Post Immunization Reactions (ကာကွယ်‌ဆေးထိုးပြီးတွေ့ရသောနောက်ဆက်တွဲပြဿနာများ)

Post Immunization Reactions (ကာကွယ်‌ဆေးထိုးပြီးတွေ့ရသောနောက်ဆက်တွဲပြဿနာများ)

ကာကွယ်ဆေးထိုးခြင်းသည် ဘေးကင်းပြီး ရောဂါကာကွယ်ရာတွင် အထိ‌ရောက်ဆုံးဖြစ်သည်။ သို့သော် ရှားရှားပါးပါး နောက်ဆက်တွဲအန္တရာယ်အနေဖြင့် ကာကွယ်ဆေးထိုးချိန်တွင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ကြောင်း သိရှိနားလည်ရမည်။

ကာကွယ်ဆေးများ

ကာကွယ်ဆေးဆိုသည်မှာ ကလေးလူကြီးအားလုံး ထိုးနှံသည့်အခါ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ထုတ်လုပ်ပြီးနောက် အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ပြည့်စုံအောင်မြင်ပြီးမှသာ သုံးစွဲထိုးနှံခွင့်ပြုထားသော ဆေးဝါးများဖြစ်သည်။ ထိုးဆေး၊ ပါးစပ်မှ အစက်ချဆေး၊ နှာခေါင်းအတွင်း ဖျန်းဆေးစသည်ဖြင့် ကာကွယ်ဆေး အမျိုးအစားများစွာရှိသည်။ ကာကွယ်ဆေးများကို ပိုးအသေ၏ အစိတ်အပိုင်းများမှလည်းကောင်း၊ ပိုးအရှင်၏ တစ်စိတ်တစ်ပိုင်းမှလည်းကောင်း ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားကြသည်။ အချို့ကာကွယ်ဆေးများကို ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်း အနည်းငယ်ဖြင့်လည်း ပြုပြင်ထုတ်လုပ်ထားသည်။

ကာကွယ်ဆေးများ၏အာနိသင်
ပုံမှန်အားဖြင့် ကိုယ်ခန္ဓာအတွင်းသို့ ရောဂါပိုးများ ဝင်ရောက်လာလျှင် ၎င်းတို့သည် ပဋိလှုံ့ပစ္စည်း (antigen) အနေဖြင့် လုပ်ဆောင်ပြီး၊ ကိုယ်ခန္ဓာအတွင်းမှ ပဋိပစ္စည်း (antibody) များ ထွက်စေခြင်းဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ ထိုပဋိပစ္စည်းများသည် ရောဂါပိုးများကို တိုက်ခိုက်ပေးနိုင်ပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေရန် ကာကွယ်ပေးသည်။ ကာကွယ်ဆေးထိုးခြင်းသည် ရောဂါပိုးများ အမှန်တကယ် မကူးစက်သေးမီ ကိုယ်ခန္ဓာအတွင်း၌ ပဋိပစ္စည်း (antibody) များ ကြိုတင်ထွက်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးပြီးနောက် ပဋိပစ္စည်းများ ခန္ဓာကိုယ်အတွင်း ထွက်ရှိရန် ပျမ်းမျှအားဖြင့် (၂)ပတ် မှ (၄)ပတ်ခန့်အထိ ကြာတတ်သည်။

ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများ (Adverse event following immunisation)

ကာကွယ်ဆေးထိုးခြင်းသည် ရောဂါများစွာကို ကာကွယ်ရန်အတွက် ဘေးကင်း၍ အထိ‌ရောက်ဆုံးနည်းလမ်းဖြစ်သည်။ ကာကွယ်ဆေးများသည် ဆေးဝါးအမျိုးအစားဖြစ်သောကြောင့် ကာကွယ်ဆေးထိုးချိန်တွင် တစ်ခါတစ်ရံ ဆေး၏ဘေးထွက်ဆိုးကျိုးများ (Adverse event) နှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေရှိကြောင်း သတိပြုနားလည်ရမည်။ သို့ရာတွင် ထိုဘေးထွက်ဆိုးကျိုးများမှာ အလွန်ရှားပါးပြီး ကလေးတိုင်းတွင် ဖြစ်လေ့မရှိပါ။

ကာကွယ်ဆေးထိုးခြင်းကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုး အများစုမှာ အပျော့စားများဖြစ်ပြီး၊ ဆေးထိုးသည့်နေရာ၌ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် နီရဲခြင်းစသည်တို့ တွေ့ရသည်။ အချို့ကာကွယ်ဆေးများတွင်မူ ကိုယ်ပူခြင်း၊ အဖုအပိန့်များထွက်ခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းတို့နှင့် ဆက်စပ်နေသည်ကို တွေ့ရသည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ ရှားပါးသော်လည်း၊ တက်ခြင်း၊ ခြေ‌ထောက်များမလှုပ်ရှားနိုင်ခြင်းအပြင် အသက်အန္တရာယ်ရှိသည်အထိ ဓာတ်မတည့်မှုများဖြစ်ပေါ်နိုင်သည်။

ကာကွယ်‌ဆေးထိုးပြီးနောက် ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများကို ပြင်းထန်မှု၊ ဖြစ်ပွါးသူဦးရေနှင့် ဖြစ်ပွါးရသည့်အကြောင်းရင်းပေါ် မူတည်၍ အမျိုးအစားများစွာ ထပ်မံခွဲခြားနိုင်သည်။

လက္ခဏာဖြစ်ပေါ်သည့် လူဦးရေပေါ်မူတည်၍ ခွဲခြားခြင်း
  1. အလွန်အဖြစ်များသော ဆိုးကျိုး (very common) – ကာကွယ်ဆေးထိုးသူ ဆယ်ယောက်‌အနက် အနည်းဆုံးတစ်ယောက်နှင့် တစ်ယောက်အထက်တွင် တွေ့ရတတ်သည်
  2. အဖြစ်များသော ဆိုးကျိုး (common) – ကာကွယ်ဆေးထိုးသူ အယောက် (၁၀၀) အနက် အနည်းဆုံး တစ်ယောက်နှင့် တစ်ယောက်အထက်တွင် တွေ့ရတတ်သည်
  3. အဖြစ်နည်းသော ဆိုးကျိုး (uncommon) – ကာကွယ်ဆေးထိုးသူ အယောက်‌ (၁,၀၀၀) အနက် အနည်းဆုံး တစ်ယောက်နှင့် တစ်ယောက်အထက်တွင် တွေ့ရတတ်သည်
  4. ရှားပါးသော ဆိုးကျိုး (rare) – ကာကွယ်ဆေးထိုးသူ အယောက်‌ (၁၀,၀၀၀) အနက် အနည်းဆုံး တစ်ယောက်နှင့် တစ်ယောက်အထက်တွင် တွေ့ရတတ်သည်
  5. အလွန်ရှားပါးသော ဆိုးကျိုး (very rare) – ကာကွယ်ဆေးထိုးသူ အယောက်‌ (၁၀,၀၀၀) အနက် တစ်ယောက်ပင် မတွေ့ရသော အခြေအနေဖြစ်သည်၊ တစ်ခါတစ်ရံ အယောက် (၁၀၀,၀၀၀) တွင်မှ တစ်ယောက်ခန့် တွေ့ရတတ်သည်။
လက္ခဏာဖြစ်ပေါ်ရသည့် ဖြစ်စဥ်ပေါ်မူတည်၍ ခွဲခြားခြင်း
  1. ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းကြောင့်ဖြစ်သော ဆိုးကျိုးများ (Immune-mediated reactions)
  2. ကာကွယ်ဆေး ထုတ်လုပ်ပုံနှင့် ထိန်းသိမ်းပုံ မှားယွင်းသောကြောင့်ဖြစ်သော ဆိုးကျိုးများ (Viral or bacterial activity)
  3. ကာကွယ်ဆေးထိုးချိန်တွင် ဖျော်စပ်ပုံ၊ ကိုင်တွယ်ပုံ၊ ထိုးနှံပုံတို့ မှားယွင်းခြင်းကြောင့်ဖြစ်သော ဆိုးကျိုးများ (Injection-related reactions)
  4. စိတ်လှုပ်ရှားခြင်း၊ စိတ်ပူပန်ခြင်းကြောင့် ဖြစ်သော ဆိုးကျိုးများ (Psychological or stress reactions)
  5. အကြောင်းရင်းရှာမတွေ့သော ဆိုးကျိုးများ (Others or not known)
လက္ခဏာပြင်းထန်မှုပေါ်မူတည်၍ ခွဲခြားခြင်း
  1. မပြင်းထန်သော သာမန်ဘေးထွက်ဆိုးကျိုးများ
  2. ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဟူ၍တွေ့နိုင်သည်။
  1. မပြင်းထန်သော သာမန်ဘေးထွက်ဆိုးကျိုးများ
    ကာကွယ်ဆေးအများစုထိုးပြီးနောက် တွေ့ရလေ့ရှိသော လက္ခဏာများဖြစ်သည်။ ယေဘုယျအားဖြင့် မပြင်းထန်သောကြောင့် (၁ – ၂) ရက်အတွင်း သက်သာပျောက်ကင်းသည်။ အတွေ့ရအများဆုံး လက္ခဏာများမှာ_
    • အဖျားငွေ့ငွေ့ ဖျားခြင်း
    • ဆေးထိုးသည့်နေရာတွင် နီမြန်းခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း
    • ဆေးထိုးသည့်နေရာ အနာဖြစ်ခြင်း
    • ဆေးထိုးသည့်နေရာ ပြည်တည်ခြင်း
    • ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
    • ကိုယ်လက်ကိုက်ခဲခြင်း
    • ချမ်းတုန်ခြင်း
    • ဝမ်းပျက်ခြင်း
    • အန်ခြင်း
    • အနီစက်များထွက်ခြင်း
    • လည်ပင်းနာခြင်း စသည်တို့ဖြစ်သည်။
  2. ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ
    ကာကွယ်ဆေးကြောင့်ဖြစ်သည့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သော်လည်း ဖြစ်နိုင်ခြေမှာ ကာကွယ်ဆေးထိုးသည့် ကလေး တစ်သိန်းတွင် တစ်ယောက်ခန့်သာရှိ၍ အလွန့်အလွန်နည်းပါးသည်။ တွေ့ရှိနိုင်သည့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးအချို့မှာ_
    • ဓာတ်မတည့်တုံ့ပြန်မှု အပြင်းအထန်ဖြစ်ခြင်း (Anaphylaxis)
      အများအားဖြင့် ကာကွယ်‌ဆေးထိုးပြီး (၁၅) မိနစ်အတွင်း ရုတ်တရက် ဖြစ်ပေါ်တတ်သော်လည်း နာရီပိုင်းအတွင်း ဖြစ်ပေါ် သော အခြေအနေများလည်းရှိသည်။ လက္ခဏာများမှာ အရေပြားနီမြန်းခြင်း၊ ယားယံခြင်း၊ အင်ပျဥ်ထခြင်း၊ ဆက်တိုက်ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ခြေလက်များ အေးစက်ခြင်း၊ ဖြူဖျော့ခြင်း၊ သွေးပေါင်ကျခြင်းနှင့် သတိလစ်ခြင်းစသည်တို့ဖြစ်သည်။ ကလေးများ၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်တွင် ပါဝင်သော အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး၊ ၅ မျိုးစပ်ကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများကြောင့် ဖြစ်ပွါးတတ်သည်။
    • တက်ခြင်း
      အချို့ကလေးငယ်များ [အထူးသဖြင့် အသက် (၁)နှစ် မှ (၃)နှစ်ကြား] တွင် အကြောင်းရင်းအတိအကျ မသိရှိသော်လည်း ကာကွယ်ဆေးထိုးပြီးနောက်တွင် တက်တတ်သည်ကို တစ်ခါတစ်ရံ တွေ့ရတတ်သည်။ ကာကွယ်ဆေးကြောင့်သာမက အဖျားတက်လာခြင်းကြောင့် သို့မဟုတ် အငိုလွန်ခြင်းကြောင့် တက်ခြင်းလည်းဖြစ်နိုင်သည်။ တက်သည့်အခြေအနေကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေးနှင့် ၅ မျိုးစပ်ကာကွယ်ဆေးများကြောင့် တွေ့ရလေ့ရှိသည်။
    • အူစွပ်ခြင်း
      အလွန်တွေ့ရနည်းသော နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်။ အထူးသဖြင့် ရိုတာဗိုင်းရပ်ကာကွယ်ဆေး သောက်ပြီးနောက်ပိုင်းတွင် တွေ့ရတတ်သည်။ ကလေးတွင် မရပ်မနား ဆက်တိုက်ညှစ်ငိုခြင်း၊ အန်ခြင်း၊ ဖြူဖျော့သွားခြင်း၊ ဗိုက်ကို အထိမခံခြင်း၊ ဗိုက်ဖောင်းခြင်း၊ ဝမ်းတွင် သွေးစများပါလာခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးတိုင်း အချိန်အတိုင်းအတာတစ်ခု (၁၅မိနစ်မှ နာရီဝက်ခန့်) အထိ ဆေးခန်းတွင် စောင့်ကြည့်ရန် လိုအပ်သည်။

မပြင်းထန်သော သာမန်ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွါးပါက အောက်ပါနည်းလမ်းများ ပြုလုပ်ခြင်းဖြင့် သက်သာစေနိုင်သည်။

  • အရည်များများ သောက်ရန်
  • ကလေးငယ်ဖြစ်ပါက မိခင်နို့ပို၍တိုက်ရန်
  • ကောင်းစွာအနားယူရန်
  • ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း သက်သာရန် ပါရာစီတမော သောက်ရန်
  • ဆေးထိုးသည့်နေရာ နီမြန်းပါက ရေခဲဝတ်ကပ်ပေးရန်
  • ဖျားပါက အဝတ်အထူများ ဝတ်ခြင်းကို‌ ရှောင်ကြဥ်ရန်

ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ပါက ကလေးတွင် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး၊ အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ကာကွယ်ဆေးထိုးပြီးနောက် တွေ့ရှိရသော ဘေးထွက်ဆိုးကျိုးများကို AEFI စစ်တမ်းကောက်ယူပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့လည်း ချက်ချင်းအကြောင်းကြားသင့်သည်။ မည်သည့်ကာကွယ်ဆေးကြောင့် ဖြစ်သည်၊ မည်သည့်လက္ခဏာပြသသည်၊ ကလေးမည်မျှတွင် ဖြစ်ပွါးသည်ကို သတင်းပို့ရမည်ဖြစ်သည်။

မိဘများအနေဖြင့်လည်း မိမိတို့ကလေးများတွင် ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားရဖူးခြင်းရှိပါက ထိုကာကွယ်ဆေးကို ကိုယ်တိုင် သိရှိမှတ်သားထားရန်လိုသည်။ ကာကွယ်ဆေးထိုးပေးသော ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများဘက်မှလည်း တိကျစွာ မှတ်သားထားရမည်။ သို့မှသာ နောက်တစ်ကြိမ်ထိုးရန် လိုအပ်လာပါက ကလေးအား ဆေးရုံတွင် အရေးပေါ်အခြေအနေများ ဖြစ်မဖြစ် အနီးကပ်စောင့်ကြည့်၍ ကာကွယ်ဆေးထိုးပေးနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည်မှာ မှန်သော်လည်း ကာကွယ်ဆေးမထိုးခြင်းကြောင့် ရောဂါဖြစ်ပွါးပါက လက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ၏ အန္တရာယ်သည် အလွန်ပြင်းထန်နိုင်သည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်သော ဘေးထွက်ဆိုးကျိုးများနှင့် ချိန်ဆကြည့်လျှင် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် အချိန်မီထိုးနှံသင့်ကြောင်း အကြံပြုထားကြသည်။

References:

  1. Possible Side Effects from Vaccines. (2024). Vaccines & Immunizations. Retrieved July 4, 2024, from https://www.cdc.gov/vaccines/basics/possible-side-effects.html#:~:text=Summary.%20Any%20vaccine%20can%20cause%20side%20effects.%20For%20the%20most
  2. Das, M. K. (2023). Adverse Events Following Immunization- The Known Unknowns and Black Box. The Indian Journal of Pediatrics, 90(8), 817–825. Retrieved July 4, 2024, from https://doi.org/10.1007/s12098-023-04555-3
  3. Department of Health & Human Services. (n.d.-b). Immunisation – side effects. Better Health Channel. Retrieved July 4, 2024, from https://www.betterhealth.vic.gov.au/health/healthyliving/immunisation-side-effects#common-side-effects-after-immunisation
  4. Innovative approaches. (n.d.). Retrieved July 4, 2024, from https://www.who.int/groups/global-advisory-committee-on-vaccine-safety/topics/aefi/innovative-approaches

Published: 31 October 2024

Last updated: 4 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.