Betel Chewing and Health (ကွမ်းစားခြင်းနှင့် ကျန်းမာရေး)

Betel Chewing and Health (ကွမ်းစားခြင်းနှင့် ကျန်းမာရေး)
ကွမ်းစားခြင်းဓလေ့

ကွမ်းစားခြင်းဓလေ့သည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်သမုဒ္ဒရာဒေသများတွင် ရှေးဟောင်းသမိုင်းကြောင်းတစ်ခုအဖြစ် ရှိခဲ့ပြီး၊ ဂူအမ်နှင့် ပစိဖိတ်ကျွန်းများတွင် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်မှ စတင်ခဲ့ကြောင်း ရှာဖွေတွေ့ရှိရသည်။ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း၍ နှစ်ပေါင်းများစွာ စားသုံးလာသော ယဉ်ကျေးမှုဓလေ့တစ်ခုလည်းဖြစ်သည်။ ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ သန်း (၆၀၀) ကျော်သည် ကွမ်းစားသုံးကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ခန့်မှန်းသည်။

ကမ္ဘာပေါ်တွင် မူးယစ်စွဲလမ်းစေသောပစ္စည်းများအနက် နီကိုတင်း၊ အရက်နှင့် ကဖိန်း၏နောက်တွင် ကွမ်းသည် လေးခုမြောက်အဖြစ် နေရာယူလာသည်။ ထို့ကြောင့် နိုင်ငံများစွာ၌ ကွမ်းစားခြင်းသည် ယဉ်ကျေးမှုနှင့် လူမှုရေးအရ အရေးပါသော်လည်း ထိုသို့စားသုံးခြင်းကြောင့် စိုးရိမ်ရသော ကျန်းမာရေး အကျိုးသက်ရောက်မှုများကို ပိုမိုတွေ့ရှိလာရသည်။

Betel chewing image 1
ကွမ်းအသုံးပြုပုံ

ယေဘုယျအားဖြင့် ကွမ်းကို ကွမ်းယာအဖြစ် လူသိများကြပြီး၊ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး၊ အခြားဓာတုဆေးဝါးတို့နှင့်ရော၍ စားသုံးလေ့ရှိကြသည်။

ကွမ်း၏ကျန်းမာ‌‌ရေးအပေါ် သက်ရောက်မှုများ

မြန်မာ့ယဉ်ကျေးမှုတွင် ကွမ်းစားခြင်းသည် နှစ်ကာလရှည်တစ်လျှောက် လက်ခံအသုံးပြုလာသောအရာဖြစ်သည်။ အချို့သောယုံကြည်မှုများအရ ကွမ်းဝါးခြင်းသည် စိတ်ကို လန်းဆန်းတက်ကြွစေခြင်း၊ အစာချေဖျက်မှု ကောင်းစေခြင်း၊ ခံတွင်းလတ်ဆတ်မှုရှိစေခြင်းတို့တွင် အသုံးဝင်သည်ဟု ထင်ရှားလာသည်။ ကွမ်းသီးနှင့် ကွမ်းရွက်တွင် ပါဝင်သောဓာတုပစ္စည်းအချို့ကြောင့် ထိုအာနိသင်များ ခံစားရခြင်းဖြစ်သည်။ ထို့အပြင် ကွမ်းသီးနှင့် ကွမ်းရွက်ကို တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုခဲ့သောကြောင့် ဆေးဖက်ဝင်နိုင်သည်ဟု သုံးသပ်ခဲ့သော်လည်း ထိုအကျိုးသက်ရောက်မှုများသည် သုတေသနအထောက်အထား မရှိသေးကြောင်း သတိပြုရမည်။

ကွမ်းစားခြင်းကြောင့် ကျန်းမာရေးအတွက် အန္တရာယ်ရှိစေသောအချက်များ

ကွမ်းသီးနှင့် ကွမ်းရွက်တို့သည် ဆေးဖက်ဝင်သော အကျိုးအာနိသင်အချို့ ရှိနိုင်သော်လည်း ပါဝင်သော ဓာတုပစ္စည်းအချို့နှင့် ကွမ်းယာစားရာတွင် တွဲဖက်စားသုံးလေ့ရှိသော မဖောက်ထုံး၊ ဆေးရွက်ကြီးနှင့် အခြားဓာတုဆေးဝါးများကြောင့် ကျန်းမာရေးကို များစွာထိခိုက်စေနိုင်သည်။

  • ကွမ်းမစားရ မနေနိုင်ဖြစ်လာခြင်း
    ကွမ်းယာထဲတွင်ပါဝင်သော Arecoline ဓာတ်သည် ဦးနှောက်အပေါ် သက်ရောက်မှုရှိပြီး သုံးစွဲသူများကို စိတ်တက်ကြွမှုများ ဖြစ်စေနိုင်သည်။ ထို့အပြင် ဆေးရွက်ကြီးတွင် ပါဝင်သော နီကိုတင်းဓာတ်သည်လည်း စိတ်ကိုတက်ကြွအောင် ပြုလုပ်ပြီး မကြာခဏ စွဲလမ်းမှုများ ဖြစ်စေနိုင်သည်။ Arecoline နှင့် နီကိုတင်းတို့ကြောင့် ကွမ်းယာကို မစားဘဲမနေနိုင်အောင် စွဲလမ်းစေနိုင်သည်။ အရက် သို့မဟုတ် မူးယစ်ဆေးဝါး တစ်မျိုးမျိုးနှင့်အတူ သုံးစွဲသူများတွင် ပိုမိုပြင်းထန်သော စွဲလမ်းမှုဖြစ်လာနိုင်သည်။
  • ခံတွင်းကင်ဆာနှင့် အခြားကင်ဆာများ
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကွမ်းစားခြင်းအလေ့အထသည် ကင်ဆာဖြစ်စေသောအရာ (Carcinogen) ဟု အဆိုပြုထားသည်။ ကွမ်းသီးကို ကြာကြာစားသုံးပါက ခံတွင်း၌ Oral Submucous Fibrosis (OSMF) အခြေအနေကို ဖြစ်စေသည်။ ခံတွင်း၌ ပူစပ်စပ် ခံစားရခြင်း၊ ခံတွင်းတစ်ရှူးများ တင်းကျပ်လာခြင်းကြောင့် ပါးစပ်ကျယ်ကျယ် မဟနိုင်တော့ခြင်း၊ ပူစပ်သော အစားအစာများကို မစားနိုင်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်သည်။ ၎င်းသည် ကင်ဆာအကြိုအဆင့်ဖြစ်ပြီး အချိန်ကြာလာပါက ခံတွင်းကင်ဆာသို့ ပြောင်းလဲနိုင်သည်။ ထို့အပြင် အချိန်ကြာမြင့်စွာ စားသုံးသူများတွင် ခံတွင်းကင်ဆာသာမက လည်ချောင်းကင်ဆာနှင့် အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာဖြစ်ပွါးမှုများ မြင့်တက်နိုင်ခြေရှိသည်ကို တွေ့ရသည်။ ကွမ်းယာစားခြင်းအပြင် ဆေးလိပ်သောက်ခြင်းပါ အတူတွဲ၍ ပြုလုပ်ပါက ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေ ပိုများစေသည်။
  • နှလုံးသွေးကြောနှင့် အခြားရောဂါများ
    ကွမ်းစားခြင်းသည် နှလုံးသွေးကြောရောဂါများ၊ နှလုံးခုန်စည်းချက် မမှန်ခြင်း၊ သွေးတိုးခြင်းနှင့် အဆုတ်ရောဂါများ ဖြစ်စေနိုင်သည်။ ထို့အပြင် အဝလွန်ခြင်း၊ ဆီးချိုရောဂါများ ပိုမိုဖြစ်ပွါးနိုင်သည်ကို လေ့လာတွေ့ရှိရသည်။
  • စိတ်ကျန်းမာရေးပြဿနာများ
    စိတ်ဂနာမငြိမ်ခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ကျရောဂါများနှင့် မူးယစ်ဆေးအလွဲသုံးစားမှုများ ဖြစ်စေနိုင်သည်။ ထို့မျှသာမက ကွမ်းမစားရ မနေနိုင်အောင် စွဲလမ်းလာပြီး ကွမ်းပြတ်ချိန်တွင် စိတ်တိုခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်းနှင့် ကွမ်းစားချင်စိတ် ပြင်းထန်ခြင်း (Craving) စသည့်လက္ခဏာများ ဖြစ်စေသည်။
  • ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အန္တရာယ်များ
    ကိုယ်ဝန်ဆောင်စဉ် ကွမ်းစားသုံးခြင်းသည် မွေးကင်းစကလေး ကိုယ်အလေးချိန်နည်းခြင်း၊ ပေါင်မပြည့် လမစေ့ကလေး မွေးဖွားခြင်းနှင့် မွေးကင်းစကလေး ရုတ်တရက်သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • သွားရောဂါပြဿနာများ
    သွားတွင် ကွမ်းချိုးများကပ်ခြင်း၊ သွားနှင့်သွားဖုံးများ အရောင်ပြောင်းခြင်းနှင့် သွားပျက်စီးခြင်းများကို ဖြစ်စေနိုင်သည်။
  • ကျောက်ကပ်ရောဂါများ
    ကွမ်းယာတွင် အသုံးပြုသော ထုံးဓာတ်များကြောင့် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း တို့ဖြစ်နိုင်သည်။
  • အခြားဆေးဝါးများနှင့် ဓာတ်ပြုခြင်း
    ပုံမှန်သောက်နေကျ ဆေးဝါးများနှင့် ဓာတ်ပြု၍ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ခြေရှိသည်ဟု သုတေသနများ ပြုလုပ်ဆဲဖြစ်သည်။
ကွမ်းစားခြင်းကို လုံးဝရှောင်ကြဉ်သင့်သူများ
  • ကိုယ်ဝန်ဆောင်နှင့် မီးဖွားသူများ
  • နှလုံးခုန်နှုန်း မမှန်သူများ
  • နှလုံးရောဂါရှိသူများ
  • အူလမ်းကြောင်းပိတ်ဆို့ခြင်း
  • အစာအိမ်အနာရှိခြင်း (Ulcers)
  • အဆုတ်ရောဂါရှိသူများ
  • အတက်ရောဂါရှိသူများ (Seizures) တွင် ကွမ်းစားခြင်းကို ရှောင်ကြဥ်သင့်သည်။

ယခုအခါ ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေးအဖွဲ့အစည်းများနှင့် အစိုးရများသည် ကွမ်းစားခြင်း၏ အန္တရာယ်များကို အသိပညာပေးရန် ကြိုးပမ်းနေကြသည်။ WHO အနေဖြင့်လည်း (၂၀၁၂) ခုနှစ်တွင် အနောက် ပစိဖိတ်ဒေသအတွင်း ကွမ်းစားခြင်းကို လျှော့ချရန် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည်။ ပါဝင်သောအစီအစဉ်များမှာ_

  • မူဝါဒများပြုပြင်ခြင်း
  • လူထုအသိပေးမီဒီယာလှုပ်ရှားမှုများ စသည်တို့ဖြစ်သည်။

ထို့အပြင် ထိုင်ဝမ်နိုင်ငံတွင် (၁၉၉၇) ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှစ၍ နှစ်စဉ် “Betel Nut Prevention Day” အဖြစ် ကြေညာခဲ့ပြီး ကွမ်းတံတွေးထွေးသူများကို ပြစ်ဒဏ်ငွေကြေးဆောင်ရန်နှင့် သင်တန်းများတက်ရောက်ရန် ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ကျန်းမာရေးကို ဆိုးကျိုးများစွာဖြစ်စေနိုင်သော ကွမ်းစားခြင်းကို အလေ့အကျင့် မလုပ်မိစေရန်နှင့် ကွမ်းယာစားနေသူများအနေဖြင့်လည်း မိမိကျန်းမာ‌ရေးကို ရှေးရှု၍ ကွမ်းဖြတ်သင့်သည်။

ကွမ်းဖြတ်နိုင်ရန် အကြံပြုချက်များ
  1. သင့်ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေနိုင်ကြောင်းကို နားလည်ပါ
    ကွမ်းစားခြင်းသည် ပါးစပ်နှင့် အစာ‌ရေမျိုပြွန်ကင်ဆာ၊ နှလုံးရောဂါ၊ ကိုယ်ဝန်ဆောင်ကာလဆိုင်ရာ ပြဿနာများအပါအဝင် ပြင်းထန်သော ကျန်းမာရေးဆိုးကျိုးများနှင့် ဆက်စပ်နေကြောင်း သိရှိနားလည်ရန် လိုအပ်သည်။
  2. ကွမ်းဖြတ်မည့်ရက်ကို သတ်မှတ်ပါ
    ကွမ်းစားခြင်းကို ရပ်တန့်မည့် ရက်တစ်ရက် ရွေးချယ်၍ ပြက္ခဒိန်တွင် အမှတ်အသားပြုကာ စိတ်ပိုင်းဖြတ်ထားပါ။
  3. အကြောင်းရင်းများကို ဖော်ထုတ်ပါ
    ဘယ်အချိန်တွင် ဘာကြောင့် သင်ကွမ်းစားမိနေကြောင်း မှတ်တမ်းတစ်ခုထားပါ။ ထိုအကြောင်းရင်းများကို နားလည်ခြင်းသည် ကွမ်းစားခြင်းကိုရှောင်ရန် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းနည်းများ ရှာဖွေရာတွင် အထောက်အကူဖြစ်စေနိုင်သည်။
  4. အထောက်အပံ့ရယူပါ
    မိတ်ဆွေများ၊ မိသားစုဝင်များကို ကွမ်းဖြတ်ရန် ဆုံးဖြတ်ထားကြောင်း အသိပေးပါ။ ထိုသူများ၏အားပေးမှုသည် သင့်အတွက် စိတ်အားတက်စေပြီး တာဝန်ယူမှုကို မြှင့်တင်ပေးနိုင်သည်။
  5. အခြားကောင်းမွန်သော အလေ့အကျင့်ကို အစားထိုးပါ
    ကွမ်းဖြတ်ထားစဥ် ပါးစပ်နှင့် စိတ်ကို အာရုံပြောင်းစေရန် ကျန်းမာရေးနှင့်ညီညွတ်သည့် အခြားနည်းလမ်းများ (ဥပမာ _ သကြားမပါသော ပီကေဝါးခြင်း၊ အသီးအနှံများ စားခြင်း၊ ဝါသနာပါရာများ လုပ်ဆောင်ခြင်း) ကို ရှာဖွေလုပ်ဆောင်ပါ။
  6. ကွမ်းဖြတ်သည့်အခါ ဖြစ်တတ်သောလက္ခဏာများကို ထိန်းချုပ်ပါ
    စိတ်တိုခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းစသည့် လက္ခဏာများ ရှိနိုင်သော်လည်း ၎င်းတို့သည် ယာယီသာဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းသွားမည်ဖြစ်သည်။
  7. ကျွမ်းကျင်သူများ၏ အကူအညီကို ရယူပါ
    ကွမ်းဖြတ်ရန် အခက်အခဲရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များနှင့် တိုင်ပင်ပါ။ ပညာရှင်များက အကြံဉာဏ်၊ အားပေးမှုများနှင့် လိုအပ်ပါက လက္ခဏာများကို သက်သာစေရန် ဆေးဝါးများ ညွှန်းပေးနိုင်သည်။
  8. အထောက်အပံ့အဖွဲ့များတွင် ပါဝင်ပါ
    ကွမ်းစားခြင်းဖြတ်နေသော အခြားသူများနှင့် ဆက်သွယ်ခြင်းဖြင့် အပြန်အလှန် အားပေးမှုနှင့် အထောက်အကူဖြစ်စေမည့် နည်းလမ်းများ မျှဝေနိုင်သည်။
  9. သင့်အောင်မြင်မှုများကို ကိုယ်တိုင်အသိအမှတ်ပြုပါ
    တစ်ပတ်၊ တစ်လ သို့မဟုတ် ခြောက်လကြာ ကွမ်းမစားဘဲ နေနိုင်ခဲ့သော အောင်မြင်မှုများကို အသိအမှတ်ပြုကာ သင့်ကိုယ်သင် ဆုချပေးပါ။
  10. ဇွဲမလျော့ပါနှင့်
    ကွမ်းဖြတ်ပြီးလျှင် တစ်ခါပြန်လည်စားမိတတ်သည်။ အကယ်၍ ကွမ်းပြန်စားမိခဲ့လျှင်လည်း စိတ်ဓာတ်မကျပါနှင့်။ အကြောင်းရင်းကို ဆန်းစစ်ကာ ထပ်မံဖြတ်ရန် ဆုံးဖြတ်ပါ။

ကွမ်းစားခြင်းဖြတ်ခြင်းသည် ခက်ခဲသောခရီးဖြစ်ပြီး အကူအညီလိုအပ်ပါက သို့မဟုတ် တစ်စုံတစ်ဦးနှင့် ဆွေးနွေးလိုပါက ကျန်းမာရေးဝန်ထမ်းများနှင့် ဆက်သွယ်ပါ။

ကွမ်းဖြတ်ရန် အခက်အခဲများ

စွဲလမ်းစေနိုင်သော Arecoline နှင့် နီကိုတင်းကြောင့် ကွမ်းဖြတ်ရန် ခက်ခဲမှုရှိနိုင်သည်။ စိတ်ဖိစီးမှုများခြင်း၊ အလုပ်ချိန်ကြာရှည်ခြင်း စသည်တို့ကြောင့်လည်း စိတ်အာရုံဖြေဖျောက်မှုအဖြစ် ပြန်လည်စွဲလမ်းနိုင်သည်။ ထို့ကြောင့် ကျန်းမာရေးပညာပေးအပြင် စိတ်ပိုင်းဆိုင်ရာနှင့် အခြားအထွေထွေထောက်ပံ့ပေးမှုများသည်လည်း လူတစ်ဦးကွမ်းပြတ်ရေးအတွက် အရေးကြီးသည်။

References:

  1. Alcohol and Drug Foundation. (n.d.). Betel nut. Retrieved June 2, 2026, from https://adf.org.au/drug-facts/betel-nut/
  2. Changrani, J., & Gany, F. (2022). Paan and gutka in the United States: An emerging threat. Cureus, 14(2), e22007. https://pmc.ncbi.nlm.nih.gov/articles/PMC8879579/
  3. Healthline. (n.d.). Betel nut dangers. Retrieved June 2, 2026, from https://www.healthline.com/health/betel-nut-dangers
  4. RxList. (n.d.). Betel nut. Retrieved June 2, 2026, from https://www.rxlist.com/supplements/betel_nut.htm
  5. WebMD. (n.d.). Betel nut. Retrieved June 2, 2026, from https://www.webmd.com/vitamins/ai/ingredientmono-995/betel-nut
  6. World Health Organization. (2004). IARC monographs on the evaluation of carcinogenic risks to humans: Volume 85. Betel-quid and areca-nut chewing and some areca-nut-derived nitrosamines. Retrieved June 2, 2026, from https://www.who.int/publications/i/item/9789290618454

Published: 11 June 2025

Last updated: 21 August 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.