ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း၊ နာတာရှည်ရောဂါများကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ်ပြောင်းလဲမှုများ၊ ဆေးဝါးနှင့်မူးယစ်ဆေးများ၊ ရောဂါပိုးကူးစက်ခြင်းများ စသည်တို့ကြောင့် ဦးနှောက်၏လုပ်ငန်းများ ထိခိုက်သဖြင့် အသိစိတ်နှင့်အပြုအမူ ပြောင်းလဲခြင်း အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။ ရုတ်တရက်ဖြစ်နိုင်သကဲ့သို့ နာတာရှည်လည်း ဖြစ်နိုင်သည်။ ရုတ်တရက် အသိစိတ်အခြေအနေ ပြောင်းလဲမှုများတွင် စိတ်အာရုံထွေပြားခြင်း (Confusion) မှ ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်း (Coma) အထိ ပါဝင်သည်။ အသိစိတ်ပြောင်းလဲမှု အခြေအနေအများစုသည် ယာယီသာ ဖြစ်တတ်သော်လည်း အချို့အခြေအနေများသည် အသက်အန္တရာယ်ဖြစ်စေသည့် အခြေအနေများ ရုတ်တရက်ဖြစ်လာနိုင်သောကြောင့် အချိန်မီ ဆေးကုသမှုခံယူရန် အလွန်အရေးကြီးသည်။
အသိစိတ်ပြောင်းလဲမှုအမျိုးအစားများ
အသိစိတ်ပြောင်းလဲမှု အခြေအနေများတွင် လူတစ်ဦး၏ သတိစိတ်အနေအထား (Level of consciousness) နှင့် တွေးတောသိမြင်နိုင်မှု (Cognition) နှစ်မျိုးလုံးကို ထိခိုက်နိုင်သည်။ အသိစိတ်ပြောင်းလဲမှု အခြေအနေများကို အောက်ဖော်ပြပါအတိုင်း ပုံစံအမျိုးမျိုးဖြင့် တွေ့ရှိရနိုင်သည်။
- ကယောင်ကတမ်းဖြစ်ခြင်း (Delirium)
စိတ်ဂနာမငြိမ် ကယောင်ကတမ်းဖြစ်ခြင်းကြောင့် စိတ်အာရုံထွေပြားခြင်းနှင့် အသိစိတ်မရှိခြင်းတို့ ဖြစ်ပေါ်လာပြီး ပုံမှန်မဟုတ်သော အပြုအမူများ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် အများဆုံးတွေ့ရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ရုတ်တရက်ဖြစ်ပေါ်နိုင်သည့် ကယောင်ကတမ်းဖြစ်ခြင်းသည် အရေးပေါ်အခြေအနေ ဖြစ်နိုင်သော်လည်း ပြန်လည်ကောင်းမွန်လာနိုင်သော အခြေအနေဖြစ်သည်။ - စိတ်ဖောက်ပြန်ခြင်း (Psychosis)
ကျန်းမာရေးအခြေအနေ တစ်မျိုးမျိုး သို့မဟုတ် ဆေးဝါးများကြောင့် ပကတိအမှန်တရားများ ပျောက်ဆုံးကာ အတွေးမှား၊ အမြင်မှား၊ အကြားမှား ဖြစ်ပေါ်လာနိုင်သော ယာယီအခြေအနေတစ်ခုဖြစ်သည်။ - သတိလစ်လုနီးပါး ဖြစ်ခြင်း (Stupor)
ပြင်းထန်သော လှုံ့ဆော်မှုများကိုသာ အနည်းငယ်တုံ့ပြန်နိုင်သော သတိလစ်လုနီးပါး အခြေအနေဖြစ်သည်။ - ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်း (Coma)
ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်းသည် မည်သည့်လှုံ့ဆော်မှုကိုမျှ တုံ့ပြန်ခြင်း မရှိတော့သည့် အခြေအနေဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရုတ်တရက် အသိစိတ်ပြောင်းလဲမှု အခြေအနေများကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများစွာရှိသည်။ ၄င်းတို့မှာ_
- ဦးနှောက်ရောဂါများ (Neurological Causes)
- ဦးနှောက်တွင်းသွေးထွက်ခြင်း (Brain haemorrhage)
- ဦးနှောက်လုပ်ငန်းဆိုင်ရာ ထိခိုက်ချို့ယွင်းခြင်း (Encephalopathy)
- ဦးနှောက်အတွင်း ဖိအားများခြင်း [ဥပမာ _ ဦးနှောက်အကျိတ် (Brain tumor)၊ ဦးနှောက်အရည်လမ်းကြောင်းပိတ်ဆို့ခြင်း (Obstructive hydrocephalus)]
- ဦးနှောက်အမြှေးရောင်ခြင်း (Meningitis)
- ဦးနှောက်ရောင်ခြင်း (Encephalitis)
- တက်ခြင်း (Seizures)
- လေဖြတ်ခြင်း (Stroke/TIA)
- အဆုတ်၊ နှလုံးနှင့် သွေးကြောရောဂါများ (Lungs and Cardiovascular causes)
- အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea)
- ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း (Acute myocardial infarction)
- နှလုံးသွေးကြောဆိုင်ရာရောဂါများကြောင့် ရုတ်တရက် ရှော့ခ်ရခြင်း (Cardiogenic shock)
- ဇီဝကမ္မဗေဒပြောင်းလဲမှုဆိုင်ရာ အခြေအနေများ
- ရေဓာတ်ခန်းခြောက်ခြင်း
- ကိုယ်အပူချိန်လျော့နည်းခြင်း၊ ကိုယ်အပူချိန်များခြင်း
- သွေးတွင်းအောက်ဆီဂျင်ကျခြင်း၊ ကာဘွန်ဒိုင်အောက်ဆိုဒ်များခြင်း
- သွေးတွင်း သကြားဓာတ်နည်းခြင်း၊ သကြားဓာတ်များခြင်း
- သွေးတွင်း ဆိုဒီယမ်ဓာတ်ကျခြင်း၊ ဆိုဒီယမ်ဓာတ်များခြင်း
- သွေးတွင်း ကယ်လ်ဆီယမ်ဓာတ်ကျခြင်း၊ ကယ်လဆီယမ်ဓာတ်များခြင်း
- အသည်း၊ ကျောက်ကပ်၊ သိုင်းရွိုက်ဂလင်း စသည်တို့၏လုပ်ငန်း ရုတ်တရက်ပျက်စီးခြင်း
- ပြင်းထန်သော ရောဂါပိုးဝင်ခြင်း (ဥပမာ _ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ)
ပြင်းထန်သော ရောဂါပိုးဝင်ခြင်းမှတစ်ဆင့် ပိုးဆိပ်ပျံ့ခြင်း၊ ရေနှင့် သတ္တုဓာတ်များ အပြောင်းအလဲဖြစ်ခြင်း၊ သွေးတွင်းအောက်ဆီဂျင်ဓာတ် ကျဆင်းခြင်းတို့ကြောင့် အသိစိတ်အခြေအနေ ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများနှင့် ကိုယ်ခံအားနည်းသူများတွင် ပို၍တွေ့ရှိရတတ်သည်။ - ဆေးဝါးများ (ပုံမှန်သောက်သင့်သော ပမာဏထက် ပိုမိုသောက်မိလျှင်)
- အတက်ကျဆေးများ (Anti-Seizure medications)
- အလိုအလျောက် ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်သော ဆေးဝါးများ (Anticholinergics)
- စတီးရွိုက်ဆေးများ (Corticosteroids)
- စိတ်ငြိမ်ဆေးများ (Sedatives)
- အိပ်ဆေးများ (Sleeping pills)
- အခြားအကြောင်းရင်းများ
- ရှော့ခ်ရခြင်း (ခန္ဓာကိုယ်မှ သွေး၊ အရည်ဓာတ်ဆုံးရှုံးခြင်း၊ နှလုံးညှစ်အားနည်းခြင်း၊ သွေးဆိပ်တက်ခြင်းများအပါအဝင်)
- အရက်နှင့် စိတ်ကိုတက်ကြွစေသော မူးယစ်ဆေးဝါးများ အလွန်အကျွံအသုံးပြုခြင်း သို့မဟုတ် ရုတ်တရက်ဖြတ်တောက်ခြင်း စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
ရုတ်တရက် အသိစိတ်ပြောင်းလဲမှု အခြေအနေတွင် တွေ့ရှိနိုင်သော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အပြုအမူဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း (Behavioral changes)
- လှုံ့ဆော်မှုမဲ့အာရုံများ ခံစားရခြင်း (Hallucinations)
- ဂနာမငြိမ်ဖြစ်ခြင်း (Agitation)
- အိပ်စက်ရာတွင် အခက်အခဲဖြစ်ခြင်း (Trouble sleeping)
- အသိဉာဏ်နှင့် စဥ်းစားတွေးခေါ်နိုင်စွမ်း ချို့ယွင်းမှုများဖြစ်ပေါ်ခြင်း (Cognitive impairment)
- အချိန်၊ လူနှင့် နေရာကို မှတ်မိနိုင်စွမ်း မရှိခြင်း (Disorientation)
- သတိမေ့ခြင်း (Forgetfulness) နှင့် မှတ်ဉာဏ်အားနည်းခြင်း (Memory problems)
- အဆီအလျော်မတည့်သော စကားများပြောခြင်း (Nonsensical speech)
- စကားပြောဆိုရာတွင် အခက်အခဲဖြစ်ခြင်း (Difficulty in speech)
- စာရေး၊ စာဖတ်ရာတွင် အခက်အခဲဖြစ်ခြင်း (Trouble reading or writing)
- စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်ခြင်း
- စိတ်တိုဒေါသထွက်လွယ်ခြင်း (Irritability)
- စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety)
- စိတ်ဓာတ်ကျခြင်း (Depression)
- စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်း (Emotional outbursts)
- အပျော်လွန်ခြင်း (Euphoria)
- ပုံမှန်မဟုတ်သော အပြုအမူများ ပြုလုပ်ခြင်း (Unusual behavior)
- ပတ်ဝန်းကျင်အပေါ် သတိထားမှု လျော့နည်းခြင်း
- အာရုံစူးစိုက်ရန် ခက်ခဲခြင်း
- ပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုမရှိသလောက်နည်းခြင်း သို့မဟုတ် လူအများနှင့်ထိတွေ့ဆက်ဆံမှုမှ ရှောင်ကြဥ်ပြီး သီးသန့်ခွဲနေခြင်း (Social withdrawal)
- သတိလစ်ခြင်း
- ပတ်ဝန်းကျင်အပေါ် သတိထားမှု လျော့နည်းလာရာမှ လုံးဝသတိလစ်သည်အထိဖြစ်ခြင်း
ထို့အပြင် နုံးနယ်ခြင်း၊ အတက်ကြွလွန်ခြင်း၊ အသက်ရှူကျပ်ခြင်း အစရှိသည့် ရောဂါလက္ခဏာများကိုလည်း ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြခဲ့သော ရုတ်တရက် အသိစိတ်ပြောင်းလဲမှု ရောဂါလက္ခဏာများ ခံစားရပါက အရေးပေါ်အန္တရာယ်ရှိနိုင်သော အခြေအနေများဖြစ်သောကြောင့် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက်၍ စမ်းသပ်ကုသမှုခံယူရန် အရေးကြီးသည်။
အရေးပေါ်ကုသခြင်း
ရုတ်တရက် အသိစိတ်ပြောင်းလဲမှု အခြေအနေများ ဖြစ်ပေါ်လျှင် လူနာကို ပထမဦးစွာ ဘေးကင်းလုံခြုံသောနေရာတွင်ထား၍ အကူအညီတောင်းခံပါ။ လူနာ၏အခြေအနေကို စမ်းစစ်ပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု မရှိစေရန် ရှေးဦးကုသခြင်းများကို အောက်ပါအတိုင်း လုပ်ဆောင်ရန် လိုအပ်သည်။
ရှေးဦးကုသခြင်း
- ပထမဦးစွာ လူနာကို ဘေးကင်းလုံခြုံသောနေရာကို ပို့ဆောင်၍ ချက်ချင်းအန္တရာယ်ပေးနိုင်သည့် အရာများ သို့မဟုတ် ဒဏ်ရာများကို ရှာဖွေ၍ အန္တရာယ်ရှိမရှိ စစ်ဆေးပါ
- အကယ်၍ လူနာသည် သတိလစ်နေပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုမရှိဘဲ ပွင့်နေစေရန် လူနာကို ဘေးသို့ စောင်းထားခြင်း၊ ခေါင်းကို နောက်သို့ လှန်၍ မော့ထားခြင်း သို့မဟုတ် မေးရိုးကို ရှေ့သို့ဆွဲခြင်း ပြုလုပ်ပေးပါ
- လူနာသည် သတိလစ်နိုင်ခြေရှိလျှင် လဲကျခြင်းကို ကာကွယ်နိုင်ရန် လူနာကို ပက်လက်အနေအထားတွင်ထားပြီး ခြေထောက်ကို မြှင့်ထားပါ
- လူနာ အသက်ရှူခြင်း ရှိမရှိ စစ်ဆေးပါ၊ အကယ်၍ အသက်မရှူလျှင် အသက်ရှူမှုကို အားကူပေးရန် လိုအပ်သည်၊ နှလုံးခုန်ခြင်းမရှိလျှင် ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း (CPR) ကို ချက်ချင်းလုပ်ဆောင်ပါ
- လူနာသည် အသက်ရှူနေပြီး ကျောရိုးထိခိုက်ဒဏ်ရာ မရှိပါက လည်ပင်းလေပြွန်ပိတ်ဆို့ ခြင်းမရှိစေရန် ဘေးတစ်စောင်းအနေအထား (Recovery position) တွင် ထားပေးပါ
- ကိုယ်အပူချိန် လျော့ကျခြင်းကို ကာကွယ်ရန် လူနာကို နွေးထွေးစွာထားပါ
- လူနာသည် သတိကောင်းမွန်၍ စကားပြောဆိုနိုင်ပါက စိတ်တည်ငြိမ်မှု ရရှိစေရန် အားပေးစကားများပြောဆိုပေးပါ
- သတိကောင်းစွာမရသော လူနာကို ရေတိုက်ခြင်း၊ အစာကျွေးခြင်း မပြုလုပ်ရပါ
- ကယောင်ကတမ်းပြောဆိုနေခြင်း၊ ရုန်းကန်နေခြင်း ရှိပါက လူနာကို တည်ငြိမ်စွာ ပြောဆိုဆက်ဆံပါ၊ ညင်သာစွာ ထိတွေ့ကိုင်တွယ်ပါ၊ အတင်းဖိအားပေး ချုပ်နှောင်ခြင်း မပြုသင့်ပါ
- လူနာအား မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်နိုင်ရန် စီစဥ်ဆောင်ရွက်ပါ
- ကျောရိုးဒဏ်ရာကို သံသယရှိပါက မလိုအပ်ဘဲ လူနာကို အရွှေ့အပြောင်း မပြုလုပ်ရန်၊ တတ်နိုင်သမျှ ငြိမ်ငြိမ်ထားရန်လိုသည်။
ရုတ်တရက် အသိစိတ်ပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ရှာဖွေရန်နှင့် လိုအပ်သော ကုသမှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အရေးပေါ် ဆေးကုဌာနသို့ အမြန်ဆုံးပို့ဆောင်ရန် လိုအပ်သည်။
အရေးပေါ်ဆေးကုဌာနတွင်
- အသက်ရှူလမ်းကြောင်းကို ကြည့်ရှူစစ်ဆေးခြင်း၊ အန်ဖတ်များ၊ အချွဲများနှင့် ပိတ်ဆို့နေပါက ချွဲစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ အသက်ရှူလမ်းကြောင်းဖွင့်ခြင်း၊ အောက်ဆီဂျင်ပေးခြင်းများ ပြုလုပ်မည်ဖြစ်သည်
- အသက်ကောင်းစွာမရှူနိုင်ဘဲ လေဝင်လေထွက် မလုံလောက်ပါက သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ မြင့်တက်လာပြီး အသိစိတ်ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် အသက်ရှူစက်အကူအညီဖြင့် လေဝင်လေထွက် လုံလောက်စွာရရှိအောင် ပြုလုပ်နိုင်သည်
- သွေးလည်ပတ်မှု မလုံလောက်အခါ ဦးနှောက်သို့ အောက်ဆီဂျင်နှင့် သကြားဓာတ်ကို ကောင်းစွာမရရှိခြင်းကြောင့် အသိစိတ်ပြောင်းလဲမှုအခြေအနေများ ဖြစ်ပေါ်နိုင်သဖြင့် သွေးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် နှလုံးခုန်စည်းချက်များကို စမ်းသပ်စစ်ဆေးသည်
- သွေးလည်ပတ်မှုမရှိသော နှလုံးခုန်စည်းချက်များ (Non-perfusing rhythm) ဖြစ်ပေါ်နေလျှင် အဆင့်မြင့်နှလုံးအသက်ကယ်ခြင်း (ACLS) ပြုလုပ်ခြင်း၊ သွေးပေါင်ချိန်ကျဆင်းနေပါက သွေးကြောတွင်းသို့ အရည်ဓာတ်များ ဖြည့်သွင်းခြင်းများ ပြုလုပ်သည်၊ ဖြစ်ပေါ်စေသော အကြောင်းရင်းကို ဆက်လက်ရှာဖွေကုသရန် အရေးကြီးသည်
- Glasgow Coma Scale (GCS) ဟုခေါ်သော အသိစိတ်အခြေအနေ စမ်းသပ်သည့်နည်းဖြင့် လူနာ၏ အသိစိတ်အနေအထားကို စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သည်
- လူနာ၏ အဝတ်အစားများကို ချွတ်၍ ခေါင်းမှခြေဖျားအထိ သေချာစွာစစ်ဆေး၍ ထိခိုက်ဒဏ်ရာများ၊ ရောဂါပိုးဝင်နိုင်သော အရင်းအမြစ်များ (ဥပမာ – ဆီးပိုက်တပ်ထားခြင်း)၊ အရေပြားပေါ် ရှိ အနီစက်များ အစရှိသောအရာများကို ရှာဖွေရန်လိုအပ်သည်
- လူနာ၏ ကိုယ်အပူချိန်ကို တိုင်းတာ၍ အလွန်မြင့်မားခြင်း သို့မဟုတ် အလွန်နိမ့်ကျခြင်းရှိနေပါက အပူချိန်ပုံမှန်ဖြစ်စေရန် ချက်ချင်းကုသမှုပေးရမည်
- သွေးတွင်း သကြားဓာတ်ကျခြင်းသည် အဖြစ်များသော အကြောင်းရင်းတစ်ခုဖြစ်သောကြောင့် လူနာတိုင်းတွင် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရန် လိုအပ်သည်၊ သကြားဓာတ်ကျနေပါက သကြားဓာတ်ကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်သည်
အရေးပေါ်ဆေးကုသမှုများ ပြုလုပ်ပြီးနောက် လူနာအခြေအနေ တည်ငြိမ်လာပါက လူနာအား အတွင်းလူနာအဖြစ် ဆေးရုံတင်၍ ဆက်လက်ကုသပေးရန်လိုသည်။ အသိစိတ်ပြောင်းလဲမှု အခြေအနေများကို ဖြစ်ပေါ်စေနိုင်သော အခြေခံအကြောင်းရင်းကို ရှာဖွေနိုင်ရန် ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းခြင်းနှင့် သေချာစွာ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီးလျှင် အောက်ဖော်ပြပါ စစ်ဆေးမှုများကို လူနာတစ်ဦးချင်းပေါ်မူတည်၍ လိုအပ်သလို ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်။
- သွေးစစ်ဆေးခြင်း
- သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း
- သွေးတွင်းသတ္တုဓာတ်များ စစ်ဆေးခြင်း (ဆိုဒီယမ်ဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်)
- ကျောက်ကပ်ဓာတ်စစ်ဆေးခြင်း
- သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း
- သွေးတွင်း အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အက်ဆစ်ဓာတ်များ တိုင်းတာခြင်း (Arterial blood gas – ABG)
- သွေးတွင်း ကော်တီစောဟော်မုန်း စစ်ဆေးခြင်း
- မူးယစ်ဆေးဝါးများ အသုံးပြုထားခြင်း ရှိမရှိ သွေးစစ်ဆေးခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
- နှလုံးအီးစီဂျီဆွဲခြင်း
- ဦးနှောက်အီးအီးဂျီဆွဲခြင်း
- ဆီးစစ်ဆေးခြင်း
- ရောဂါပိုးဝင်သည်ဟု သံသယဖြစ်လျှင် သွေးပိုးမွေးခြင်း၊ ဆီးပိုးမွေးခြင်း
ဖြစ်ပေါ်စေသောအကြောင်းရင်းများကို ကုသခြင်း
ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းနှင့် အသိစိတ်ပြောင်းလဲမှု အမျိုးအစားပေါ်မူတည်၍ ကုသခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။
- သကြားဓာတ် ကျဆင်းပါက သကြားဓာတ် ပြန်လည်ဖြည့်တင်းပေးခြင်း၊ သကြားဓာတ် အလွန်အမင်းကျဆင်းပါက လိုအပ်လျှင် Glucagon ထိုးဆေးထိုးခြင်း
- မူးယစ်ဆေးဝါးများ အလွန်အကျွံအသုံးပြုထားပါက သက်ဆိုင်ရာဖြေဆေးရှိလျှင် ထိုးပေးခြင်း (Naloxone for opioid overdose)
- ဆေးဝါးများကြောင့် ဖြစ်ပေါ်ပါက ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် ဆေးအမျိုးအစားပြောင်းခြင်း
- ဆေးဝါးများကို လိုအပ်သည်ထက် ပို၍ အသုံးပြုခြင်းကြောင့် အဆိပ်အတောက်ဖြစ်ပါက သက်ဆိုင်ရာဖြေဆေးရှိလျှင် ထိုးပေးခြင်း၊ ဖြေဆေးမရှိပါက အခြေအနေကို စောင့်ကြည့်၍ လိုအပ်သည့် ကုသမှုများပေးခြင်း
- ရောဂါပိုးကူးစက်ခြင်းများအတွက် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
- ရေဓာတ်ခန်းခြောက်ခြင်းအတွက် သွေးကြောထဲမှတစ်ဆင့် ရေဓာတ်ဖြည့်ပေးခြင်း၊ သွေးတွင်း သတ္တုဓာတ်များ ကျဆင်းခြင်း၊ များခြင်းရှိလျှင် ပုံမှန်ပမာဏသို့ ပြန်လည်ရောက်ရှိအောင် ကုသပေးခြင်း
- တက်ခြင်း (Seizures) ဖြစ်ပေါ်ပါက အတက်ကျဆေးများဖြင့် ကုသခြင်း
- အလွန်အမင်း ရုန်းကန်လှုပ်ရှားနေသော အခြေအနေများတွင် လိုအပ်လျှင် စိတ်ငြိမ်ဆေးများဖြင့် ကုသမှုပေးခြင်း
- ဦးနှောက်တွင်း ဖိအားများခြင်း၊ သွေးထွက်ခြင်းတို့တွင် ခွဲစိတ်ကုသခြင်း
- သွေးတွင်းအောက်ဆီဂျင်နည်းပါက အောက်ဆီဂျင် ဖြည့်ပေးခြင်း
- ဦးနှောက်ထိခိုက်မှု (Encephalopathy) ကို ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းများဖြစ်သည့် သွေးတိုးရောဂါ၊ အသည်းရောဂါနှင့် ဗီတာမင် ဘီဝမ်းဓာတ်ချို့တဲ့ခြင်းတို့ကို ကုသမှုပေးခြင်း
ရုတ်တရက်ဖြစ်ပေါ်တတ်သော ကယောင်ကတမ်းဖြစ်ခြင်းနှင့် စိတ်ဖောက်ပြန်ခြင်းတို့သည် ဖြစ်ပေါ်စေသော အကြောင်းရင်းကို သိရှိ၍ ထိရောက်မှန်ကန်သော ကုသမှုကို ခံယူပါက အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။
ကာကွယ်ခြင်း
အသိစိတ်ပြောင်းလဲမှု အခြေအနေများကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းအားလုံးကို ကြိုတင်ကာကွယ်၍ မရသော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
- နာတာရှည်ရောဂါများဖြစ်သော အတက်ရောဂါ (Epilepsy)၊ ဆီးချိုရောဂါ (Diabetes)နှင့် သိုင်းရွိုက်ရောဂါ (Thyroid disease)များကို ဆေးကုသမှု ပုံမှန်ခံယူခြင်း၊ ဆေးများကို ဆရာဝန်ညွှန်ကြားသည့် ပမာဏအတိုင်း အချိန်မှန်မှန်သောက်ခြင်း
- မည်သည့်ဆေးကိုမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သုံးခြင်း၊ ဆေးတစ်မျိုးမျိုးကို စတင်သောက်သုံးပြီး ရောဂါလက္ခဏာဖြစ်ပေါ်လျှင် ဆရာဝန်ကို ချက်ချင်းအသိပေးခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဥ်ခြင်း
- စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမှ ရှောင်ကြဥ်ခြင်း
- ရောဂါပိုးဝင်ရောက်ခြင်းမရှိစေရန် ကိုယ်ခံအားကောင်းစေသော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ စားသုံးခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- ရေဓာတ်ခန်းခြောက်ခြင်းမရှိစေရန် ရေများများသောက်ခြင်းတို့ကို ပြုလုပ်သင့်သည်။
References:
- Cleveland Clinic. (2022). Altered mental status (AMS). Retrieved March 24, 2026, from https://my.clevelandclinic.org/health/diseases/23159-altered-mental-status-ams
- WebMD Editorial Contributors. (2023). What is altered mental status? WebMD. Retrieved March 24, 2026, from https://www.webmd.com/mental-health/what-is-altered-mental-status
- Healthline. (2025). Altered mental status: Causes, symptoms, and treatment. Retrieved March 24, 2026, from https://www.healthline.com/health/disorientation
- Society for Academic Emergency Medicine. (n.d.). Approach to altered mental status. Retrieved March 24, 2026, from https://www.saem.org/about-saem/academies-interest-groups-affiliates2/cdem/for-students/online-education/m4-curriculum/group-m4-approach-to/approach-to-altered-mental-status
- BMJ Best Practice. (2024). Evaluation of altered mental status. Retrieved March 24, 2026, from https://bestpractice.bmj.com/topics/en-gb/843
Published: 28 March 2025
Last updated: 17 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.