Triage System (လူနာများကို အရေးပေါ်အမျိုးအစား စိစစ်‌‌ရွေးချယ်သောစနစ်)

CLL Health Emergency

Triage ဆိုသည်မှာ စီစစ်ရွေးချယ်ခြင်း (Sorting) ဟု အဓိပ္ပါယ်ရသည်။ ပြင်ပလူနာအရေအတွက် များပြားခြင်း၊ ဆေးရုံဆေးခန်းများသို့ တစ်ချိန်တည်း လူနာအစုလိုက်အပြုံလိုက် ရောက်ရှိသည့်အခြေအနေများတွင် ရောဂါ သို့မဟုတ် ဒဏ်ရာ ပြင်းထန်မှုအပေါ် မူတည်၍ ဦးစားပေးကုသရန် လိုအပ်သည့် လူနာအမျိုးအစား ခွဲခြားခြင်းဖြစ်သည်။ အသက်အန္တရာယ်ရှိသည့် ပြင်းထန်ရောဂါ သို့မဟုတ် ပြင်းထန်ဒဏ်ရာရလူနာများအား ပထမဦးစားပေးလူနာအဖြစ် သတ်မှတ်ပြီး၊ သာမန်ရောဂါ သို့မဟုတ် သာမန်ဒဏ်ရာရလူနာသည် ဦးစားပေးခြင်း နောက်ကျနိုင်သည်။

ဆေးကုသမှုအဖွဲ့များ၊ ဆေးဝါးကိရိယာရရှိမှုစသည့် အရင်းအမြစ် ချို့တဲ့သည့်အခြေအနေများ (သဘာဝဘေးများ၊ လူအများ အစုလိုက် ဒဏ်ရာရရှိမှုများ၊ စောင့်ဆိုင်းလူနာအရေအတွက် များသည့်အခြေအနေများ) တွင် လူနာများအား ရောက်ရှိလာသည့် အချိန်ကာလ အစဉ်လိုက်မဟုတ်ဘဲ ပြင်းထန်မှုအလိုက် ဦးစားပေးကုသမှုပေးခြင်းကို ဆောင်ရွက်လေ့ရှိသည်။

Triage ဖြစ်ပေါ်လာပုံ

“Triage” ဟူသော စကားလုံးသည် ပြင်သစ်ဘာသာစကား “Trier” မှ ဆင်းသက်လာပြီး စိစစ်ခြင်း သို့မဟုတ် ခွဲခြားရွေးချယ်ခြင်းဟု အဓိပ္ပာယ်ရသည်။ သမိုင်းမှတ်တမ်းများအရ စစ်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရသော စစ်သားအများအပြားကို နောက်တန်းသို့ ပို့ဆောင်ကုသရန်အတွက် ဦးစားပေးရွေးချယ်ရာမှ Triage စနစ် စတင်ပေါ်ပေါက်လာခဲ့သည်ဟု ဆိုကြသည်။ ထို့နောက် ခေတ်အဆက်ဆက် Triage စနစ်များ တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာပြီး အသုံးပြုမည့် အဖွဲ့အစည်းနှင့် နေရာပေါ် မူတည်၍ အရေးပေါ်ကုသမှုပေးခြင်းကိုပါ သင်ကြားပေးသည့် လုပ်ငန်းစဥ်တစ်ခု ဖြစ်လာသည်။

Triage စနစ်၏ အဓိကရည်ရွယ်ချက်များမှာ_

  1. အရေးပေါ်ကုသမှု ဦးစားပေးရန် _ အသက်အန္တရာယ် အလွန်စိုးရိမ်ရသော သို့မဟုတ် ကုသမှု ချက်ချင်းလိုအပ်နေသော လူနာများကို လျင်မြန်စွာ ဖော်ထုတ်နိုင်ရန်
  2. သင့်လျော်သော နေရာသတ်မှတ်ပေးရန် _ လူနာ၏ အခြေအနေနှင့် လိုအပ်ချက်အရ အသင့်တော်ဆုံး ကုသမှုပေးနိုင်မည့်နေရာ (ဥပမာ _ အထူးကြပ်မတ်ကုသဆောင်၊ အရေးပေါ်ခန်း၊ သာမန်ကုသဆောင်) ကို ဆုံးဖြတ်ပေးရန်
  3. လုပ်ငန်းဝန်ပိမှု လျှော့ချရန် _ အရေးပေါ် ကုသမှုပေးသည့်ဌာနများနှင့် ဆေးရုံများ၌ လူနာများ ပြည့်ကျပ်နေမှုကို စနစ်တကျ စီမံခန့်ခွဲ၍ လျှော့ချရန်
  4. အခြေအနေ စဉ်ဆက်မပြတ် ဆန်းစစ်ရန် – Triage ပြုလုပ်ပြီးနောက် လူနာများ၏ အခြေအနေကို ပုံမှန် ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် အဆက်မပြတ် ဆန်းစစ်နိုင်ရန်
  5. စံပြုဆက်သွယ်ရေးစနစ် တည်ဆောက်ရန် _ အရေးပေါ်ဌာနတွင် လုပ်ကိုင်နေသော ကျန်းမာရေးဝန်ထမ်းများအားလုံး အချင်းချင်း နားလည်လိုက်နာနိုင်မည့် စံနှုန်းထားရှိသော ဆက်သွယ်ရေးစနစ်တစ်ခု ဖန်တီးရန်
Triage အမျိုးအစားများ

Triage ကို အရေးပေါ်ဆေးပညာအထူးကုဆရာဝန်များအပါအဝင် ဆေးရုံအရေးပေါ်ဌာနတွင် တာဝန်ကျသူ ဆရာဝန်၊ ဆရာမများအားလုံး၊ အရေးပေါ်လူနာတင်ယာဥ်ပေါ်တွင် ကုသမှုပေးသော ကျန်းမာရေးဝန်ထမ်းများ သို့မဟုတ် အရေးပေါ်အခြေအနေတွင် Triage စနစ်ကို တတ်ကျွမ်းနားလည်သူ မည်သူမဆို လုပ်ဆောင်နိုင်သည်။

သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် Triage စနစ်များ ပြဌာန်းထားသော်လည်း ရောဂါ သို့မဟုတ် ဒဏ်ရာပြင်းထန်မှု ခွဲခြားစီစစ်ခြင်းတွင်

  1. လွယ်ကူခြင်း
  2. လျင်မြန်စွာ ဆုံးဖြတ်နိုင်ခြင်း
  3. မှန်ကန်မှုရှိခြင်း
  4. ဆက်သွယ်ပြောဆိုရာတွင် တိကျမှုရှိခြင်းစသည့် အချက်များတွင် တူညီကြသည်။
  • အရေးပေါ်ဌာနတွင် အသုံးပြုသော Triage (Emergency Department Triage)
    လူနာ၏ အသက်အန္တရာယ်ရှိသည့် အခြေအနေများကို ချက်ချင်း သိရှိနိုင်ရန်၊ အသက်ကယ်ကုသမှုအား အချိန်မီ ဦးစားပေးကုသမှု ပေးနိုင်ရန်၊ အရေးပေါ်ဌာနအတွင်း သက်ဆိုင်ရာ နေရာနှင့် ဆေးဝါးကိရိယာဖြင့် စနစ်တကျ ကုသမှုပေးနိုင်ရန် ဆောင်ရွက်သည့် စနစ်ဖြစ်သည်။
  • လူအများအစုလိုက်ထိခိုက်ဒဏ်ရာရရှိမှုတွင် အသုံးပြုသော Triage (Incident or multi casualty triage)
    မော်တော်ယာဉ်မတော်တဆမှုကဲ့သို့ လူအများအပြား ထိခိုက်ဒဏ်ရာရသည့် မည်သည့်အခြေအနေအတွက်မဆို အသုံးပြုသည်။
  • သဘာဝဘေးအန္တရာယ် သို့မဟုတ် လူလုပ်ဘေးအန္တရာယ်နှင့် ကပ်ရောဂါဘေးတွင် အသုံးပြုသော Triage (Disaster or mass casualty triage)
    အကြမ်းဖက်မှု သို့မဟုတ် သဘာဝဘေးအန္တရာယ်တစ်ခုခု ဖြစ်ပွါးပြီးနောက် လူအများအပြား ထိခိုက်ဒဏ်ရာရသည့် အခြေအနေများတွင် အသုံးပြုသည်။
  • စစ်မြေပြင်သုံး Triage (Military triage)
    စစ်မြေပြင်တွင် ဒဏ်ရာရစစ်သားများကို စိစစ်ရွေးချယ်ကုသရန် အသုံးပြုသည်။
  • တယ်လီဖုန်းသုံး Triage (Telephone triage)
    ဆေးကုသမှုများ အလွယ်တကူ လက်လှမ်းမမီသော နေရာများ၊ ဆေးခန်းများပိတ်ချိန် သို့မဟုတ် ညသန်းခေါင်အချိန်များတွင် အသုံးပြုနိုင်သည်။ ဆရာဝန် သို့မဟုတ် ဆရာမမှ ဖုန်းဖြင့် လူနာ၏ ရောဂါလက္ခဏာများကို နားထောင်ပြီး လိုအပ်သော ကုသမှုများကို အကြံပေးခြင်းဖြစ်သည်။ ဆရာဝန်နှင့် ချက်ချင်းလာတွေ့ရန် သင့်မသင့်၊ အရေးပေါ်ခန်းသို့ ချက်ချင်းသွားရန် သင့်မသင့်၊ အိမ်၌သာ ကုသရန် သင့်မသင့်ကို ဖုန်းထဲမှတစ်ဆင့် အသိပေး ရှင်းပြမည်ဖြစ်သည်။ အသက်အန္တရာယ်ရှိသော အခြေအနေများတွင် အရေးပေါ်လူနာတင်ယာဉ်ကိုလည်း ဖုန်းဖြေကြားသူမှ ခေါ်ဆိုပေးနိုင်သည်။
ဆေးကုသမှုဆိုင်ရာ Triage

နိုင်ငံအလိုက် ဆေးပညာဆိုင်ရာ အဖွဲ့အစည်းတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် Triage စနစ်ရှိသည်။ လူနာများစွာထဲမှ မည်သူသည် ချက်ချင်းဆေးရုံပို့ဆောင်ရန် လိုသည်၊ မည်သူသည် ဦးစွာ ဆေးကုသမှု လိုအပ်သည် စသည်ဖြင့် ဦးစားပေးရွေးချယ်မှုများကို အမြန်ဆုံးနှင့် အမှန်ကန်ဆုံး ပြုလုပ်နိုင်ရန် ရည်ရွယ်သည်။ ထင်ရှား၍ လူသိများသော Triage system များမှာ _

  1. အမေရိကန်ပြည်ထောင်စု နိုင်ငံများတွင် သုံးသော Emergency Severity Index (ESI) Triage နှင့် Supplemented Triage and Rapid Treatment (START) Triage စနစ်များ
  2. ဗြိတိန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံများတွင် သုံးသော Manchester Triage System (MTS) စနစ်
  3. သြစတေးလျနိုင်ငံတွင် National Triage System (NTS) နှင့် Australasian Triage Scale (ATS) စနစ် စသည်တို့ဖြစ်သည်။

ဆေးရုံသုံး Triage စနစ်များအရ အဆင့် (၁) မှ အဆင့် (၅) ဟူ၍ လူနာများအား ခွဲခြားသတ်မှတ်ထားပြီး ဖြစ်စဉ် ဖြစ်ပွါးရာနေရာများတွင်မူ အရောင်ကုဒ် (Code) များဖြင့် ခွဲခြားသတ်မှတ်ကြသည်။ အများဆုံး အသုံးပြုကြသည့် Triage အရောင်ကုဒ်အမျိုးအစား (၅) ခုရှိသည်။ နိုင်ငံအလိုက် အရောင်သတ်မှတ်မှုများ အနည်းငယ် ကွာခြားနိုင်သည်။

  • အနီရောင်ကုဒ် (Red)
    • အသက်အန္တရာယ်ရှိသည့် ပြင်းထန်ဒဏ်ရာရရှိထားသော သို့မဟုတ် အပြင်းအထန်ဖျားနာနေသော လူနာကို ဆိုလိုသည်
    • ဆေးရုံနေရာတွင်ဖြစ်ပါက ချက်ချင်း ကုသမှုပေးရန် လိုအပ်ပြီး ပြင်ပနေရာတွင်ဖြစ်ပါက ဆေးကုသမှုများ ပေးနိုင်သည့် နေရာသို့ ပထမဆုံး ချက်ချင်းသယ်ယူပို့ဆောင်ရမည်
  • အဝါရောင်ကုဒ် (Yellow)
    • လတ်တလော အသက်အန္တရာယ်မရှိသော်လည်း ပြင်းထန်ဒဏ်ရာများ ရရှိထားသောလူနာကို ဆိုလိုသည်
    • ချက်ချင်း ဆေးကုသမှု လိုအပ်သည်
    • အချို့ဒေသနှင့် စနစ်များတွင် အဝါရောင်ကုဒ်လူနာများသည် အနီရောင်ကုဒ်လူနာများထက် ပြန်လည်ကောင်းမွန်လာနိုင်ခြေ ပိုများသောကြောင့် ဦးစွာဆေးရုံသို့ သယ်ယူပို့ဆောင်တတ်ကြသည်
  • အစိမ်းရောင်ကုဒ် (Green)
    • အသက်အန္တရာယ် မရှိသော၊ မပြင်းထန်သော သို့မဟုတ် မစိုးရိမ်ရသော ဒဏ်ရာများ ရရှိထားသည့်လူနာကို ဆိုလိုသည်
    • လူနာသယ်ယူပို့ဆောင်ရာတွင်ဖြစ်စေ၊ ကုသမှုပေးရာတွင်ဖြစ်စေ ခေတ္တစောင့်ဆိုင်းနိုင်သည်
  • အနက်ရောင်ကုဒ် (Black)
    • သေဆုံးပြီး သို့မဟုတ် သေလုမြောပါး ဒဏ်ရာရရှိထားသော လူနာကို ဆိုလိုသည်
    • ဆေးကုသမှုပေးသော်လည်း ပြန်လည်အသက်ရှင်နိုင်ခြေ နည်းသောကြောင့် အနီရောင်နှင့် အဝါရောင်ကုဒ် လူနာများထက်စာလျှင် ဦးစားပေးနိုင်ခြေ နည်းပါးသည်
  • အဖြူရောင်ကုဒ် (White) – ဒဏ်ရာ သို့မဟုတ် ဖျားနာမှုမရှိသောလူကို ဆိုလိုသည်
Triage လုပ်ငန်းစဉ်

Triage စနစ်သည် ဆေးရုံတွင် လုပ်ဆောင်ပုံနှင့် မတော်တဆမှု သို့မဟုတ် ဘေးအန္တရာယ် ဖြစ်ပွားရာနေရာတွင် လုပ်ဆောင်ပုံများ အနည်းငယ် ကွာခြားနိုင်သည်။

ဆေးရုံသို့မရောက်မီ သို့မဟုတ် ဖြစ်စဥ်ဖြစ်ပွါးရာနေရာ

ဘေးအန္တရာယ်ဖြစ်ပွါးသောနေရာတွင် Triage အနေဖြင့် ပထမဆုံးလုပ်ဆောင်စိစစ်ရမည့် အချက်မှာ လူနာ၏ အသိစိတ်အခြေအနေ (GCS)၊ အသက်ရှူနှုန်းနှင့် သွေးခုန်နှုန်းများ၊ ရရှိထားသည့် ဒဏ်ရာပမာဏနှင့် ပြင်းထန်မှုပေါ် မူတည်၍ ကုဒ်သတ်မှတ်ရန်ဖြစ်သည်။

ဦးခေါင်း၊ လည်ပင်း၊ ကျောရိုး သို့မဟုတ် တင်ပါးဆုံကဲ့သို့ အစိတ်အပိုင်းများတွင် ပြင်းထန်ဒဏ်ရာများရရှိပါက ထိုလူကို အနီရောင်ကုဒ်အဆင့်ဟု သတ်မှတ်နိုင်သည်။ ထိုအနီရောင်ကုဒ်နှင့် ကိုက်ညီသော လူနာများကို အနီးဆုံးဆေးရုံသို့ ဦးစွာ သယ်ယူပို့ဆောင်၍ အခြေအနေတည်ငြိမ်စေရန် လုပ်ဆောင်ရမည်။ ထိုမှတစ်ဆင့် ထိခိုက်ဒဏ်ရာအတွက် စောင့်ရှောက်ကုသမှု အကောင်းဆုံးပေးနိုင်သော ဆေးရုံသို့ ထပ်မံလွှဲပို့သင့်သည်။

အဝါရောင်ကုဒ်အဆင့်နှင့် ကိုက်ညီသော လူနာများသည်လည်း ဒဏ်ရာပြင်းထန်သူများ ဖြစ်ကြသဖြင့် တတ်နိုင်သမျှ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်သင့်သည်။ ထိုလူနာများတွင် သွေးကျဲဆေးများ သောက်သုံးနေခြင်း၊ ကိုယ်ဝန်ရှိနေခြင်း သို့မဟုတ် အခြားအန္တရာယ်အချက်များ ရှိမရှိပေါ် မူတည်၍လည်း ဆေးရုံသို့ အမြန်ပို့ဆောင်ရန် ဆုံးဖြတ်ရတတ်သည်။ ထို့နောက်တွင်မှ အစိမ်းရောင်နှင့် အဖြူရောင် ကုဒ်လူနာများကို သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ပြင်ပလူနာအဖြစ် ပြသရန်ဖြစ်စေ၊ နာရီပိုင်းမျှ စောင့်ကြည့်ရန်ဖြစ်စေ လွှဲပြောင်းပို့ဆောင်ရမည်ဖြစ်သည်။

ဆေးရုံရောက်ရှိချိန်

လူနာများ အရေးပေါ်ခန်းသို့ ရောက်ရှိသည်နှင့် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများသည် ဆေးရုံသုံး triage စနစ်များကို အသုံးပြု၍ ဒဏ်ရာ၏ ပြင်းထန်မှုနှင့် ရရှိနိုင်သော ရင်းမြစ်များပေါ် မူတည်ပြီး လူနာများကို ဦးစားပေးစိစစ်ကြမည်ဖြစ်သည်။ ဆေးရုံသုံး Triage စနစ်တွင် ပါဝင်သော စိစစ်သည့် အဆင့် (၅) ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

  • အဆင့် (၁) – အရေးအကြီးဆုံး၊ အစိုးရိမ်ရဆုံးအဆင့် _ အချိန်မစောင့်ဘဲ ချက်ချင်း ကုသမှုပေးရမည်
  • အဆင့် (၂) – အရေးကြီးသောအဆင့် _ (၁၅) မိနစ်အတွင်း ချက်ချင်းကုသမှုပေးရမည်
  • အဆင့် (၃) – အလယ်အလတ်ပြင်းထန်အဆင့် _ မိနစ် (၃၀) အတွင်း ကုသမှုပေးရမည်
  • အဆင့် (၄) – မပြင်းထန်သောအဆင့် _ မိနစ် (၆၀) အတွင်း ကုသမှု ပေးရမည်
  • အဆင့် (၅) – သာမန်အဆင့်၊ မစိုးရိမ်ရသောအဆင့် _ မိနစ် (၁၂၀) အတွင်း ကုသမှု ပေးရမည်

ထိုသို့ ပြင်းထန်မှုအဆင့်အလိုက် သတ်မှတ်ထားသော အချိန်ကာလအတွင်း ကုသမှုအချိန်မီပေးနိုင်မှသာ လူနာများ၏ အသက်ရှင်နှုန်း မြင့်မားမည်ဖြစ်သည်။

Triage စနစ် တဖြည်းဖြည်း ပြောင်းလဲလာမှုများ

ယခုအခါ နည်းပညာဆိုင်ရာ တိုးတက်မှုများကြောင့် အင်တာနက်အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးအတွက် ဆွေးနွေးကုသပေးခြင်း (Telehealth or Telemedicine) ကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ပေါ်ပေါက်လာသကဲ့သို့ Triage စနစ်များသည်လည်း တိုးတက်ပြောင်းလဲလျက်ရှိသည်။

ဥပမာ _ တယ်လီဖုန်းသုံး Triage (Telephone triage) စနစ်ကိုအသုံးပြု၍ လူအများအပြားမှ ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုလျင်မြန်စွာ ရရှိနိုင်သည်။ ထို့ပြင် နောက်ဆုံးပေါ်စက်ကိရိယာများနှင့် အထူးကုဆရာဝန်များ၏ ကုသမှုကို လက်လှမ်းမီရန် ခက်ခဲသော နယ်အဝေးဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဖုန်း သို့မဟုတ် အင်တာနက်ကို အသုံးပြု၍ ထိခိုက်ဒဏ်ရာ စောင့်ရှောက်ကုသရေးဌာနများနှင့် ပိုမိုလျင်မြန်လွယ်ကူစွာ ချိတ်ဆက်နိုင်ပြီး ကုသမှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ပြီဖြစ်သည်။

ထို့ပြင် လူတို့ဖန်တီးသော ဉာဏ်ရည်တု (Artificial Intelligence or AI) သည် အရေးပေါ်ဆေးကုသမှု စနစ်ကို ပြောင်းလဲစေနိုင်သော နည်းပညာဆိုင်ရာ တိုးတက်မှုတစ်ခုဖြစ်သည်။ AI နည်းပညာကြောင့် Triage စနစ်တွင် လူနာ၏ အချက်အလက်များကို အမြန်ဆုံးသိနိုင်သကဲ့သို့ လွှဲပြောင်းပို့ဆောင်ရမည့် ဆေးရုံဌာနကို အချိန်တိုအတွင်း ရှာဖွေသတင်းပေးပို့နိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ထို့ကြောင့် ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် AI နည်းပညာသုံး Triage စနစ်များကို တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်သည်။

လူနာများဘက်မှ သိရှိလိုက်နာရန် အချက်များ

Triage စနစ်၏ လုပ်ငန်းစဉ်ကို နားလည်ထားခြင်းဖြင့် လူနာများနှင့် မိသားစုဝင်များအနေဖြင့် အရေးပေါ်ဌာနတွင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး စောင့်ဆိုင်းရမည့် အခြေအနေများကို နားလည်နိုင်မည်ဖြစ်သည်။

  • စောင့်ဆိုင်းရခြင်းကို နားလည်ပါ
    Triage စနစ်သည် လူနာများကို ရောက်ရှိလာသည့် အချိန်ကာလ အစဉ်လိုက်မဟုတ်ဘဲ ရောဂါ၏ ပြင်းထန်မှုအလိုက် စီစစ်၍ ဦးစားပေးကုသခြင်းဖြစ်သည်။ သာမန်ဒဏ်ရာ သို့မဟုတ် သာမန်ရောဂါဖြင့် ရောက်ရှိလာပါက ပိုမိုစိုးရိမ်ရသော လူနာများအား ဦးစွာကုသပေးနေ၍ စောင့်ဆိုင်းရခြင်း ဖြစ်ကြောင်း နားလည်ပေးပါ။
  • တိကျမှန်ကန်စွာ အဖြေပေးပါ
    Triage လုပ်ဆောင်သူအား မိမိ၏ ရောဂါလက္ခဏာများနှင့် ကျန်းမာရေးအခြေအနေများကို တိကျပြည့်စုံစွာ ပြောပြပေးပါ။ ဤအချက်အလက်များသည် သင့်အား မှန်ကန်သော အဆင့်သတ်မှတ်ရန်အတွက် အလွန်အရေးကြီးသည်။
  • အခြေအနေပြောင်းလဲပါက အကြောင်းကြားပါ
    Triage စစ်ဆေးပြီးနောက် စောင့်ဆိုင်းနေစဉ်အတွင်း မိမိ၏အခြေအနေ (ဥပမာ _ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရပိုခက်လာခြင်း၊ သွေးထွက်များလာခြင်း) ပိုမိုဆိုးရွားလာပါက ဆေးရုံ၊ဆေးခန်းရှိ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းအား ချက်ချင်း အသိပေးပါ။
  • စိတ်ရှည်သည်းခံပါ
    ကျန်းမာရေးဝန်ထမ်းများသည် လူနာအားလုံးကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားနေကြသည်ဖြစ်၍ Triage စနစ်နှင့်အညီ ဆောင်ရွက်နေစဉ်အတွင်း စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းပေးပါ။

References:

  1. Verywell Health. (n.d.). Medical triage and how it works. Retrieved October 19, 2025, from https://www.verywellhealth.com/medical-triage-and-how-it-works-2615132
  2. Yancey, C. C., & O’Rourke, M. C. (2023). Emergency department triage. In StatPearls. StatPearls Publishing. Retrieved October 19, 2025, from https://www.ncbi.nlm.nih.gov/books/NBK557583/
  3. Australasian College for Emergency Medicine. (2016). Guidelines on the implementation of the Australasian Triage Scale (ATS). Retrieved October 19, 2025, from https://acem.org.au/getmedia/51dc74f7-9ff0-42ce-872a-0437f3db640a/G24_04_Guidelines_on_Implementation_of_ATS_Jul-16.aspx
  4. International Journal of Pharmacy Practice. (n.d.). Triage systems around the world: A historical evolution. Retrieved October 19, 2025, from https://www.internationaljpp.com/content/features/triage-systems-around-the-world-a-historical-evolution

Published: 28 November 2025

Share

Category

28 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
CLL Health Emergency
Aug 7, 2025
Emergencies

Melasma (တင်းတိပ်)

တင်းတိပ် (Melasma) ဆိုသည်မှာ မျက်နှာပေါ်တွင် အဖြစ်များသည့်...

CLL Health Emergency
Jul 2, 2025
Emergencies

Facial injuries (မျက်နှာ ထိခိုက်ဒဏ်ရာများ)

မျက်နှာဒဏ်ရာများသည် မတော်တဆမှုများကြောင့် အများဆုံးဖြစ်ပွါးပြီး...

CLL Health Emergency
Jun 26, 2025
Emergencies

Polytrauma (အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခြင်း)

Polytrauma care ဆိုသည်မှာ ရုတ်တရက် မတော်တဆမှုများကြောင့် ခန္ဓာကိုယ်အနှံ့...