Chest Injuries (ရင်ဘတ်ဒဏ်ရာရခြင်း)

CLL Health Emergency

ရင်ဘတ်ဒဏ်ရာရခြင်း (Chest injury) ဆိုသည်မှာ မတော်တဆ ထိခိုက်မှုကြောင့် ရင်ဘတ်ရှိ နံရိုးများ၊ အဆုတ်၊ နှလုံးနှင့် အဓိကသွေးကြောကြီးများ ထိခိုက်ပျက်စီးခြင်းကို ဆိုလိုသည်။ ရင်ဘတ်သည် လူ၏ အသက်ရှူခြင်းနှင့် သွေးလှည့်ပတ်ခြင်း လုပ်ငန်းစဉ်အတွက် အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းများကို ကာကွယ်ထားသည့်နေရာဖြစ်သောကြောင့် ရင်ဘတ်ဒဏ်ရာများသည် အသက်အန္တရာယ် အလွန်နီးစပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရင်ဘတ်ဒဏ်ရာများသည် အောက်ပါအကြောင်းရင်းများကြောင့် အများဆုံး ဖြစ်ပွါးလေ့ရှိသည်။

  • မော်တော်ယာဉ် မတော်တဆမှုများ – အထူးသဖြင့် လက်ကိုင်ဘီး (Steering wheel) နှင့် ယာဉ်မောင်း၏ရင်ဘတ် ပြင်းထန်စွာ ရိုက်မိခြင်း
  • အမြင့်မှ ပြုတ်ကျခြင်း – အထပ်မြင့်မှ ပြုတ်ကျခြင်း သို့မဟုတ် လှေကားမှ ချော်လဲခြင်း
  • တိုက်ခိုက်ခံရခြင်း – ဓားထိုးဒဏ်ရာ၊ သေနတ်ဒဏ်ရာကဲ့သို့ ထိုးဖောက်ဝင်ရောက်သည့် ဒဏ်ရာများ
  • အားကစားလုပ်စဉ် ထိခိုက်ခြင်း – ခန္ဓာကိုယ်အင်အားထိတွေ့ အားစိုက်ရသော အားကစားနည်းများ (ဥပမာ _ ဘောလုံးကစားစဥ် သို့မဟုတ် လက်ဝှေ့ထိုးစဥ် ပြင်းထန်စွာ ထိခိုက်မိခြင်း)
ရင်ဘတ်ဒဏ်ရာ အမျိုးအစားများနှင့် လက္ခဏာများ

ရင်ဘတ်ဒဏ်ရာတွင် သာမန် ပွန်းပဲ့၊ နာကျင်ခြင်းအဆင့်မှ အန္တရာယ်ရှိသည့် ပြင်းထန်သော အခြေအနေများအထိ ရှိနိုင်သည်။

  1. နံရိုးကျိုးခြင်း (Rib Fractures) – နံရိုးတစ်ချောင်း သို့မဟုတ် တစ်ချောင်းထက်ပို၍ ကျိုးခြင်း
    လက္ခဏာများမှာ
    • အသက်ပြင်းပြင်းရှူလျှင် သို့မဟုတ် ချောင်းဆိုးလျှင် ရင်ဘတ်အောင့်ခြင်း
    • ထိခိုက်သည့်နေရာကို ဖိလျှင် နာကျင်ခြင်း
    • နံရိုးအချောင်းများစွာ နေရာအနှံ့ကျိုးခြင်း (Flail Chest) ရှိလျှင် အသက်ရှူသည့်အချိန်တွင် ရင်ဘတ်နံရံသည် ပုံမှန်မဟုတ်ဘဲ ကျိုးသည့် နံရိုးအစိတ်အပိုင်းသည် ဖောင်းလိုက်၊ ပိန်လိုက်ပြောင်းပြန်လှုပ်ရှားနေခြင်း
  2. အဆုတ်အမြှေးပါးအတွင်း လေခိုအောင်းခြင်း (Pneumothorax) – အဆုတ်နှင့် ရင်ဘတ်နံရံကြား လေခိုအောင်းပြီး အဆုတ်ကို ဖိထားသဖြင့် အဆုတ်ပိပြားခြင်း
    လက္ခဏာများမှာ
    • ရင်ဘတ်တွင်း တင်းကြပ်နေခြင်း
    • ရုတ်တရက် အသက်ရှူရခက်ခဲခြင်း
    • ရင်ဘတ်တစ်ဖက်ခြမ်းတွင် စူးအောင့်ခြင်း
  3. အဆုတ်အမြှေးပါအတွင်း သွေးစုခြင်း (Hemothorax) – ရင်ဘတ်အတွင်းရှိ သွေးကြောများ ပေါက်ပြဲပြီး အဆုတ်အမြှေးပါးအတွင်း သွေးများ ပြည့်လာခြင်း
    လက္ခဏာများမှာ
    • အသက်ရှူမဝခြင်း
    • သွေးပေါင်ကျခြင်း
    • မျက်နှာဖြူလျော်လာခြင်း
  4. နှလုံးနှင့် သွေးကြောမကြီး ထိခိုက်ခြင်း (Cardiac & Great Vessel Injury) – နှလုံးအိမ်အတွင်း သွေးစုခြင်း (Cardiac Tamponade) ကြောင့် နှလုံးခုန်နှုန်း မမှန်ခြင်း၊ နှလုံးခုန်ရပ်ခြင်း သို့မဟုတ် သွေးကြောမကြီး ပေါက်ထွက်ခြင်းဖြစ်ပြီး ဤအခြေအနေသည် အသက်အန္တရာယ်ဖြစ်နိုင်ခြေ အလွန်များသည်
ကုသခြင်း
ရှေးဦးသူနာပြုစုနည်း

ရင်ဘတ်ဒဏ်ရာရရှိထားသည့် လူနာတစ်ယောက်ကို ဆေးရုံမရောက်မီ သို့မဟုတ် အရေးပေါ်လူနာတင်ယာဉ် မရောက်ရှိမီ စနစ်တကျ ကူညီပေးနိုင်ရန် ရှေးဦးသူနာပြုစုနည်း (First Aid) ကို အောက်ပါအတိုင်း အဆင့်ဆင့် ပြုလုပ်ပေးရမည်။

  1. လူနာ၏ အခြေအနေကို အမြန်စစ်ဆေးပါ (Assessment)
    • လူနာ သတိ ရှိမရှိ စစ်ဆေးပါ
    • ရင်ဘတ်နာကျင်ခြင်း၊ အောင့်ခြင်း၊ မောပန်းနေခြင်း ရှိမရှိ ကြည့်ပါ
    • အသက်ရှူနှုန်း ပုံမှန် ရှိမရှိ ကြည့်ပါ
    • ရင်ဘတ်တွင် ပွင့်ထွက်နေသည့် ဒဏ်ရာ (ဥပမာ – ဓားဒဏ်ရာ၊ ကျည်ဆန်ဒဏ်ရာ)၊ ပွန်းပဲ့နေခြင်း ရှိမရှိ၊ အညိုအမဲဖြစ်နေခြင်း ရှိမရှိ စစ်ဆေးပါ
    • အချို့လူနာများတွင် ခန္ဓာကိုယ်အခြားအခြားနေရာများတွင်ပါ ထိခိုက်ဒဏ်ရာများ ယှဉ်တွဲနေနိုင်သည်ကို စစ်ဆေးပါ
  2. ရှေးဦးသူနာပြုစုခြင်း အဆင့်များ (Action Steps)
    • အသက်ရှူရ လွယ်ကူစေရန် ပြုလုပ်ပေးခြင်း
      • လူနာကို လဲလျောင်းနေစေခြင်းထက် တစ်ဝက်ထိုင် တစ်ဝက်လျောင်း (Semi-sitting position) အနေအထားနှင့် ထားပေးပါ
      • လူနာ၏နောက်ကျောဘက်တွင် ခေါင်းအုံး သို့မဟုတ် အဝတ်လိပ်များ ခုပေးပြီး မှီထားခိုင်းပါ၊ ဤအနေအထားသည် အဆုတ်တွင်းသို့ လေဝင်လေထွက် အကောင်းဆုံး ဖြစ်စေနိုင်သည်
    • ပွင့်ထွက်နေသော ရင်ဘတ်ဒဏ်ရာကို ပိတ်ခြင်း (Open Chest Wound)
      အကယ်၍ ရင်ဘတ်တွင် အပေါက်ဖြစ်ပြီး အသက်ရှူတိုင်း လေစုပ်သံ (Sucking sound) ကြားနေရပါက
      • သုံးဖက်ပိတ်ပတ်တီးစည်းနည်း (Three-sided dressing)
        • သန့်ရှင်းသည့် ပလတ်စတစ်စ သို့မဟုတ် အဝတ်စအထူဖြင့် ဒဏ်ရာကို အုပ်ပါ
        • ထို့နောက် ပတ်တီးစ၏ အနား ၃ ဖက်ကို ပလတ်စတာ သို့မဟုတ် တိပ်ဖြင့် လေမထွက်နိုင်ရန် ကပ်ပါ၊ အနားတစ်ဖက်ကို လွတ်ထားပါ
        • ထိုသို့ပြုလုပ်ခြင်းဖြင့် အသက်ရှူထုတ်သည့်အချိန်တွင် အဆုတ်တွင်းမှ လေပိုများ အပြင်သို့ထွက်နိုင်ပြီး၊ အသက်ရှူသွင်းသည့်အချိန်တွင် အပြင်မှလေသည် ဒဏ်ရာအပေါက်မှတစ်ဆင့် အဆုတ်တွင်းသို့ ထပ်မံမဝင်ရောက်နိုင်မည်ဖြစ်သည်
    • နံရိုးကျိုးခြင်းအတွက် ကူညီခြင်း (Rib Fracture)
      • နံရိုးကျိုးသည့် လူနာကို အသက်ပြင်းပြင်း ရှူခိုင်းပါ (နာကျင်သောကြောင့် အသက်ကို ခပ်ဖွဖွရှူနေရင် အဆုတ်အအေးမိခြင်း ဖြစ်တတ်သည်)
      • နာကျင်မှု သက်သာစေရန် ခေါင်းအုံး သို့မဟုတ် အဝတ်စတစ်ခုကို ဒဏ်ရာရသည့်နေရာတွင် ညင်သာစွာ ပလတ်စတာဖြင့် ဖိကပ်ထားပါ
    • စိုက်ဝင်နေသော အရာဝတ္ထုကို မနှုတ်ပါနှင့် (Impaled Object)
      • ဓား သို့မဟုတ် သံချောင်း စိုက်ဝင်နေရင် လုံးဝ (လုံးဝ) ဆွဲနုတ်ခြင်း မပြုလုပ်ရ
      • ထိုအရာဝတ္ထု လှုပ်ရှားခြင်းမရှိရန် ဒဏ်ရာ၏ ဘေးပတ်လည်တွင် အဝတ်စ သို့မဟုတ်ပတ်တီးစဖြင့် ခုပေးပြီး ပလတ်စတာဖြင့် အုပ်ပါ
  3. အရေးကြီးသော သတိပေးချက်များ (Important Warnings)
    • အစားအသောက် မကျွေးပါနှင့် – လူနာကို ရေ သို့မဟုတ် အစားအစာ ကျွေးခြင်းလုံးဝမပြုလုပ်ရ၊ ခွဲစိတ်မှု လိုအပ်လာနိုင်ခြင်းကြောင့်ဖြစ်သည်
    • ရင်ဘတ်ကို တင်းကြပ်စွာ စည်းခြင်းမှ ရှောင်ကြဉ်ပါ – ရင်ဘတ်တစ်ခုလုံးကို ပတ်တီးနှင့် တင်းနေအောင် စည်းနှောင်ခြင်းမပြုလုပ်ရ၊ အဆုတ်ကျုံ့ခြင်း၊ ပွခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။
  4. ဆေးရုံ၊ ဆေးခန်းသို့ အမြန်ပို့ပါ
    ရင်ဘတ်ဒဏ်ရာသည် အတွင်း၌ ပြင်းထန်သည့် ဒဏ်ရာ (Internal Injury) ဖြစ်နိုင်ခြေ အလွန်များသောကြောင့် အပြင်ပိုင်းအမြင်အရ မပြင်းထန်သော်လည်း စစ်ဆေးကုသမှုခံယူရန် လိုအပ်သဖြင့် မိသားစုဆရာဝန်နှင့် ချက်ချင်းပြသရန်လိုသည်။ ဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကုသပေးပြီး လိုအပ်လျှင် ဆေးရုံအရေးပေါ်ဌာနသို့ လွှဲပြောင်းကုသစေမည်ဖြစ်သည်။ သတိလစ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ သွေးထွက်လွန်ခြင်း၊ အခြားဒဏ်ရာများယှဉ်တွဲနေခြင်း စသည်တို့ရှိလျှင် ဆေးရုံအရေးပေါ်ဌာနသို့ တိုက်ရိုက်ပြသ ကုသမှုခံယူပါ။
ဆေးရုံတွင် ရင်ဘတ်ဒဏ်ရာကို ကုသပုံအဆင့်ဆင့်

ရင်ဘတ်ဒဏ်ရာသည် အသက်အန္တရာယ်လျင်မြန်စွာ ထိခိုက်စေနိုင်သောကြောင့် ဆေးရုံတွင် အသက်ကယ်ကုသခြင်း ABC (Airway, Breathing, Circulation) စနစ်ဖြင့် အရေးပေါ် ဦးစားပေးကုသသည်။

  1. အရေးပေါ် အသက်ကယ်ကုသမှု (Primary Survey)
    • အသက်ရှူလမ်းကြောင်း ဖွင့်ခြင်း (Airway) – လူနာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ရှိမရှိ စစ်ဆေးပြီး လိုအပ်ပါက အသက်ရှူပိုက် (Intubation) ထည့်သွင်းသည်
    • အသက်ရှူနှုန်း ထိန်းညှိခြင်း (Breathing)
      • အောက်ဆီဂျင် ပေးသည်
      • အဆုတ်အတွင်း လေဝင်ခြင်း၊ သွေးထွက်ခြင်း (Pneumothorax/Hemothorax) ရှိပါက ရင်ဘတ်အတွင်းသို့ ပိုက်ထည့်၍ လေ သို့မဟုတ် သွေးများကို စုပ်ထုတ်ခြင်း (Chest Tube Insertion) ပြုလုပ်သည်
      • ရင်ဘတ်ဒဏ်ရာအများစုတွင် ရင်ခေါင်းတွင်းအင်္ဂါများ စုတ်ပြဲထိခိုက်ခြင်းမရှိပါက ရင်ခေါင်းတွင်း ပိုက်ထည့်ကုသခြင်းအဆင့်ဖြင့်ပင် အသက်ကယ်နိုင်သည်
    • သွေးလှည့်ပတ်မှု ထိန်းသိမ်းခြင်း (Circulation) – သွေးပေါင်ချိန် ထိန်းညှိရန် သွေးသွင်းခြင်း သို့မဟုတ် ဆားရည် (IV fluids) ပေးခြင်းများ ပြုလုပ်သည်
  2. ရောဂါရှာဖွေခြင်း (Diagnosis)
    ဒဏ်ရာအခြေအနေကို သိရှိနိုင်ရန် အောက်ပါတို့ဖြင့် စစ်ဆေးသည်။
    • ရင်ဘတ် ဓာတ်မှန် (Chest X-ray) – နံရိုးကျိုးခြင်းနှင့် အဆုတ် အခြေအနေကို ကြည့်ရန်
    • အရေးပေါ် အာထရာဆောင်းရိုက်ခြင်း (FAST Ultrasound) – ရင်ဘတ်နှင့် ဗိုက်အတွင်း သွေးယိုစီးမှု ရှိမရှိ အမြန်စစ်ဆေးရန်
    • ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း (CT Scan) – ပိုမိုပြင်းထန်သော ဒဏ်ရာများ (ဥပမာ – သွေးလွှတ်ကြောမကြီး ထိခိုက်ခြင်း)
  3. အရေးပေါ် ကုသမှုများ
    • နာကျင်မှု ထိန်းချုပ်ခြင်း (Pain Management) – နံရိုးကျိုးသည့်လူနာတွင် အသက်ရှူရ လွယ်ကူစေရန် အကိုက်အခဲပျောက်ဆေးများ ပေးရသည်
    • ခွဲစိတ်ကုသခြင်း (Surgery) – ရင်ဘတ်အတွင်း သွေးအလွန်အကျွံ ထွက်ခြင်း သို့မဟုတ် နှလုံးနှင့် သွေးကြောမကြီးများ ထိခိုက်ခြင်းရှိပါက အရေးပေါ် ခွဲစိတ်မှု (Emergency Thoracotomy) ပြုလုပ်ရနိုင်သည်၊ ရင်ခေါင်းခွဲစိတ်ကုသမှုခံယူရလျှင် အထူးကြပ်မတ်ကုသမှု ဆက်လက်လိုအပ်နိုင်သည်။
သာမန်ရင်ဘတ်ဒဏ်ရာကို မိမိကိုယ်တိုင် ကုသနိုင်သည့် နည်းလမ်းများ

အရေပြားတွင် အညိုအမည်းစွဲခြင်း သို့မဟုတ် ကြွက်သားနာကျင်ခြင်းမျှသာဖြစ်သည့် သာမန် အခြေအနေမျိုးတွင် အောက်ပါအတိုင်း မိမိကိုယ်တိုင် အိမ်တွင်ကုသနိုင်သည်။

  1. အနားယူခြင်း (Rest)
    ပြင်းထန်သည့်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပြီး အနားယူပါ။ အထူးသဖြင့် အလေးအပင် မ ခြင်းနှင့် ရင်ဘတ်ကြွက်သားကို အသုံးပြုရသည့် အလုပ်များကို ရက်အနည်းငယ် ရပ်နားပါ။
  2. ရေခဲကပ်ခြင်း (Ice Pack)
    ဒဏ်ရာရပြီး ပထမ ၄၈ နာရီအတွင်း ရေခဲထုပ် သို့မဟုတ် ရေအေးဝတ်ကို ၁ ကြိမ်လျှင် ၁၅ မိနစ်ခန့်၊ တစ်နေ့ ၃ကြိမ် မှ ၄ကြိမ်အထိ ကပ်ပေးခြင်းဖြင့် ရောင်ရမ်းမှုနှင့် နာကျင်မှုကို လျော့ကျစေသည်။
    (သတိပြုရန် – ရေခဲကို အရေပြားပေါ် တိုက်ရိုက်မတင်ဘဲ အဝတ်ပါးဖြင့် ပတ်၍ ကပ်ပါ)
  3. အကိုက်အခဲပျောက်ဆေး သောက်ခြင်း (Pain Relief)
    ပါရာစီတမော (Paracetamol) သို့မဟုတ် အိုင်ဗျူပရိုဖဲန် (Ibuprofen) ကဲ့သို့သော ဆေးများကို ဆေးညွှန်းအတိုင်း သောက်ခြင်းဖြင့် နာကျင်မှုသက်သာသောကြောင့် အသက်ရှူခြင်း ပိုမိုသက်သာစေရန် ကူညီပေးနိုင်သည်။
  4. အသက်ရှူလေ့ကျင့်ခန်း (Breathing Exercises)
    နာကျင်မှုကြောင့် ပြည့်ဝစွာအသက်ရှူနိုင်ခြင်းမရှိလျှင် အဆုတ်အအေးမိခြင်း (Pneumonia) ဖြစ်နိုင်ခြေ ရှိပါသည်။ အသက်ကို ဖြည်းဖြည်းနှင့် ပြင်းပြင်း ရှူသည့်လေ့ကျင့်ခန်းကို (၂) နာရီ တစ်ခေါက်နှုန်းဖြင့်၊ တစ်ခေါက်လျှင် တစ်နာရီအတွင်း (၁၀) ကြိမ်ပြုလုပ်ရန် လိုအပ်သည်။
    သို့သော်အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာပါက အိမ်တွင် ဆက်လက်မကုသဘဲ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပြသရန်လိုသည်။
    • အသက်ရှူ ခက်ခဲလာခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
    • ရင်ဘတ်အောင့်ခြင်း ပိုမိုပြင်းထန်လာခြင်း
    • ချောင်းဆိုးသည့်အခါ သွေးပါလာခြင်း
    • ကိုယ်ပူလာခြင်း သို့မဟုတ် ချမ်းတုန်ခြင်း
    • ရင်ဘတ် ဒဏ်ရာနေရာတွင် ပုံမှန်မဟုတ်ဘဲ ဖောင်းကြွလာခြင်း
    • နှုတ်ခမ်း သို့မဟုတ် လက်သည်းများ ပြာနှမ်းလာခြင်း
ကာကွယ်ခြင်း
  • ယာဉ်မောင်းစဉ် ထိုင်ခုံခါးပတ် (Seat belt) ကို အမြဲတမ်း ပတ်ပါ
  • အလုပ်ခွင်နှင့် အားကစားကွင်းများတွင် သတ်မှတ်ထားသော ဘေးကင်းလုံခြုံရေး အဝတ်အစားများ ဝတ်ဆင်ပါ
  • အသက်ကြီးသူများ ချော်လဲခြင်းမှ ကာကွယ်ရန် အိမ်သာနှင့် လှေကားများတွင် လက်ကိုင်တန်းများ တပ်ဆင်ပါ။

References:

  1. Mayo Clinic. (n.d.). Pneumothorax: Symptoms and causes. Retrieved February 24, 2026, from https://www.mayoclinic.org/diseases-conditions/pneumothorax/symptoms-causes/syc-20350367
  2. St John Ambulance. (n.d.). Chest pains and chest injuries. Retrieved February 24, 2026, from https://www.sja.org.uk/get-advice/first-aid-advice/chest-conditions/chest-injuries/
  3. WebMD. (n.d.). Chest injuries: First aid. Retrieved February 24, 2026, from https://www.webmd.com/first-aid/chest-injury-treatment

Published: 9 March 2026

Share

Category

9 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
CLL Health Emergency
Jul 29, 2025
Emergencies

Triage System (လူနာများကို အရေးပေါ်အမျိုးအစား စိစစ်‌‌ရွေးချယ်သောစနစ်)

တာဝန်ယူကုသပေးရမည့် ပြင်ပလူနာများစွာကို ရောဂါအခြေအနေ လိုအပ်ချက်များအရ...

CLL Health Emergency
Jul 2, 2025
Emergencies

Facial injuries (မျက်နှာ ထိခိုက်ဒဏ်ရာများ)

မျက်နှာဒဏ်ရာများသည် မတော်တဆမှုများကြောင့် အများဆုံးဖြစ်ပွါးပြီး...

CLL Health Emergency
Jun 26, 2025
Emergencies

Polytrauma (အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခြင်း)

Polytrauma care ဆိုသည်မှာ ရုတ်တရက် မတော်တဆမှုများကြောင့် ခန္ဓာကိုယ်အနှံ့...