Teething or Dentition (သွားပေါက်ခြင်း)

Teething or Dentition (သွားပေါက်ခြင်း)

သွားများသည် ခန္ဓာကိုယ်အစာခြေစနစ်တွင်ပါဝင်ပြီး ခန္ဓာကိုယ်တွင် အမာဆုံးသော အစိတ်အပိုင်းများဖြစ်သည်။ အစာစားခြင်း၊ စကားပြောခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာသွင်ပြင်သဏ္ဌာန်ကို မြှင့်တင်‌ပေးခြင်းစသည့် လုပ်ငန်းစဥ်များတွင် ပါဝင်သည်။ သွားပေါက်ခြင်း (Teething or Dentition) သည် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုတွင် ပါဝင်သော သဘာဝဖြစ်စဥ်တစ်ခုဖြစ်သည်။ သွားပေါက်သည့်အချိန်တွင် ကလေးများ၌ အနည်းငယ် မသက်မသာ ခံစားရနိုင်သော်လည်း ကြီးမားသော နောက်ဆက်တွဲပြဿနာများ မရှိပါ။

သွားများ၏ဖွဲ့စည်းတည်ဆောက်ပုံ

သွားများကို သွားဖုံးပေါ်တွင် ပေါ်နေသောအစိတ်အပိုင်း ခေါင်းပိုင်း (Crown) နှင့် သွားဖုံးတွင်းမြုပ်နေသော အစိတ်အပိုင်း _ သွားမြစ် (Root) ဟုခေါ်သော အဓိကအစိတ်အပိုင်းနှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ သွားတစ်ချောင်းကို အောက်ပါအလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အပြင်ဘက်ဆုံးအလွှာမှာ အမာဆုံးဖြစ်ပြီး ကြွေသွားလွှာ (Enamel) ဟုခေါ်သည်။ အလယ်အလွှာကို ဆင်စွယ်နှစ်လွှာ (Dentine) ဟုခေါ်ပြီး ကြွေသွားလွှာလောက် မာကျောခြင်းမရှိပါ။ အတွင်းဆုံးတွင် မွသွားလွှာ ခေါ် အသားနုလွှာ (Pulp) ရှိပြီး သွေးကြောများ၊ အာရုံကြောများ ပါဝင်သည်။

သွားများကို လုပ်ဆောင်ချက်နှင့် တည်နေရာပေါ် မူတည်၍ အောက်ပါအတိုင်း အဓိကအုပ်စု (၄) ခုအဖြစ် ခွဲခြားနိုင်သည်။

  • ရှေ့သွား (Incisor)
    • အပေါ်မေးရိုးတွင် (၄) ချောင်း၊ အောက်မေးရိုးတွင် (၄) ချောင်းစီနှင့် စုစုပေါင်း (၈) ချောင်းရှိသည်
    • ပါးစပ်ထဲမှာ အမြင်သာဆုံးသွားများဖြစ်သည်
    • ရှေ့သွားများသည် မျက်နှာပြင်အနားသတ်များ ပါးလွှာသောကြောင့် အစာကို တိတိကျကျကိုက်၍ ဖြတ်တောက်နိုင်သည်
    • ထို့ကြောင့် အစာ (ဥပမာ _ ပန်းသီး) ကို စတင်ကိုက်ဖြတ်ရန် အဓိကအသုံးပြုသည်
  • စွယ်သွား (Canine)
    • အပေါ်မေးရိုးတွင် (၂) ချောင်း၊ အောက်မေးရိုးတွင် (၂) ချောင်းစီနှင့် စုစုပေါင်း (၄) ချောင်းရှိသည်
    • ခွေးများ၏ အစွယ်နှင့် ပုံသဏ္ဌာန်ဆင်တူသောကြောင့် စွယ်သွားဟုခေါ်ပြီး အခြားသွားအမျိုးအစားများထက် ပိုရှည်ကာ ချွန်ထက်သည်
    • အစာကို ဖြတ်တောက်ရုံသာမက ကိုက်ဖဲ့ခြင်း၊ ဆုတ်ဖြဲခြင်းများအတွက် အသုံးပြုသည်
    • ထို့ကြောင့် ထုထည်ကြီးသော အသားတုံးများနှင့် ကြွပ်ဆတ်သော အသီးအရွက်များကို ကိုက်ဖဲ့စားရာတွင် အသုံးဝင်သည်။
  • အံရှေ့သွား (Premolar)
    • အပေါ်မေးရိုးတွင် (၄) ချောင်း၊ အောက်မေးရိုးတွင် (၄) ချောင်းစီနှင့် စုစုပေါင်း (၈) ချောင်းရှိသည်
    • သွားများသည် အဖျားတွင် ပြား၍ ပါးသွားသည့် ပုံသဏ္ဌာန်ရှိပြီး အဖျားနှစ်ခွပုံစံရှိသောကြောင့် Bicuspids ဟုလည်းခေါ်သည်
    • စွယ်သားနှင့်အံသွား နှစ်မျိုးစလုံး၏ လုပ်ဆောင်ချက်များကို လုပ်နိုင်သည်
    • အစာကို ကိုက်ဖဲ့ခြင်း၊ ဆုတ်ဖြဲခြင်းအပြင် အစာခြေရာတွင် လွယ်ကူစေရန် ပိုမိုသေးငယ်သော အစိတ်အပိုင်းများဖြစ်အောင် ကြိတ်ချေပေးခြင်းကိုလည်း လုပ်ဆောင်သည်။
  • အံသွား (Molar)
    • အံသွားများသည် အကြီးဆုံးသွားများဖြစ်ပြီး ပါးစပ်၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်
    • အံသွားများသည် မျက်နှာပြင်ကျယ်၍ ပြားသည့်ပုံသဏ္ဌာန်ရှိပြီး အဖျားများသည် လုံးဝန်းနေသောကြောင့် အစားအစာများကို ကြိတ်ဝါးရန်အတွက် အကောင်းဆုံးဖြစ်သည်
    • ကလေးများတွင် အံဆုံးသွား (၄) ချောင်း မပေါက်သေးသောကြောင့် အပေါ်မေးရိုးတွင် (၄) ချောင်း၊ အောက်မေးရိုးတွင် (၄) ချောင်းစီနှင့် စုစုပေါင်း (၈) ချောင်းရှိသည်
    • လူကြီးများတွင် အံဆုံးသွားအပါအဝင် အပေါ်မေးရိုးတွင် (၆) ချောင်း၊ အောက်မေးရိုးတွင် (၆) ချောင်းစီနှင့် စုစုပေါင်း (၁၂) ချောင်းရှိသည်
    • အံသွားများ၏ အဓိကလုပ်ငန်းသည် အစားအစာများကို ဝါးစားရန်အတွက် ဖြစ်သောကြောင့် အစာကိုကြိတ်ဝါးခြင်းနှင့် သေချာအောင် ကြေညက်စေရန်အတွက် အရေးပါသည်။
သွားဖွံ့ဖြိုးမှုအဆင့်များ

ကလေးသွားများ/ငယ်သွားများ (Primary dentition)
ကလေးသွား သို့မဟုတ် နို့သွားဟုလည်းခေါ်ပြီး ယေဘုယျအားဖြင့် အသက် (၆)လ မှ (၃)နှစ်အတွင်း ပေါက်သည်။ ကလေးအများစုသည် အသက် (၃)နှစ် ပြည့်သည့်အချိန်တွင် ငယ်သွားများအားလုံး ပေါက်ပြီးဖြစ်နေသင့်သည်။ အပေါ်သွား (၁၀) ချောင်းနှင့် အောက်သွား (၁၀) ‌ချောင်းရှိပြီး စုစုပေါင်း ငယ်သွား အချောင်း (၂၀) ရှိသည်။ တစ်တန်းချင်းစီတွင် ရှေ့သွား (၄) ချောင်း၊ စွယ်သွား (၂) ချောင်းနှင့် အံသွား (၄) ချောင်းရှိသည်။ ကလေးတစ်ဦးနှင့်တစ်ဦး သွားစတင်ပေါက်သည့်အချိန်သည် ကွာခြားမှုရှိသော်လည်း သွားပေါက်သည့်အစဥ်သည် တူညီမှုရှိသည်။

သွားအမျိုးအစားများအပေါ်သွားပေါက်ချိန်အောက်သွားပေါက်ချိန်
အလယ်ရှေ့သွားအသက် (၈)လ မှ (၁၂)လအသက် (၆)လ မှ (၁၀)လ
ဘေးရှေ့သွားအသက် (၉)လ မှ (၁၃)လအသက် (၁၀)လ မှ (၁၆)လ
စွယ်သွားအသက် (၁၆)လ မှ (၂၂)လအသက် (၁၇)လ မှ (၂၃)လ
ပထမအံသွားအသက် (၁၃)လ မှ (၁၉)လအသက် (၁၄)လ မှ (၁၈)လ
ဒုတိယအံသွားအသက် (၂၅)လ မှ (၃၃)လအသက် (၂၃)လ မှ (၃၁)လ

ရောနှောသွားများ (Mixed dentition)
ကလေးသွားများနှင့် လူကြီးသွားများရော၍ ရှိနေသည့်အဆင့်ဖြစ်သည်။ လူကြီးသွားများသည် အသက် (၆) နှစ်ခန့်မှ စတင်၍ပေါက်တတ်ပြီး အသက် (၂၀) ကျော်အရွယ်အထိ ဆက်လက်ပေါက်နိုင်သည်။ ယေဘုယျအားဖြင့် အသက် (၁၂)နှစ် မှ (၁၄)နှစ်တွင် ငယ်သွားများအားလုံးကျွတ်ပြီး ကြီးသွားများဖြင့် အစားထိုးပြီးဖြစ်သည်။

လူကြီးသွားများ (Permanent dentition)
သွားပေါက်ခြင်း၏နောက်ဆုံးအဆင့်ဖြစ်ပြီး အံဆုံးအပါအဝင် လူကြီးသွားအားလုံးနီးပါး ပေါက်သည်။ လူကြီးသွားများသည် ပုံမှန်အားဖြင့် စုစုပေါင်း (၃၂) ချောင်းရှိသည်။ အများအားဖြင့် အသက် (၂၅) နှစ်တွင် သွားများအားလုံး ပေါက်ပြီးဖြစ်သော်လည်း တစ်ခါတစ်ရံတွင် အံဆုံးသည် အသက် (၃၀) ဝန်းကျင်အထိ ဆက်လက်ပေါက်နိုင်သည်။

သွားပေါက်ချိန်တွင် ယှဥ်တွဲလာတတ်သော လက္ခဏာများ

သွားပေါက်ခြင်းသည် ကလေးငယ်များ၏ သဘာဝကြီးထွားမှုဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း သွားဖုံးအရေပြားကို ဖောက်ထွက်လာရသဖြင့် ကလေးငယ်များတွင် မသက်မသာဖြစ်ခြင်းနှင့် အောက်ပါလက္ခဏာများကို ခေတ္တခဏခံစားရနိုင်သည်။

  • သွားဖုံးများ နီရဲရောင်ရမ်းခြင်းနှင့် ထိခိုက်နာကျင်ခြင်း
  • စိတ်မကြည်မလင်ဖြစ်ပြီး ဂျီကျခြင်း၊ ပုံမှန်ထက် ပို၍ငိုခြင်း
  • သွားဖုံးယားယံသဖြင့် လက်မောင်း၊ လက်ချောင်းများနှင့် လက်လှမ်းမီရာ ပစ္စည်းများကို လိုက်လံကိုက်ခဲဝါးခြင်း
  • သွားရည်များ ပုံမှန်ထက် ပို၍ကျခြင်း
  • သွားရည်ကျခြင်းကြောင့် လည်ချောင်းထဲ သွားရည်သီးပြီး အနည်းငယ် ချောင်းဆိုးခြင်း (သို့မဟုတ်) ပါးစပ်ပတ်လည်တွင် သွားရည်လောင်၍ အနီဖုအနည်းငယ်ထွက်ခြင်း
  • သွားဖုံးနှင့် နားတွင်းအာရုံကြောများ ဆက်စပ်နေသဖြင့် မိမိပါးကို ပြန်လည်ပွတ်သပ်ခြင်း သို့မဟုတ် နားရွက်ကိုဆွဲခြင်း
  • သွားဖုံးနာကျင်မှုကြောင့် အစားနည်းသွားခြင်း၊ နို့စို့ရခက်ခဲခြင်းနှင့် ညဘက်အိပ်ပျော်ရန် ခက်ခဲခြင်း
  • ခန္ဓာကိုယ်အပူချိန် အနည်းငယ်မြင့်တက်လာခြင်း (Low-grade fever)
အထူးသတိပြုရန်နှင့် ဆရာဝန်ပြသရန်အချက်များ

သွားပေါက်ခြင်းသည် ကလေးကို အနည်းငယ် ကိုယ်ပူစေနိုင်သော်လည်း ပြင်းထန်သော ဖျားနာမှုနှင့် ရောဂါဝေဒနာများကို လုံးဝ မဖြစ်စေပါ။

  • အဖျားကြီးခြင်း – ကလေး၏ ကိုယ်အပူချိန်သည် ၃၈ ဒီဂရီ စင်တီဂရိတ် (38∘C / ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်) ထက် ကျော်လွန်၍ အဖျားကြီးခြင်းမျိုး မရှိနိုင်ပါ
  • အခြားလက္ခဏာများ – ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အော့အန်ခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးပြင်းထန်ခြင်း သို့မဟုတ် တစ်ကိုယ်လုံးတွင် အနီပြင်များထွက်ခြင်းတို့သည် သွားပေါက်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိပါ

ထိုကဲ့သို့ အဖျားကြီးခြင်း သို့မဟုတ် ဝမ်းလျှောခြင်းများ ဖြစ်ပေါ်လာပါက ကလေးငယ်သည် ပစ္စည်းများကို လျှောက်ကိုက်ရာမှတစ်ဆင့် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်း သို့မဟုတ် အခြားနောက်ခံရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သဖြင့် သွားပေါက်ခြင်းကြောင့်ဟု လွဲမှားစွာ မယူဆဘဲ မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်နှင့် ချက်ချင်းပြသစစ်ဆေးရမည်။

သွားပေါက်ချိန် နောက်ကျရသော အကြောင်းရင်းများ

အချို့သောကလေးများတွင် သွားပေါက်ချိန် နောက်ကျတတ်သည်။ ထိုအခြေအနေများသည် ပုံမှန်သဘာဝဖြစ်စဥ် ဖြစ်နိုင်သကဲ့သို့ နောက်ခံရောဂါအခြေအနေများကြောင့်လည်း ဖြစ်နိုင်သည်။

  • မျိုးဗီဇအခြေအနေ _ သွားပေါက်နောက်ကျခြင်းသည် မိသားစုမျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အချို့သောမျိုးဗီဇရောဂါများကြောင့်လည်း ဖြစ်နိုင်သည် (ဥပမာ _ ဒေါင်းဆင်ဒရုန်း)
  • လမစေ့သောကလေးများ သို့မဟုတ် ပေါင်မပြည့်သောကလေးများ _ ထိုကလေးများတွင် သွားပေါက်နောက်ကျခြင်းကို အခြားဖွံ့ဖြိုးမှုနောက်ကျခြင်းများစွာနှင့် တွဲ၍တွေ့နိုင်သည်
  • ဗီတာမင်ချို့တဲ့ခြင်း _ အာဟာရချို့တဲ့ခြင်း၊ ဗီတာမင်ချို့တဲ့ခြင်းများသည် သွားပေါက်နောက်ကျခြင်းတွင် အရေးကြီးသော အပိုင်းတွင်ပါဝင်သည် (ဥပမာ _ ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့်ဖြစ်သော အရိုးပျော့ခြင်း)
  • ဟော်မုန်းဆိုင်ရာရောဂါများ _ မွေးရာပါ သိုင်းရွိုက်‌ဟော်မုန်းချို့တဲ့ခြင်း၊ ကြီးထွားမှု‌ဟော်မုန်းကို ထုတ်ပေးသော ပီကျူထရီဂလင်းဆိုင်ရာရောဂါများတွင် ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်းနှင့်အတူ သွားပေါက်ချိန်နောက်ကျခြင်းကိုပါ တွဲ၍တွေ့ရသည်
သွားပေါက်ချိန်နောက်ကျခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ
  • သွားမညီမညာဖြစ်ခြင်း
    • လူကြီးသွားပေါက်ချိန် နောက်ကျခြင်း သို့မဟုတ် ပုံမှန်မဟုတ်သည့် အနေအထားဖြင့် ပေါက်ခြင်းများဖြစ်ပါက သွားများညီညာမှုမရှိ‌တော့ဘဲ သွားထပ်ခြင်း၊ သွားခေါခြင်းများ ဖြစ်ပေါ်နိုင်သည်
    • သွားညှိကုသမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်
  • အစာဝါးခြင်းနှင့် စကားပြောဆိုရာတွင် အခက်အခဲများရှိခြင်း
    • သွားပေါက်ချိန်နောက်ကျပါက အစာကို ကောင်းစွာမဝါးနိုင်ခြင်းနှင့် စကားလုံးများကို ရှင်းလင်းစွာ အသံမထွက်နိုင်ခြင်းကြောင့် စကားပြောရာတွင် အခက်အခဲရှိနိုင်သည်
    • အာဟာရချို့တဲ့ခြင်းနှင့် လူမှုဆက်ဆံရေးတွင် နှောင့်နှေးခြင်းများလည်း ဖြစ်နိုင်သည်
  • မိမိကိုယ်ကိုယုံကြည်မှုနည်းပါးခြင်း
    • သွားဖွံ့ဖြိုးမှုနောက်ကျသည့် ကလေးများနှင့် ဆယ်ကျော်သက်များသည် သွားထပ်ခြင်း၊ သွားမညီညာခြင်းစသည့် သွားအခြေအနေများကြောင့် မိမိကိုယ်ကိုယုံကြည်မှု နည်းပါးနိုင်သည်
  • သွားနှင့်ခံတွင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    • သွားပေါက်ချိန်နောက်ကျခြင်းကြောင့် သွားအခေါင်းပေါက်များဖြစ်ခြင်းနှင့် သွားဖုံးရောဂါများ ဖြစ်နိုင်ခြေကို ပိုများစေသည်
    • သွားများမညီညာခြင်းများကြောင့် သွားနှင့်ခံတွင်းသန့်ရှင်းရေးပြုလုပ်ချိန်တွင် အခက်အခဲများရှိသောကြောင့် သွားပိုးစားခြင်းများနှင့် သွားဖုံးရောင်ခြင်းများကို ပိုဖြစ်စေသည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သွားဘက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ကုသခြင်း
အိမ်တွင် ပြုစုကုသခြင်း (Home Care)

ကလေးငယ်များ သွားပေါက်စဉ် ခံစားရခက်ခဲသော သွားဖုံးနာကျင်ခြင်းနှင့် မသက်မသာဖြစ်ခြင်းများ သက်သာစေရန် အောက်ပါနည်းလမ်းများကို ဘေးကင်းစွာ လုပ်ဆောင်ပေးနိုင်သည်။

  • သွားဖုံးကို နှိပ်နယ်ပေးခြင်း (Counter-pressure) – မိမိ၏ သန့်ရှင်းသော လက်ချောင်း သို့မဟုတ် သန့်ရှင်း၍ ရေစိုစွတ်ထားသော အဝတ်စနုနုဖြင့် ကလေး၏ သွားဖုံးကို ညင်သာစွာ ပွတ်တိုက်နှိပ်နယ်ပေးနိုင်သည်
  • အအေးဓာတ်ဖြင့် သက်သာစေခြင်း – အအေးခံထားသော ကလေးကိုက်ကွင်း (Teething ring) များ ပေး၍ ကိုက်ခိုင်းနိုင်သည် (သတိပြုရန် – ကလေးကိုက်ကွင်းကို ရေခဲသေတ္တာ အအေးခန်းထဲတွင် ခဲနေအောင် အေးခဲထားခြင်းမျိုးကို ရှောင်ကြဉ်ရမည်၊ အလွန်မာဆတ်ပြီး အေးခဲလွန်းသော အရာများသည် ကလေး၏ သွားဖုံးအရေပြားကို ထိခိုက်ပျက်စီးစေနိုင်သောကြောင့် ဖြစ်သည်)
  • သွားရည်များကို သန့်ရှင်းပေးခြင်း – သွားနာခြင်းကြောင့် သွားရည်များ ပုံမှန်ထက် ပိုကျနေပါက ပါးစပ်ပတ်လည်နှင့် မေးစေ့တွင် သွားရည်လောင်၍ အရေပြားအနီဖုများ မထွက်စေရန် သန့်ရှင်းနူးညံ့သော အဝတ်စဖြင့် မကြာခဏ သေချာစွာ တို့ယူသုတ်သင်ပေးရမည်
  • ဘေးကင်းသော ဆေးဝါးအသုံးပြုခြင်း – နာကျင်မှု ပြင်းထန်ပြီး ကလေး ဂျီကျ အိပ်ရခက်ခဲနေပါက နာကျင်မှုသက်သာစေရန် ပါရာစီတမော (Paracetamol) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို ကလေး၏ အသက်နှင့် ကိုယ်အလေးချိန်အလိုက် စနစ်တကျ တိုက်ကျွေးနိုင်သည်
အထူးရှောင်ကြဉ်ရန် အချက်များ
  • သွားဖုံးကို ထုံကျဥ်စေသော ဂျယ်လ် (Gels) များ၊ ခရင်မ် (Creams) များ သို့မဟုတ် Benzocaine / Lidocaine ပါဝင်သော ဆေးဝါးများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ရမည်၊ အဆိုပါ ထုံဆေးဂျယ်လ်များသည် ကလေးငယ်များတွင် သွေးတွင်းအောက်ဆီဂျင်အဆင့်ကို အသက်အန္တရာယ်ရှိသည်အထိ ရုတ်တရက် ကျဆင်းစေနိုင်သောကြောင့် ဖြစ်သည်
  • ပယင်း သွားကိုက်ပုတီး (Amber teething necklaces) များနှင့် ဟိုမီယိုပက်သစ် သွားကိုက်ခဲပျောက်ဆေးပြား (Homeopathic teething tablets) များသည် ကလေးငယ်များ လည်ပင်းညှစ်မိခြင်း၊ သီးခြင်းနှင့် အဆိပ်အတောက်ဖြစ်ခြင်း အန္တရာယ်များ ရှိနိုင်သဖြင့် အသုံးမပြုရပါ
သွားပေါက်ချိန် နောက်ကျခြင်းအတွက် ကုသခြင်း (Treatment for Delayed Teething)

ယေဘုယျအားဖြင့် ကလေးငယ်များသည် အသက် (၆)လ မှ (၁၂) လအတွင်း ပထမဆုံး ငယ်သွား စတင်ပေါက်လေ့ရှိသည်။ ကလေးတစ်ဦးနှင့်တစ်ဦး ဖွံ့ဖြိုးမှုနှုန်း မတူညီနိုင်သဖြင့် သွားပေါက်ချိန် အနည်းငယ် နောက်ကျခြင်းသည် ပုံမှန်သဘာဝ ဖြစ်နိုင်သော်လည်း အောက်ပါအတိုင်း သတိပြုရန် လိုအပ်သည်

  • အသက် (၁၈) လ (၁ နှစ်ခွဲ) အထိ သွားတစ်ချောင်းမျှ စတင်ပေါက်ရောက်ခြင်း မရှိသေးပါက နောက်ခံအကြောင်းရင်းကို သိရှိနိုင်ရန် သွားဘက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ကလေးအထူးကု ဆရာဝန်များနှင့် သေချာစွာ ပြသတိုင်ပင် စစ်ဆေးရမည်
  • ဆရာဝန်မှ လိုအပ်ပါက သွားဖုံးအတွင်း သွားတည်ဆောက်ပုံ အခြေအနေကို သိရှိနိုင်ရန် သွားဓာတ်မှန် (Dental X-ray) ရိုက်ခြင်း သို့မဟုတ် သွေးစစ်ခြင်းများ ပြုလုပ်ရန် ညွှန်ကြားနိုင်သည်
  • ဗီတာမင် ဒီ (Vitamin D) ချို့တဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်း သို့မဟုတ် အခြားဟော်မုန်းနှင့် မျိုးဗီဇဆိုင်ရာ နောက်ခံရောဂါများကြောင့် သွားပေါက်နောက်ကျခြင်း ဖြစ်ပါက သက်ဆိုင်ရာ ရောဂါရင်းမြစ်ကို စနစ်တကျ ရှာဖွေကုသမှု ခံယူရမည် ဖြစ်ပြီး၊ ထိုသို့သော နောက်ခံအကြောင်းရင်းများ မရှိပါက သီးသန့် ကုသမှုပေးရန် မလိုအပ်ဘဲ သဘာဝအတိုင်း ဆက်လက်စောင့်ကြည့်နိုင်သည်။
သွားကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အလေ့အထများ

ကလေးငယ်များ၏ သွားနှင့် ခံတွင်းကျန်းမာရေးသည် ငယ်စဉ်ကတည်းက စနစ်တကျ ပြုစုစောင့်ရှောက်မှုအပေါ် အဓိက တည်မှီနေသည်။ မိဘများအနေဖြင့် ကလေး၏ အသက်အရွယ်အလိုက် အောက်ပါ နေ့စဉ်အလေ့အထကောင်းများကို ပြုလုပ်ပေးသင့်သည်

သွားမပေါက်မီ အဆင့် (မွေးကင်းစ မှ အသက် ၆ လခန့်)
  • နို့တိုက်ပြီးတိုင်း ကလေး၏ ခံတွင်းကို သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည်၊ ပြုလုပ်ရာတွင် မိခင်ရော ကလေးပါ သက်သောင့်သက်သာရှိပြီး ကလေး၏ ပါးစပ်အတွင်းကို အလွယ်တကူ မြင်နိုင်သော အနေအထားဖြင့် ဆောင်ရွက်ရမည်
  • သန့်ရှင်းသော ဂွမ်းစ သို့မဟုတ် နူးညံ့သော အဝတ်စကို လက်ညှိုးတွင်ပတ်၍ ရေနွေးနွေးလေးဖြင့် စိုစွတ်အောင် ပြုလုပ်ပြီး ကလေး၏ သွားဖုံးနှင့် လျှာပေါ်ရှိ နို့ဖတ်များကို ညင်သာစွာ ပွတ်တိုက်သုတ်သင်ပေးရမည်
ပထမဆုံးသွား စတင်ပေါက်ချိန်မှ အသက် (၃) နှစ်အထိ
  • ပထမဆုံး ငယ်သွား စတင်ထွက်လာသည်နှင့် ကလေးငယ်များအတွက် သီးသန့် ထုတ်လုပ်ထားသော နူးညံ့သည့် သွားတိုက်တံဖြင့် သွားတိုက်ပေးရမည်
  • သွားတိုက်ရာတွင် ကလေးသုံး ဖလိုရိုက် (Fluoride) ပါဝင်သော သွားတိုက်ဆေးကို ဆန်စေ့ပမာဏခန့် (Smear/Rice-sized amount) မျှသာ အနည်းငယ် တို့ရုံထည့်၍ တစ်နေ့ (၂) ကြိမ် (နံနက်တစ်ကြိမ်နှင့် ညအိပ်ရာဝင်တစ်ကြိမ်) တိုက်ပေးရမည်
  • သွားတိုက်တံကို စက်ဝိုင်းပုံစံ ညင်ညင်သာသာ အသုံးပြု၍ သွား၏ ရှေ့၊ နောက်၊ အပေါ်၊ အောက် မျက်နှာပြင်အားလုံးနှင့် လျှာကိုပါ သေချာစွာ ပွတ်တိုက်ပေးရမည်
အသက် (၃) နှစ် မှ (၆) နှစ်အထိ
  • ဤအဆင့်တွင် ဖလိုရိုက် သွားတိုက်ဆေး ပမာဏကို ပဲစေ့ပမာဏခန့် (Pea-sized amount) သို့ တိုးမြှင့်အသုံးပြုရမည်
  • သွားတိုက်ပြီးလျှင် သွားတိုက်ဆေး အမြှုပ်များကို ပါးစပ်ထဲတွင် မထားဘဲ ပြန်လည်ထွေးထုတ်တတ်စေရန် လေ့ကျင့်ပေးရမည်၊ သို့သော် ပါးစပ်ကို ရေဖြင့် အလွန်အကျွံ ပြန်လည်လုပ်ကြံဆေးကြောရန် မလိုပါ (ဖလိုရိုက်ဓာတ် သွားပေါ်တွင် ကြာရှည်စွာ ကပ်ညှိနေစေရန် ဖြစ်သည်)
အသက်အရွယ်အလိုက် ကိုယ်တိုင် သန့်ရှင်းရေး လုပ်ဆောင်စေခြင်း
  • အသက် (၂) နှစ်အရွယ်မှစ၍ – သွားတိုက်တံကို ကိုင်တွယ်ပြီး သွားကိုယ်တိုင် တိုက်တတ်စေရန် အခြေခံ လေ့ကျင့်သင်ကြားပေးရမည်၊ သို့သော် ကလေးငယ်များသည် လက်ချောင်းကြွက်သား အပြည့်အဝ မဖွံ့ဖြိုးသေးသဖြင့် မိဘများက နောက်ကွယ်မှ သေချာစွာ ထပ်မံကူညီတိုက်ပေးရန် လိုအပ်သည်
  • သွားပွတ်ကြိုး အသုံးပြုခြင်း – ကလေး၏ သွားနှစ်ချောင်း သို့မဟုတ် တစ်ချောင်းထက်ပို၍ အချင်းချင်း ထိစပ်လာသည်နှင့် သွားကြားညှပ်နေသော အစာဟောင်းများကို ဖယ်ရှားနိုင်ရန် သွားပွတ်ကြိုး (Dental floss) အသုံးပြု၍ ညင်သာစွာ သန့်ရှင်းရေး လုပ်ပေးရမည်
  • အသက် (၁၀) နှစ်အရွယ်တွင် – ကလေးသည် မိဘအကူအညီမပါဘဲ သွားကို တစ်ဦးတည်း စနစ်တကျ ကောင်းမွန်စွာ သန့်ရှင်းရေး ပြုလုပ်နိုင်စေရန်နှင့် သွားပွတ်ကြိုးကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် လေ့ကျင့်ပေးထားရမည်
သွားဆရာဝန်နှင့် ပုံမှန်ပြသခြင်း
  • ကလေးတွင် ကျန်းမာကြံ့ခိုင်သော သွားများနှင့် သွားဖုံးများ ရှိစေရန်အတွက် ပထမဆုံးသွား စတင်ပေါက်ချိန် သို့မဟုတ် အသက် (၁) နှစ်ပြည့်ချိန်မှစ၍ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် စတင်ပြသပြီး (၆) လတစ်ကြိမ် ပုံမှန်စစ်ဆေးမှုများ ခံယူကာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် လိုအပ်သည်

References:

  1. Cleveland Clinic. (n.d.). Teething (teething syndrome). Retrieved May 20, 2026, from https://my.clevelandclinic.org/health/articles/11179-teething-teething-syndrome
  2. Cleveland Clinic. (n.d.). Teeth. Retrieved May 20, 2026, from https://my.clevelandclinic.org/health/body/24655-teeth
  3. Nationwide Children’s Hospital. (n.d.). Dental: Teeth and gum care for infants and toddlers. Retrieved May 20, 2026, from https://www.nationwidechildrens.org/family-resources-education/health-wellness-and-safety-resources/helping-hands/dental-teeth-and-gum-care-for-infants-and-toddlers
  4. Woodhill Dental Specialties. (n.d.). Delayed tooth eruption: What to expect. Retrieved May 20, 2026, from https://www.woodhilldentalspecialties.com/delayed-tooth-eruption-what-to-expect/
  5. Dr Joy Dental Clinic. (n.d.). What are the causes of delayed dental development? Retrieved May 20, 2026, from https://www.drjoydentalclinic.com/what-are-the-causes-of-delayed-dental-development/
  6. HealthyChildren.org. (n.d.). Teething: Signs and symptoms. Retrieved May 20, 2026, from https://www.healthychildren.org/English/ages-stages/baby/teething-tooth-care/Pages/Teething-Signs-and-Symptoms.aspx
  7. U.S. Food and Drug Administration. (n.d.). Safeguarding your baby from teething dangers. Retrieved May 20, 2026, from https://www.fda.gov/consumers/consumer-updates/safeguarding-your-baby-teething-dangers
  8. MouthHealthy. (n.d.). Teething. Retrieved May 20, 2026, from https://www.mouthhealthy.org/en/az-topics/t/teething

Published: 16 June 2026

Share

26 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.