ကလေးတစ်ဦး၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ဘဝအစ ရက်တစ်ထောင် အတွင်း ကြုံတွေ့ရသော အခြေအနေများသည် များစွာ အရေးကြီးသည်၊ ၎င်းကာလသည် ကလေး၏ အနာဂတ်ကို အဓိက ပုံဖော်ပေးသည့် အချိန်ဖြစ်သည်ဟု ဆိုနိုင်သည်။
“ဘဝအစ ရက်တစ်ထောင်” ဆိုသည်မှာ မိခင် ကိုယ်ဝန်စရှိသည့်အချိန်မှ ကလေး အသက် (၂) နှစ်အထိ ကာလကို ဆိုလိုသည်။
တွက်ချက်ပုံ
- ကိုယ်ဝန်ဆောင်ချိန် – ၂၇၀ ရက်
- ကလေး အသက် (၁) နှစ်အထိ – ၃၆၅ ရက်
- အသက် (၁)နှစ် မှ (၂)နှစ်အထိ – နောက်ထပ် ၃၆၅ ရက်
စုစုပေါင်းရက် – ၁၀၀၀ ရက်
ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားဘဝတွင် ဦးနှောက်သည် ပထမဆုံး စတင်ဖွဲ့စည်းလာသော ကိုယ်အင်္ဂါတစ်ခု ဖြစ်ပြီး ကိုယ်ဝန် (၃) ပတ်ခန့်မှ စတင်ဖွံ့ဖြိုးလာသည်။ ဦးနှောက်၏ (၈၀) ရာခိုင်နှုန်းသည် အဆိုပါ ရက်တစ်ထောင်အတွင်း အဓိက ဖွံ့ဖြိုးလာသည်။
ဤကာလအတွင်း မျိုးဗီဇနှင့် ပတ်ဝန်းကျင်၏ ပံ့ပိုးမှုများသည် ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူဖြစ်စေနိုင်ပြီး၊ ထိုအချက်များ ထိခိုက်ပါက ဖွံ့ဖြိုးမှုကို များစွာ အဟန့်အတားဖြစ်စေသည်။
ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်သော အချက် (၆) ချက်
အဆိုပါ ရက် (၁၀၀၀) ကာလတွင် သန္ဓေသားနှင့် ကလေးငယ်၏ ဦးနှောက် ကောင်းစွာဖွံ့ဖြိုးနိုင်ရန် အောက်ပါ အဓိကအချက်များအပေါ်တွင် မူတည်သည်။
- မျိုးဗီဇ
- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၏ အာဟာရ
- ပိုးမွှားနှင့် အဆိပ်အတောက်များ
- မွေးဖွားချိန် ပြဿနာများ
- ကလေးငယ်၏ ပတ်ဝန်းကျင်နှင့် ထိတွေ့မှု
- မွေးပြီး ကလေးငယ်၏ အာဟာရ
- မျိုးဗီဇ (Genetics)
မျိုးဗီဇဆိုရာတွင် မိခင် သို့မဟုတ် ဖခင်ထံမှ ဆင်းသက်လာသော မျိုးဗီဇအပြင်၊ ဤကလေးတွင်မှ စတင် ပြောင်းလဲလာသော မျိုးဗီဇမျိုးလည်း ရှိနိုင်သည်။
ယနေ့ခေတ် ဆေးပညာသည် မျိုးဗီဇဆိုင်ရာ ရောဂါများကို စောစီးစွာ ရှာဖွေခြင်း၊ ပြောင်းလဲခြင်း၊ ကုသခြင်းစသည်တို့ကို စမ်းသပ်ပြုလုပ်လာသော်လည်း ရောဂါအများစု၊ လူအများစုအတွက် လက်လှမ်းမမီသေးပါ။ - ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၏ အာဟာရ
မိခင်၏ အာဟာရသည် သန္ဓေသားနှင့် ကလေးငယ် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးသော အချက်ဖြစ်သည်။- သင့်တင့်မျှတသော အာဟာရ – မိခင်များသည် သင့်တင့်မျှတ၍ သန့်ရှင်းလတ်ဆတ်သော အစာအာဟာရ သုံးဆောင်မှီဝဲရန် အရေးကြီးသည်၊ ကိုယ်ဝန်ဆောင်စဉ် အစားအသောက် ရှောင်ကြဉ်ခြင်း၊ အာဟာရ မပြည့်ဝခြင်းတို့ကြောင့် ဦးနှောက်၏ အထွေထွေ ဖွံ့ဖြိုးမှုကို ထိခိုက်စေသည်
- ချို့တဲ့မှုများ – ဖောလစ်အက်ဆစ် ချို့တဲ့ပါက ဦးနှောက်အောက်ခြေသာ ပါလာခြင်း (Anencephaly), ကျောရိုးအာရုံကြောမကြီး ကျွံထွက်ခြင်း (Myelomeningocele) စသော ရောဂါများ ဖြစ်ပေါ်လာနိုင်သည်၊ အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်းကြောင့် ကလေးငယ်၏ သိုင်းရွိုက်ဟော်မုန်းဓာတ် အားနည်းပြီး ဉာဏ်ရည်မမီ ဖြစ်နိုင်သည်၊ နောက်ဆက်တွဲပြဿနာ ကြီးမားသော်လည်း ကာကွယ်ရန် လွယ်ကူသော ရောဂါများဖြစ်သည်
- ပိုးမွှားနှင့် အဆိပ်အတောက်များ
ရောဂါပိုးမွှားများနှင့် ပတ်ဝန်းကျင် အဆိပ်အတောက်များသည် ဦးနှောက် ဖွံ့ဖြိုးမှုကို ဟန့်တားနိုင်သည်။- ဗိုင်းရပ်စ်များ – ဂျိုက်သိုးရောဂါ (Rubella), စီအင်မ်ဗွီဗိုင်းရပ်စ် (Cytomegalovirus), ဇီကာဗိုင်းရပ်စ် (Zika virus) စသော ဗိုင်းရပ်စ်များသည် ဦးနှောက်ကြီးထွားမှုကို ဟန့်တားပြီး ဦးနှောက်နှင့် ဦးခေါင်းခွံ သေးငယ်သော ကလေးငယ်များ မွေးဖွားလာစေနိုင်သည်
- ဦးနှောက်ရောင်ခြင်း – ဘက်တီးရီးယားများ၊ တီဘီပိုး၊ ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွါးသော ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများသည် ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ပြဿနာဖြစ်စေသည်
- ကာကွယ်ဆေးများ – ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းသည် များစွာထိရောက်သောကြောင့် ကလေးငယ်စဉ်ဘဝတွင် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းသည် အကောင်းဆုံး ရောဂါကာကွယ်ခြင်း နည်းလမ်းတစ်ခုဖြစ်သည်
- အဆိပ်အတောက်နှင့် ဓာတုပစ္စည်းများ – ခဲဆိပ်သင့်ခြင်းသည်လည်း မွေးပြီးနောက်ပိုင်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသော အကြောင်းရင်းတစ်ခုဖြစ်သည်
- မွေးဖွားချိန်ပြဿနာများ
မွေးဖွားခါစ ကလေးဦးနှောက်သည် အလွန်နုနယ်ပြီး ထိုအချိန်တွင် လိုအပ်သော အောက်ဆီဂျင် သို့မဟုတ် သကြားဓာတ် မရရှိပါက အလွန်ထိခိုက်ပျက်စီးလွယ်သည်။- ထိခိုက်စေနိုင်သော အခြေအနေများ – မွေးဖွားစဉ် ခက်ခဲခြင်း၊ မွေးချိန်ကြာခြင်း၊ ရေမွန်းခြင်း၊ လမစေ့ဘဲ မွေးခြင်း၊ မွေးပြီး အလွန်အမင်း အသားဝါခြင်း စသည်တို့ကြောင့် ဦးနှောက် ထိခိုက်ပျက်စီးနိုင်သည်
- ကြိုတင်ကာကွယ်မှု – စောစီးစွာ ကိုယ်ဝန်အပ်နှံခြင်း၊ ရက်ချိန်း ပုံမှန်ပြခြင်း၊ ဆေးရုံဆေးခန်းများတွင် တတ်ကျွမ်းသော ဆရာဝန်၊ ဆရာမများနှင့် မွေးဖွားခြင်းသည် ထိရောက်သော ကြိုတင်ကာကွယ်မှု ဖြစ်သည်
- ကလေးငယ်၏ ပတ်ဝန်းကျင် (Early Stimulation)
ကလေးငယ်တစ်ဦး ပုံမှန် မွေးဖွားလာချိန်တွင် ဦးနှောက်သည် အရာရာကို သူ၏ အရွယ်အလိုက် စူးစမ်းလေ့လာ သင်ယူတတ်မြောက်နိုင်ရန် အသင့်ဖြစ်နေသည်။- မိဘများ၏ အခန်းကဏ္ဍ – မိဘ၊ မိသားစုနှင့် ပြုစုစောင့်ရှောက်သူများသည် ကလေး၏ လက်ဦးဆရာပီသစွာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အနေဖြင့် ကလေးငယ်အပေါ် သင့်တင့်မျှတသော ကာကွယ်မှု၊ သင်ကြားမှု၊ စူးစမ်းလေ့လာနိုင်ရန် ကောင်းမွန်သော အတွေ့အကြုံများ ဖန်တီးပေးမှုတို့ မဖြစ်မနေ လိုအပ်သည်
- လုပ်ဆောင်သင့်သည့်အချက်များ
- ကလေးကို စကားပြောပေးပါ
- ကလေးနှင့် ကစားပေးပါ
- ကလေး စူးစမ်းမေးမြန်းလာလျှင် တုံ့ပြန်ပါ
- ကလေး စူးစမ်းခွင့်ရရှိနိုင်ရန် ကစားစရာများ၊ ပုံစာအုပ်များ၊ အိပ်ရာဝင်ပုံပြင်များ၊ ကလေးချော့တေးများ၊ ကဗျာများနှင့် ထိတွေ့ပေးပါ
- ရှောင်ကြဉ်ရမည့် အရာများ
ကလေးအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းကို အန္တရာယ်ရှိသော၊ ထိခိုက်နိုင်သော ပတ်ဝန်းကျင်၊ ခံစားမှု၊ မြင်ကွင်း၊ အတွေ့အကြုံ စသည်တို့ကို လုံးဝရှောင်ကြဉ်ရမည် (ဤအတွေ့အကြုံများသည် ကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုကို သေချာပေါက် ဟန့်တားနိုင်ပြီး ဘဝတစ်လျှောက် ဆိုးကျိုးများစွာ ဖြစ်ပွါးစေသည်)။
- မွေးပြီး ကလေးငယ်၏ အာဟာရ
သန့်ရှင်းလတ်ဆတ်၍ သင့်တင့်မျှတသော အစာအာဟာရများသည်လည်း ကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်သည်။- အသက် (၆) လအထိ – မွေးစမှ အသက် (၆) လအထိ မိခင်နို့ (Breastfeeding) တစ်မျိုးတည်း တိုက်ရန် အရေးကြီးသည်
- အသက် (၆) လနှင့်အထက် – အသက် (၆) လပြည့်သည်နှင့် ဖြည့်စွက်စာ (Complementary feeding) စတင် ကျွေးရမည်
- အသက် (၁) နှစ် – အသက် (၁) နှစ်တွင် မိသားစု လူကြီးများ ထမင်းဝိုင်းကဲ့သို့ ထမင်းနှင့် ဟင်းစုံလင်စွာ စတင်ကျွေးနိုင်သည်
- မျှတသော အစားအစာ – ကလေး၏ နေ့စဉ် စားသောက်သော အစားအစာများတွင် ကစီဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်နှင့် အမျှင်ဓာတ်များ (အသီးအရွက်မျိုးစုံ) စသည်တို့ ပါဝင်ရန် လိုအပ်သည်
- ချို့တဲ့မှု၏ သက်ရောက်မှု – ဗီတာမင်များ၊ ပရိုတင်းဓာတ်၊ သံဓာတ် စသည်တို့ ချို့တဲ့ပါက ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်သည်
အထက်ပါ အချက်များကို သတိထား လိုက်နာခြင်းဖြင့် ကလေးတစ်ဦး၏ အနာဂတ်ကို ပုံဖော်ပေးသော “ဘဝအစ ရက်တစ်ထောင်” ကို ကောင်းစွာ အထောက်အကူ ပြုစေသည်။ “ဘဝအစ ရက်တစ်ထောင်” ကာလကို မှန်ကန်၊ ညီညွတ်မျှတစွာ ဖြတ်သန်းခြင်းသည် ကလေးငယ်အား အကောင်းဆုံးသော ဦးနှောက်အားဆေး တိုက်ကျွေးခြင်းပင်ဖြစ်သည်။
References:
- UNICEF South Africa. (2017). The first 1,000 days: The critical window to ensure that children survive and thrive. https://www.unicef.org/southafrica/media/551/file/ZAF-First-1000-days-brief-2017.pdf
- 1,000 Days. (n.d.). Home. Retrieved July 8, 2025, from https://thousanddays.org/
- Likhar, A., & Patil, M. S. (2022). Importance of maternal nutrition in the first 1,000 days of life and its effects on child development: A narrative review. Cureus, 14(10), e30083. https://doi.org/10.7759/cureus.30083
- SAAFP. (2021). The importance of the first 1,000 days. Retrieved July 8, 2025, from https://saafp.org/wp-content/uploads/2021/09/P1.1-The-importance-of-the-first-1000-days.pdf
Published: 30 August 2024
Last updated: 29 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

