Crush Syndrome (ကြွက်သားပျက်စီးခြင်းကြောင့်ဖြစ်သော ရောဂါစု)

CLL Health Emergency

ကြွက်သားပျက်စီးခြင်းကြောင့် ဖြစ်သောရောဂါစု (Crush syndrome) သည် ကြွက်သားပမာဏများသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ဒဏ်ရာရရှိပြီး၊ အချိန်ကြာမြင့်စွာ ဖိအားသက်ရောက်ခြင်းကြောင့် သွေးစီးဆင်းမှု ပြတ်တောက်သည့် အခြေအနေမျိုးတွင် တွေ့ရသည်။ ဒဏ်ရာရအစိတ်အပိုင်းအား ပိနေသည့်ဖိအားမှ ဖယ်ထုတ်နိုင်သည့်အခါ ကြွက်သားပျက်စီးမှုမှ ထွက်လာသည့် အဆိပ်အတောက်ဓာတ်များ (အထူးသဖြင့် ပိုတက်ဆီယမ်နှင့် မိုင်ယိုဂလိုဘင်ဓာတ်များ) သည် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသဖြင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာကာ အသက်အန္တရာယ်ဖြစ်နိုင်သည်။

ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ အဆောက်အဦးပြိုခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်းများတွင် ဒဏ်ရာရလူနာသည် ပြင်ပမှ လေးလံသည့်အရာဝတ္ထု၏ ဖိအားကြောင့် လျင်မြန်စွာ ကယ်ထုတ်နိုင်ခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ ပိတ်မိ၊ ဖိမိနေလျှင် Crush Syndrome ဖြစ်နိုင်သည်ကို သတိပြုရန်လိုသည်။ အထူးသဖြင့် ငလျင်ကြောင့် ပြိုပျက်သည့် အဆောက်အဦးအတွင်း (၄)နာရီ မှ (၆)နာရီကြာ ပိတ်မိသည့် ဒဏ်ရာရလူနာများ၏ (၃၀-၅၀) ရာခိုင်နှုန်းတွင် Crush Syndrome ကို တွေ့ရနိုင်သည်။ ထိခိုက်ဒဏ်ရာကြောင့်မဟုတ်ဘဲ သတိလစ်နေသူ၌ပင် လူနာ၏ခန္ဓာကိုယ်မှ သူ၏ခြေလက်များပေါ်သို့ အချိန်ကြာမြင့်စွာပိနေလျှင်လည်း Crush Syndrome ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

ကြွက်သားပမာဏများသည့် ပေါင်၊ ခြေသလုံး စသည့်အစိတ်အပိုင်းတွင် ထိခိုက်ဒဏ်ရာရခြင်းအပြင် ပြင်းထန်သည့်ဖိအားဖြင့် ပိသည့်အခါ တစ်ရှူးများအတွင်းသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားသည်။ ထို့ကြောင့် ကြွက်သားဆဲလ်များ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်းဖြစ်သည့်အခါ ဆဲလ်များအတွင်းမှ မိုင်ယိုဂလိုဘင်၊ ပိုတက်စီယမ်နှင့် အခြားအဆိပ်ဓာတ်များ စိမ့်ထွက်လာသည်။ ဖိအားဖြင့်ပိမိသည့်အချိန် ကြာမြင့်သည်နှင့်အမျှ ဒဏ်ရာရအစိတ်အပိုင်းအတွင်း အဆိပ်ဓာတ်များ ပိုမိုစုဆောင်းလာသည်။

ပိနေသည့်အစိတ်အပိုင်းအား ဖယ်ထုတ်လိုက်သည့်အချိန်တွင် ဖိအားလျော့ကျသွားသဖြင့် သွေးစီးဆင်းမှု ပြန်လည်ရရှိလာပြီး စုဆောင်းမိနေသည့် အဆိပ်ဓာတ်များသည် အလုံးအရင်းဖြင့် သွေးပြန်ကြောမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သွေးတွင်းပိုတက်စီယမ်ဓာတ် အဆမတန်မြင့်တက်ခြင်းကြောင့် နှလုံးခုန်မူမမှန်ခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်ခြင်းဖြစ်ကာ အသက်သေဆုံးနိုင်သည်။

မိုင်ယိုဂလိုဘင်ဓာတ်သည် သွေးတွင်း၌ အလွန်အမင်းမြင့်တက်လာသောအခါ ကျောက်ကပ်ရှိ ဆီးစွန့်ပြွန်များကို ပိတ်ဆို့ပြီး လတ်တလောကျောက်ကပ်ပျက်စီးခြင်း (Acute Renal Failure) ကိုဖြစ်စေသည်။ ကြွက်သားအတွင်းမှ အရည်စိမ့်ထွက်ခြင်း၊ ဒဏ်ရာမှ သွေးနှင့်အရည်ဆုံးရှုံးခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်မှုဖြစ်လျှင် ကျောက်ကပ်ပျက်စီးခြင်းကို ပိုမိုဆိုးရွားစေသည်။ အပြင်ဖိအားကြောင့်လည်းကောင်း၊ ကြွက်သားများရောင်ရမ်းခြင်း၊ သွေးထွက်ခြင်း၊ အရည်များစုဆောင်းခြင်းကြောင့်ဖြစ်သော အတွင်းဖိအားကြောင့်လည်းကောင်း ကြွက်သားအကန့်များအတွင်း ဖိအားတက်လျှင် သွေးကြောများနှင့် အာရုံကြောများ ထိခိုက်ပြီး Compartment Syndrome ဖြစ်နိုင်သည်။

ရောဂါလက္ခဏာများ

ထိခိုက်မှုဖြစ်သည့် ကြွက်သားတစ်ရှူးပမာဏ၊ ပိမိသည့်ကြာချိန်‌ပေါ် မူတည်၍ လက္ခဏာများ ကွာခြားမှုရှိသည်။

  • သွေးခြည်ဥခြင်း၊ အရည်ကြည်ဖုများဖြစ်ခြင်း၊ အပေါ်ယံအရေပြား ပွန်းခြင်း၊ ပဲ့ခြင်းများအပြင်
  • ကြွက်သားထုတွင် ကြီးမားသော ထိခိုက်ဒဏ်ရာရှိခြင်း
  • ကြွက်သားများ နာကျင်ခြင်း
  • ခန္ဓာကိုယ်တစ်ခုလုံး အားနည်းခြင်း၊ မလှုပ်နိုင်ခြင်း၊ ခြေလက်များတွင် အာရုံခံစားမှုများ ပျောက်သွားခြင်း
  • ဆီးထဲတွင် သွေးပါခြင်း သို့မဟုတ် ကြွက်သားများမှထွက်လာသော မိုင်ယိုဂလိုဘင်ပရိုတင်းများကြောင့် ရေနွေးကြမ်းအရောင်ကဲ့သို့ ဆီးသွားခြင်း
  • ဆီးအထွက်နည်းခြင်း၊ ဆီးမသွားခြင်း
  • မောခြင်း၊ ခန္ဓာကိုယ်အေးစက်နေခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးလန့်ခြင်း (Shock)
  • ပျို့ခြင်း၊ အန်ခြင်း၊ အသိကောင်းစွာမရှိခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်နိုင်သည်။

ကြွက်သားနာကျင်ခြင်း၊ ကြွက်သားအားပျော့ခြင်းနှင့် ဆီးအရောင်ရင့်ခြင်းတို့ တွေ့ရှိလျှင် Crush Syndrome ကို သတိပြုမိရန် လိုအပ်သည်။

နောက်ဆက်တွဲပြဿနာများ
အစောပိုင်းတွင်တွေ့ရသော နောက်ဆက်တွဲပြဿနာများ
  • ပိုတက်ဆီယမ်ဓာတ်များခြင်း
  • ကယ်လ်ဆီယမ်ဓာတ်နည်းခြင်း
  • ဖော့စ‌ဖောရပ်စ်ဓာတ်များခြင်း
  • အသည်းရောင်ရမ်းခြင်း
  • သွေး သို့မဟုတ် အရည် ဆုံးရှုံးမှုများကြောင့် သွေးပေါင်ကျခြင်း၊ ရှော့ခ်ဖြစ်ခြင်း
  • သတ္တုဓာတ်ဆားများ ပုံမမှန်ခြင်းကြောင့် နှလုံးစည်းချက်မမှန်ခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်ခြင်းများ ဖြစ်နိုင်သည်။
နောက်ပိုင်းတွင်တွေ့ရသော နောက်ဆက်တွဲပြဿနာများ
  • ကယ်လ်ဆီယမ်ဓာတ်များခြင်း
  • လတ်တလော ကျောက်ကပ်ထိခိုက်ခြင်း (ဆီးနည်းသွားခြင်း သို့မဟုတ် ဆီးမထွက်ခြင်း)
  • ခန္ဓာကိုယ်အနှံ့ သွေးယိုစီးခြင်း (DIC)
  • ကြွက်သားအကန့်များ တင်းကျပ်ခြင်းလက္ခဏာစု (Compartment syndrome) စသည်တို့တွေ့နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်၍ အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနတွင် ချက်ချင်း ကုသမှုခံယူရန်လိုသည်။

အရေးပေါ်ကုသခြင်း

Crush Syndrome သည် သဘာဝဘေးအန္တရာယ်များတွင် အဖြစ်များသောကြောင့် ဆေးရုံမရောက်မီ အခင်းဖြစ်ရာနေရာတွင် စတင်ပြုစုကုသခြင်းသည် အရေးကြီးသည်။ အချိန်ကြာမြင့်စွာ ပိမိနေသည့် ခြေ၊ လက်များကို ပြန်လည်ဖယ်ထုတ်နိုင်သည်နှင့် ပျက်စီးနေသော အရိုးဆက်ကြွက်သားများမှ ထွက်သည့် ပိုတက်စီယမ်ဓာတ်သည် လူနာကို ချက်ချင်းသေစေနိုင်သည်ကို သတိပြုရန်လိုသည်။

ရှေးဦးကုသခြင်း
  • လူနာအား ကယ်ထုတ်ခြင်းမပြုမီ မိမိကိုယ်တိုင်နှင့် အခြားသူများ လုံခြုံမှု ရှိမရှိ အရင်ဆုံးစစ်ဆေးရမည်
  • ခန္ဓာကိုယ်အစိတ်အပိုင်းအား တစ်နာရီကျော် ပိမိနေကြောင်း တွေ့ရှိလျှင် Crush Syndrome ဖြစ်နိုင်ကြောင်း သတိပြုရမည်၊ အထူးသဖြင့် ငလျင်ဘေးတွင် လူနာအား ရှာဖွေကယ်ထုတ်သူများသည် Crush Syndrome ကို အချိန်မီပြုစုကုသနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်သင့်သည်
  • လူနာများအား ပြင်းထန်မှုအခြေအနေ စစ်ဆေးသည့်အချက်များ (Triage) အပေါ် မူတည်၍ အုပ်စုခွဲကာ လိုအပ်သည့်ကုသမှုများ ပေးရမည်
  • လူနာ သတိလစ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ အသက်မရှူခြင်း တွေ့ရှိလျှင် စီပီအာ (CPR) ကို ချက်ချင်း ပြုလုပ်ရမည်
  • လူနာအသက်ရှူခြင်းမရှိလျှင် အသက်ရှူလမ်းကြောင်းဖွင့်ခြင်း၊ အသက်ရှူအားကူခြင်း၊ အောက်ဆီဂျင်ပေးခြင်းများ ပြုလုပ်ရမည်
  • ဒဏ်ရာသွေးတိတ်အောင် ပြုလုပ်ခြင်း၊ ရှောခ့်ဖြစ်ခြင်းအား ကုသခြင်းများ ပြုလုပ်ရမည်
  • အရေးပေါ်ထိခိုက်ဒဏ်ရာ ပြုစုကုသခြင်းများ ပြုလုပ်ပြီးသည်နှင့် လူနာကို အချိန်မီ ဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ရမည်
ကုသခြင်း
အရေးပေါ်ဌာနတွင် ကုသခြင်း

ထိခိုက်ဒဏ်ရာရလူနာတွင် လတ်တလော သေဆုံးနိုင်သည့် အခြေအနေများကို ဦးစွာကုသမည်ဖြစ်သည်။ ကုသမှုများနှင့်တစ်ပြိုင်နက် လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများလည်း ပြုလုပ်မည်ဖြစ်သည်။

ဓာတ်ခွဲစစ်ဆေးမှုများ
  • ကျောက်ကပ်ဓာတ် (Urea, Creatinine)
  • ပိုတက်ဆီယမ်ဓာတ်နှင့် အခြားသက်စောင့်ဓာတ်များ
  • ကယ်လ်ဆီယမ်၊ ဖော့စဖိတ်ဓာတ်
  • ကြွက်သားပျက်စီးမှုမှ ထွက်သော Creatinine kinase အင်ဇိုင်း
  • ယူရစ်အက်စစ်
  • အသည်းအင်ဇိုင်းများ
  • သွေးအားစစ်ဆေးခြင်းနှင့် သွေးခဲဓာတ်များ စစ်ဆေးခြင်း
  • သွေးတွင်းဓာတ်ငွေ့စစ်ဆေးခြင်း (Blood gas)
အခြားစစ်ဆေးမှုများ
  • ဆီးတွင် မိုင်ယိုဂလိုဘင်ဓာတ် ပါဝင်မှု စစ်ဆေးခြင်း
  • အီးစီဂျီဆွဲခြင်း
  • ဓာတ်မှန်ရိုက်ခြင်း
  • ကြွက်သားအကန့်များ၏ ဖိအားကို စစ်ဆေးခြင်း
အရည်ဓာတ် ဖြည့်သွင်းကုသခြင်း

ရှော့ခ်ဖြစ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းများအတွက် သွေးပြန်ကြောမှ ဆားရည်ကို ပမာဏများစွာ ပေးရန်လိုအပ်သည်။ အရည်ဓာတ် ပြန်လည်ဖြည့်တင်းခြင်းဖြင့် မိုင်ယိုဂလိုဘင်ကြောင့်လည်းကောင်း၊ ရေဓာတ်ဆုံးရှုံးမှုကြောင့်လည်းကောင်း ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်နိုင်ရန်ဖြစ်သည်။ ဆီးပိုက်ထည့်ပြီး ထွက်ရှိလာသော ဆီးပမာဏနှင့် ဆီးအရောင်ကို သေချာစွာစောင့်ကြည့်မည်ဖြစ်သည်။ တစ်နာရီလျှင် အနည်းဆုံး ဆီးပမာဏ (၃၀၀) မီလီလီတာ ထွက်ရန်လိုသည်။ ထို့နောက် လူနာ၏အခြေအနေပေါ် မူတည်၍ ဆားရည်ပမာဏကို ထိန်းညှိပေးမည်ဖြစ်သည်။

ဆီးဆေးပေးခြင်း

လိုအပ်ပါက ဆီးဆေးများကို (Furosemide, Mannitol) အထူးကုဆရာဝန်၏ လမ်းညွှန်မှုအတိုင်းသာ ပေးရမည်။

သွေးတွင်းရှိ ဓာတ်ဆားများ ပုံမမှန်ခြင်းကို ကုသခြင်း

ခန္ဓာကိုယ်အတွင်းမှ ဓာတ်ဆားများ ပုံမှန်အတိုင်းဖြစ်စေရန် ကုသမှုပေးရမည် (ဥပမာ _ ပိုတက်ဆီယမ်ဓာတ်တက်နေခြင်းကို အရေးပေါ်ကုသနိုင်ရန်လိုသည်)။ လိုအပ်ပါက ကျောက်ကပ်ဆေးခြင်းအထိ ပြုလုပ်ရနိုင်သည်။

အခြားကုသမှုများ
  • မေးခိုင်ကာကွယ်ဆေးထိုးခြင်း
  • ပိုးဆိပ်ပျံ့နှံ့ခြင်းမှကာကွယ်ရန် လိုအပ်သော ပဋိဇီဝပိုးသတ်ဆေးများကို လုံလောက်အောင်ပေးခြင်း
  • ဒဏ်ရာရှိပုပ်နေသော ကြွက်သားတစ်ရှူးများကို ဖယ်ရှားခြင်း
  • ထိခိုက်ဒဏ်ရာရသောနေရာများတွင် ရေခဲကပ်ခြင်း
  • သွေးသွင်းခြင်း၊ သွေးခဲဓာတ်များသွင်းခြင်း၊ သွေးရည်ကြည်သွင်းခြင်းများ လိုအပ်သလို ပြုလုပ်ရမည်
ခွဲစိတ်ကုသခြင်း

အကယ်၍ ပိမိသော ခြေလက်အစိတ်အပိုင်းများကို ထုတ်ယူရန် မဖြစ်နိုင်သောအခါ အခင်းဖြစ်ပွါးသောနေရာ၌ပင် အရေးပေါ်အသက်ကယ်ရန် ခြေထောက် ဖြတ်တောက်ကုသမှုများ ပြုလုပ်ရနိုင်သည်။ ထိခိုက်မှုရှိသည့်နေရာပေါ် မူတည်၍ လိုအပ်ပါက ဝမ်းဗိုက်ဖွင့်ခွဲစိတ်ကုသခြင်း၊ ရင်ခေါင်းဖွင့် ခွဲစိတ်ကုသခြင်းများလည်း ပြုလုပ်ရနိုင်သည်။

ကနဦးကုသမှုများအပြင် လူနာအသက်ရှင်ပြီးနောက်ပိုင်းတွင် ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး ကုသမှုများ၊ စိတ်ပိုင်းဆိုင်ရာကုထုံးများပေးခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်ပေးရမည်ဖြစ်သည်။

ကာကွယ်ခြင်း

သဘာဝဘေးအန္တရာယ် ကျရောက်မှုများတွင် လူနာများအား ပြင်းထန်မှုအခြေအနေ စစ်ဆေးသည့်အချက်များ (Triage) အပေါ် မူတည်၍ အုပ်စုခွဲရွေးချယ်ပြီး ချက်ချင်းကုသမှုပေးရန် လိုအပ်သည်။ ကြွက်သားပျက်စီးခြင်းကြောင့်ဖြစ်သော ရောဂါစုသည် ဦးစားပေးကုသပေးရမည့် လူနာအမျိုးအစားတွင် ပါဝင်သည်။ ထိုလူနာများကို လျင်မြန်ထိရောက်မှုရှိသော ကုသမှုများပေးခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်သည်။ ဥပမာ _

  • လူနာကို လုံခြုံစိတ်ချရသော အနေအထားရောက်သည်နှင့် အရည်ဓာတ် အလုံအလောက် ဆောလျင်စွာ ဖြည့်တင်းပေးခြင်းဖြင့် ကျောက်ကပ်ပျက်စီးခြင်းကို လျှော့ချနိုင်သည်
  • ကြွက်သားအကန့်များတင်းကျပ်ခြင်း လက္ခဏာစု ခံစားနေရသောသူများတွင် ဖိအားလျှော့ချရန် ကြွက်သားအကန့်များခွဲစိတ်ခြင်း (Fasciotomy) ကို အချိန်မီပြုလုပ်ခြင်းဖြင့် ခြေလက်အင်္ဂါ ဖြတ်တောက်ရခြင်းကို လျော့နည်းစေနိုင်သည်

References:

  1. AMBOSS. (n.d.). Rhabdomyolysis and crush syndrome. Retrieved April 4, 2026, from https://www.amboss.com/us/knowledge/rhabdomyolysis-and-crush-syndrome/
  2. Better Health Network (HMP Global). (n.d.). Treatment of crush injuries. Retrieved April 4, 2026, from https://www.hmpgloballearningnetwork.com/site/emsworld/article/1223384/treatment-crush-injuries
  3. Patient.info. (2021). Crush syndrome. Retrieved April 4, 2026, from https://patient.info/doctor/crush-syndrome
  4. Sever, M. S., & Vanholder, R. (2016). Management of crush syndrome casualties after disasters. Rambam Maimonides Medical Journal, 7(2), e0039. Retrieved April 4, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC4919827/

Published: 11 April 2025

Last updated: 29 April 2026

Share

Category

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.