Facial injuries (မျက်နှာ ထိခိုက်ဒဏ်ရာများ)

CLL Health Emergency

မျက်နှာဒဏ်ရာ (Facial injury) ဆိုသည်မှာ မတော်တဆ ထိခိုက်မှုများကြောင့် မျက်နှာရှိ နဖူး၊ မျက်လုံး၊ နှာခေါင်း၊ ပါး၊ အပေါ်မေးရိုး၊ အောက်မေးရိုးများ ထိခိုက်ခြင်းနှင့် အခြားအစိတ်အပိုင်းတစ်ရှူးများ ပျက်စီးခြင်းကို ဆိုလိုသည်။

လူ၏မျက်နှာတွင် အရိုးများ၊ သွေးကြောများ၊ အာရုံကြောများ၊ ကြွက်သားများနှင့် မျက်လုံး၊ နှာခေါင်း၊ နားနှင့် လျှာကဲ့သို့ အာရုံခံအင်္ဂါများစွာ ပါဝင်သည်။ ထို့ကြောင့် မျက်နှာထိခိုက်ဒဏ်ရာများကို အချိန်မှီ ကုသမှုမခံယူပါက အမြင်အာရုံပျက်စီးခြင်း၊ စကားပြောခြင်းနှင့် အစာမျိုချခြင်းစသည့် လုပ်ငန်းဆောင်တာများ ရေရှည်ဆုံးရှုံးခြင်းနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်းစသော နောက်ဆက်တွဲပြဿနာများစွာ ဖြစ်နိုင်သည်။ မျက်နှာဒဏ်ရာကုသရာတွင် အရေးပေါ်အထူးကုဆရာဝန်များ၊ မျက်နှာခွဲစိတ်ခြင်းနှင့် ပြန်လည်တည်ဆောက်ရေး ခွဲစိတ်ဆရာဝန်များနှင့် အခြားကျွမ်းကျင်သူများ ပူးပေါင်းကုသပေးရန် လိုအပ်သည်။

ထိခိုက်သည့်နေရာပေါ် မူတည်၍ မျက်နှာဒဏ်ရာ အမျိုးအစားများစွာရှိသည်။

  • မျက်နှာတွင် ပြတ်ရှဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများ၊ အညိုအမဲစွဲခြင်း
  • မျက်လုံး ပတ်ပတ်လည် အညိုအမဲစွဲခြင်းနှင့် မျက်လုံးဒဏ်ရာများ
  • နှာခေါင်းရိုးကျိုးခြင်း အပါအဝင် မျက်နှာရှိ အခြားအရိုးများ ကျိုးခြင်း
  • ပါးစပ်၊ လျှာ၊ သွား သို့မဟုတ် မေးရိုး ထိခိုက်ဒဏ်ရာများ (မေးရိုးလွဲခြင်း အပါအဝင်)
  • သွားနှင့်ပတ်သက်သော ထိခိုက်ဒဏ်ရာများ
  • လည်ပင်းနှင့် လေပြွန်ကို ထိခိုက်စေသော ဒဏ်ရာများ စသည်တို့ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်နှာထိခိုက်ဒဏ်ရာများသည် မော်တော်ယာဉ်မတော်တဆမှုများနှင့် ခိုက်ရန်ဖြစ်ပွါးမှုများကြောင့် အများဆုံး ဖြစ်ပွားလေ့ရှိသည်။ အခြားအကြောင်းရင်းများမှာ_

  • အားကစားပြုလုပ်စဥ် ထိခိုက်ခြင်း
  • အမြင့်မှ ပြုတ်ကျခြင်း
  • လုပ်ငန်းခွင်၌ မတော်တဆ ထိခိုက်ခြင်း
  • ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း
  • တိုက်ခိုက်ခံရခြင်း (သေနတ်ဒဏ်ရာများ အပါအဝင်)
  • မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရစေခြင်း
  • မီးလောင်ခံရခြင်း
  • တိရစ္ဆာန်ကိုက်ခံရခြင်းများ စသည်တို့ပါဝင်သည်။
ရောဂါလက္ခဏာများ

ဖြစ်ပေါ်နိုင်သောလက္ခဏာများတွင် ထိခိုက်သောနေရာနှင့် ပြင်းထန်မှုပေါ် မူတည်၍ အောက်ပါတို့ပါဝင်သည်။

မျက်နှာအရိုးကျိုးခြင်းများ (Facial Fractures)

မျက်နှာအရိုးကျိုးခြင်းသည် မျက်နှာ၏ မည်သည့်အရိုး၌မဆို ဖြစ်နိုင်ပြီး မျက်နှာပုံပန်းသွင်ပြင်ကိုလည်း ပုံပျက်စေနိုင်သည်။ မျက်နှာအရိုးကျိုးခြင်း အမျိုးအစားများကို အောက်ပါအတိုင်းတွေ့နိုင်သည်။

  • အောက်မေးရိုးကျိုးခြင်း (Mandibular fracture) သည် အစာဝါးစားခြင်း၊ စကားပြောခြင်းနှင့် မျိုချခြင်းတို့ကို ထိခိုက်စေနိုင်သည်
  • သွားဒဏ်ရာများ – မေးရိုးထိခိုက်ပါက သွားများ အက်ကွဲခြင်း၊ ကျိုးပဲ့ခြင်းများလည်း ဖြစ်နိုင်သည်
  • အပေါ်မေးရိုးကျိုးခြင်း (Maxillary fracture) – အမျိုးအစား (၃) မျိုးရှိသည်
    • LeFort I fracture – သွားနှင့် နှာခေါင်းပေါက်ကြားနေရာ (သွားဖုံးရိုး – Alveolar ridge) တွင် ကန့်လန့်ဖြတ်ပုံစံ ကျိုးခြင်းဖြစ်သည်
    • LeFort II fracture – မျက်နှာတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် မျက်လုံးအိမ်၏ အောက်ခြေမှ နှာခေါင်း ဘယ်ညာဘေးဖက်တစ်လျှောက် အပေါ်မေးရိုး (Maxilla) ရှိ နောက်သွားများ နေရာအထိ ပိရမစ်ပုံစံကျိုးခြင်းဖြစ်သည်
    • LeFort III fracture – မျက်လုံးအိမ်အရိုးမှ အနောက်ဖက်တစ်လျှောက် ကန့်လန့်ဖြတ်ပုံစံကျိုးခြင်းဖြစ်သည်၊ ဦးခေါင်းခွံနှင့် မျက်နှာအရိုးများ ပြုတ်ထွက်သွားသဖြင့် အပြင်းထန်ဆုံး ဖြစ်ပြီး နားဒဏ်ရာပါ ဖြစ်နိုင်သည်
  • မျက်လုံးအိမ် အရိုးကျိုးခြင်း (Orbital bone fracture)
    • Orbital rim fracture – မျက်လုံးအိမ် ပတ်ပတ်လည် အရိုးကွင်းအနားများတွင် ကျိုးခြင်း
    • Orbital floor fracture – “blowout fracture” ဟုခေါ် ပြီး မျက်လုံးအနီးသို့ တိုက်ရိုက်ထိခိုက်ခြင်း (ဥပမာ _ ဘေ့စ်ဘောလုံးဖြင့် မျက်နှာကို ထိမှန်ခြင်း) ကြောင့် မျက်လုံးအိမ် အောက်ခြေရှိ အရိုးကျိုးခြင်းဖြစ်သည်၊ မျက်လုံးပတ်ပတ်လည် ညိုမည်းနေခြင်း (Black eye)၊ မျက်လုံးနာကျင်ခြင်းနှင့် အမြင်အာရုံပြဿနာများ ဖြစ်စေနိုင်သည်
အရိုးမဟုတ်သော အခြားအစိတ်အပိုင်းများရှိ ဒဏ်ရာများ (Facial Soft Tissue Injuries)
  • သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်းနှင့် အမာရွတ်ကျန်ခြင်းများ ဖြစ်စေနိုင်သော အရေပြား သို့မဟုတ် ဦးရေပြား စုတ်ပြဲခြင်း
  • မျက်နှာပေါ်ရှိ ပြတ်ရှဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများ
  • ဓာတုဗေဒပစ္စည်းကြောင့် မျက်နှာလောင်ကျွမ်းခြင်း
  • မျက်လုံးဒဏ်ရာများ
  • မျက်နှာအာရုံကြောများ ထိခိုက်ပျက်စီးခြင်း
  • လျှာစုတ်ပြဲခြင်း
  • တံတွေးဂလင်းများ ပျက်စီးခြင်း

အထက်ဖော်ပြပါ ဒဏ်ရာများကြောင့် အောက်ပါ လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

  • ထိခိုက်သည့် နေရာတွင် နာကျင်ကိုက်ခဲခြင်း၊ အညိုအမဲ စွဲခြင်း၊ သွေးထွက်ခြင်း
  • မျက်နှာ၊ နှာခေါင်း၊ မေးရိုး ပုံပျက်ပန်းပျက်ဖြစ်ခြင်း
  • အမြင်အာရုံပြဿနာများ
  • စကားပြောရန်၊ မျက်နှာအမူအရာ ပြုလုပ်ရန်၊ အစာဝါးစားရန်၊ မျိုချရန် ခက်ခဲခြင်း၊ တံတွေးမထွက်ခြင်း သို့မဟုတ် တံတွေးမသိမ်းနိုင်ခြင်း
နောက်ဆက်တွဲပြဿနာများ

မျက်နှာဒဏ်ရာများကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။

  • သွေးထွက်လွန်ခြင်း
  • မျက်နှာနှစ်ဖက် မညီခြင်း၊ ပုံပျက်ပန်းပျက်ဖြစ်ခြင်း
  • အနာပိုးဝင်ခြင်း
  • ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ထိခိုက်ခြင်း
  • မျက်နှာထုံကျဥ်ခြင်း၊ မျက်နှာအမူအရာ ပြုလုပ်ရန် ခက်ခြင်း
  • အမြင်အာရုံ ဆုံးရှုံးခြင်း သို့မဟုတ် အမြင်နှစ်ထပ်မြင်ရခြင်း
ဆေးရုံ၊ ဆေးခန်းပြသခြင်း

မျက်နှာဒဏ်ရာသည် ဦးခေါင်းရှေ့ပိုင်းအား ထိခိုက်မှုဖြစ်သောကြောင့် ပြင်းထန်လျှင် ဦးခေါင်းနှင့်ဦးနှောက် ထိခိုက်မှုရှိနိုင်သည်။ လည်ပင်းကျောရိုးဆစ်များ ထိခိုက်မှုလည်း ရှိနိုင်သည်။ အပေါ်မေးရိုးကျိုးခြင်းကြောင့် မျက်စိဒဏ်ရာရနိုင်သည်။ နှာခေါင်းရိုးကျိုးခြင်းကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်သည်။

အောက်ပါအရေးပေါ်အခြေအနေများသည် အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

  • အသက်ရှူရခက်ခဲခြင်း
  • သွေးထွက်လွန်ခြင်း
  • အမြင်အာရုံ (မျက်စိ) ဆိုင်ရာ ပြဿနာများ
  • ဦးခေါင်းဒဏ်ရာနှင့် ဦးနှောက်ထိခိုက်လက္ခဏာများ
  • ကျောရိုးထိခိုက်ဒဏ်ရာများ စသည်တို့ဖြစ်သည်။

သာမန်ဒဏ်ရာများတွင် ဆေးထည့်ခြင်း၊ စောင့်ကြည့်ခြင်းများနှင့် သက်သာလာနိုင်သော်လည်း ပြင်းထန်ဒဏ်ရာများသည် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်နိုင်သောကြောင့် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း
  • အရေးပေါ် အထူးကုဆရာဝန်မှ ဒဏ်ရာရခြင်းအကြောင်းရင်းနှင့် ခံစားရသော လက္ခဏာများအကြောင်း မေးမြန်းမည်
  • ထို့နောက် ဒဏ်ရာများကို စစ်ဆေးခြင်း၊ ခန္ဓာကိုယ်အခြားနေရာများ၌ ဒဏ်ရာများ ရှိမရှိ စစ်ဆေးခြင်း၊ အသက်ရှူခက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ မျက်စိအမြင်အာရုံ ကောင်းမကောင်း၊ ဦးနှောက်ထိခိုက်ခြင်း ရှိမရှိ စသည့်အချက်များကို စစ်ဆေးပြီး လိုအပ်သည့် ကုသမှုများကို ချက်ချင်း လုပ်ဆောင်မည် ဖြစ်သည်
  • ထို့နောက် ဒဏ်ရာများကို အသေးစိတ်သိရှိရန် လိုပါက အရိုးဓာတ်မှန်ရိုက်ခြင်း (X-ray)၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းတို့ကို ဆက်လက်ညွှန်ကြားမည်
  • ထို့နောက် လိုအပ်သလို မျက်နှာနှင့်မေးရိုးခွဲစိတ်အထူးကုဆရာဝန်များထံ လွှဲပြောင်းပေးမည်ဖြစ်သည်
ကုသခြင်း
ရှေးဦးသူနာပြုစုနည်း

မျက်နှာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့လျှင် အောက်ပါ ရှေးဦးသူနာပြုစုနည်းများ ပြုလုပ်နိုင်သည်။

  • သွေးထွက်နေသောနေရာကို အဝတ်စသန့်သန့် သို့မဟုတ် ပတ်တီးစနှင့် ဖိထားပါ
  • ဒဏ်ရာအတွင်း၌ မှန်စအကြီး သို့မဟုတ် သံချောင်းကဲ့သို့ စိုက်ဝင်နေသော အရာဝတ္ထုတစ်ခုခု ရှိနေပါက ဖယ်ရှားခြင်း မပြုလုပ်ရ (ရုတ်တရက် သွေးပန်းထွက်ခြင်းများ ဖြစ်နိုင်သောကြောင့် ဖြစ်သည်)၊ စိုက်ဝင်နေသော အရာဝတ္ထု၏ ဘေးပတ်လည်ကို ခပ်တင်းတင်း ဖိထားပေးပြီး သွေးထွက်ခြင်းကို ထိန်းချုပ်ပါ
  • အရာဝတ္ထုကို မလှုပ်ရှားစေရန် ဘေးပတ်လည်တွင် အကာအကွယ်ပစ္စည်း (Padding) ထားပါ
  • အရာဝတ္ထု၏ အပေါ်တည့်တည့်ကို မဖိရပါ

အကယ်၍ လူနာတင်ယာဉ်ခေါ်ထားပါက စောင့်ဆိုင်းနေစဉ် အောက်ပါ ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်နိုင်သည်။

  • အသက်ရှူလမ်းကြောင်းဖြစ်သော ပါးစပ်နှင့်လည်ချောင်း ရှင်းလင်းမှု ရှိမရှိ စစ်ဆေးပါ
    အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုရှိလျှင်
    • လူနာကို ဘေးတစ်စောင်းလှဲပြီး ပိတ်ဆို့သည့် အရာဝတ္ထုကို ပါးစပ်နှင့် လည်ချောင်းအတွင်းမှ နှိုက်ထုတ်ဖယ်ရှားပါ
    • ထို့နောက် မေးစေ့ကို မ တင်ပေးခြင်း နည်းလမ်းဖြင့် အသက်ရှူလမ်းကြောင်း ပွင့်အောင် လုပ်ပေးပါ၊ ဤသို့ပြုလုပ်ရာတွင် လည်ပင်းအရိုးဆစ်များ ထိခိုက်မှု မရှိရန် ဂရုစိုက်ရမည်
ဆေးရုံတွင် ဆက်လက်ကုသခြင်း

အရိုးကျိုးခြင်းနှင့် အတွင်းရှိအင်္ဂါအစိတ်အပိုင်းများ ထိခိုက်ခြင်းမရှိသည့် ပွန်းပဲ့၊ ပြတ်ရှသည့်ဒဏ်ရာများကိုမူ အရေးပေါ်ဌာနတွင်ပင် သွေးတိတ်အောင် ပြုလုပ်ခြင်း၊ ဒဏ်ရာသန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဒဏ်ရာချုပ်ခြင်းနှင့် ဆေးထည့်ခြင်းတို့ဖြင့် ကုသနိုင်သည်။ သို့ရာတွင် မျက်နှာဒဏ်ရာရပါက သာမန်ဒဏ်ရာသည်ပင်လျှင် အနာရွတ်ထင်ကျန်ခြင်း၊ ရုပ်ရည်ရူပကာ ပျက်ယွင်းခြင်း ဖြစ်နိုင်သဖြင့် ဆေးရုံတွင် စနစ်တကျ ကုသရန် လိုအပ်သည်။

ပြင်းထန်ဒဏ်ရာများဖြစ်သော မေးရိုးလွဲခြင်း၊ နှာခေါင်းရိုးကျိုးခြင်းအပါအဝင် မျက်နှာအရိုးကျိုးခြင်းများ၊ ဦးခေါင်းနှင့် ဦးနှောက်ဒဏ်ရာများ၊ မျက်လုံးဒဏ်ရာများသည် ခွဲစိတ်ကုသရန် လိုအပ်သောကြောင့် သက်ဆိုင်ရာခွဲစိတ်ကုဌာနများတွင် ဆေးကုသမှု ခံယူရန် လိုအပ်သည်။

ဆက်လက်ကုသခြင်း
  • မျက်နှာဒဏ်ရာ ကုသမှု၏ ရည်ရွယ်ချက်များ
    မျက်နှာ၏ ပုံမှန်လုပ်ဆောင်ချက်များနှင့် မျက်နှာအသွင်အပြင်ကို အတတ်နိုင်ဆုံး နဂိုအနေအထား ရရှိစေရန်ဖြစ်သည်။
  • နောက်ဆက်တွဲ ကုသမှုများ
    အရေပြား၊ အာရုံကြောများ၊ တံတွေးဂလင်းများ၊ ကြွက်သားများ ပျက်စီးခြင်း သို့မဟုတ် ကြေမွဒဏ်ရာများအတွက် အနုစိတ်ပြန်လည်တည်ဆောက်ရေး ခွဲစိတ်မှု (Microvascular reconstructive surgery) များ ပြုလုပ်နိုင်သည်။
  • လိုအပ်ချက်များအရ အထူးကုဆရာဝန်များ ပူးပေါင်းခြင်း
    မျက်နှာဒဏ်ရာရသူများကို အဓိကကုသမှုပေးသော မျက်နှာအလှအပနှင့် ပြန်လည်တည်ဆောက်ခြင်း ဆိုင်ရာ ခွဲစိတ်ဆရာဝန်များအဖွဲ့ (Plastic and reconstructive surgery team) သည် လူနာ၏ ဒဏ်ရာအနေအထားအရ လိုအပ်ပါက အခြားအထူးကု ဆရာဝန်အဖွဲ့များနှင့် ပူးပေါင်းကုသသည်။ ဥပမာအားဖြင့် _
    • မျက်စိအထူးကုဆရာဝန်များအဖွဲ့
    • ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်များအဖွဲ့
    • သွားဘက်ဆိုင်ရာ ကျွမ်းကျင်သူများ
    • စကားပြောကုထုံးပညာရှင်များ
    • စိတ်ကျန်းမာရေးဆရာဝန်များတို့ဖြင့် တိုင်ပင်ကုသသည်
မျက်နှာဒဏ်ရာ အသေးစားများအတွက် အိမ်တွင်ပြုစုခြင်း

မျက်နှာပေါ် ရှိ အသေးစားပြတ်ရှဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများအတွက် အိမ်တွင် အောက်ပါနည်းလမ်းတို့ဖြင့် ပြုစုစောင့်ရှောက်နိုင်သည်။

  • ဒဏ်ရာရသောနေရာကို ညင်သာစွာ သေချာဆေးကြောပါ
  • ကျောက်စရစ်ကဲ့သို့ အမှုန်အစများရှိပါက တတ်နိုင်သမျှ ညင်သာစွာ ဖယ်ရှားပါ
  • ကပ်ခွာပလာစတာ၊ ပတ်တီး သို့မဟုတ် ပိုးသတ်ထားသော အဝတ်နှင့် ဖုံးအုပ်ထားပါ
  • ရောင်ရမ်းခြင်းကို လျှော့ချရန် အညိုအမည်းစွဲသောနေရာကို ရေခဲအိတ်ကပ်ပါ
  • အနည်းငယ်ကြီးသော ပြတ်ရှဒဏ်ရာများအတွက် ဆေးရုံဆေးခန်းသို့ပြပါ
ကာကွယ်ခြင်း

မျက်နှာထိခိုက်ဒဏ်ရာများ မဖြစ်ပွားစေရန် အောက်ပါကာကွယ်ရေးနည်းလမ်းများ ပြုလုပ်နိုင်သည်။

  • အားကစားလုပ်သည့်အခါ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ခြင်း (ဥပမာ _ သွားဖုံးကာ၊ မျက်စိကာနှင့် ဦးထုပ်)
  • ယာဥ်အသုံးပြုချိန်တွင် ထိုင်ခုံခါးပတ်ပတ်ခြင်း၊ အသက်ကယ်လေအိတ်ပါရှိသော ယာဉ်ကိုရွေးချယ်ခြင်း
  • ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း
  • အလုပ်ခွင်စည်းကမ်း လိုက်နာခြင်း၊ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ခြင်း
  • အသက်ကြီးသူများ ချော်လဲခြင်းမှ ကာကွယ်ရန် နေအိမ်တွင်း အကာအကွယ်များ၊ လက်ကိုင်တန်းကဲ့သို့ အထောက်အကူများ တပ်ဆင်ပေးခြင်း

References:

  1. Johns Hopkins Medicine. (n.d.). Facial trauma. Retrieved October 28, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/facial-trauma
  2. Penn Medicine. (n.d.). Facial trauma and fracture repair. Retrieved October 28, 2025, from https://www.pennmedicine.org/conditions/facial-trauma
  3. Healthdirect. (n.d.). Facial injury. Retrieved October 28, 2025, from https://www.healthdirect.gov.au/facial-injury
  4. Cleveland Clinic. (n.d.). Facial fractures. Retrieved October 28, 2025, from https://my.clevelandclinic.org/health/diseases/16025-facial-fractures

Published: 19 November 2025

Share

Category

28 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
CLL Health Emergency
Aug 7, 2025
Emergencies

Melasma (တင်းတိပ်)

တင်းတိပ် (Melasma) ဆိုသည်မှာ မျက်နှာပေါ်တွင် အဖြစ်များသည့်...

CLL Health Emergency
Jul 29, 2025
Emergencies

Triage System (လူနာများကို အရေးပေါ်အမျိုးအစား စိစစ်‌‌ရွေးချယ်သောစနစ်)

တာဝန်ယူကုသပေးရမည့် ပြင်ပလူနာများစွာကို ရောဂါအခြေအနေ လိုအပ်ချက်များအရ...

CLL Health Emergency
Jun 26, 2025
Emergencies

Polytrauma (အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခြင်း)

Polytrauma care ဆိုသည်မှာ ရုတ်တရက် မတော်တဆမှုများကြောင့် ခန္ဓာကိုယ်အနှံ့...