Head Injury (ဦးခေါင်းဒဏ်ရာ)

CLL Health Emergency

လူ၏ဦးခေါင်းကို ဦးရေပြား၊ ဦးခေါင်းခွံရိုးနှင့် ဦးနှောက်တို့ဖြင့် ဖွဲ့စည်းထားရာ ထိခိုက်ဒဏ်ရာရလျှင် ပြင်းထန်မှုပေါ် မူတည်၍ ဦးခေါင်းဒဏ်ရာအမျိုးမျိုး ရနိုင်သည်။ ဦးခေါင်းဒဏ်ရာများတွင် ပြင်းထန်မှုမရှိသော အပေါ်ယံဒဏ်ရာသည် အဖြစ်အများဆုံးဖြစ်သော်လည်း ဒဏ်ရာပြင်းထန်လျှင် ဦးခေါင်းခွံအတွင်းရှိ ဦးနှောက်၌သွေးထွက်ခြင်း၊ ဦးနှောက်တစ်ရှူးများ စုတ်ပြဲခြင်းဖြစ်လျှင် အသက်အန္တရာယ်ရှိနိုင်သည်။ အချို့အခြေအနေများတွင် ဒဏ်ရာရသည့်အချိန်၌ ပြင်းထန်သည့် လက္ခဏာများ မခံစားရဘဲ နာရီပိုင်း၊ ရက်ပိုင်းကြာသည့်အချိန်တွင်မှ ပိုမိုဆိုးရွားလာနိုင်သဖြင့် ဦးခေါင်းဒဏ်ရာများကို ပေါ့ဆမှုမရှိရန်လိုသည်။

ဦးခေါင်းခွံရိုးသည် အလွန်မာကြောသဖြင့် အချို့ဦးခေါင်းဒဏ်ရာများတွင် ဦးခေါင်းခွံရိုး ကွဲခြင်းမရှိဘဲ အတွင်းရှိဦးနှောက်ကို ပြင်းထန်စွာ ထိခိုက်နိုင်သည်။ ချွန်ထက်သည့်ပစ္စည်းဖြင့် ထိခိုက်မိလျှင် ဦးရေပြားပြဲခြင်းကဲ့သို့ အပေါ်ယံဒဏ်ရာရသော်လည်း သွေးအလွန်ထွက်နိုင်သည်။ ဦးခေါင်းဒဏ်ရာ၏ ပြင်းထန်မှုကို သိနိုင်ရန် စမ်းသပ်စစ်ဆေးခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း လိုအပ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနသို့ အချိန်မီပြသရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဦးခေါင်းအား ပြင်းထန်သည့်အားတစ်ခုဖြင့် ရိုက်မိခြင်း၊ ချွန်ထက်ပြတ်ရှသည့်ပစ္စည်းဖြင့် ထိခိုက်မိခြင်းကြောင့် ဒဏ်ရာရနိုင်သည်။ ရိုက်ခတ်သည့် အားပြင်းထန်မှုနှင့် ထိခိုက်သည့် ဦးခေါင်းအစိတ်အပိုင်းပေါ် မူတည်၍ လက္ခဏာများ၏ ပြင်းထန်မှု ကွာခြားသည်။ ဦးခေါင်းဒဏ်ရာရရှိမှု အများဆုံးဖြစ်လေ့ရှိသော ထိခိုက်မှုများမှာ_

  • လဲကျခြင်း၊ ပြုတ်ကျခြင်း – ရပ်နေရာမှ ရုတ်တရက်လဲကျခြင်း (ဥပမာ – ရေချိုးခန်းအတွင်း ချော်လဲပြုတ်ကျခြင်း)၊ လှေကား သို့မဟုတ် ဝရန်တာကဲ့သို့ အမြင့်တစ်နေရာမှ ပြုတ်ကျခြင်းစသည်တို့တွင် အဖြစ်များသည်
  • ယာဥ်မတော်တဆဖြစ်ခြင်း – မော်တော်ဆိုင်ကယ်မှောက်ခြင်း၊ ကားတိုက်ခြင်း၊ ကားမှောက်ခြင်း
  • အားကစားနှင့်သက်ဆိုင်သော ဒဏ်ရာများ – လက်ဝှေ့၊ ဘောလုံး၊ ဂျူဒို၊ ဘေ့စ်ဘော၊ မြင်းစီး၊ ဟော်ကီ၊ စကိတ်စသည့် အားကစားနည်းများတွင် ပိုမိုဖြစ်ပွါးနိုင်သည်
  • အကြမ်းဖက်တိုက်ခိုက်မှုများ – ခိုက်ရန်ဖြစ်ပွါးခြင်း၊ ကလေးသူငယ်များကို အကြမ်းဖက်ခြင်း၊ သေနတ်ဒဏ်ရာများနှင့် ဗုံးကဲ့သို့ပေါက်ကွဲမှုများ
  • ကလေးငယ်၏ဦးခေါင်းကို အင်အားသုံး၍လှုပ်ခါခြင်း (Shaken Baby Syndrome) – အိမ်တွင်းအကြမ်းဖက်မှုတစ်မျိုးဖြစ်နိုင်သည်၊ ကလေးငယ်၏ လည်ပင်းသည် ခိုင်မာမှုမရှိသေးသည့်အတွက် ဦးခေါင်းကို ပြင်းထန်စွာလှုပ်ခါသည့်အခါ အတွင်းရှိ နူးညံ့သောဦးနှောက်သည် ရှေ့နောက်ရွေ့လျားပြီး သွေးကြောငယ်များ ပေါက်ပြဲနိုင်သည်

အောက်ပါအခြေအနေများတွင် ဦးခေါင်းဒဏ်ရာပြင်းထန်မှု ပိုမိုဆိုးရွားနိုင်သဖြင့် အထူးဂရုပြုရန် လိုအပ်သည်။

  • အသက် (၆၅) နှစ်အထက် လူကြီးနှင့် အသက် (၄) နှစ်အောက် ကလေးငယ်များ
  • အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲထားသူများ
  • သွေးရောဂါရှိသူများ သို့မဟုတ် သွေးကျဲဆေးသောက်နေသူများ
  • အတက်ရောဂါ၊ လေဖြတ်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ ရှိသူများ
  • နဖူးနှင့် နားထင်သို့ ပြင်းထန်စွာ ထိခိုက်မိသူများ
ရောဂါလက္ခဏာများ

ထိခိုက်ဒဏ်ရာ၏ ပြင်းထန်မှုပေါ်မူတည်၍ ဦးခေါင်းဒဏ်ရာ၏ ပြင်းထန်မှုများ ကွာခြားသည်။ အချို့ လက္ခဏာများသည် နာရီပိုင်း၊ ရက်ပိုင်းကြာမှ ပေါ်လာတတ်သည်။

ဦးခေါင်းဒဏ်ရာ၏ ပြင်းထန်မှုကို Glasgow Coma Scale (GCS) ခေါ် အသိစိတ်အခြေအနေ တိုင်းတာသည့်စနစ်ဖြင့် တိုင်းတာလေ့ရှိသည်။ GCS တွင် အောက်ပါစမ်းသပ်မှုများ ပါဝင်ပြီး လူနာ၏ တုံ့ပြန်မှုအတိုင်း အမြင့်ဆုံးရမှတ် (၁၅) ရှိသည်။

  1. မျက်စိဖွင့်ခြင်း – (၄) မှတ် [သဘာဝအတိုင်းဖွင့်ခြင်း (၄) မှ လုံးဝမဖွင့်ခြင်း (၁)]
  2. စကားပြန်ပြောခြင်း – (၅) မှတ် [သတိရှိပြီးမှန်မှန်မြန်မြန်ပြောခြင်း (၅) မှ လုံးဝမပြောခြင်း (၁)]
  3. လှုပ်ရှားမှုတုံ့ပြန်ခြင်း – (၆) မှတ် [ခိုင်းသည့်အတိုင်းလိုက်နာလှုပ်ရှားခြင်း (၆) မှ လုံးဝမလှုပ်ခြင်း (၁)]

စုစုပေါင်းရမှတ် (၃) မှ (၁၅) အထိရှိသည်။

  • GCS (၁၃) မှ (၁၅) ရှိလျှင် သာမန်အဆင့်ပြင်းထန်ခြင်း
  • GCS (၉) မှ (၁၂) အထိကို အတန်အသင့်ပြင်းထန်ခြင်းနှင့်
  • GCS ရမှတ် (၈) မှတ်အောက်ကို အလွန်ပြင်းထန်ခြင်းဟု သတ်မှတ်သည်။

မပြင်းထန်သည့် သာမန်အဆင့် ဦးခေါင်းဒဏ်ရာတွင် အောက်ပါလက္ခဏာများကိုတွေ့ရှိနိုင်ပြီး လက္ခဏာအများစုသည် နာရီပိုင်းအကြာ၌ သက်သာလာနိုင်သည်။

  • ဒဏ်ရာမှသွေးထွက်ခြင်း၊ နာကျင်ခြင်း
  • စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမျှ သတိလစ်ခြင်း
  • ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အန်ခြင်း
  • မျက်စိဝေဝါးခြင်း၊ နားအူခြင်း
  • အိပ်မပျော်ခြင်း သို့မဟုတ် ပုံမှန်ထက် ပို၍ အိပ်ခြင်း
  • စိတ်ကယောက်ကယက်ဖြစ်ခြင်း

အတန်အသင့် ပြင်းထန်ခြင်းနှင့် အလွန်ပြင်းထန်သည့် ဦးခေါင်းဒဏ်ရာများတွင် သာမန်လက္ခဏာများအပြင် အောက်ပါလက္ခဏာများကို တွေ့ရှိနိုင်သည်။ ယင်းတို့သည် အန္တရာယ်ရှိသော အခြေအနေများပင်ဖြစ်သည်။

  • မိနစ်ပိုင်း သို့မဟုတ် နာရီပိုင်းကြာသည်အထိ သတိလစ်ခြင်း
  • အသိစိတ်အဆင့် တဖြည်းဖြည်း လျော့ကျလာခြင်း၊ မှိန်းခြင်း၊ နှိုး၍မရခြင်း
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတဖြည်းဖြည်းပို၍ ဆိုးရွားလာခြင်း
  • မကြာခဏ ပျို့ခြင်း၊ အန်ခြင်း
  • တက်ခြင်း
  • နား၊ နှာခေါင်းမှ အရည်ကြည်များကျခြင်း
  • ခြေလက်များ အားပျော့ခြင်း၊ လှုပ်မရခြင်း၊ ထုံကျဥ်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း၊ ရုန်းကန်ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ စကားသံ ပလုံးပထွေးဖြစ်ခြင်း
  • မည်သည့်လှုံ့ဆော်မှုကိုမျှ တုံ့ပြန်နိုင်ခြင်းမရှိသည့် ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်း (Coma)

ကလေးငယ်များတွင်မူ ခံစားရသည့် လက္ခဏာများကို မပြောပြနိုင်သဖြင့် ဦးခေါင်းဒဏ်ရာရလျှင် အောက်ပါအခြေအနေများကို စောင့်ကြည့်ရမည်။

  • ပုံမှန်မဟုတ်ဘဲ ဆက်တိုက်ငိုခြင်း၊ စိတ်ဆိုးလွယ်ခြင်း
  • ပတ်ဝန်းကျင်အား အာရုံမစိုက်နိုင်ခြင်း၊ နှစ်သက်သည့် ကစားစရာ၊ ကစားနည်းများကို စိတ်မဝင်စားခြင်း
  • အပြုအမူပြောင်းလဲခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ချိန်များနေခြင်း၊ နှိုးရခက်ခြင်း၊ မှိန်းခြင်း
  • တက်ခြင်း
  • အကြိမ်များစွာအန်ခြင်း သို့မဟုတ် ခေါင်းထိပြီး နှစ်နာရီနောက်ပိုင်းဆက်အန်ခြင်း
  • လမ်းလျှောက်ရခက်ခြင်း သို့မဟုတ် လမ်းလျှောက်ပုံ ပုံမှန်မဟုတ်ခြင်း
  • ခြေလက်တစ်ဖက်ဖက် မလှုပ်နိုင် သို့မဟုတ် အားနည်းသွားခြင်း
  • စကားပြောပုံမှန်မဟုတ်ခြင်း၊ လေးလံခြင်း
နောက်ဆက်တွဲပြဿနာများ

ပြင်းထန်သည့်ဦးခေါင်းဒဏ်ရာကြောင့် အသက်သေဆုံးနိုင်သည့်အပြင် တစ်ခါတစ်ရံ အောက်ပါအရေးပေါ်နှင့် နာတာရှည်နောက်ဆက်တွဲပြဿနာများ ကြုံတွေ့နိုင်သည်။

  • သတိလစ်ခြင်း
    • သတိလစ်သည့်အခြေအနေသည် ကုသမှုအပြီး ပြန်လည်ကောင်းမွန်နိုင်သကဲ့သို့ ပိုမိုဆိုးရွားသည့် ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်း (Coma)၊ သိစိတ်လုံးဝမရှိတော့သည့် ရုပ်ပိုင်းဆိုင်ရာသာ အသက်ရှင်ကျန်ရှိမှု (Vegetative State)၊ ဦးနှောက်သေဆုံးသည့်အဆင့် (Brain Death) တို့ဖြစ်နိုင်သည်
  • အတက်ရောဂါ
    • ဦးခေါင်းဒဏ်ရာကုသမှုပြီးနောက်ပိုင်း နာတာရှည်မကြာခဏတက်ခြင်းမျိုး ဖြစ်နိုင်သည်
  • ခေါင်းကိုက်ခြင်း
    • နာတာရှည်ခေါင်းကိုက်ခြင်းကို လပေါင်းများစွာခံစားရနိုင်သည်
    • အချို့တွင် ခေါင်းအုံခြင်း၊ ချာချာလည်မူးဝေခြင်းများ ကာလကြာရှည်ခံစားရနိုင်သည်
  • ရောဂါပိုးဝင်ခြင်း
    • ပေါက်ပြဲသည့်ဒဏ်ရာများတွင် ဦးနှောက်တစ်ရှူး၊ ဦးနှောက်အမြှေးပါးသို့ ရောဂါပိုးများ ကူးစက်နိုင်သည်
  • ထိခိုက်သည့် ဦးနှောက်တစ်ရှူးအခြေအနေပေါ်မူတည်၍ မျက်နှာလှုပ်ရှားမှုများ ချွတ်ယွင်းခြင်း၊ ခြေလက်များ မသန်ခြင်း၊ အမြင်၊ အကြားအာရုံများထိခိုက်ခြင်း၊ အစာမျိုချရန် ခက်ခဲခြင်း၊ ဆီးနှင့်ဝမ်းထိန်းချုပ်ရန် ခက်ခဲခြင်း
  • မှတ်ဉာဏ်၊ သင်ယူမှု၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြောဆိုဆက်ဆံခြင်း၊ ဘာသာစကားဆိုင်ရာ အရေးနှင့် အပြောများ ခက်ခဲခြင်း
  • စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ စိတ်ခံစားမှုပြောင်းလဲခြင်း၊ အိပ်မပျော်ခြင်း၊ ထိခိုက်ဒဏ်ရာကြောင့် စိတ်ရောဂါဖြစ်ခြင်း၊ ပုံမှန်မဟုတ်သည့် အန္တရာယ်ရှိသော အပြုအမူများဖြစ်ခြင်း စသည်တို့ဖြစ်နိုင်သည်
    ဆေးရုံ၊ ဆေးခန်းပြသရန်

    ဦးခေါင်းဒဏ်ရာတွင် သာမန်ဒဏ်ရာ၊ အသင့်အတင့်ပြင်းထန်ဒဏ်ရာနှင့် အလွန်ပြင်းထန်ဒဏ်ရာဟူ၍ ပြင်းထန်မှုကို ခွဲခြားထားသော်လည်း ဒဏ်ရာပြင်းထန်မှုနှင့် လူနာ၏ အခြေခံကျန်းမာရေးအခြေအနေပေါ် မူတည်၍ တဖြည်းဖြည်း ဆိုးရွားလာနိုင်သည့်အတွက် ဦးခေါင်းဒဏ်ရာရရှိပြီးနောက် အထက်ပါလက္ခဏာများ ခံစားရလျှင် သို့မဟုတ် တွေ့ရှိလျှင် ဆေးရုံအရေးပေါ်ဌာနသို့ အချိန်မီ သွားရောက်ပြသရန် လိုအပ်သည်။

    အရေးပေါ်ဌာနတွင် ထိခိုက်ဒဏ်ရာရာဇဝင်ကို ဆရာဝန်များမှ မေးမြန်းသည့်အခါ အောက်ပါအချက်များကို တိကျစွာ ဖြေဆိုရန်လိုသည်။

    • ဒဏ်ရာရရှိသည့် အဖြစ်အပျက်
    • လူနာသတိလစ်ခဲ့ခြင်း ရှိမရှိ
    • သတိလစ်ခဲ့သည့် ကြာချိန်
    • အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်မှုရှိမရှိ

    အရေးပေါ်ဌာနတွင် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများကို ချက်ချင်းပြုလုပ်ပြီး အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှူလမ်းကြောင်းဖွင့်ခြင်း၊ ရှော့ခ်ဖြစ်ခြင်းအား ကုသခြင်း၊ သွေးတိတ်အောင်ပြုလုပ်ခြင်း၊ ဦးနှောက်ထပ်မံထိခိုက်ခြင်း မရှိစေရန် ကုသခြင်း၊ ပူးတွဲပါရှိသည့် အခြားဒဏ်ရာများအား ကုသခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ပေးမည်။

    သာမန်ထိခိုက်ဒဏ်ရာများအတွက်မူ အပေါ်ယံဒဏ်ရာအား ချုပ်ခြင်း၊ ဆေးထည့်ခြင်း၊ နာကျင်မှု သက်သာစေရန် ဆေးပေးခြင်း၊ နာရီပိုင်းမျှ စောင့်ကြည့်ကုသခြင်းများ ပြုလုပ်သည်။ ပြင်းထန်သည့်လက္ခဏာများ ပေါ်ပေါက်ပါက အရေးပေါ်သို့ ချက်ချင်းပြန်လာရန် ရှင်းပြပြီး နောက်ဆက်တွဲပြဿနာများမရှိလျှင် ဆေးရုံပြန်ဆင်းခွင့်ပေးသည်။

    အသင့်အတင့်ပြင်းထန်ခြင်းနှင့် အလွန်ပြင်းထန်သည့် ဒဏ်ရာများအတွက် ဦးခေါင်းခွံအတွင်းရှိ ဦးနှောက်နှင့် သွေးကြောများ ထိခိုက်ခြင်းကို တိကျစွာသိရှိနိုင်ရန် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်သည်။

    • ဦးခေါင်းဓာတ်မှန်ရိုက်ခြင်း (Skull X-ray)
      • ဦးခေါင်းခွံရိုးကျိုးပဲ့ခြင်းကို သိရှိရန် ယခင်က ရိုးရိုးဓာတ်မှန်ကို အသုံးပြုခဲ့ကြသော်လည်း ကွန်ပျူတာဓာတ်မှန်ပေါ်လာပြီးနောက်ပိုင်းတွင် အသုံးပြုမှု လျော့နည်းသွားသည်
    • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
      • အရေးပေါ်ကုသမှုတွင် ဦးခေါင်းအား ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းသည် အရေးပါသည့် စမ်းသပ်မှုတစ်ခုဖြစ်သည်
      • ကွန်ပျူတာဓာတ်မှန်ဖြင့် ဦးခေါင်းခွံရိုးကျိုးခြင်း (Skull Fractures)၊ ဦးနှောက်တွင်းသွေးထွက်ခြင်း (Hemorrhage)၊ သွေးခြည်ဥခြင်း (Hematoma)၊ ဦးနှောက်တစ်ရှူးများ စုတ်ပြဲခြင်း (Brain laceration)၊ ဦးနှောက်တွင်း ဖောရောင်ခြင်း (Cerebral edema) တို့ကို သိရှိနိုင်သည်
    • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
      • သံလိုက်ဓာတ်မှန်သည် ဦးနှောက်နှင့်သွေးကြောများ ထိခိုက်မှုကို ကွန်ပျူတာဓာတ်မှန်ထက် ပိုမိုထင်ရှားစွာ သိရှိနိုင်သော်လည်း လူနာအသက်အန္တရာယ်ရှိသည့် အသည်းအသန်အခြေအနေတွင် ရိုက်ရန်မဖြစ်နိုင်ပေ
      • လူနာတည်ငြိမ်မှုရှိပြီးချိန် သို့မဟုတ် ကုသမှုဖြင့် တိုးတက်ခြင်းမရှိသည့်အခြေအနေများတွင် အသုံးပြုလေ့ရှိသည်
    • ဦးခေါင်းခွံအတွင်းဖိအားတိုင်းတာခြင်း (Intra-cranial pressure measurement)
      • ဦးခေါင်းခွံသည် မာကျောသည့် အခွံတစ်ခုဖြစ်သောကြောင့် အတွင်းရှိ ဦးနှောက်တစ်ရှူးရောင်ရမ်းလာခြင်း၊ သွေးထွက်များခြင်းဖြစ်သည့်အခါ အတွင်းဖိအား မြင့်တက်လာသည်
      • ဆရာဝန်များမှ လိုအပ်လျှင် အတွင်းဖိအားတိုင်းတာသည့် ကိရိယာကို ဦးခေါင်းခွံအားဖောက်၍ ထည့်သွင်းတိုင်းတာနိုင်သည်
    • သွေးစစ်ဆေးခြင်းဖြင့် ဦးနှောက်ထိခိုက်မှုကို ရှာဖွေခြင်း (Blood Biomarkers)
      • ဆေးပညာတိုးတက်မှုများအရ ဦးခေါင်းဒဏ်ရာရပြီးနောက် (၁၂) နာရီအတွင်း သွေးစစ်ခြင်းဖြင့် ဦးနှောက်အတွင်း ပြင်းထန်သော ထိခိုက်မှု ရှိမရှိကို ခန့်မှန်းနိုင်ရန် အသုံးပြုလာသည်
      • ၎င်းသည် ဦးနှောက်ဆဲလ်များ ထိခိုက်ပျက်စီးချိန်တွင် ထွက်လာသည့် ပရိုတင်းဓာတ်များ (Ubiquitin C-terminal hydrolase-L1 (UCH-L1) and Glial fibrillary acidic protein (GFAP) ကို တိုင်းတာခြင်းဖြစ်ပြီး၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ရန် လိုမလို ဆုံးဖြတ်ရာတွင် ဆရာဝန်များအတွက် အထောက်အကူပြုသည်
      • အထူးသဖြင့် ကလေးငယ်များတွင် မလိုအပ်ဘဲ ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုကို လျှော့ချပေးနိုင်သည့် နည်းပညာဖြစ်သည်
    ကုသခြင်း
    ဆေးဝါးဖြင့်ကုသခြင်း

    အရေးပေါ်ဌာနတွင် ကုသမှုများသည် လူနာ၏ဦးနှောက်အား ထပ်မံထိခိုက်မှုမရှိစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

    • ဦးခေါင်းခွံအတွင်းဖိအားမြင့်တက်ခြင်းကို လျှော့ချရန် ဆီးဆေးတစ်မျိုး (Mannitol) ကို သွေးပြန်ကြောမှ သွင်း၍ကုသသည်
    • မကြာခဏတက်ခြင်းသည် ဦးနှောက်အား ပိုမိုဒဏ်ပိစေသဖြင့် အတက်ကျဆေးများဖြင့် ကုသရန်လိုသည်
    • ဦးနှောက်ထိခိုက်ချိန်တွင် ဦးနှောက်၏လုပ်ငန်းများကို လျှော့ချနိုင်ရန် အိပ်ဆေး၊ မေ့ဆေးများကို အသုံးပြု၍ ဦးနှောက်အား အနားပေးခြင်း ပြုလုပ်သည်
    • ဦးနှောက်အတွက် အရေးကြီးသည့် အောက်ဆီဂျင်၊ သကြားဓာတ်ရရှိနိုင်ရန် သွေးပေါင်ချိန်ထိန်းညှိခြင်း၊ သကြားဓာတ်ထိန်းညှိခြင်း၊ အောက်ဆီဂျင်ပေးခြင်းများကိုလည်း ပြုလုပ်သည်

    သွေးယိုစိမ့်မှုကို ထိန်းချုပ်ခြင်း (Tranexamic Acid – TXA)
    ပြင်းထန်သော ဦးခေါင်းဒဏ်ရာရပြီးနောက် ဦးနှောက်အတွင်း သွေးယိုစိမ့်မှု ပိုမိုမကြီးထွားလာစေရန် Tranexamic Acid ဆေးကို ဒဏ်ရာရပြီး (၃) နာရီအတွင်း စောစီးစွာ အသုံးပြုခြင်းဖြင့် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်သည်။

    ဦးနှောက်အတွင်း အပူချိန်လျှော့ချခြင်း (Therapeutic Hypothermia)
    အချို့သော ပြင်းထန်လူနာများတွင် ဦးနှောက်ဆဲလ်များ ထပ်မံပျက်စီးမှုကို ကာကွယ်ရန် ခန္ဓာကိုယ်အပူချိန်ကို အနည်းငယ်လျှော့ချ၍ ကုသသည့် နည်းလမ်းများကို အသုံးပြုလေ့ရှိသည်။

    ခွဲစိတ်ကုသခြင်း

    ဦးခေါင်းဒဏ်ရာကို အရေးပေါ်ခွဲစိတ်ရန် လိုအပ်နိုင်သည်။ အောက်ပါအခြေအနေများတွင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုဆရာဝန်များမှ အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ကြသည်။

    • ဦးနှောက်အပြင် သို့မဟုတ် အတွင်း၌ သွေးခဲခြင်း သို့မဟုတ် သွေးထွက်နေခြင်း
    • ဦးခေါင်းအတွင်း ဖိအားဆက်တိုက်တက်နေခြင်း
    • ဦးခေါင်းခွံရိုးကျိုးခြင်း
    ပြန်လည်ထူထောင်ရေးကုသမှုများ

    ပြင်းထန်သည့် ဦးခေါင်းဒဏ်ရာလူနာအများစုတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ၊ ပြန်လည်ထူထောင်ရေးကုသမှုများ လိုအပ်နိုင်သည်။ ပြန်လည်ထူထောင်ရေးကုသမှုများသည် ဆေးရုံတွင် ကုသနေချိန်မှ စတင်ပြီး ဆေးရုံဆင်းပြီးချိန်နောက်ပိုင်း ကာလအတော်ကြာသည်အထိ ပြုလုပ်ရန်လိုသည်။ ကိုယ်ကာယလေ့ကျင့်ခန်းပညာရှင်၊ စကားပြောနှင့် ဘာသာစကားကုထုံးပညာရှင်၊ နေ့စဉ်လှုပ်ရှားမှု စွမ်းရည်ကုထုံးပညာရှင်၊ စိတ်ပညာကုထုံးပညာရှင်များဖြင့် အချိန်ယူကုသရန် လိုအပ်နိုင်သည်။

    ကာကွယ်ခြင်း

    ထိခိုက်ဒဏ်ရာရခြင်းကို အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

    • ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း – အသက်ကယ်ခါးပတ်ပတ်ခြင်း၊ ဆိုင်ကယ်၊ စက်ဘီး၊ စကိတ်စီးသည့်အခါ အကာအကွယ်ဦးထုပ်ဆောင်းခြင်း
    • လုပ်ငန်းခွင်စည်းကမ်းများ လိုက်နာခြင်း
    • အားကစားပြုလုပ်ရာတွင် သတ်မှတ်သည့် စည်းမျဥ်းနှင့် ကာကွယ်ရေးပစ္စည်းများကို စနစ်တကျအသုံးပြုခြင်း
    • အရက်၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှောင်ရှားခြင်း
    • သက်ကြီးရွယ်အိုများအတွက် လဲကျမှုမှကာကွယ်ရန် ရေချိုးခန်း၊ မီးဖိုခန်းတွင် ချော်မလဲနိုင်သည့် ကြမ်းခင်းများ ထားရှိခြင်း၊ လှေကားလက်ကိုင်တန်းများ ပြုလုပ်ခြင်း၊ ကြမ်းပြင်တွင် ခလုတ်တိုက်လဲနိုင်သည့် ပစ္စည်းများကိုဖယ်ရှားခြင်း၊ အလင်းရောင်ကောင်းကောင်း ဝင်စေရန် စီမံခြင်း
    • ကလေးများအတွက် လှေကား၊ ပြတင်းပေါက်နှင့် အန္တရာယ်ရှိသည့်နေရာတိုင်းတွင် အကာအကွယ်များထားခြင်း၊ ကစားကွင်းတွင် ထိခိုက်မှုနည်းစေမည့် ပျော့အိသော အခင်းအကာများ ပြုလုပ်ပေးခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

    References:

    1. Mayo Clinic. (2021). Traumatic brain injury: Symptoms and causes. Retrieved March 25, 2026, from https://www.mayoclinic.org/diseases-conditions/traumatic-brain-injury/symptoms-causes/syc-20378557
    2. Mayo Clinic. (n.d.). Craniotomy. Retrieved March 25, 2026, from https://www.mayoclinic.org/tests-procedures/craniotomy/about/pac-20568981
    3. Cleveland Clinic. (2023). Head injury. Retrieved March 25, 2026, from https://my.clevelandclinic.org/health/diseases/head-injury
    4. Cleveland Clinic. (2023). Skull fracture. Retrieved March 25, 2026, from https://my.clevelandclinic.org/health/diseases/skull-fracture
    5. U.S. Food and Drug Administration. (2018). FDA allows marketing of first blood test to aid in the evaluation of concussion in adults. Retrieved March 25, 2026, from https://www.fda.gov/news-events/press-announcements/fda-allows-marketing-first-blood-test-aid-evaluation-concussion-adults
    6. Bazarian, J. J., et al. (2018). Evaluation of GFAP and UCH-L1 for diagnosing traumatic brain injury. The Lancet Neurology, 17(9), 782–789. https://pubmed.ncbi.nlm.nih.gov/31623894/
    7. Papa, L., et al. (2016). Serum levels of UCH-L1 and GFAP in mild and moderate traumatic brain injury. JAMA Neurology, 73(5), 551–560. https://pubmed.ncbi.nlm.nih.gov/27941370/

    Published: 31 March 2025

    Last updated: 18 April 2026

    Share

    Category

    26 March 2026
    Medically reviewed:

    Terms of use:
    ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
    သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

    Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.