Red Flags in children (ကလေးများအတွက် အရေးကြီးလက္ခဏာများ)

Red Flags in children (ကလေးများအတွက် အရေးကြီးလက္ခဏာများ)

လူ့ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုချင်းစီတွင် ရောဂါဖြစ်လာပါက သတိပေးဖော်ပြတတ်သော အရေးကြီးလက္ခဏာများ ရှိကြသည်။ ကလေးများသည် မိမိတို့ခံစားနေရသော လက္ခဏာများကို ရှင်းလင်းစွာ ဖော်ပြနိုင်ခြင်းမရှိသောကြောင့် မိဘများနှင့် စောင့်ရှောက်သူများအနေဖြင့် အဆိုပါအရေးကြီးလက္ခဏာများကို အချိန်မီသတိပြုမိရန် အထူးအရေးကြီးသည်။ အချို့လက္ခဏာများသည် သာမန်ဖျားနာရုံမျှသာဖြစ်သော်လည်း အချို့မှာ အရေးကြီးဆေးကုသမှု ခံယူရန် လိုအပ်နိုင်သည်။ ဤအရေးကြီးလက္ခဏာများကို စောစီးစွာ သတိပြုမိခြင်းဖြင့် အချိန်မီကုသမှုပေးနိုင်ကာ အသက်အန္တရာယ် ကယ်တင်နိုင်မည်ဖြစ်သည်။ သာမန်နှင့် အရေးကြီးလက္ခဏာများကို ခွဲခြားသိရှိခြင်းဖြင့် မလိုအပ်သော စိုးရိမ်မှုများ၊ စစ်ဆေးကုသမှုများကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။

အလျင်အမြန် တိုင်ပင်ကုသသင့်သော အရေးကြီးလက္ခဏာများ
ယေဘုယျ အရေးကြီးလက္ခဏာများ

ခန္ဓာကိုယ်၏မည်သည့်နေရာတွင်မဆို ပြင်းထန်ရောဂါတစ်ခုဖြစ်လျှင် အောက်ပါအရေးကြီးလက္ခဏာများ ရှိနိုင်သည်။ ကလေးအသက်ငယ်လေ ပိုတွေ့ရလေဖြစ်သည်။

  • နို့စို့အရွယ်ကလေးငယ်များတွင် နို့စို့နှုန်း သိသိသာသာ လျော့နည်းလာခြင်း
    နို့တစ်ကြိမ်နှစ်ကြိမ်ခန့် မစို့သည့်အခြေအနေကို အလွန်အမင်းစိုးရိမ်ရန် မလိုအပ်ပါ။ သို့ရာတွင် အနည်းဆုံး လေးငါးနာရီခန့် နို့ကောင်းစွာ မစို့ဘဲနေခြင်း၊ ပုံမှန်သောက်နေကျ ပမာဏနှင့်ယှဥ်လျှင် တစ်ဝက်ခန့် သိသိသာသာ ကျသွားခြင်း၊ ဆီးသွားနှုန်းသည်လည်း ပုံမှန်ထက်တစ်ဝက်အောက် လျော့နည်းလာခြင်း စသည်တို့သည် အရေးကြီးလက္ခဏာများဖြစ်သည်။
  • ကလေးကြီးများတွင် ပုံမှန်သောက်နေကျ အရည်ပမာဏအောက် သိသာစွာ လျော့နည်းသွားခြင်း သို့မဟုတ် လုံးဝမသောက်နိုင်ခြင်း
    ထမင်း သို့မဟုတ် အစာမစားခြင်းထက် အရည်လုံးဝမသောက်သုံးနိုင်ခြင်းက ပို၍အရေးကြီးသည်။ အရည်မဝင်လျှင် ဆီးမသွားသလောက်ဖြစ်လာသည်။
  • အလွန်အမင်း မှိန်းခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် နှိုးရခက်ခဲခြင်း
    ကလေးများသည် အဖျားကြီးပါက မှိန်းခြင်း၊ အိပ်ငိုက်ခြင်းမှာ သဘာဝဖြစ်သည်။ ထို့ကြောင့် အဖျားကျသွားသည့်အခါတွင် ပြန်လည်စောင့်ကြည့်ရန် လိုအပ်သည်။ အဖျားကျသော်လည်း ဆက်၍ မှိန်းနေ၊ အိပ်ငိုက်နေပါက စိုးရိမ်ရသည့် အခြေအနေဖြစ်သည်။ နှာစေးချောင်းဆိုးပျောက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း အိပ်ငိုက်တတ်သည်ကို သတိပြုရန် လိုအပ်သည်။ အမှန်စင်စစ် အိပ်ငိုက်လာပါက နှိုးရခက်ခဲခြင်း၊ မျက်လုံးမဖွင့်နိုင်ခြင်းနှင့် တုံ့ပြန်မှုများ အလွန်နှေးကွေးလာခြင်း စသည့်လက္ခဏာများ တွေ့ရသည်။
  • ကလေး၏ အသက်အရွယ်အလိုက် ပုံမှန်လုပ်ဆောင်နိုင်စွမ်း မရှိခြင်း
    ဥပမာအားဖြင့် နို့စို့အရွယ်ကလေး နို့မစို့နိုင်ခြင်း၊ ကစားသည့်အရွယ်တွင် ကလေး ကောင်းစွာမကစားနိုင်ခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊​ ကျောင်းနေအရွယ်ကလေး ကျောင်းပျက်ချိန် အလွန်များနေခြင်း စသည့်အခြေအနေများသည် အရေးကြီးသောလက္ခဏာများဖြစ်သည်။
  • ရောဂါအခြေအနေ လျင်မြန်စွာ ပြင်းထန်ဆိုးရွားလာခြင်း
    ကလေးသည် မပြင်းထန်သော အခြေအနေတစ်ခုမှ ရုတ်တရက် အခြေအနေဆိုးရွားလာခြင်း (ဥပမာ _ ကလေးသည် လန်းလန်းဆန်းဆန်းဆော့ကစားနေရာမှ ရုတ်တရက် မဆော့နိုင်အောင် နေမကောင်းဖြစ်ခြင်း၊ သာမန်ခေါင်းကိုက်နေသောအခြေအနေမှ အစား၊ အဆော့၊ အအိပ်ပျက်လောက်အောင် ခေါင်းတအားကိုက်လာခြင်း) စသည်တို့ဖြစ်သည်။
  • ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု တန့်နေခြင်း သို့မဟုတ် နှေးနေခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျခြင်း (Failure to thrive)
    ကလေးသည် သက်တူရွယ်တူ၊ ကျား မ၊ လူမျိုးတူသော အခြားကလေးများနှင့် နှိုင်းယှဥ်ပါက ကိုယ်ကလေးချိန်နှင့် အရပ်သည် သိသိသာသာ ပုနေခြင်း သို့မဟုတ် အရပ်ထွက်နှုန်းနှေးနေခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျခြင်း စသည်တို့သည် အရေးကြီး စောင့်ကြည့်ရန်လိုသော လက္ခဏာများတွင် ပါဝင်သည်။ ကလေးကို အာဟာရလုံလောက်စွာ မကျွေးခြင်းနှင့် ကလေးမှ အစာရွေးခြင်းတို့ကြောင့် အများဆုံးဖြစ်နိုင်သော်လည်း အခြားအကြောင်းအရင်းများ (ဥပမာ – အူလမ်းကြောင်းစုပ်ယူမှုဆိုင်ရာ ရောဂါများ၊ မွေးရာပါ နှလုံးရောဂါများနှင့် ဇီဝကမ္မရောဂါများ) ကြောင့်လည်း ဖြစ်နိုင်သောကြောင့် ထိုအကြောင်းရင်းများကို ရှာဖွေရန်လိုသည်။
ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုချင်းအလိုက် အရေးကြီးလက္ခဏာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ အရေးကြီးလက္ခဏာများ
    • အသက်ရှူကျပ်ခြင်း (ဥပမာ _ အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း)
    • အသက်ရှူသည့်အခါ ရင်ဘတ်အောက်ပိုင်း ချိုင့်ဝင်ခြင်း
    • အသက်ရှူသည့်အခါ အသံမြည်ခြင်း (ဥပမာ _ ဟောက်သံ သို့မဟုတ် လေချွန်သံကဲ့သို့ တရွှီရွှီမြည်ခြင်း၊ ညည်းသံကြားရခြင်း)
    • နှုတ်ခမ်း၊ လျှာနှင့် လက်ချောင်းများ ပြာနှမ်းခြင်း
  • နှလုံးဆိုင်ရာ အရေးကြီးလက္ခဏာများ
    • နှလုံးခုန်နှုန်း အလွန်မြန်ခြင်း သို့မဟုတ် အလွန်နှေးခြင်း
    • ရှော့ခ် (Shock) လက္ခဏာများ – မှိန်းခြင်း၊ ​တစ်ကိုယ်လုံးအေးစက်နေခြင်း (အထူးသဖြင့် လက်မောင်း၊ လက်ဖျံ၊ ခြေသလုံး၊ ပေါင် စသည်)၊ အရေပြားဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ သွေးပေါင်ကျခြင်း၊ ဆီးသွားအလွန်နည်းခြင်း သို့မဟုတ် ဆီးမသွားခြင်း
  • ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အရေးကြီးလက္ခဏာများ
    • တက်ခြင်း
    • တစ်နှစ်အောက်ကလေးများတွင် ငယ်ထိပ်ဖောင်း၍တင်းနေခြင်း
    • ရုတ်တရက် ပြင်းထန်စွာခေါင်းကိုက်ခြင်း
    • ဆက်တိုက်အန်ခြင်း (ပျို့ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းမဖြစ်ဘဲ)
    • ဖျားပြီးလည်ပင်းတောင့်ခြင်း၊ စူးရှ‌သောအလင်းရောင်ကို မခံနိုင်ခြင်း
    • ခန္ဓာကိုယ်အစိတ်အပိုင်းများ (ဥပမာ _ ခြေ၊ လက်များ) အားနည်းခြင်း သို့မဟုတ် လှုပ်ရှားမရခြင်း
    • ကလေးကို နှိုးရခက်ခြင်း၊ သတိလစ်ခြင်း၊ တုံ့ပြန်မှုမရှိခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အရေးကြီးလက္ခဏာများ
    • အထိမခံနိုင်လောက်အောင် ပြင်းထန်စွာ ဗိုက်အောင့်ခြင်း
    • လေမလည်၊ ဝမ်းလုံးဝမသွားနိုင်ဘဲ ဗိုက်တင်းဗိုက်ဖောင်းလာခြင်း
    • အစာ၊ အရည်နှင့် နို့မဝင်ဘဲ ဆက်တိုက်အန်ခြင်း
    • အစိမ်းရောင်၊ ကော်ဖီရောင်အရည်များ အန်ခြင်း သို့မဟုတ် သွေးပါခြင်း
    • ဝမ်းထဲတွင် သွေးပါခြင်း၊ ကတ္တရာစေးကဲ့သို့ စေးကပ်မဲနေသောဝမ်းမျိုး သွားခြင်း
    • ရေဓာတ်ဆုံးရှုံးသည့် လက္ခဏာများ ရှိခြင်း (ဥပမာ _ မျက်တွင်းချိုင့်ခြင်း၊ ရေငတ်ခြင်း၊ နုံးချည့်ခြင်း၊ ဆီးသွားနည်းခြင်း)
  • အရေပြားဆိုင်ရာ အရေးကြီးလက္ခဏာများ
    • အရေပြားတွင် ဖိ၍စမ်းသပ်လျှင် ပျောက်မသွားသော အနီစက်၊ သွေးခြည်ဥများ
    • မီးလောင်ဒဏ်ရာကဲ့သို့သော အနာများ
    • ဆီးလမ်းကြောင်းဆိုင်ရာ အရေးကြီးလက္ခဏာများ
    • ဆီးသွားနည်းခြင်း (အထူးသဖြင့် ၈နာရီ မှ ၁၂နာရီကျော်သည်အထိ ဆီးမသွားခြင်း)
    • ဆီးမသွားနိုင်ဘဲ ဆီးအိမ်တင်းလာခြင်း
    • ဆီးနည်း၍ ခန္ဓာကိုယ်ဖောရောင်လာခြင်း
    • ဆီးတွင်သွေးပါခြင်း
ရောဂါအခြေအနေ၊ အသက်အရွယ်အလိုက် အရေးကြီးလက္ခဏာများ
ပြင်းထန်ဓာတ်မတည့်မှုလက္ခဏာများ
  • အသက်ရှူကျပ်ခြင်း၊ ချောင်းဆိုးခြင်း
  • လျှာနှင့် နှုတ်ခမ်းများ ရောင်ရမ်းလာခြင်း
  • စကားပြောရခက်ခြင်း သို့မဟုတ် အသံအက်နေခြင်း
  • ခြေ၊ လက်၊ နှုတ်ခမ်းများ ပြာလာခြင်း
ဖျားနေသောကလေးအတွက် အရေးကြီးလက္ခဏာများ
  • (၃) ရက်ဆက်တိုက် အဖျားကြီးခြင်း
  • အဖျားနှင့်တွဲပြီး အထက်ပါ အရေးကြီးလက္ခဏာများရှိခြင်း

ဖျားနေသောကလေးတွင် အထက်ပါလက္ခဏာများရှိပါက သွေးလွန်တုပ်ကွေးနှင့် အခြားဆိုးရွားသော ပိုးဝင်ခြင်းများဖြစ်နိုင်သည်။

မွေးကင်းစကလေးငယ်များအတွက် အရေးကြီးလက္ခဏာများ
  • ဖျားခြင်း
  • မွေးပြီး (၂၄) နာရီအတွင်း ဆီးမသွားခြင်း
  • မွေးပြီး (၄၈) နာရီအတွင်း ဝမ်းမသွားခြင်း
  • ဗိုက်ဖောင်းခြင်း
  • အလွန်အမင်း အသားဝါခြင်း
  • မွေးပြီး အသက် (၂) ပတ်ကျော်သည်အထိ အသားဝါနေခြင်း
  • အသားဝါခြင်းနှင့်အတူ ဆီးနည်းခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း
  • ချက်မှ အရည်ထွက်ခြင်း၊ သွေးထွက်ခြင်း၊ ပြည်ထွက်ခြင်းနှင့် အနံ့နံခြင်း
  • နို့ကောင်းစွာ မစို့နိုင်ခြင်း
  • အသက်ရှူမြန်ခြင်း
  • အသားရောင် ဖြူဖျော့ခြင်း၊ ပြာနှမ်းခြင်း
ကလေးဖွံ့ဖြိုးမှုနှင့် အမူအကျင့်ပိုင်းဆိုင်ရာ အရေးကြီးလက္ခဏာများ (Developmental and behavioral red flags)
  • ကလေးသည် ၎င်းတို့၏ သက်တူရွယ်တူများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမှတ်တိုင်များ (ဥပမာ – အထိုင် အထ၊ လမ်းလျှောက်၊ စကားပြော စသည်တို့) သိသိသာသာနောက်ကျနေခြင်း
  • ကလေး၏ မည်သည့်အသက်တွင်မဆို ယခင်ရှိပြီး၊ တတ်ပြီးသား ဖွံ့ဖြိုးတိုးတက်မှုများ ပျောက်ဆုံးသွားခြင်း သို့မဟုတ် ဆုတ်ယုတ်လာခြင်း၊ ယခင်ပြောတတ်ပြီးသားစကားများ ပြန်ပျောက်သွားခြင်း
  • ကျောင်းစာသင်ကြားမှုနှင့်ပတ်သက်၍ မှတ်ဥာဏ်၊ အဆင့်စသည်တို့ အချိန်တိုအတွင်း သိသိသာသာ ကျလာခြင်း
  • ကလေး၏အပြုအမူ၊ စိတ်ခံစားမှုများ အချိန်တိုအတွင်း သိသိသာသာပြောင်းလဲခြင်း
  • မိမိကိုယ်ကို နာကျင်အောင်ပြုလုပ်ခြင်းနှင့် အဆုံးစီရင်ရန် ကြိုးစားခြင်း

ကလေးဖွံ့ဖြိုးမှုနှင့် အမူအကျင့်ပိုင်းဆိုင်ရာ အထက်ပါလက္ခဏာများရှိပါက စောစီးစွာသိရှိကုသရန်လိုသော ဦးနှောက်အာရုံကြော ကြွက်သားပိုင်းဆိုင်ရာရောဂါများ၊ စောစီးစွာလေ့ကျင့်ရန်လိုသော အော်တစ်ဇင်ကဲ့သို့ရောဂါများ ဖြစ်နိုင်သည်။

ကလေးသူငယ်ညှဥ်းပန်းနှိပ်စက်မှုဆိုင်ရာ (Child abuse) အရေးကြီးလက္ခဏာများ
  • ရုပ်ပိုင်းဆိုင်ရာ (Physical Abuse)
    • သံသယရှိဖွယ် မူမမှန်သည့် ဒဏ်ရာများ (ဥပမာ – လက်ချောင်းရာများ၊ ဆွဲလိမ်ထားသောအရာများ၊ မီးလောင်ဒဏ်ရာ၊ စီးကရက်မီးဖြင့် ထိုးထားသောဒဏ်ရာ)
    • အကြောင်းပြချက်မရှိဘဲ အညိုအမဲစွဲခြင်း (အထူးသဖြင့် မျက်နှာ၊ နောက်ကျော၊ တင်ပါးတို့တွင်)
    • အကြောင်းပြချက်မရှိဘဲ ဒဏ်ရာအား ပြသချိန်နောက်ကျခြင်း
    • ကလေးက မိဘ သို့မဟုတ် အုပ်ထိန်းသူကို အလွန်ကြောက်နေခြင်း
  • စိတ်ပိုင်းဆိုင်ရာ (Emotional Abuse)
    • ကလေးတွင် စိုးရိမ်စိတ် သို့မဟုတ် စိတ်ဓာတ်ကျမှုများ လွန်ကဲနေခြင်း
    • ကျောင်းစွမ်းဆောင်ရည်များ ရုတ်တရက်ကျဆင်းခြင်း
    • သူငယ်ချင်းများ သို့မဟုတ် ပုံမှန်လုပ်ငန်းဆောင်တာများမှ ရှောင်ဖယ်လာခြင်း
    • အပြုအမူများပြောင်းလဲလာခြင်း (ဥပမာ _ လွန်ကဲစွာ ရန်လိုခြင်း၊ ‌ဒေါသထွက်ခြင်း)
  • လိင်ပိုင်းဆိုင်ရာ (Sexual Abuse)
    • ကလေး၏လိင်အင်္ဂါ နာကျင်ခြင်း၊ သွေးထွက်ခြင်း
    • အသက်အရွယ်နှင့်မလိုက်သော လိင်ဗဟုသုတရှိခြင်း
    • အိပ်မပျော်ခြင်းနှင့် အိမ်မက်ဆိုးများမက်ခြင်း
  • လျစ်လျူရှုခံရခြင်းဆိုင်ရာ (Neglect)
    • အကြောင်းရင်းမရှိ အာဟာရချို့တဲ့ပြီး ပိန်လှီနေခြင်း
    • အဝတ်အစား၊ သန့်ရှင်းမှုနှင့် ကျန်းမာရေးအတွက် ဂရုစိုက်မခံရခြင်း
    • ဆေးကုသမှုနောက်ကျခြင်း
    • မကြာခဏကျောင်းပျက်ခြင်း

အထက်ဖော်ပြပါ ကလေးတစ်ဦး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ စောင့်ကြည့်ရမည့် အရေးကြီးလက္ခဏာများ (Red Flags) ကို သိရှိထားခြင်းသည် မိဘများ၊ အုပ်ထိန်းသူများ၊ ဆရာဆရာမများနှင့် လူမှုပတ်ဝန်းကျင်အတွက် မရှိမဖြစ်လိုအပ်သည်။ ထိုအချိန်တွင် မိသားစုဆရာဝန်၊ ကလေးဆရာဝန် စသည်တို့နှင့် အမြန်ဆုံးတိုင်ပင်ကုသရန် လိုသည်။ အချိန်မီသိရှိပါက ကလေး၏ နောက်ခံရောဂါအခြေအနေများကို စောစီးစွာ သိရှိကုသဖြေရှင်းနိုင်ပြီး နောင်တွင်ပိုမိုဆိုးရွားလာနိုင်မည့် အခြေအနေများကိုပါ ကာကွယ်နိုင်မည်ဖြစ်သည်။

References:

  1. CPR Kids. (2022, March 9). How many of the 8 red flags for unwell babies and children do you know? Retrieved April 15, 2026, from https://www.cprkids.com.au/2022/03/09/how-many-of-the-8-red-flags-for-unwell-babies-and-children-do-you-know/
  2. HealthEd (New Zealand Ministry of Health). (n.d.). Baby and child sickness: Danger signs. Retrieved April 15, 2026, from https://healthed.govt.nz/products/baby-and-child-sickness-danger-signs-english-version
  3. Healthdirect Australia. (n.d.). Symptoms of serious illness in babies and children. Retrieved April 15, 2026, from https://www.healthdirect.gov.au/symptoms-of-serious-illness-in-babies-and-children
  4. Seattle Children’s Hospital. (n.d.). Emergency symptoms not to miss. Retrieved April 15, 2026, from https://www.seattlechildrens.org/conditions/a-z/emergency-symptoms-not-to-miss/
  5. Drugs.com. (n.d.). Poor school performance in children. Retrieved April 15, 2026, from https://www.drugs.com/cg/poor-school-performance-in-children.html

Published: 22 April 2025

Last updated: 6 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.