမ်းကြောင်းနှင့် ဦးနှောက်အာရုံကြောဆက်သွယ်မှု (Gut Brain Axis) မှတစ်ဆင့် ကိုယ်ခန္ဓာကျန်းမာရေးကို အထောက်အကူပြုသည်
- စိတ်ခံစားချက်နှင့် စွမ်းအင်သုံးစွဲမှုကို ကူညီထိန်းညှိပေးသည်
- သဘာဝအတိုင်း ဆာလောင်မှုနှင့် ဗိုက်ပြည့်သည့်ခံစားချက်များကို အလွယ်တကူသိရှိစေသည်
- စိတ်ခံစားမှုကိုလိုက်၍ စားသုံးခြင်းနှင့် အလွန်အကျွံစားသုံးခြင်း အလေ့အကျင့်များကို လျှော့ချပေးသည်။
ဓာတုဆိုးဆေးများနှင့် စပ်လျဥ်း၍ နောက်ဆုံးထုတ်ပြန်ကြေငြာချက်
မကြာသေးမီက (၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့) တွင် အမေရိကန် ကျန်းမာရေးနှင့် လူသားဆိုင်ရာ ဝန်ဆောင်မှုများဌာန (U.S. Department of Health and Human Services) နှင့် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (U.S. Food and Drug Administration – FDA) တို့မှ နိုင်ငံ၏ အစားအသောက်ထုတ်လုပ်မှုကွင်းဆက်များတွင် ရေနံအခြေပြု ဓာတုဆိုးဆေးများအားလုံးကို တဖြည်းဖြည်းဖယ်ရှားရန်အတွက် အစီအစဥ်အသစ်များစွာကို ကြေညာခဲ့သည်။
ထိုကြေငြာချက်အရ U.S FDA သည် အောက်ပါလုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် စီစဥ်လျက်ရှိသည်။
- စားသောက်ကုန်လုပ်ငန်းများအနေဖြင့် ရေနံအခြေပြု ဓာတုဆိုးဆေးများအားလုံးအစား သဘာဝဆိုးဆေးများကို ပြောင်းလဲသုံးစွဲရန်အတွက် နိုင်ငံတော်အဆင့် စံချိန်စံနှုန်းနှင့် အချိန်ကာလများကို ချမှတ်ခြင်း
- (၂၀၂၅) ခုနှစ် လာမည့်လများအတွင်း ဓာတုအစားအသောက်ဆိုးဆေးနှစ်မျိုးဖြစ်သည့် အနီရောင် နံပါတ် ၂ (Citrus Red No. 2) နှင့် လိမ္မော်ရောင် ဘီ (Orange B) တို့ သုံးစွဲရန် ခွင့်ပြုချက်ကို ရုပ်သိမ်းရန် လုပ်ငန်းစဉ် စတင်ခြင်း
- အစားအသောက်ကုမ္ပဏီများအား အနီရောင် နံပါတ် ၃ (Red No. 3) ဆိုးဆေးကို ယခင်က သတ်မှတ်ထားသော (၂၀၂၇) ခုနှစ် နောက်ဆုံးသတ်မှတ်ရက်ထက် ပိုမိုစော၍ ဖယ်ရှားစေခြင်း
- ကျန်ရှိနေသေးသည့် ဓာတုဆိုးဆေးခြောက်မျိုးဖြစ်သည့် အစိမ်းရောင် နံပါတ် ၃ (Green No. 3)၊ အနီရောင် နံပါတ် ၄၀ (Red No. 40)၊ အဝါရောင် နံပါတ် ၅ (Yellow No. 5)၊ အဝါရောင် နံပါတ် ၆ (Yellow No. 6)၊ အပြာရောင် နံပါတ် ၁ (Blue No. 1) နှင့် အပြာရောင် နံပါတ် ၂ (Blue No. 2) တို့ကို လာမည့်နှစ်ကုန်ပိုင်းတွင် အစားအသောက် ထုတ်လုပ်ရာမှ ဖယ်ရှားနိုင်ရေးအတွက် ကုမ္ပဏီလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
- လာမည့်ရက်သတ္တပတ်များအတွင်း သဘာဝဖြည့်စွက်ပစ္စည်း အသစ်လေးမျိုးကို ခွင့်ပြုချက်ပေးခြင်းအပြင် အခြားသော သဘာဝပစ္စည်းများအား စစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ချခြင်းတို့ကို အရှိန်မြှင့်တင်ဆောင်ရွက်ခြင်း
- အမေရိကန် အမျိုးသားကျန်းမာရေးသိပ္ပံဌာန (National Institutes of Health – NIH) နှင့် ပူးပေါင်း၍ အစားအစာဆိုးဆေးများနှင့် အခြားဖြည့်စွက်ပစ္စည်းများမှ ကလေးများ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် မည်သို့သက်ရောက်သည်ကို ပြည့်စုံသော သုတေသနများပြုလုပ်ရန် တောင်းဆိုခြင်း စသည်တို့ဖြစ်သည်။
အမေရိကန် အမျိုးသားကျန်းမာရေးသိပ္ပံဌာန (National Institutes of Health – NIH) မှလည်း အာဟာရဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းရေးဆိုင်ရာ သိပ္ပံပညာရပ်နှင့် သုတေသနလေ့လာရေးအစီအစဉ် (NIH Nutrition Regulatory Science and Research Program) ကိုဆောင်ရွက်ကာ U.S FDA နှင့်အတူ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်၍ ပြည်သူလူထုကို ကျန်းမာရေးအသိပေးနိုင်ရန် ရည်ရွယ်၍ အာဟာရနှင့် အစားအစာဆိုင်ရာ သုတေသနများကို အရှိန်မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်သည်။
သို့ဖြစ်၍ မိမိတို့ နေ့စဥ်စားသုံးသော အစားအစာများတွင် ဓာတုဆိုးဆေးပါဝင်မှုနည်းသော အစားအသောက်များနှင့် သဘာဝအစားအစာများကို တတ်နိုင်သမျှ ရွေးချယ်စားသုံးခြင်းဖြင့် ကျန်းမာရေးကို ရေရှည်ထိန်းသိမ်းသင့်သည်။
References:
- Office of the Commissioner. (2025). HHS, FDA to phase out Petroleum-Based synthetic dyes in nation’s food supply. U.S. Food And Drug Administration. Retrieved June 1, 2025, from https://www.fda.gov/news-events/press-announcements/hhs-fda-phase-out-petroleum-based-synthetic-dyes-nations-food-supply
- Erickson, B. E. (2025, April 23). FDA eyes phaseout of petroleum‑based food dyes. Chemical & Engineering News. Retrieved June 1, 2025, from https://cen.acs.org/food/food-ingredients/FDA-eyes-phaseout-petroleum-based/103/web/2025/04
- MD Anderson Cancer Center. (n.d.). Are food dyes unhealthy? Cancerwise. Retrieved June 1, 2025, from https://www.mdanderson.org/cancerwise/are-food-dyes-unhealthy.h00-159775656.html
- Virtue Recovery Las Vegas. (n.d.). Petroleum‑based artificial food dyes & eating disorders. Retrieved June 1, 2025, from https://www.virtuerecoverylasvegas.com/food-dyes-eating-disorders/
- U.S. Department of Health and Human Services. (2025, May 9). FDA approves three food colors from natural sources. HHS.gov. Retrieved June 1, 2025, from https://www.hhs.gov/press-room/fda-approves-three-new-natural-food-color-additives.html
Published: 3 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.