Tummy time (ကလေးငယ်အား ဝမ်းလျားမှောက်လေ့ကျင့်ပေးခြင်း)

Tummy time (ကလေးငယ်အား ဝမ်းလျားမှောက်လေ့ကျင့်ပေးခြင်း)

Tummy time ဆိုသည်မှာ မွေးကင်းစမှ လသားအရွယ် ကလေးငယ်များ အိပ်ရာနိုးနေသော အချိန်များတွင် အချိန်အတိုင်းအတာတစ်ခုအထိ ဝမ်းလျားမှောက်ပေးထား၍ လေ့ကျင့်ပေးခြင်းကို ဆိုလိုသည်။ ကလေးငယ်များသည် မွေးစတွင် လူကြီးမိဘများ၏ လက်ပေါ်၊ ပုခက်ပေါ်နှင့် အိပ်ယာပေါ်တွင် ပက်လက်နေရသည့်အချိန်က ပိုမိုများပြားသည်။ ပုံမှန်အားဖြင့် အသက် (၄)လကျော်၊ (၅)လခန့်မှသာ ကလေးအများစုသည် မိမိဘာသာ ဝမ်းလျားမှောက်နိုင်ကြသည်။

ထိုသို့ ကလေးကိုယ်တိုင် ဝမ်းလျားမမှောက်နိုင်သေးခင် မိဘများမှ မွေးကင်းစအရွယ်ကတည်းက ကြိုတင်လေ့ကျင့်ပေးခြင်းကို ဝမ်းလျားမှောက်လေ့ကျင့်ခြင်း ဟုခေါ်သည်။ ထိုသို့လေ့ကျင့်ပေးခြင်းသည် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အ‌ရေးပါပြီး အကျိုးရှိသော အလေ့အကျင့် ဖြစ်သည်။

ဝမ်းလျားမှောက်လေ့ကျင့်ခြင်း၏ အကျိုးကျေးဇူးများ

ဝမ်းလျားမှောက် လေ့ကျင့်ချိန်သည် ကလေးငယ်၏ဘဝတွင် ပထမဆုံးလေ့ကျင့်ခန်းအဖြစ် သတ်မှတ်နိုင်သည်။ ဝမ်းလျားမှောက် လေ့ကျင့်ခြင်းသည် လွယ်ကူရိုးရှင်းသော်လည်း ကလေးငယ်အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများရှိသည်။ အဓိက အရေးကြီးသော အကျိုးကျေးဇူး လေးချက်ရှိသည်။

  1. ကိုယ်ကာယ လှုပ်ရှားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း (motor development)
    ဝမ်းလျားမှောက် လေ့ကျင့်ချိန်တွင် ကလေးငယ်များသည် ခေါင်းကိုမော့၍ လက်ကိုအားပြုထားသောကြောင့် ကျော၊ လည်ပင်း၊ ကျောရိုးနှင့် လက်များရှိ ကြွက်သားများကို သန်မာလာစေသည်။ သို့ဖြစ်၍ နောက်ပိုင်းတွင် ခေါင်းထောင်ခြင်း၊ မှောက်ခြင်း၊ ပြန်လှန်ခြင်း၊ လေးဘက်သွားခြင်း စသည့် လှုပ်ရှားမှုများအတွက် အသုံးပြုမည့် ကြွက်သားများ ဖွံ့ဖြိုးမှုကို ပိုမိုတိုးတက်လာစေနိုင်သကဲ့သို့ မိမိကိုယ်ကို ယုံကြည်မှုလည်း ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။
  2. ကလေး၏ ဦးခေါင်းခွံပုံသဏ္ဌာန် ပုံမှန်ဖြစ်စေရန် ကူညီကာကွယ်ပေးခြင်း (skull deformity prevention)
    ပက်လက်ပုံစံဖြင့်သာ အနေများသော ကလေးငယ်များတွင် ဦး‌ခေါင်းအနောက်ဘက်ပိုင်း ပြားနေခြင်းများ ဖြစ်လာနိုင်သည်။ များသောအားဖြင့် ယာယီသာဖြစ်ပြီး အန္တရာယ်မရှိတတ်ပေ။ တောက်လျှောက် ပက်လက်မထားဘဲ မကြာခဏ ဝမ်းလျားမှောက် လေ့ကျင့်ပေးခြင်းဖြင့် ထိုသို့ဦးခေါင်းပြားခြင်းကို ကာကွယ်နိုင်သည်။ မွေးရာပါ ခေါင်း (သို့မဟုတ်) လည်ပင်း စောင်းနေသော ကလေးများ (Torticollis)အတွက်လည်း အသုံးဝင်သော လေ့ကျင့်ကုသမှုတစ်ခုဖြစ်သည်။
  3. ကလေးငယ်၏ အာရုံခံစားမှုများကို ဖွံ့ဖြိုးစေခြင်း (sensory development)
    ဝမ်းလျားမှောက် လေ့ကျင့်ခြင်းသည် ကလေးများအား မတူညီသော ခန္ဓာကိုယ်အနေအထားနှင့် လှုပ်ရှားမှုများကို ခံစားနိုင်စေပြီး ခြေလက်များ ရွေ့လျားပုံကို စတင်သိရှိလာစေနိုင်သည်။ ထို့ပြင် ကလေးငယ်များ၏ အမြင်အာရုံဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင် စူးစမ်းလေ့လာမှုအတွက်လည်း အကျိုးရှိစေသည်။
  4. မိဘများအပေါ် သိရှိခင်တွယ်မှုနှင့် ရင်းနှီးမှုပိုများလာစေခြင်း (bonding time)
    ဝမ်းလျားမှောက် လေ့ကျင့်နေစဥ်အတွင်း မိဘများသည် က‌လေးငယ်ကို တစ်ဦးတည်း လွှတ်မထားဘဲ အမြဲ အနားတွင် စောင့်ကြည့်ပေးရမည်။ ထိုသို့ စောင့်ကြည့်နေစဥ် ကလေးငယ်အား ချော့မြူပေးခြင်း၊ စကားပြောပေးခြင်း၊ စာဖတ်ပြခြင်း၊ ကစားပြခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်များ၏ အမြင်နှင့် အကြားစွမ်းရည်များ ဖွံ့ဖြိုးလာသည်နှင့်အမျှ ကလေးငယ်များသည် ပိုမိုပျော်ရွှင်တက်ကြွလာမည် ဖြစ်သည်။
ဝမ်းလျားမှောက် လေ့ကျင့်ခြင်း စတင်လေ့ကျင့်သင့်သည့် အသက်အရွယ်

ဝမ်းလျားမှောက် လေ့ကျင့်ခြင်းကို မွေးကင်းစ ရက်သားအရွယ်မှစပြီး နေ့စဉ်ပြုလုပ်ပေးနိုင်သည်။ သို့သော် မိဘတစ်ဦးဦးမှ အနီးကပ် ကြီးကြပ်စောင့်ကြည့်ရန် လိုအပ်သည်။ အကြောင်းမှာ လည်ပင်းနှင့် ခေါင်းကြွက်သားများ သန်မာမှုမရှိသေးသဖြင့် ခေါင်းစောင်းသွားချိန် (သို့မဟုတ်) မျက်နှာဖြင့် မှောက်နေချိန်တွင် နှာခေါင်းနှင့် ပါးစပ်များကို ပိတ်မိသကဲ့သို့ ဖြစ်ကာ အသက်ရှူရပ်နိုင်သောကြောင့် ဖြစ်သည်။

ဝမ်းလျားမှောက် လေ့ကျင့်ခြင်း လေ့ကျင့်သင့်သည့်အချိန်
  • အကောင်းဆုံးအချိန်မှာ ကလေးငယ် ကောင်းစွာနိုးနေပြီး လန်းလန်းဆန်းဆန်းဖြစ်နေချိန် ဖြစ်သည်။
  • နို့တိုက်ပြီးခါစ (သို့မဟုတ်) အစာကျွေးပြီးခါစ အချိန်မျိုးတွင် မလုပ်သင့်ပါ။ အနည်းဆုံး မိနစ် (၃၀)ခန့် ခြားပြီးမှ ပြုလုပ်ပေးသင့်သည်။
  • အိပ်နေသော အချိန်တွင်လည်း မလုပ်သင့်ပါ။ ထို့ပြင် ဝမ်းလျားမှောက် လေ့ကျင့်နေစဥ် ကလေး အိပ်ငိုက်လာလျှင်လည်း လေ့ကျင့်ခြင်းကို ရပ်သင့်သည်။
  • ကလေးများသည် ဝမ်းလျားမှောက်ခြင်း စတင်လေ့ကျင့်ခါစတွင် သက်တောင့်သက်သာ မဖြစ်သော‌ကြောင့် အီခြင်း၊ ငိုခြင်းများ ရှိနိုင်သော်လည်း ချက်ချင်း ရပ်မပစ်ရပါ။ ကလေးနှင့်အတူ လှဲလျောင်းခြင်း၊ ဂျောက်ဂျက်ကဲ့သို့ အသံမြည်သော ကစားစရာလေးများ ပြခြင်းဖြင့် အာရုံပြောင်းအောင် ပြုလုပ်ပေးနိုင်သည်။
  • မွေးကင်းစအရွယ် အစောပိုင်းတွင် အချိန် (၁)မိနစ်၊ (၂)မိနစ်ခန့်နှင့်သာ စတင်သင့်ပြီး တဖြည်းဖြည်း (၁၀)မိနစ်မှ (၁၅)မိနစ်ထိ ကြာအောင် ထားနိုင်သည်။
  • အသက်သုံးလ နောက်ပိုင်းမှစ၍ တစ်ကြိမ်လျှင် (၁၅)မိနစ်၊ တစ်နေ့လျှင် (၃)ကြိမ်မှ (၄)ကြိမ်အထိ လေ့ကျင့်ပေးနိုင်သည်။ စုစုပေါင်း အချိန်တစ်နာရီခန့် ပြုလုပ်ပေးနိုင်သည်။
  • ကလေးတစ်ယောက်နှင့် တစ်ယောက် ထပ်တူမတူညီနိုင်ချေ။ အကြောင်းမှာ ဦးခေါင်း အနည်းငယ်ကြီးသော ကလေးများနှင့် ပေါင်မပြည့် လမစေ့ မွေးဖွားသော ကလေးများတွင် ပို၍ခက်ခဲတတ်ပြီး အချိန်ပိုပေးရသောကြောင့် ဖြစ်သည်။
ဝမ်းလျားမှောက် လေ့ကျင့်ခြင်း ပုံစံများ

မွေးကင်းစအရွယ်မှ အသက် (၂)လခန့်အထိ မိခင် (သို့မဟုတ်) ဖခင်၏ ရင်ဘတ်ပေါ်တွင် ဖြစ်စေ၊ ဗိုက်ပေါ်တွင်ဖြစ်စေ၊ တင်ထားပြီး စတင်လေ့ကျင့်နိုင်သည်။ အစပိုင်းတွင် စောင်ခေါက်ဖြစ်စေ၊ ခေါင်းအုံးအပါးဖြစ်စေ ကလေး၏ ရင်ဘတ်အောက်တွင် ခုထားပေးနိုင်သည်။

အသက်(၂)လမှ (၄)လ ခန့်တွင် လူကြီး လက်မောင်းပေါ်တွင် ဖြစ်စေ၊ ပေါင်ပေါ်တွင် ဖြစ်စေ ထား၍ လေ့ကျင့်ပေးနိုင်သည်။ ဦးခေါင်း စတင်ခိုင်စပြုသော အသက်အရွယ် ဖြစ်သောကြောင့် ပို၍ကြာကြာ လေ့ကျင့်ပေးနိုင်သည်။

အသက် (၄)လနှင့် (၆)လကြားတွင်မူ ကလေးသည် သူ့အလိုလို မှောက်တတ်လာမည် ဖြစ်သောကြောင့် ပို၍အဆင်ပြေလာနိုင်သည်။ ဦးခေါင်း ကောင်းစွာခိုင်သည့်အပြင် တံတောင်ဆစ်နှင့် လက်ဖဝါးကို အားပြု၍ ထောက်လာနိုင်ခြင်း၊ မှောက်လျက်နှင့် ပတ်ချာလည်လှည့်လာနိုင်ခြင်း၊ နောက်ပိုင်းတွင် ဝမ်းလျားမှောက် တွားသွားစပြုလာနိုင်ခြင်း စသည့် လှုပ်ရှားမှုများလည်း ဖွံ့ဖြိုးလာနိုင်သည်။

ဝမ်းလျားမှောက် လေ့ကျင့်ခြင်း ရပ်တန့်သင့်သည့် အသက်အရွယ်

ကလေးငယ်များ မိမိဘာသာ တွားသွားနိုင်သောအရွယ် (ပုံမှန်အားဖြင့် အသက် (၇)လမှ (၉)လ အရွယ်) အထိ လေ့ကျင့်ပေးနိုင်သည်။ လေးဘက် တွားသွားနိုင်ပြီဖြစ်သော ကလေးများတွင် လေ့ကျင့်ပေးရန် မလိုအပ်တော့ပါ။

ဝမ်းလျားမှောက် လေ့ကျင့်ခြင်း ပြုလုပ်နေစဥ် ဆောင်ရန် ရှောင်ရန်များ

ဆောင်ရန်

  • သန့်ရှင်းသော ကြမ်းပြင်ပေါ် ဖြစ်စေ၊ မွေ့ရာပေါ်တွင်ဖြစ်စေ၊ စောင်အထူပေါ်တွင်ဖြစ်စေ လေ့ကျင့်ပေးသင့်သည်။
  • ဝမ်းလျားမှောက်လေ့ကျင့်ခြင်းနှင့် တွဲ၍ ကလေးကို စကားပြောပေးခြင်း၊ သီချင်းဆိုပြခြင်း၊ အရုပ်များ၊ ပုံပြစာအုပ်များ ပြပေးခြင်း စသည်တို့လည်း ပူးတွဲ ပြုလုပ်ပေးနိုင်သည်။

ရှောင်ရန်

  • ကလေးကို ကုတင်ပေါ် (သို့မဟုတ်) အမြင့်အနေအထား စသည်တို့တွင် မထားသင့်ပါ။
  • ကလေးကို တစ်ယောက်တည်း မထားသင့်ပါ။
  • တခြားကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များ ရှိလျှင်လည်း သတိထားသင့်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ဝမ်းလျားမှောက် လေ့ကျင့်ခြင်း ပြုလုပ်ပေးနေစဥ် မိမိကလေးတွင် အောက်ပါလက္ခဏာများ တွေ့ရှိရပါက မိသားစုဆရာဝန်၊ ကလေးဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။

  • ကလေးသည် အလွန်တောင့်တင်းနေသည် (သို့မဟုတ်) အလွန်ပျော့နေသည်ဟု ခံစားရခြင်း
  • ကလေးသည် အသက် (၆)ပတ်မှ (၈)ပတ်ထိတိုင်အောင် ဝမ်းလျားမှောက် လေ့ကျင့်မှုတွင် တိုးတက်မှုမရှိခြင်း (သို့မဟုတ်) အဆင်မပြေခြင်း
  • ကလေးသည် အသက် (၆) ပတ်သားအရွယ်တွင် မိခင်နှင့် မျက်လုံးချင်းဆုံ၍ မကြည့်နိုင်ခြင်း (သို့မဟုတ်) ပတ်ဝန်းကျင်နှင့် အရုပ်များကို စိတ်ဝင်စားမှု မရှိခြင်း
  • ကလေးသည် ကိုယ်ခန္ဓာ ဘယ်ညာ နှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း မလှုပ်ရှားနိုင်ခြင်း
  • ကလေး၏ဦးခေါင်း ပုံသဏ္ဌာန်မမှန်ခြင်း (သို့မဟုတ်) မညီညာခြင်း စသည်တို့ သတိပြုမိပါက ဆရာဝန်နှင့် ဆွေးနွေးရန် လိုအပ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.