ဘီစီဂျီဆေးသည် တီဘီရောဂါ ကာကွယ်ဆေးဖြစ်သည်။ ဆေးစတင်တီထွင်ခဲ့သည့် ဆေးပညာရှင်နှစ်ဦးဖြစ်သော Dr. Albert Calmette နှင့် Dr. Camille Guerin တို့၏ မျိုးရိုးအမည်များကို အစွဲပြု၍ BCG (Bacillus Calmette–Guérin) ဟုခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ဘီစီဂျီကာကွယ်ဆေးသည် ပုံမှန်ကာကွယ်ဆေးထိုးစီမံချက် အစီအစဥ်တွင် မပါဝင်တော့သော်လည်း မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများတွင်မူ အဆုတ်တီဘီသာမက အခြားပြင်းထန်သော တီဘီရောဂါအမျိုးအစားများပါ အဖြစ်များသောကြောင့် ကလေးတိုင်းကို ဘီစီဂျီ မဖြစ်မနေ ထိုးပေးသင့်သည်။
ကာကွယ်ဆေးသယ်ဆောင်သိမ်းဆည်းပုံ
ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_
- ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
- ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
- ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
- အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
- ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
- ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း (သို့မဟုတ်) သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
- သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။
ကာကွယ်ဆေး၏အကျိုးအာနိသင်
ဘီစီဂျီဆေးသည် သာမန်အဆုတ်တီဘီရောဂါကို အပြည့်အဝ မကာကွယ်နိုင်သော်လည်း တီဘီဦးနှောက်အမြှေးရောင်ရောဂါ (TB meningitis) နှင့် တစ်ကိုယ်လုံးပျံ့နှံ့တတ်သော တီဘီရောဂါ (miliary TB) စသော ပြင်းထန်တီဘီရောဂါများကို ကာကွယ်နိုင်သဖြင့် ကလေးတိုင်း မဖြစ်မနေထိုးနှံသင့်သည်။
ဘီစီဂျီကာကွယ်ဆေးထိုးရန် မသင့်သော အခြေအနေများ
- မွေးရာပါ ကိုယ်ခံအားချို့တဲ့သောရောဂါ (primary immunodeficiency disorders)
- အေအိုင်ဒီအက်စ်ရောဂါ
- ကိုယ်ခံအားကျဆင်းစေသည့် ဆေးဝါးများ သောက်သုံးနေရခြင်း
- ပေါင်မပြည့် လမစေ့ဘဲ မွေးသော ကလေးများ [သို့သော် သတ်မှတ်ထားသည့် ကိုယ်အလေးချိန် – (၂) ကီလိုဂရမ်ထက်ကျော်လျှင် ထိုးနိုင်သည်]
- အရေပြားတွင် တီဘီပိုး စစ်ဆေးခြင်း (Tuberculin skin test) အဖြေတွင် positive ထွက်သော ကလေးများတွင် ဘီစီဂျီ မထိုးသင့်ပေ
ကာကွယ်ဆေးထိုးရမည့် အချိန်နှင့် အသက်အရွယ်
ဘီစီဂျီကာကွယ်ဆေးကို ကလေးမွေးစမှ အသက်တစ်လအတွင်း ထိုးပေးရမည်။ တစ်ကြိမ်သာထိုးရန် လိုအပ်သည်။ ပုံမှန်အားဖြင့် အသက် (၆) လအထိ နောက်အကျဆုံး ထိုးနိုင်သော်လည်း တီဘီရောဂါအဖြစ်များသော ဒေသများတွင် အသက် (၅) နှစ်အထိ ထိုးနှံပေးနိုင်သည်။
ကာကွယ်ဆေးသုံးစွဲပုံနည်းလမ်း
ဘီစီဂျီကာကွယ်ဆေးကို ကလေး၏ ဘယ်ဘက်လက်မောင်းတွင် အရေပြားအောက်သို့ ရှပ်၍ ထိုးပေးရသည်။ ဆေးထိုးပြီး (၁၅) မိနစ်ခန့် စောင့်ကြည့်ရမည်။ အနည်းငယ်နာကျင်သည်မှလွဲ၍ ဓာတ်မတည့်သည့် ပြဿနာများ ရှားပါးသည်။
နောက်ဆက်တွဲပြဿနာများ
ယေဘုယျအားဖြင့် နောက်ဆက်တွဲဆိုးကျိုးမရှိပါ။ သို့သော် ကာကွယ်ဆေးအားလုံးတွင် တွေ့လေ့ရှိသော အောက်ပါ သာမန်နောက်ဆက်တွဲပြဿနာများကို တွေ့ရနိုင်သည်။
- ကိုယ်ပူနိုင်သည်၊ အထူးသဖြင့် ဆေးထိုးပြီး (၁၂) နာရီအတွင်း စပူတတ်ပြီး နှစ်ရက်ခန့်အထိ ကြာတတ်သည်
- ဆေးထိုးပြီး (၄၈) နာရီအတွင်း သာမန်ထက် အိပ်ချိန်ပိုနိုင်သည်၊ သို့သော် ပုံမှန်နို့စို့နိုင်လျှင် စိုးရိမ်ရန် မလိုအပ်ပါ
ဘီစီဂျီကာကွယ်ဆေး ထိုးပြီးသည့်နောက် ထိုးသောနေရာတွင် နီရဲနေတတ်ပြီး အဖုပုံစံပေါ်လာတတ်သည်။ ထို့နောက် (၂)ပတ် မှ (၆)ပတ်ခန့်အတွင်း ပြည်ဖုပုံစံ ပြောင်းသွားတတ်ပြီး တဖြည်းဖြည်းနှင့် ပြန်ခြောက်လာတတ်သည်။ တစ်ခါတစ်ရံ လနှင့်ချီ၍ ကြာမြင့်တတ်သည်။ သုံးလခန့်အကြာတွင်မူ အမာရွတ်အနေနှင့်သာ ကျန်တတ်သည်။ ဤသို့ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်၏ ပုံမှန်တုံ့ပြန်မှုကြောင့်ဖြစ်ပြီး စိုးရိမ်ရန်မလိုပေ။
အများစုတွင် အနီဖု၊ ပြည်ဖု၊ နောက်ဆုံးအမာရွတ်အထိ အဆင့်ဆင့်ဖြစ်သော်လည်း အချို့ကလေးများတွင် အမာရွတ်ကျန်လေ့မရှိပါ။ အမာရွတ်မရှိခြင်းကြောင့် ကာကွယ်ဆေး အာနိသင်မထိရောက်ဟု သတ်မှတ်၍မရနိုင်ပါ။ နောက်ထပ်တစ်ကြိမ် ထိုးရန်လည်း မလိုအပ်ပါ။
သိရှိထားရမည့်အချက်များ
ကာကွယ်ဆေးထိုးပြီးနောက် အောက်ပါကုသနည်းများကို ဘီစီဂျီသာမက မည်သည့်ကာကွယ်ဆေးမဆို ထိုးပြီးချိန်တွင် လိုက်နာနိုင်သည်။
- ကာကွယ်ဆေးထိုးပြီးလျှင် မိခင်နို့ မကြာခဏ တိုက်ပေးပါ၊ မိခင်နို့သည် ကလေးငယ်အတွက် အကောင်းဆုံး အနာအကျင်ပျောက်ဆေးဖြစ်သည်
- ဖျားလျှင်၊ နာလျှင် ပါရာစီတမော တိုက်ပေးနိုင်သည်
- ဆေးထိုးထားသောနေရာ အနာဖြစ်နေစဉ်အတွင်း
- သန့်ရှင်းသော ရေအေးဖတ် ကပ်ပေးနိုင်သည်
- အနာကို သန့်သန့်ရှင်းရှင်း ထားပါ
- ကလေးကိုလည်း ရေချိုးပေးပါ၊ အနာအပေါ်ယံကို ပိုးသတ်ထားသော ဂွမ်းနှင့် ဘီတာဒိုင်း (betadine) ဆေးကို သုံးပြီး ညင်ညင်သာသာ သန့်ရှင်းရေး ပြုလုပ်ပေးပါ
- အနာကို မညှစ်ရ၊ လိမ်းဆေးများ မလိမ်းရ၊ ပလတ်စတာများ မကပ်ရပါ
အိမ်တွင်းကုသနည်းများကို ပြုလုပ်ပေးနေရာမှ အောက်ပါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
- ဘီစီဂျီကာကွယ်ဆေး ထိုးထားသည့် ဘယ်လက်မောင်းနေရာ၌ ကြီးမားသော ပြည်တည်နာ (အနာစိမ်း) ပေါက်ခြင်း သို့မဟုတ် ပြည်ပေါက်ထွက်ခြင်းများ ရှိခြင်း
- ဘယ်ဘက်လက်မောင်းအောက် ချိုင်းကြားတွင် နာကျင်၍ လက်ဖြင့် စမ်းကြည့်လျှင် အကျိတ်ဂလင်းများ ရောင်ရမ်းနေခြင်း
မိသားစုဆရာဝန်မှ စစ်ဆေးစမ်းသပ်မှုများပြုလုပ်၍ ကုသမှုပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
ပြောင်းလဲတိုးတက်မှုများ
တီဘီရောဂါကူးစက်နှုန်းမြင့်မားသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တီဘီရောဂါဖြစ်ပွါးမှု ကျဆင်းစေရန်နှင့် တတ်နိုင်သမျှကာကွယ်ရန် အခြားကာကွယ်ဆေးအသစ်များနှင့် နည်းဗျူဟာအသစ်များကို အစဥ်တစိုက် တီထွင်ဖန်တီးလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ၂၀၂၃ ခုနှစ်တွင် တီဘီ ကာကွယ်ဆေး အရှိန်မြှင့်တင်ရေး ကောင်စီ (Tuberculosis Vaccine Accelerator Council – TB VAC) ကို အသစ်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ဆေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပိုမိုဆောင်ရွက်လျက်ရှိသည်။
ကာကွယ်ဆေးထိုးရန်လိုအပ်သည့် အသက်အရွယ်သတ်မှတ်အုပ်စု ပြောင်းလဲခြင်း
လက်ရှိ BCG ကာကွယ်ဆေးသည် ကလေးသူငယ်များအတွက်သာ အဓိက အကျိုးသက်ရောက်မှုရှိသည့်အပြင် အသက်ကြီးသူများ (သို့မဟုတ်) ဆယ်ကျော်သက်များအား BCG ကာကွယ်ဆေးကို ထပ်မံထိုးနှံခြင်းသည် အဆုတ်တီဘီကာကွယ်ရန် ထိရောက်မှု မရှိကြောင်း လေ့လာမှုများအရ တွေ့ရှိရသည်။ သို့ဖြစ်၍ ရောဂါကူးစက်ပျံ့နှံ့မှု အများဆုံးဖြစ်သည့် လူကြီးများနှင့် ဆယ်ကျော်သက်လူငယ်များတွင်လည်း အဆုတ်တီဘီကို ကာကွယ်ပေးနိုင်ရန် ကာကွယ်ဆေးအသစ်များကို ဦးစားပေး ဖော်ထုတ်လျက်ရှိသည်။
စမ်းသပ်စစ်ဆေးလျက်ရှိသော တီဘီကာကွယ်ဆေးအသစ်များ
- Live attenuated BCG Vaccines
လက်ရှိအသုံးပြုနေသော BCG ကာကွယ်ဆေးအစား ကလေးငယ်များနှင့် ဆယ်ကျော်သက်လူငယ်များအတွက် ပိုမိုကောင်းမွန်သော ကိုယ်ခံအားရရှိစေရန် ပိုးအရှင်၏ အစိတ်အပိုင်းများကို အသုံးပြု၍ မျိုးဗီဇပြောင်းလဲထုတ်လုပ်ထားသော VPM1002 နှင့် MTBVAC ကာကွယ်ဆေး (Live-Attenuated Vaccines) နှစ်မျိုးကို စမ်းသပ်စစ်ဆေးလျက်ရှိသည်။ - M72/AS01E Recombinant Subunit ကာကွယ်ဆေး
ဤကာကွယ်ဆေးသည် တီဘီပိုးဝင်ပြီးသူ (Latent TB Infection) လူကြီးများကို တီဘီရောဂါဖြစ်ပွားမှုမှ (၅၀%) အထိ ကာကွယ်နိုင်ကြောင်း စမ်းသပ်မှုရလဒ်များအရ သိရသည်။ ၎င်းသည် လူကြီးများတွင် အဆုတ်တီဘီကို ကာကွယ်နိုင်မည့် ပထမဆုံး ကာကွယ်ဆေး ဖြစ်လာနိုင်ပြီး ယခုအချိန်တွင် စမ်းသပ်စစ်ဆေးဆဲဖြစ်သည်။
တီဘီကာကွယ်ဆေးအသစ်များကို သမားရိုးကျ နည်းလမ်းများအပြင် mRNA နည်းပညာ၊ ပရိုတင်းအစိတ်အပိုင်း (Protein Subunit) နည်းပညာနှင့် ဗိုင်းရပ်စ်သယ်ဆောင်သည့် (Viral Vector) နည်းပညာစသည့် ခေတ်မီနည်းပညာများကို အသုံးပြုထုတ်လုပ်လျက်ရှိသည်။
References:
- Centers for Disease Control and Prevention. (2024). Tuberculosis vaccines (BCG). Retrieved July 5, 2025, from https://www.cdc.gov/tb/hcp/vaccines/index.html#:~:text=Bacille%20Calmette-Gu%C3%A9rin%20(BCG)%20is%20a%20vaccine%20for%20tuberculosis%20(TB)%20disease.
- National Health Service. (n.d.). BCG vaccine for tuberculosis (TB). Retrieved July 5, 2025, from https://www.nhs.uk/vaccinations/bcg-vaccine-for-tuberculosis-tb/#:~:text=BCG%20vaccine%20for%20tuberculosis%20(TB)%20The%20BCG%20(Bacillus%20Calmette-Gu%C3%A9rin)%20vaccine
- The Royal Children’s Hospital Melbourne. (n.d.). BCG vaccine for TB [Fact sheet]. Retrieved July 5, 2025, from https://www.rch.org.au/kidsinfo/fact_sheets/BCG_vaccine_for_TB/
- GlobalRPH. (2025). Is there a tuberculosis vaccine? New research brings fresh hope in 2025. Retrieved July 5, 2025, from https://globalrph.com/2025/05/is-there-a-tuberculosis-vaccine-new-research-brings-fresh-hope-in-2025/
- Hu, K., Jiang, J., Liu, X., Huang, F., Tan, X., & Wang, Y. (2025). Recent advances in clinical research of prophylactic vaccines against tuberculosis. Frontiers in Immunology. Retrieved July 5, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC12474261/
- Minassian, A. M., & Satti, I. (2024). Clinical development of new TB vaccines: Recent advances and next steps. Immunological Reviews, 298(1), 50–68. Retrieved July 5, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC7002896/
- World Health Organization, Global Programme on Tuberculosis and Lung Health. (2024). New TB vaccine research. Retrieved July 5, 2025, from https://www.who.int/teams/global-programme-on-tuberculosis-and-lung-health/research-innovation/vaccines
Published: 30 August 2024
Last updated: 28 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.