Spinal Injury (ကျောရိုးထိခိုက်ဒဏ်ရာရခြင်း)

CLL Health Emergency

ကျောရိုးထိခိုက်ဒဏ်ရာရခြင်းတွင် အာရုံကြောမကြီး (Spinal Cord) နှင့် ၎င်းကိုဝန်းရံထားသော ကျောရိုးများ (Vertebrae) ထိခိုက်ဒဏ်ရာရခြင်းတို့ ပါဝင်သည်။ ကျောရိုးထိခိုက်ဒဏ်ရာရပါက နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပေါ်နိုင်သဖြင့် ရှေးဦးသူနာပြုစုခြင်းမှာ အဓိကကျသည်။ အာရုံကြောမကြီးသည် ဦးနှောက်နှင့် ခန္ဓာကိုယ်ကြား အရေးကြီးသည့် အချက်အလက်များကို သယ်ဆောင်ပေးသဖြင့် အာရုံကြောမကြီး ထိခိုက်ဒဏ်ရာရသောအခါ ထိခိုက်သည့် အာရုံကြော၏ အောက်ဘက်ပိုင်းရှိ အာရုံကြောလုပ်ငန်းများ ရပ်ဆိုင်းသွားသည်။

ကျောရိုးထိခိုက်ဒဏ်ရာရခြင်းကို ကျောရိုးဒဏ်ရာဖြစ်ပွါးသည့်နေရာနှင့် အာရုံကြောထိခိုက်မှု လက္ခဏာများပေါ် မူတည်၍ အမျိုးအစားခွဲနိုင်သည်။ ကျောရိုးဒဏ်ရာ ဖြစ်ပွါးသည့်နေရာပေါ် မူတည်၍

  • လည်ပင်းကျောရိုးဒဏ်ရာ (Cervical spine)
  • ရင်ဘတ်ပိုင်းကျောရိုးဒဏ်ရာ (Thoracic spine)
  • ခါးပိုင်းကျောရိုးဒဏ်ရာ (Lumbar spine)
  • တင်ပါးဆုံပိုင်းကျောရိုးဒဏ်ရာ (Sacrum) ဟူ၍ ခွဲခြားနိုင်သည်။ အဆိုပါ ကျောရိုးဒဏ်ရာများတွင် လည်ပင်းကျောရိုးထိခိုက်ဒဏ်ရာသည် အသက်အန္တရာယ်အရှိဆုံးဖြစ်သည်။

အာရုံကြောထိခိုက်မှု လက္ခဏာများပေါ်မူတည်၍

  • အာရုံကြောမကြီး အလုံးစုံထိခိုက်ခြင်း (Complete spinal cord injury)
    ထိခိုက်ဒဏ်ရာရသည့်နေရာ၏ အောက်ပိုင်း၌ ခံစားသိရှိမှုမရခြင်းနှင့် ကြွက်သားလှုပ်ရှားမှု လုံးဝပြုလုပ်၍ မရခြင်းဖြစ်သည်။
  • အာရုံကြောမကြီး တစ်စိတ်တစ်ပိုင်း ထိခိုက်ခြင်း(Incomplete spinal cord injury)
    ထိခိုက်ဒဏ်ရာရသည့်နေရာ၏ အောက်ပိုင်း၌ ခံစားသိရှိမှုနှင့် ကြွက်သားလှုပ်ရှားမှု အချို့ကျန်ရှိနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  • ယာဥ်အန္တရာယ် မတော်တဆဖြစ်ခြင်း
  • လဲကျခြင်း၊ အမြင့်မှပြုတ်ကျခြင်း
  • အားကစားလှုပ်ရှားမှုများမှ ထိခိုက်ဒဏ်ရာရခြင်း
  • အကြမ်းဖက်ခြင်း၊ ခိုက်ရန်ဖြစ်ပွါးခြင်း (သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများ)
  • လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခြင်း
ဖြစ်ပွါးနိုင်ခြေများသူများ

အောက်ပါအခြေအနေများတွင် ကျောရိုးထိခိုက်ဒဏ်ရာ ဖြစ်နိုင်ခြေများသည်ကို တွေ့ရသည်။

  • အသက်အရွယ်ငယ်သူများ (၁၆ – ၃၀နှစ်) _ လမ်းမတော်တဆမှုများ၊ အားကစားလှုပ်ရှားမှုများ၊ အန္တရာယ်ဖြစ်စေသော အပြုအမူများ ပြုလုပ်ခြင်းကြောင့် ဖြစ်ပွါးသည်
  • အသက်ကြီးသူများ (၆၅နှစ် အထက်) _ ကိုယ်ခန္ဓာထိန်းညှိနိုင်မှု အားနည်းခြင်းနှင့် အရိုးပွရောဂါများရှိခြင်းကြောင့် ဖြစ်ပွါးသည်
  • ကာယအသုံးပြုအလုပ်များ ပိုမိုလုပ်သည့် အမျိုးသားများတွင် ပိုမိုဖြစ်ပွါးသည် (ဆောက်လုပ်ရေးလုပ်ငန်း၊ အမြင့်တက်ရသည့်လုပ်ငန်း၊ လေးလံသည့်ပစ္စည်းများ မ ရသည့် လုပ်ငန်းခွင်များ)
ရောဂါလက္ခဏာများ

ကျောရိုးထိခိုက်ဒဏ်ရာ ဖြစ်ပွါးသည့်နေရာပေါ် မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။ ဖြစ်ပွါးသည့်နေရာ၌ နာကျင်ခြင်း၊ ထိုနေရာပေါ်သို့ ဖိကြည့်ပါက ပိုမိုနာကျင်ခြင်းတို့ကိုခံစားရနိုင်သည်။ အရေးကြီးလက္ခဏာများ (Red flags) မှာ_

  • ခြေထောက်၊ လက်တို့တွင် ထုံကျဉ်ခြင်း၊ ခံစားမှုမသိရှိခြင်း
  • ကြွက်သားအားနည်းခြင်း သို့မဟုတ် လုံးဝလှုပ်မရခြင်း
  • ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ကျောရိုးအနေအထား ပုံစံပျက်ယွင်းနေခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

ကျောရိုးထိခိုက်ဒဏ်ရာရခြင်းသည် ကျောရိုးပြဿနာတစ်ခုတည်း မဟုတ်ဘဲ အခြားကိုယ်အစိတ်အပိုင်းများလည်း တစ်ပြိုင်တည်း ထိခိုက်နိုင်သည်။ ကျောရိုးထိခိုက်ခြင်း ပြင်းထန်မှုနှင့် အချိန်မီကုသနိုင်မှုအပေါ် မူတည်၍ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ခံစားရနိုင်သည်။ သို့သော်လည်း စနစ်တကျ ပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် လူနာ၏ လူမှုဘဝအရည်အသွေးများ တိုးတက်ကောင်းမွန်စေနိုင်ပြီး နောက်ဆက်တွဲပြဿနာများ လျော့ပါးနိုင်သည်။ ကျောရိုးနှင့်အာရုံကြော ထိခိုက်ဒဏ်ရာရသူများတွင် အောက်ပါ နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။

  • ထုံကျဉ်ခြင်း၊ ခြေလက်ကြွက်သားများ အားနည်းခြင်း၊ လှုပ်မရခြင်းတို့ကြောင့် သွားလာလှုပ်ရှားမှု အခက်အခဲရှိခြင်း
  • ဆီး၊ ဝမ်း ပုံမှန်မသွားနိုင်ခြင်း၊ မထိန်းနိုင်ခြင်းတို့ကြောင့် ပြုစုစောင့်ရှောက်ရမှု ခက်ခဲခြင်း၊ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်းပြဿနာများ ကြုံတွေ့နိုင်ခြင်း
  • လှုပ်ရှားမှုမရှိဘဲ အချိန်အတော်ကြာ လှဲလျောင်းနေသူများတွင် အရေပြားနာများ၊ အိပ်ရာပူနာများ ဖြစ်နိုင်ခြင်း၊ အိပ်ရာပူနာတွင် ပိုးဝင်၍ ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
  • လည်ပင်းရိုး ထိခိုက်ဒဏ်ရာရခြင်းတွင် အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်သည့် ကြွက်သားများ ကောင်းစွာအလုပ်မလုပ်သဖြင့် အဆုတ်ထိခိုက်ခြင်း (ဥပမာ _ အဆုတ်ရောင်ခြင်း)
  • အထိုင်အထတွင် ရုတ်တရက် သွေးပေါင်ချိန်ကျခြင်း
  • လှုပ်ရှားမှုနည်းပါးခြင်းကြောင့် ခြေထောက်သွေးပြန်ကြောများ၌ သွေးခဲခြင်း၊ သွေးခဲများ အဆုတ်သို့ ရွေ့လျားပိတ်ဆို့ခြင်းကြောင့် အသက်အန္တရာယ်ရှိခြင်း
  • စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးကိစ္စများကို ဆန္ဒရှိသလို မလုပ်ဆောင်နိုင်သောကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ကျောရိုးထိခိုက်ဒဏ်ရာရခြင်းသည် ပြင်းထန်လျှင် အသက်အန္တရာယ်ရှိနိုင်သဖြင့် ကုသမှုနှောင့်နှေးပါက ခြေ၊ လက်ကြွက်သားများ မလှုပ်ရှားနိုင်ခြင်း၊ အာရုံကြောထိခိုက်ပျက်စီးခြင်းမှ အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ ထို့ကြောင့် ကျောရိုးထိခိုက်ဒဏ်ရာရသည်ဟု သံသယရှိသောလူနာအား အနီးစပ်ဆုံး ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပို့ဆောင်ကာ ကုသမှုခံယူရမည်။

အရေးပေါ်ပြုစုကုသခြင်း
  • အခင်းဖြစ်ပွါးသည့်နေရာတွင် လောလောဆယ်ဖြစ်ပေါ်နိုင်သည့် အန္တရာယ် (မီးဘေးအန္တရာယ်၊ အဆောက်အအုံ ပြိုကျမည့်အန္တရာယ်) မရှိပါက လူနာကိုရွှေ့ပြောင်းခြင်း မပြုလုပ်ရ
  • အရေးပေါ်လူနာတင်ယာဉ်ကို ဆက်သွယ်ခေါ်ယူပါ
  • လူနာကို ငြိမ်သက်စွာနေစေရန် ပြောပါ
  • လူနာတွင် အခြားဒဏ်ရာများ ရှိမရှိ စစ်ဆေးပါ၊ အသက်မရှူနိုင်လျှင် အသက်ရှူမှု အားကူရမည်၊ သွေးထွက်သည့် ဒဏ်ရာရှိလျှင် သွေးတိတ်အောင် ပြုလုပ်ရမည်
  • လူနာအား ရွှေ့ပြောင်းရာတွင် ကျောရိုးအား ကွေးကောက်၍ သယ်မခြင်း မပြုလုပ်ရ၊ ဦးခေါင်း၊ လည်ပင်း၊ ခန္ဓာကိုယ်အား မျဉ်းဖြောင့် ပုံသဏ္ဌာန်ဖြင့် တစ်ပြိုင်တည်း သယ်မပါ၊ လူနာ၏ ကျောအောက်တွင် မာကျောသည့် ဘုတ်ပြား (သစ်သားပြား၊ သံပြား၊ ကျောရိုးထိန်းဘုတ်ပြားဖြင့် သယ်ဆောင်ရမည်)
  • လည်ပင်းကျောရိုးဆစ်များ နာကျင်ခြင်း၊ လည်ပင်းထိခိုက်ဒဏ်ရာရသည်ဟု သံသယရှိခြင်း၊ လူနာသတိလစ်နေခြင်းများတွင် ဦးခေါင်းနှင့် လည်ပင်းကို လှုပ်ရှားမှုမရှိစေရန် လက်ဖြင့်ထိန်းချုပ်ခြင်း၊ အခုအခံဖြင့် ထိန်းခြင်း၊ လည်ပင်းထိန်း ကော်လာတပ်ခြင်း (Cervical collar) များပြုလုပ်ပေးရမည်၊ ဆေးရုံသို့ သယ်ဆောင်ရာတွင် ကျောရိုးအား ထပ်မံထိခိုက်မှုမရှိအောင် သတိထားရမည်
ဆေးရုံအရေးပေါ်ဌာနတွင် ကုသခြင်း

ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရခြင်းများတွင် ကျောရိုးဒဏ်ရာအပြင် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများတွင်ပါ အသက်အန္တရာယ်ရှိသည့်ဒဏ်ရာများ ပူးတွဲဖြစ်နိုင်သဖြင့် အသက်ရှူလမ်းကြောင်းဖွင့်ခြင်း၊ အသက်ရှူအားကူခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ ရှော့ခ်ဖြစ်ခြင်းကို ကုသခြင်း၊ သွေးတိတ်အောင်ပြုလုပ်ခြင်း၊ နာကျင်မှုသက်သာစေခြင်း၊ လည်ပင်းကျောရိုးအပါအဝင် ဒဏ်ရာရသည့်ကျောရိုးကို လှုပ်ရှားမှုမရှိစေရန် ထိန်းချုပ်ခြင်း၊ လိုအပ်လျှင် အာရုံကြောထိခိုက်မှုအတွက် စတီးရွိုက်ဆေးထိုးခြင်းများ ပြုလုပ်ပေးသည်။

ထို့နောက် ရောဂါရာဇဝင်မေးမြန်းခြင်း၊ အာရုံကြောထိခိုက်မှု အခြေအနေကို အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းနှင့် ကျောရိုးနှင့်အာရုံကြော ပျက်စီးမှုကို တိကျစွာသိနိုင်ရန် အောက်ပါစစ်ဆေးမှုများ လိုအပ်နိုင်သည်။

ရောဂါရှာဖွေခြင်း
  • ဓာတ်မှန်ရိုက်ခြင်း (X-ray) _ ကျောရိုးပုံသဏ္ဌာန်အနေအထား၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းတို့ကို တွေ့နိုင်သည်
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan) _ ကျောရိုးထိခိုက် ပျက်စီးမှုအခြေအနေကို ရှုထောင့်အမျိုးမျိုးမှ ကြည့်ရှုနိုင်သဖြင့် ဓာတ်မှန်ဖြင့်မတွေ့ရှိနိုင်သော အရိုးထိခိုက်မှုများကို တွေ့နိုင်သည်
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) _ အရိုးထိခိုက်ပျက်စီးမှုအပြင် အာရုံကြောမကြီး၊ အာရုံကြောများ၊ ကြွက်သားနှင့် ကျောရိုးနှစ်ခုကြားရှိ အရိုးနုပြားထိခိုက်မှုကို သိရှိနိုင်သည်
  • အာရုံကြော လှုံ့‌ဆော်စမ်းသပ်ခြင်း (Nerve conduction studies)
    • စမ်းသပ်စစ်ဆေးမည့် အာရုံကြောနှင့် ထိုအာရုံကြောမှ ထောက်ပံ့ပေးထားသော ကြွက်သားများအပေါ်တွင် လျှပ်ကူးပြား (electrodes) များ တပ်ဆင်ပေးထားပြီး အလွန်တိုတောင်းသော လျှပ်စစ်လှိုင်းကို ပို့လွှတ်လိုက်သည်
    • အာရုံကြောများမှ အချက်ပြမှုကို စနစ်တကျနှင့် ပုံမှန်အမြန်နှုန်းအတိုင်း ထုတ်လွှတ်နိုင်ခြင်း ရှိမရှိပေါ်မူတည်ပြီး အာရုံကြောများ ထိခိုက်ပျက်စီးခြင်း ရှိမရှိကို သိရှိနိုင်သည်
  • လျှပ်စစ်ဖြင့် ကြွက်သားစစ်ဆေးခြင်း (ELectromyography)
    • လျှပ်ကူးပြားတပ်ထားသော အပ်ချောင်းကို ကြွက်သားအတွင်းသို့ ထိုးသွင်း၍ စက်မှ ကြွက်သားများ အနားယူနေချိန်နှင့် ကြွက်သားညှစ်ထားချိန်တို့တွင် လျှပ်စစ်လှုပ်ရှားမှုစွမ်းရည်ကို မှတ်တမ်းတင်ထားသည်
    • ထိုစစ်ဆေးမှုကို အာရုံကြော လှုံ့ဆော်စမ်းသပ်ခြင်းနှင့်အတူ တွဲ၍ပြုလုပ်လေ့ရှိပြီး အာရုံကြောများနှင့် ကြွက်သားများ ထိခိုက်ပျက်စီးမှုကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူပြုသည်
ကုသခြင်း

ကျောရိုးထိခိုက်ဒဏ်ရာကုသမှုကို ထိခိုက်မှုခံစားရသည့်ပုံစံ၊ ပြင်းထန်မှုနှင့် ဖြစ်ပွါးသည့်နေရာပေါ် မူတည်၍ ကုသသည်။

မခွဲစိတ်ဘဲကုသသည့်နည်းလမ်း
  • ကျောရိုးထိခိုက်ဒဏ်ရာရမှုသည် မပြင်းထန်ပါက လည်ပင်းအထိန်း (Cervical collar)၊ ကျောရိုးနှင့် ခါးရိုးအထိန်းများ (Thoracolumbosacral orthosis) ဝတ်ဆင်၍ ကုသနိုင်သည်
  • နာကျင်မှုသက်သာသည်အထိ အိပ်ရာပေါ်အနားယူရန် လိုအပ်သည်
  • နာကျင်မှုသက်သာစေသည့် အကိုက်အခဲပျောက်ဆေးများနှင့် ကြွက်သားပျော့ဆေးများဖြင့် ကုသသည်
  • နောက်ဆက်တွဲပြဿနာများ မဖြစ်ပွါးစေရန်
    • အိပ်ရာပူနာ မဖြစ်စေသော မွေ့ရာများသုံးခြင်း၊ လူနာကို နေရာအလှည့်အပြောင်း မကြာခဏပြုလုပ်ပေးခြင်း
    • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မဖြစ်စေရန် ဆီးပိုက်ကို စနစ်တကျဂရုစိုက်ခြင်း
    • သွေးပြန်ကြောသွေးခဲခြင်းများ မဖြစ်ပေါ်ရန် သွေးကျဲဆေးများ၊ ကြွက်သားညှစ်အားသုံး ကိရိယာများဖြင့် ကုသခြင်း စသည်တို့ဖြင့် ကုသမှုပေးသည်
ခွဲစိတ်ကုသသည့်နည်းလမ်း

အောက်ပါအခြေအနေများတွင် ခွဲစိတ်ကုသသည့်နည်းလမ်းကို အသုံးပြုသည်။

  • အာရုံကြောမကြီး ပိမိနေခြင်း
  • အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းကြောင့် ကျောရိုးမတည်ငြိမ်ခြင်း
  • အာရုံကြောထိခိုက်မှု လက္ခဏာများ ပိုဆိုးလာခြင်း

ကျောရိုးတစ်ခုနှင့်တစ်ခု ပူးဆက်စေရန် ခွဲစိတ်ခြင်း (Spinal fusion)၊ အာရုံကြောမကြီးကို ပိမိနေသည့်အရာများကို ခွဲစိတ်ဖယ်ရှားခြင်း (Decompression and laminectomy)၊ ကျောရိုးတည်ငြိမ်စေရန် စတီးချောင်း၊ ဝက်အူတို့ဖြင့် ခွဲစိတ်တပ်ဆင်ခြင်း (Internal fixation with rod and screws) တို့သည် ခွဲစိတ်ကုသသည့် နည်းလမ်းများဖြစ်သည်။

ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းဖြင့်ကုသသည့် နည်းလမ်း

ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ဆေးရုံစတက်စဉ်ကတည်းက ပြုလုပ်ရမည်။ ကြွက်သားအားနည်းမှု မဖြစ်စေရန်၊ လှုပ်ရှားသွားလာမှု ကောင်းမွန်စေရန်၊ နေ့စဉ်လူမှုကိစ္စ ဆောင်ရွက်မှုများ အဆင်ပြေစေရန်၊ ဆီးဝမ်း ပုံမှန်ထိန်းချုပ်နိုင်ရန်၊ စိတ်ကျန်းမာရေးတိုးတက်မှုကို အထောက်အပံ့ဖြစ်ရန်နှင့် အထောက်အကူပစ္စည်းများ ဖြစ်သော ဘီးတပ်ကုလားထိုင်၊ လမ်းလျှောက်တုတ်တို့ ကောင်းမွန်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်ပေးသည်။

ကာကွယ်ခြင်း

ကျောရိုးထိခိုက်ဒဏ်ရာများသည် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်သောကြောင့် ထိခိုက်ဒဏ်ရာ မရရှိစေရန် ကာကွယ်ခြင်းသည် အရေးကြီးသည်။

  • ယာဉ်စည်းကမ်းများ လိုက်နာခြင်း
  • အားကစားလှုပ်ရှားမှုများတွင် နည်းစနစ်မှန်ကန်စွာ ကစားခြင်း
  • လုပ်ငန်းခွင်ဆိုင်ရာ လုံခြုံရေးစည်းကမ်းများကို စနစ်တကျလိုက်နာခြင်း
  • ကျောရိုးထိန်းကြွက်သားများ သန်မာစေရန် ကိုယ်ဟန်အနေအထား ထိန်းသိမ်းခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်း
  • ကလေးနှင့်ဆယ်ကျော်သက်များအား အန္တရာယ်ရှိသော အပြုအမူများ ရှောင်ကြဉ်စေခြင်းတို့သည် ကျောရိုးထိခိုက်ဒဏ်ရာမရစေရန် ကာကွယ်နည်းများဖြစ်သည်

References:

  1. Cleveland Clinic. (2023). Spinal cord injury. Retrieved March 25, 2026, from https://my.clevelandclinic.org/health/diseases/12098-spinal-cord-injury
  2. Mayo Clinic. (n.d.). Spinal injury: First aid. Retrieved March 25, 2026, from https://www.mayoclinic.org/first-aid/first-aid-spinal-injury/basics/art-20056677
  3. Mayo Clinic. (2024). Spinal cord injury: Symptoms and causes. Retrieved March 25, 2026, from https://www.mayoclinic.org/diseases-conditions/spinal-cord-injury/symptoms-causes/syc-20377890

Published: 29 March 2025

Last updated: 18 April 2026

Share

Category

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.