ကလေးငယ်တစ်ဦးသည် မွေးကင်းစမှစ၍ အထူးသဖြင့် အသက်ငါးနှစ်ခန့်အထိ ခန္ဓာကိုယ်လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးရုံမက အခြားဖွံ့ဖြိုးမှုများဖြစ်သော ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှားခြင်း၊ အနုစိတ်ကိုင်တွယ်တတ်ခြင်း၊ အမြင်အာရုံ၊ အကြားအာရုံများ ဖွံ့ဖြိုးလာခြင်း၊ စကားပြောခြင်း၊ ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ ကစားခြင်း၊ မိမိကိုယ်မိမိ ပြန်လည်ပြုစုစောင့်ရှောက်နိုင်ခြင်း စသည်တို့လည်း တစ်ပြိုင်နက် လျင်မြန်စွာ ဖွံ့ဖြိုးလာသည်။ ၎င်းတို့၏ ပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုများ၊ စူးစမ်းမှုများလည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာသည်။ ထိုသို့ အသက်အရွယ်အလိုက် တစ်ဆင့်ချင်း ပုံမှန်ဖွံ့ဖြိုးလာခြင်းကို “ဖွံ့ဖြိုးမှုမှတ်တိုင်များ” (Developmental Milestones) ဟုခေါ်သည်။
ကလေးများ၏ ဖွံ့ဖြိုးမှုပုံစံ
ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများသည် “Cephalocaudal” ဟုခေါ်သော ဦးခေါင်းပိုင်းအစပြု တိုးတက်မှုပုံစံဖြစ်သည်။ “cephalo” ဆိုသည်မှာ ဦးခေါင်းဟု အဓိပ္ပာယ်ရပြီး “caudal” မှာ အမြီး သို့မဟုတ် ခန္ဓာကိုယ်အောက်ပိုင်းဟု ဆိုလိုသည်။ ဖွံ့ဖြိုးမှုသည် ခန္ဓာကိုယ်၏ထိပ်ပိုင်း (ဦးခေါင်း) မှ စတင်ကာ ခြေဖဝါးဆီသို့ ဆင်းသက်လာခြင်းဖြစ်သည်။ ဤမူအရ မွေးကင်းစမှစ၍ ကလေးငယ်များသည် ၎င်းတို့၏ခန္ဓာကိုယ်အောက်ပိုင်းနှင့် ခြေထောက်များကို မထိန်းချုပ်နိုင်မီ ၎င်းတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် ဦးခေါင်းပိုင်းများကို ပို၍ ထိန်းချုပ်လှုပ်ရှားနိုင်ကြသည်။ ထို့ကြောင့် ပထမဦးစွာ ဦးခေါင်းမတ်မတ်နေနိုင်ရန် ထိန်းနိုင်လာပြီး လက်လှုပ်ရှားမှုများ၊ ခန္ဓာကိုယ်ကိုထိန်း၍ ထိုင်နိုင်ခြင်းနှင့် နောက်ဆုံးတွင် မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းများ ပြုလုပ်နိုင်လာသည်။
အဆိုပါဖွံ့ဖြိုးမှုများသည် ကလေးတစ်ဦးနှင့်တစ်ဦး အနည်းငယ်ကွာခြားနိုင်သော်လည်း ကလေးအများစုသည် သတ်မှတ်ထားသော အသက်အရွယ် အပိုင်းအခြားအတွင်းတွင် ပုံမှန်ဖွံ့ဖြိုးလေ့ရှိသည်။ အထက်ပါဖွံ့ဖြိုးမှုမှတ်တိုင်များ ရှိသင့်သည့် အသက်အရွယ်အတိုင်း မဖွံ့ဖြိုးဘဲ နောက်ကျနေခြင်းကို ကလေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း (developmental delay) ဟု သတ်မှတ်သည်။ ဖွံ့ဖြိုးမှုနယ်ပယ်တစ်ခုတွင်သာ နောက်ကျခြင်းရှိနိုင်သကဲ့သို့ နယ်ပယ်တစ်ခုထက်ပို၍လည်း နောက်ကျနိုင်သည်။ ကလေးများတွင် ဦးနှောက်အာရုံကြောရောဂါများနှင့် အခြားအရေးကြီးသည့် နာတာရှည်ရောဂါများ ဖြစ်လာလျှင် ဖွံ့ဖြိုးမှု နောက်ကျစေနိုင်သည်။ ထိုသို့ဖွံ့ဖြိုးမှုနောက်ကျခြင်းသည် အချို့ရောဂါလက္ခဏာများမပေါ်ခင် သိသာစွာ ပေါ်လွင်နေတတ်သည်။ အော်တစ်ဇင် (Autism) နှင့် အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲသော ADHD ကလေးများတွင်လည်း ဖွံ့ဖြိုးမှုနယ်ပယ်တစ်ခုခု နောက်ကျခြင်းများကို စတင်တွေ့ရှိရတတ်သည်။ ကလေးများတွင် ရောဂါအခြေအနေများသည် တိုတောင်းသောအချိန်အတွင်း လျင်မြန်စွာ ပေါ်ပေါက်ပြောင်းလဲတတ်ခြင်းကြောင့် ဖွံ့ဖြိုးမှုမှတ်တိုင်များကို သက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးခြင်း မပြုလုပ်လျှင် အဆိုပါရောဂါအခြေအနေများကို လွတ်သွားနိုင်သည်။
ကလေးများ၏ ဖွံ့ဖြိုးမှုမှတ်တိုင်များကို ပုံမှန်စစ်ဆေးခြင်း
သို့ဖြစ်၍ ဖွံ့ဖြိုးမှုမှတ်တိုင်များကို ပုံမှန်စစ်ဆေးပေးနေခြင်း (Developmental Screening) သည် အဆိုပါဖွံ့ဖြိုးမှုများအတွက်သာမက နောက်ကွယ်မှတစ်ခြားရောဂါများအတွက်လည်း အရေးကြီးသည်။ ဖွံ့ဖြိုးမှုမှတ်တိုင်များ စစ်ဆေးရာတွင် ကာလအပိုင်းအခြားတစ်ခုစီအလိုက် [ဥပမာ_အသက် (၂) လ၊ (၄) လ၊ (၆) လ၊ (၁) နှစ်၊ (၁) နှစ်ခွဲ၊ (၂) နှစ်၊ (၃) နှစ်၊ (၄) နှစ်၊ (၅) နှစ်စသည်ဖြင့်] ပုံမှန်စစ်ဆေးသင့်သည်။ ထိုသို့စစ်ဆေးခြင်းဖြင့် ရောဂါများကို ကြိုတင်ရှာဖွေသိရှိကုသနိုင်သကဲ့သို့ နောက်ကျနေသော ဖွံ့ဖြိုးမှုတစ်ခုချင်းအတွက်လည်း ကြိုတင်လေ့ကျင့် သင်ကြားပေးနိုင်သည်။
ကလေးများ၏ အသက်အလိုက် ပုံမှန်ဖွံ့ဖြိုးမှုမှတ်တိုင်များ
ကလေးများ၏ ဖွံ့ဖြိုးမှုမှတ်တိုင်များကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း ခွဲခြားထားနိုင်သည်။
- ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှားခြင်း (Gross motor skills)
- အမြင်အာရုံနှင့် အနုစိတ်ကိုင်တွယ်တတ်ခြင်း (Vision and Fine motor skills)
- အကြားအာရုံနှင့် စကားပြောခြင်း၊ ဆက်သွယ်ခြင်း (Hearing, Speech and Language)
- ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ ကစားခြင်း၊ မိမိကိုယ်မိမိ ပြန်လည်ပြုစုစောင့်ရှောက်နိုင်ခြင်းနှင့် အသိဉာဏ်တိုးတက်လာခြင်း (Social, Play, Self Care and cognitive skills)
ကလေးများသည် တစ်ဦးနှင့်တစ်ဦး ဖွံ့ဖြိုးမှုပုံစံ ထပ်တူမကျနိုင်သောကြောင့် အခြားကလေးများနှင့် နှိုင်းယှဥ်ရုံဖြင့် မိမိကလေးတွင် ဖွံ့ဖြိုးမှုနောက်ကျသည်ဟု မပြောနိုင်ပါ။ အောက်တွင်ဖော်ပြထားသည့် အသက်အရွယ်အလိုက် ရှိသင့်သည့်ဖွံ့ဖြိုးမှုများ ရှိနေလျှင် မိမိကလေးသည် ပုံမှန်ဖွံ့ဖြိုးတိုးတက်နေကြောင်း သိရှိနိုင်သည်။
| ကလေးအသက် | ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှားခြင်း ဆိုင်ရာ မှတ်တိုင်များ | အမြင်အာရုံနှင့် အနုစိတ်ကိုင်တွယ်တတ်ခြင်းဆိုင်ရာ မှတ်တိုင်များ | အကြားအာရုံနှင့် စကားပြောခြင်း၊ ဆက်သွယ်ခြင်းဆိုင်ရာ မှတ်တိုင်များ | ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ ကစားခြင်း၊ မိမိကိုယ်မိမိ ပြန်လည်ပြုစုစောင့်ရှောက်နိုင်ခြင်းနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ မှတ်တိုင်များ |
|---|---|---|---|---|
| (၂) လ | မှောက်လျက်ထားလျှင် ခေါင်းကို အနည်းငယ်ထောင်၍ ထိန်းထားနိုင်ခြင်း ပက်လက်ထားချိန်တွင် ခြေလက်နှစ်ဖက်လုံးကို ကောင်းစွာ ကန်ကျောက်လှုပ်ရှားနိုင်ခြင်း | အနီးတွင် အမေလှုပ်ရှားသွားလာနေသည်ကို လိုက်ကြည့်တတ်ခြင်း လက်ဖဝါးများကို စက္ကန့်အနည်းငယ် ဖြန့်ထားနိုင်ခြင်း | အသံကျယ်ကျယ်တစ်ခုကြားလျှင် တုံ့ပြန်မှုရှိခြင်း (ဥပမာ_လန့်ခြင်း၊ အိပ်နေရာမှနိုးသွားခြင်း) ငိုခြင်းအပြင် အူး၊ အား ဟူ၍ အသံအနည်းငယ် ပြုတတ်ခြင်း | အလိုလိုစတင်ပြုံးတတ်ခြင်း နို့ဆာ၊ အနှီးစိုလျှင် ငိုခြင်း အမေမျက်နှာကို သိခြင်း အမေမှ စကားပြောလျှင် ပြန်ပြုံးပြတတ်ခြင်း |

| (၄) လ | မှောက်လျက်ထားလျှင် သို့မဟုတ် ထိုင်ပေးထားလျှင် ခေါင်းနှင့်ဇက်ကို ကောင်းစွာခိုင်နေအောင် ထိန်းထားနိုင်ခြင်း | ကလေး၏လက်ဖဝါးထဲသို့ အမေ၏လက်ချောင်းလေးများ သို့မဟုတ် အရုပ်လေးများ ထည့်ပေးလျှင် ခေတ္တကိုင်ထားနိုင်ခြင်း အမေ၏မျက်နှာ သို့မဟုတ် အရုပ်၏လှုပ်ရှားမှုများကို လိုက်ကြည့်တတ်ခြင်း | တခစ်ခစ်ရယ်မောတတ်ခြင်း အူးအူး၊ အားအား ဟူ၍ အသံများစွာ ထွက်တတ်ခြင်း အရုပ်များ၊ လူများကိုကြည့်၍ အသံပြုတတ်ခြင်း | အမေမျက်နှာကို မြင်လျှင် တန်း၍ပြုံးပြတတ်ခြင်း ကလေးသည် မိမိလက်ချောင်းလေးများကို စိတ်ဝင်တစားကြည့်၍ လှုပ်ယမ်းကစားတတ်ခြင်း |

| (၆) လ | ပက်လက်နှင့် ဝမ်းလျားမှောက် အနေအထားတို့ အပြန်အလှန် လုပ်ဆောင်နိုင်ခြင်း ဝမ်းလျားမှောက်ချိန်တွင် လက်နှစ်ဖက်ကို ဖြောင့်တန်းအောင် ထောက်ထားနိုင်ခြင်း ကျောဘက်တွင် အမှီ၊ အထိန်းဖြင့် ထိုင်နိုင်ခြင်း ထိုင်နေစဥ် လက်နှစ်ဖက်ကိုထောက်၍ ခန္ဓာကိုယ်ကို ထိန်းထားနိုင်ခြင်း | အရုပ် သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို လက်နှစ်ဖက်ဖြင့် လှမ်းယူခြင်း၊ ဆုပ်ကိုင်နိုင်ခြင်း၊ ပါးစပ်ရှိရာသို့ ဆွဲယူခြင်း အရာဝတ္ထုများကို လက်တစ်ဖက်မှ နောက်တစ်ဖက်သို့ ပြောင်းကိုင်တတ်ခြင်း | အသံကြားလျှင် အသံထွက်ပေါ်သည့်နေရာသို့ လှည့်ကြည့်နိုင်ခြင်း ဘာဘာ၊ ဒါဒါ၊ ဂါဂါ စသည်ဖြင့် အသံပြုတတ်ခြင်း ရယ်မောတတ်ခြင်း | အရုပ် သို့မဟုတ် မုန့်အပိုင်းအစလေးများကို လက်ဖြင့်လှမ်းယူ၍ ပါးစပ်ထဲသို့ ထည့်နိုင်ခြင်း၊ လက်တစ်ဖက်မှ အခြားတစ်ဖက်သို့ ပြောင်းကိုင်နိုင်ခြင်း မှန်ထဲရှိ မိမိပုံရိပ်ကိုကြည့်၍ ပြုံးပြတတ်ခြင်း၊ အသံပြုတတ်ခြင်း |

| (၉) လ | ဝမ်းလျားမှောက်နေရာမှ ရှေ့သို့ စတင်တွားသွားနိုင်ခြင်း ကျောဘက်တွင် အမှီ၊ အထိန်းမပါဘဲ အလွတ်ထိုင်နိုင်ခြင်း တန်း သို့မဟုတ် လက်ကိုကိုင်၍ မတ်တတ်ရပ်နိုင်ခြင်း | လက်ချောင်းလေးများကိုသုံး၍ မုန့်အပိုင်းအစလေးများကို အနီးသို့ရောက်အောင် လှမ်းယူတတ်ခြင်း အရုပ်လေးများကို လက်တစ်ဖက်စီဖြင့် ကိုင်၍ အချင်းချင်းထိရိုက်တတ်ခြင်း | ကြားသည့်အသံကို တုပ၍ လိုက်လံအသံပြုတတ်ခြင်း မိမိနာမည်ခေါ် လျှင် လှည့်ကြည့်ခြင်း | အစားအစာများကို ကိုယ်တိုင်ကိုင်၍ ပါးစပ်ထဲသို့ ထည့်ခြင်း သူစိမ်းများကို သတိထားမိ၍ စိုးရိမ်ကြောက်လန့်တတ်ခြင်း အရုပ်များ၊ ပစ္စည်းများကို ဖွက်လိုက်လျှင် လိုက်ရှာတတ်ခြင်း |

| (၁၂) လ | ကောင်းစွာ တွားသွားနိုင်ခြင်း အမှီ၊ အထိန်းမပါဘဲ ကောင်းကောင်း မတ်တတ်ရပ်နိုင်ခြင်း ဆွဲထူလျှင် မတ်တပ်ရပ်နိုင်ခြင်း တန်း သို့မဟုတ် ခုံ၊ စားပွဲအနိမ့် စသည်တို့ကို လက်ဖြင့် ထိန်းကိုင်၍ လမ်းစလျှောက်ခြင်း | လိုချင်သော ပစ္စည်းကို လက်ညှိုးထိုး ညွှန်ပြတတ်ခြင်း လက်မနှင့်လက်ညှိုး အသုံးပြု၍ ပစ္စည်းအသေးလေးများကို ကောင်းစွာကောက်ယူနိုင်ခြင်း | အဓိပ္ပါယ်ရှိစကားလုံးများ စပြောနိုင်ခြင်း (ဥပမာ_ဖေဖေ၊ မေမေ) မလုပ်ရဟု ပြောလျှင် နားလည်လာခြင်း | တာ့တာပြ နှုတ်ဆက်ခြင်း တူတူရေဝါး ဆော့တတ်ခြင်း လူကြီးမှ ထိန်းကိုင်ပေးထားလျှင် ခွက်ထဲမှရေကို မော့သောက်နိုင်ခြင်း |

| (၁၅) လ | ထိန်းကိုင်စရာမလိုဘဲ ကိုယ်တိုင် စတင်လမ်းလျှောက်နိုင်ခြင်း စားပွဲအနိမ့်၊ ခုံစသည်တို့ပေါ်သို့ တွယ်တက်နိုင်ခြင်း | တစ်လက်မပတ်လည် ကုဗတုံး အနည်းဆုံး (၂) တုံးခန့်ဆင့်၍ စီနိုင်ခြင်း ပန်းကန်ထဲမှ အစားအစာအချို့ကို လက်ချောင်းလေးများ အသုံးပြု၍ ကိုယ်တိုင်ယူစားနိုင်ခြင်း | စကားလုံး လေးငါးလုံးခန့် နားလည်လာခြင်း ဖေဖေ၊ မေမေအပြင် အခြား အဓိပ္ပါယ်ရှိစကားလုံးများ ပိုပြောလာနိုင်ခြင်း | လက်ခုပ်တီး၍ ရယ်မောတတ်ခြင်း လိုချင်သည့်အရာကို အမူအရာပြ၍ တောင်းတတ်ခြင်း လက်ထဲမှအရုပ်ကို တောင်းလျှင် ပြန်ပေးတတ်ခြင်း မွေးပွရုပ်လေးများကို ဖက်၍ကစားတတ်ခြင်း |
| (၁၈) လ | ထိန်းကိုင်စရာမလိုဘဲ အလွတ် လမ်းကောင်းကောင်း လျှောက်နိုင်ခြင်း ခြေဖျားထောက်၍ မတ်တတ်ရပ်နိုင်ခြင်း၊ လမ်းလျှောက်နိုင်ခြင်း အမှီ၊ အထိန်းမပါဘဲ ကြမ်းပြင်မှပစ္စည်းကို ကောက်ယူ၍ ပြန်လည်ထနိုင်ခြင်း ထိုင်ခုံပေါ်သို့ တွယ်တက်နိုင်ခြင်း မတ်တတ်ရပ်၍ ဘောလုံးကန်နိုင်ခြင်း | စာအုပ်မှ စာမျက်နှာများကို စတင်လှန်လာနိုင်ခြင်း စာရွက်ပေါ်တွင် ရောင်စုံခဲတံကိုင်၍ စတင်ရေးခြစ်ခြင်း တစ်လက်မပတ်လည် ကုဗတုံး (၃) တုံးဆင့်၍ စီနိုင်ခြင်း | ဖေဖေ၊ မေမေအပြင် အခြား အဓိပ္ပါယ်ရှိစကားလုံးများစွာကို ပို၍ပြောနိုင်လာခြင်း အမူအရာမပါဘဲ စကားပြောရုံဖြင့် နားလည်ပြီး လိုက်လုပ်နိုင်ခြင်း | ရေခွက်ကို ကိုယ်တိုင်ကိုင်၍ မော့သောက်တတ်ခြင်း လူကြီးနှင့်အတူ ပုံစာအုပ်များကို စတင်ကြည့်တတ်လာခြင်း ဇွန်းကိုင်၍ အစားစားရန် ကြိုးစားခြင်း လက်ချောင်းများဖြင့် ကိုယ်တိုင်ကျွမ်းကျင်စွာ အစားစားတတ်ခြင်း |
| (၂) နှစ် | ပြေးနိုင်ခြင်း ခုန်နိုင်ခြင်း လှေကားထစ်များကို စုံတက်နိုင်ခြင်း ဘောလုံးကို မြှောက်ပစ်နိုင်ခြင်း ဘောလုံးကန်နိုင်ခြင်း | စာအုပ်မှ စာမျက်နှာ တစ်ရွက်ချင်းစီ လှန်နိုင်ခြင်း မျဉ်းကြောင်းများ စတင်ရေးခြစ်ခြင်း တစ်လက်မပတ်လည် ကုဗတုံး (၆) တုံးအထိဆင့်၍ စီနိုင်ခြင်း | အဓိပ္ပါယ်ရှိစကားလုံးများ (၁၀၀) ခန့် ပြောနိုင်လာခြင်း စကားလုံးတွဲများ ပြောနိုင်လာခြင်း မိမိနာမည်ကို ကောင်းစွာ သိမှတ်နိုင်ခြင်း ခန္ဓာကိုယ်အစိတ်အပိုင်း (၆) ခုထိ ညွှန်ပြတတ်ခြင်း | ဇွန်းကို ကျွမ်းကျင်စွာကိုင်၍ အစားစားနိုင်ခြင်း ရိုးစင်းသော ညွှန်ကြားချက်များကို လိုက်နာနိုင်ခြင်း စောင်၊ အခင်းများကို ကိုယ်တိုင် ဖယ်ခွာနိုင်ခြင်း ဖိနပ်ချွတ်နိုင်ခြင်း ဆီး၊ ဝမ်း သွားချင်လျှင် အချက်ပြနိုင်ခြင်း |


| (၃) နှစ် | နောက်ပြန် လမ်းလျှောက်နိုင်ခြင်း ဘေးတိုက် လမ်းလျှောက်နိုင်ခြင်း ခြေဖျားထောက် ပြေးနိုင်ခြင်း ခြေလှမ်းကျယ်ကျယ်ဖြင့် စုံခုန်နိုင်ခြင်း လှေကားကို ခြေတစ်ဖက်ချင်းစီ လှမ်းတက်ိနုင်ခြင်း သုံးဘီးစက်ဘီးကို စီးနိုင်ခြင်း ဘောလုံးကို လက်ဖြင့် ဖမ်းနိုင်ခြင်း | စက်ဝိုင်းပုံ ကူးဆွဲနိုင်ခြင်း ဒေါင်လိုက်မျဥ်းကြောင်းများ ကူးဆွဲနိုင်ခြင်း အရောင်တူများကို ရွေးချယ်နိုင်ခြင်း တစ်လက်မပတ်လည် ကုဗတုံး (၉) တုံးအထိဆင့်၍ စီနိုင်ခြင်း | မိမိနာမည်အပြည့်အစုံ၊ အသက်၊ ကျားမ ကောင်းစွာ သိရှိနားလည်ခြင်း စကားလုံး သုံးလေးလုံးပါ ဝါကျများ ပြောနိုင်လာခြင်း အရောင် သုံးလေးမျိုးအထိ အမည်တပ်ပြောနိုင်ခြင်း | ခက်ရင်း အသုံးပြု၍ အစားစားနိုင်ခြင်း လက်ဆေးတတ်ခြင်း တုပ၍ ကစားလာတတ်ခြင်း ကစားရာတွင် သူ့အလှည့်၊ ကိုယ့်အလှည့် နားလည်လာခြင်း ဆီး၊ ဝမ်း ထိန်းနိုင်ခြင်း |
| (၄) နှစ် | ခြေတစ်ချောင်းတည်းဖြင့် (၂) စက္ကန့်ခန့် မတ်တပ်ရပ်နိုင်ခြင်း မျဉ်းဖြောင့်အတိုင်း လမ်းလျှောက်နိုင်ခြင်း ခြေတစ်ပေါင်ကျိုး ခုန်နိုင်ခြင်း လူကြီးတစ်ဦးကဲ့သို့ လှေကားအတက်အဆင်း ပြုလုပ်နိုင်ခြင်း | စတုရန်းလေးထောင့်ပုံကို ကူးဆွဲနိုင်ခြင်း လူပုံကို အစိတ်အပိုင်း (၃) ခုပါအောင် ဆွဲတတ်ခြင်း အင်္ကျီကြယ်သီး ဖြုတ်နိုင်ခြင်း | ဝါကျရှည်များ ပြောနိုင်ခြင်း သီချင်း၊ ကဗျာ စသည်တို့ကို အနည်းငယ်ဆိုနိုင်ခြင်း လွယ်ကူရိုးရှင်းသော မေးခွန်းများကို ပြန်ဖြေတတ်ခြင်း ဆန့်ကျင်ဖက်စကားလုံးများ နားလည်လာခြင်း | မိဘအကူအညီမယူရဘဲ ကိုယ်တိုင် အစားစားလာနိုင်ခြင်း ကစားဖော် အခြားကလေးများနှင့် ပိုမိုကစားတတ်လာခြင်း တစ်နေ့တာလုပ်ဆောင်မှုများကို ပြန်ပြောပြတတ်ခြင်း တစ်မှ တစ်ဆယ်အထိ ရေတွက်လာနိုင်ခြင်း |

| (၅) နှစ် | ခြေတစ်ချောင်းတည်းဖြင့် (၅) စက္ကန့်ခန့်ကြာအောင် မတ်တတ်ရပ်နိုင်ခြင်း ခြေတစ်ပေါင်ကျိုး ခုန်ပြီးသွားနိုင်ခြင်း ဘောလုံးကို မျက်နှာပြင်တစ်ခုသို့ ပစ်ပေါက်ပြီးနောက် ပြန်ကန်ထွက်လာချိန်တွင် ကောင်းစွာဖမ်းနိုင်ခြင်း | ခဲတံကို လူကြီးကိုင်သကဲ့သို့ ကိုင်နိုင်ခြင်း တြိဂံပုံကို ကောင်းစွာ ကူးဆွဲနိုင်ခြင်း လူပုံကို အစိတ်အပိုင်း (၆) ခုပါအောင် ဆွဲတတ်ခြင်း ကတ်ကြေး အသုံးပြုတတ်လာခြင်း အင်္ကျီကြယ်သီး အဖြုတ်အတပ်ကို ကောင်းစွာပြုလုပ်နိုင်ခြင်း | စကား ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ခြင်း အရောင် (၄) ရောင်ထက်ပို၍ ခွဲခြားသိရှိပြောနိုင်ခြင်း “မနက်၊ ည၊ ဒီနေ့၊ မနေ့က၊ မနက်ဖြန်” စသည့် အချိန်ပြစကားလုံးများကို နားလည်အသုံးပြုလာခြင်း | အဝတ်အစား ကောင်းစွာဝတ်တတ်၊ ချွတ်တတ်ခြင်း ပုံပြင်များ ပြောပြတတ်လာခြင်း |
ဖွံ့ဖြိုးမှုဆိုင်ရာ သတိပြုရန် လက္ခဏာများ (Developmental Red Flags)
ကလေး၏ မည်သည့်အသက်အရွယ်တွင်မဆို ရှိသင့်သည့် ဖွံ့ဖြိုးမှုမှတ်တိုင်များ ပြည့်မီခြင်းမရှိသည့်အပြင် အောက်ပါလက္ခဏာများကို သတိပြုမိပါက ကလေးအထူးကုဆရာဝန်များ၊ ဖွံ့ဖြိုးမှုဆိုင်ရာကျွမ်းကျင်သူများနှင့် ဆောလျင်စွာ ပြသတိုင်ပင်သင့်သည်။
- အထွေထွေနှင့် လူမှုဆက်ဆံရေးဆိုင်ရာ လက္ခဏာများ
- ယခင်က တတ်မြောက်ထားသော စွမ်းရည်/ကျွမ်းကျင်မှုများ ပြန်လည်ပျောက်ဆုံးသွားခြင်း (ဥပမာ _ စကားပြောတတ်ပြီးမှ ပြန်မပြောနိုင်တော့ခြင်း၊ လမ်းလျှောက်တတ်ပြီးမှ ပြန်မလျှောက်နိုင်တော့ခြင်း)
- အသက် (၁၂) လအရွယ်အထိ မျက်လုံးချင်းဆိုင်မကြည့်ခြင်း သို့မဟုတ် အမည်ခေါ်လျှင် တုံ့ပြန်မှုမရှိခြင်း
- အသက် (၁၈) လအရွယ်အထိ စကားလုံးတစ်လုံးချင်း (ဥပမာ _ မားမား၊ နို့) မပြောနိုင်ခြင်း
- အသက် (၃၀) လ သို့မဟုတ် ၂ နှစ်ခွဲအရွယ်အထိ စကားလုံးနှစ်လုံးတွဲ (ဥပမာ _ မုန့်စားမယ်၊ ဖေဖေလာ) မပြောနိုင်ခြင်း
- လှုပ်ရှားမှုနှင့် ကိုယ်ဟန်အနေအထားဆိုင်ရာ လက္ခဏာများ (Gross Motor Red Flags)
- လမ်းလျှောက်ခြင်း _ အသက် (၁၈) လပြည့်သည်အထိ အကူအညီမပါဘဲ လွတ်လပ်စွာ လမ်းမလျှောက်နိုင်ခြင်း
- ကိုယ်ဟန်အနေအထား _ ကြွက်သားများ အလွန်တောင့်တင်းနေခြင်း သို့မဟုတ် အလွန်ပျော့ခွေနေခြင်း
- မညီမျှမှု _ ခန္ဓာကိုယ် ဘယ်ညာ လှုပ်ရှားမှု မညီမျှခြင်း (ဥပမာ _ လက်တစ်ဖက် သို့မဟုတ် ခြေတစ်ဖက်ကိုသာ အသုံးများပြီး ကျန်တစ်ဖက်မှာ လှုပ်ရှားမှု နည်းနေခြင်း)
- အာရုံခံစားမှုဆိုင်ရာ လက္ခဏာများ (Vision and Hearing Red Flags)
- အမြင်အာရုံ _ ကလေး၏ မျက်လုံးသည် အရာဝတ္ထု သို့မဟုတ် လူမျက်နှာနောက်သို့ လိုက်မကြည့်ခြင်း၊ မျက်စိစောင်းနေခြင်း သို့မဟုတ် အရာဝတ္ထုများကို ကြည့်ရာတွင် အလွန်နီးကပ်စွာ ကြည့်ခြင်း
- အကြားအာရုံ _ ကျယ်လောင်သော အသံများကို တုံ့ပြန်မှုမရှိခြင်း၊ အသံလာရာဘက်သို့ လှည့်မကြည့်ခြင်း သို့မဟုတ် စကားပြောဖွံ့ဖြိုးမှု သိသိသာသာ နောက်ကျခြင်း
- အခြားသတိပြုရန် လက္ခဏာများ
- တက်ခြင်း (Seizures) ဖြစ်ခြင်း
- အာရုံကြောနှင့် အရေပြားဆိုင်ရာ ရောဂါလက္ခဏာများ (ဥပမာ _ အရေပြားပေါ်တွင် ထူးခြားသော အကွက်များ၊ အဖုအကျိတ်များ) တွေ့ရှိရခြင်း
အထက်ပါဖွံ့ဖြိုးမှုမှတ်တိုင်များကို မိဘများမှ သိရှိနားလည်ခြင်းဖြင့် မိမိကလေးကို စောင့်ကြည့်လာနိုင်ပြီး လိုအပ်သော ပံ့ပိုးမှုနှင့် ပြုစုပျိုးထောင်မှု နည်းလမ်းများ ပိုမိုသိရှိနားလည်လာမည်။ မိမိကလေး အားနည်းနောက်ကျနေသည့် ဖွံ့ဖြိုးမှုနယ်ပယ်အလိုက် စောစီးစွာ အာရုံစိုက်လေ့ကျင့်ခြင်းများ ကြိုတင်ပြုလုပ်ခြင်းဖြင့် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူပြုသည်။
ဆက်လက်ဖတ်ရှုရန်
- ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း (Developmental screening)
- ကလေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း (Developmental Delay in Children)
References:
- Centers for Disease Control and Prevention. (n.d.). Developmental milestones. Retrieved January 4, 2026, from https://www.cdc.gov/ncbddd/actearly/milestones/index.html
- MRCPCH. (n.d.). Child development. Retrieved January 4, 2026, from https://mrcpch.paediatrics.co.uk/development/
- Children’s Hospital of Philadelphia. (n.d.). Developmental milestones. Retrieved January 4, 2026, from https://www.chop.edu/primary-care/developmental-milestones
- American Speech-Language-Hearing Association. (n.d.). Developmental milestones. Retrieved January 4, 2026, from https://www.asha.org/public/developmental-milestones/handouts/
Published: 28 January 2025
Last updated: 10 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.