School Health (ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များ)

School Health (ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များ)

ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များ (School Health) သည် ကျောင်းသားလူငယ်များအတွက် အခြေခံ ကျန်းမာရေးအသိပညာများ၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် သဘောထားများ၊ ယုံကြည်ချက်များနှင့် တစ်သက်တာကျန်းမာရေးအတွက် လိုအပ်သောအမူအကျင့်များကို ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးနိုင်သည့် အခြေခံအုတ်မြစ်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာသာမက၊ စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးနေဆဲဖြစ်သည့် ကလေးငယ်များနှင့် ဆယ်ကျော်သက်များအတွက် ကျောင်းနေကာလသည် ကောင်းမွန်သောအမူအကျင့်များကို နှလုံးသွင်းလေ့လာသင်ယူရန် အကောင်းဆုံးအချိန်ကာလဖြစ်သည်။

ပညာရေးနှင့် ကျန်းမာရေးသည် ကျောင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီပြုနေကြသည်။ ကျန်းမာမှသာ ကျောင်းသားကျောင်းသူများသည် ပညာရေးတွင် ပိုမိုအာရုံစိုက်နိုင်မည်ဖြစ်သကဲ့သို့ ပညာဗဟုသုတကြွယ်ဝမှသာ ကျန်းမာရေးအတွက် ကောင်းမွန်သော အမူအကျင့်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ‌သို့ဖြစ်ပါ၍ ကျောင်းကျန်းမာရေးသည် ကျောင်းသားလူငယ်များ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးနှင့် ဘဝဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လွန်စွာအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။

သို့ဖြစ်၍ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) မှ ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ကျောင်းများတွင် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် “ကလေးများသည် ကျောင်းနှင့် လူမှုပတ်ဝန်းကျင်နှစ်ခုလုံးတွင် တစ်သားတည်း ဖြစ်စေရမည်” (Whole School, Whole Community, Whole Child/ WSCC) ဆိုသည့် မူဘောင်တစ်ခုကို ချမှတ်ကာ လုပ်ဆောင်လျက်ရှိသည်။ ကျောင်းသားကို ဗဟိုပြုသည့် ဤ WSCC မူဘောင်သည် ကျောင်းကို ပံ့ပိုးကူညီရာတွင် လူမှုပတ်ဝန်းကျင်၏ ကဏ္ဍကို ပိုမိုအလေးပေးထားသည်။

ထို့အပြင် WSCC မူဘောင်သည် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာထူးချွန်မှုများအကြား ဆက်နွယ်မှုများ၊ အထောက်အထားခိုင်လုံသော ကျောင်းမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ၏ အရေးပါပုံ၊ အကျိုးရှိပုံတို့ကိုလည်း အလေးပေးလုပ်ဆောင်ထားသည်။

ကလေးများ၏ ကျန်းမာရေးနှင့် ပညာရေးနှစ်ခုလုံးအတွက် အကျိုးရှိစေရန် ချမှတ်ထားသော WSCC မူဘောင်တွင် အဓိကအားဖြင့် လုပ်ဆောင်ချက် (၁၀) ခု ပါရှိသည်။

  • ကျန်းမာရေး အသိပညာပေးခြင်း (Health education)
  • ကာယပညာနှင့် ကိုယ်လက်လှုပ်ရှားမှု (Physical education and physical activity)
  • အာဟာရဆိုင်ရာ ပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုများ (Nutrition environment and services)
  • လူမှုရေးနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ (Social and emotional climate)
  • ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင် (Physical environment)
  • ကျန်းမာရေး ဝန်ဆောင်မှုများ (Health services)
  • နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ပညာဆိုင်ရာနှင့် လူမှုရေး ဝန်ဆောင်မှုများ (Counseling, psychological, and social services)
  • ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှု (Employee wellness)
  • လူထု/လူမှုအသိုင်းအဝိုင်း၏ ပါဝင်ပတ်သက်မှု (Community involvement)
  • မိသားစု၏ ပူးပေါင်းပါဝင်မှု (Family engagement) စသည်တို့ဖြစ်သည်။
ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များ
  1. ကျန်းမာရေး အသိပညာပေးခြင်း
    ကျန်းမာရေးအသိပညာပေးခြင်းသည် ကျောင်းကျန်းမာရေး၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းစွာ နေထိုင်တတ်စေရန် လိုအပ်သော အလေ့အကျင့်ကောင်းများကို ကျောင်းသင်ခန်းစာများမှတစ်ဆင့် လေ့ကျင့်သင်ကြားပေးရခြင်းဖြစ်သည်။ အခြေခံကျန်းမာရေးဗဟုသုတများ၊ အာဟာရမျှတအောင် စားသောက်မှုပုံစံများ၊ လိင်ပိုင်းဆိုင်ရာအသိပညာများ၊ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာများ၊ မူးယစ်ဆေးဝါးကာကွယ်ရေးဆိုင်ရာ အသိပညာများ၊ အီလက်ထရောနစ်ပစ္စည်း အသုံးပြုခြင်းဆိုင်ရာ အသိပညာများ၊ Screen Time နှင့် ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ကောင်းကျိုးဆိုးကျိုးများ အစရှိသည့် ကျန်းမာရေးဆိုင်ရာ အသိပညာများကို အသက်အရွယ်အလိုက် လေ့ကျင့်သင်ကြားပေးသင့်သည်။
  2. အားကစားနှင့် ကာယပညာသင်ကြားခြင်း
    ကာယလှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်းသည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။ ထို့အပြင် ကလေးငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး လုပ်ဆောင်နိုင်စွမ်းရည်နှင့် ပညာရေးဆိုင်ရာစွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်‌သည်။ ကျောင်းကျန်းမာရေးအစီအစဥ်များတွင် ကျောင်းတွင်း ကာယပညာသင်ခန်းစာများအပြင် ကျောင်းပြင်ပ ကာယလှုပ်ရှားမှု အခွင့်အလမ်းများကိုပါ ဖန်တီးပေးသင့်သည်။ ဤအစီအစဥ်များသည် ကျောင်းသားများ၏ ကိုယ်ကာယကျန်းမာသန်စွမ်းမှုကို အထောက်အကူပြုရုံသာမက ပုံမှန်ကာယလှုပ်ရှားမှု ပြုလုပ်သည့် အလေ့အကျင့်ကောင်းကိုပါ မွေးမြူနိုင်ရန် အကူအညီပေးသည်။
  3. ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ ဘေးအန္တရာယ်ကင်းဝေးရေး‌
    အာဟာရဝန်ဆောင်မှုသည် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုး‌ရေးအတွက် သင့်တင့်မျှတသော အစားအသောက်ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် အထောက်အကူဖြစ်စေသည်။ ကျောင်းတွင်းအာဟာရဝန်ဆောင်မှုတွင် အာဟာရပြည့်ဝသော နေ့လည်စာအစီအစဥ်များ၊ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော အစားအသောက်ရောင်းချခြင်း အစီအစဥ်များ၊ အာဟာရဆိုင်ရာ ပညာပေးအစီအစဥ်များ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် အာပာာရချို့တဲ့မှုများကို စောင့်ကြည့်စစ်ဆေးသော အစီအစဥ်များ အစရှိသောဝန်ဆောင်မှုများ ပါရှိသင့်သည်။
  4. စိတ်ကျန်းမာရေးဆိုင်ရာ ပညာပေးခြင်းနှင့် ဆွေးနွေးအကြံပေးခြင်း
    စိတ်ကျန်းမာရေးသည် အထွေထွေကျန်းမာရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုများသော ဆယ်ကျော်သက် ကျောင်းသားလူငယ်များအတွက် အလွန်အရေးကြီးသည်။ ကျောင်းစာသင်ခန်းသည် ကျောင်းသားလူငယ်များအတွက် စိတ်ဓာတ်ကြံ့ခိုင်သန်မာရန်၊ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာများ လေ့လာသင်ယူရန်၊ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာထိန်းချုပ်နိုင်သည့် အရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန် အသင့်လျော်ဆုံးနေရာဖြစ်သည်။ ကျောင်းကျန်းမာရေးအစီအစဥ်တွင် ကျောင်းသားလူငယ်များအတွက် စိတ်ကျန်းမာရေးအသိပညာပေးမှုများနှင့် လိုအပ်လာသည့်အခါ စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပေးနိုင်ရန် စီစဥ်ထားသင့်သည်။ ကျောင်းစာသင်ခန်းအတွင်း ကျောင်းသားကျောင်းသူတိုင်းအတွက် သင့်လျော်ပြီး လုံခြုံနွေးထွေးသော ပတ်ဝန်းကျင်ကောင်းဖြစ်စေရန် လုပ်ဆောင်ဖန်တီးထားခြင်းကလည်း ကျောင်းသားလူငယ်တို့၏ လူမှု‌ရေးပျော်ရွှင်မှုနှင့် စိတ်ကျန်းမာရေးကို ကောင်းစွာမြှင့်တင်ပေးနိုင်သည်။
  5. ကျန်းမာရေးစောင့်‌‌ရှောက်ခြင်း
    ဤလုပ်ငန်းစဥ်တွင် နာမကျန်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့အတွက် အရေးပေါ်ကုသ‌ပေးခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ လွှဲပြောင်းကုသပေးခြင်း၊ ကျောင်းသားများအတွက် အခြေခံကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိနှင့်နား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုအခြေအနေများ ကိုက်ညီမှု ရှိမရှိ ပုံမှန်စစ်ဆေးပေးခြင်း၊ သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကူးစက်နိုင်သောရောဂါများနှင့် အခြားရောဂါများကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ အသိပညာပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်‌ရှောက်ခြင်း ဝန်ဆောင်မှုများကို စနစ်တကျ အသုံးပြုတတ်စေရန် အသိပညာပေးခြင်း အစရှိသောလုပ်ငန်းများ ပါဝင်သည်။
  6. အထူးလိုအပ်ချက်ရှိသော ကျောင်းသားကျောင်းသူများအတွက် ဝန်ဆောင်မှုများထားရှိခြင်း
    ကျောင်းကျန်းမာရေးအစီအစဥ်များတွင် အထူးလိုအပ်ချက်ရှိသော ကလေးငယ်များနှင့် မသန်စွမ်းကျောင်းသားကျောင်းသူများအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သက်ဆိုင်ရာ အတတ်ပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ထားသင့်သည်။ ထိုကဲ့သို့သော ကလေးငယ်များ၏ လိုအပ်ချက်များကို ဆောလျင်စွာ သိရှိနိုင်ရန် ဆရာ၊ ဆရာမများကိုလည်း လေ့ကျင့်သင်ကြားထားသင့်သည်။ စာသင်ကျောင်းများသည် အဆိုပါကလေးငယ်များကို ပုံမှန်ကလေးများနှင့်အတူ လက်တွဲခေါ်ယူသင်ကြားခြင်းဖြင့် မိမိကျောင်း၏ဂုဏ်ကို မြှင့်တင်သင့်သည်။
  7. သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ခြင်း
    ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေများတွင် ပြုလုပ်ရမည့် လုပ်ငန်းစဥ်အဆင့်ဆင့်နှင့် ရှေးဦးသူနာပြုစောင့်ရှောက်မှု ပညာရပ်များကို ကြိုတင်သင်ကြားထားပေးသင့်သည်။ ထို့အပြင် ကလေးများတွင် အဖြစ်များသော ရောဂါများအတွက် အရေးပေါ်ကျန်းမာရေးလမ်းညွှန်များ စီစဥ်ထားရှိပြီး ထိုလမ်းညွှန်များကို ဆရာ၊ ဆရာမများ အကျွမ်းတဝင်ဖြစ်စေရန် လေ့ကျင့်သင်ကြားထားရန် လိုအပ်သည်။
  8. ကျန်းမာပြီးဘေးကင်းလုံခြုံသော ကျောင်းပတ်ဝန်းကျင်ဖန်တီးခြင်း
    ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ရာတွင် ကျောင်းအဆောက်အဦးနှင့် ဆက်စပ်နေသော ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး၊ ကျောင်းသုံးအိမ်သာများ သန့်ရှင်းရေး၊ စနစ်ကျသောအမှိုက်သိမ်းစနစ် ထားရှိရေးနှင့် ကျောင်းမုန့်စျေးတန်းသန့်ရှင်းရေးတို့ ပါဝင်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင် ပြုပြင်ဖန်တီးရာတွင် ကျောင်းစာသင်ခန်းများကို စနစ်တကျ ပြုပြင်ထားရှိရေးသည်လည်း အရေးပါသည်။ ကျောင်းစာသင်ခန်းများတွင် လေကောင်းလေသန့်နှင့် အလင်းရောင် ကောင်းမွန်စွာရရှိစေရန် ဆောင်ရွက်ထားခြင်း၊ ကျန်းမာရေးထိခိုက်စေနိုင်သည့် သင်ထောက်ကူပစ္စည်းများ အသုံးပြုခြင်းမှ ရှောင်ကြဥ်ခြင်း၊ သန့်ရှင်းသော‌ သောက်သုံးရေ ရရှိနိုင်ရန် ဆောင်ရွက်ထားခြင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအစီအစဥ်များ ကြိုတင်ပြင်ဆင်ခြင်း စသည်တို့ကို ဆောင်ရွက်ထားသင့်သည်။
  9. မိဘနှင့် ရပ်ရွာပတ်ဝန်းကျင် ပူးပေါင်းပါဝင်မှု ရရှိရန် ဆောင်ရွက်ခြင်း
    ကျောင်းကျန်းမာရေး အကောင်အထည်ဖော်ရာတွင် မိဘဆရာအသင်း၊ ကျောင်းအကျိုးဆောင်အဖွဲ့များနှင့် လူထုအခြေပြု လူမှု‌ရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်မှသာ ကျောင်းသားလူငယ်များမှတစ်ဆင့် ပြည်သူလူထုအတွင်းသို့ ကျန်းမာရေးဆိုင်ရာ အသိပညာများနှင့် ကျန်းမာ‌ရေးနှင့် ညီညွတ်သော ကောင်းမွန်သည့်အမူအကျင့်များကို ဖြန့်ဝေပေးနိုင်ရန်‌ စီစဥ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ကျောင်းကျန်းမာရေးအကျိုးကျေးဇူးများ

ကျောင်းကျန်းမာရေးအစီအစဥ်များသည် ကျောင်းသားလူငယ်များ၏ ပညာအရည်အချင်း တိုးတက် မြင့်မားရေးအတွက်သာမက ဘဝနေထိုင်မှုနှင့် အနာဂတ်အောင်မြင်မှုအပေါ် များစွာအကျိုးသက်ရောက်နိုင်သည်။ ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအသိပညာ တိုးတက်မြင့်မားရေးအတွက်သာမက ၎င်းတို့၏မိသားစု၊ ရပ်ရွာပတ်ဝန်းကျင်အထိ ကျန်းမာရေးအသိပညာများ မျှဝေပေးနိုင်ရေးအတွက်ပါ များစွာအကျိုးသက်ရောက်မှုရှိသည်။ သို့ဖြစ်၍ ပြီးပြည့်စုံသော ကျောင်းကျန်းမာရေးအစီအစဉ်တစ်ခုတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကျောင်းသားလူငယ်များနှင့် ရပ်ရွာလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Components of the coordinated school health program. Retrieved June 10, 2026, from https://archive.cdc.gov/www_cdc_gov/healthyschools/cshp_archive/components.htm
  2. Centers for Disease Control and Prevention. (n.d.). About the Whole School, Whole Community, Whole Child (WSCC) model. Retrieved June 10, 2026, from https://www.cdc.gov/whole-school-community-child/about/index.html
  3. National Center for Health Education. (n.d.). Growing healthy: Comprehensive school health education. Retrieved June 10, 2026, from https://www.nche.org/growinghealthy_comprehensiveschoolhealthed.htm
  4. World Health Organization. (2021). Making every school a health-promoting school: Global standards and indicators. Retrieved June 10, 2026, from https://iris.who.int/bitstream/handle/10665/341910/9789240029392-eng.pdf?sequence=1
  5. World Health Organization. (2021). Making every school a health-promoting school: Implementation guidance. Retrieved June 10, 2026, from https://iris.who.int/bitstream/handle/10665/341908/9789240025073-eng.pdf?sequence=1

Published: 25 June 2025

Last updated: 15 July 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.