လူ၏ခန္ဓာကိုယ်သည် လျှပ်ကူးပစ္စည်းတစ်မျိုး ဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်း လျှပ်စီးကြောင်း ဖြတ်သန်းစီးဆင်းခြင်းခံရပါက ဓာတ်လိုက်ခြင်းဖြစ်နိုင်သည်။ လျှပ်စစ်ဓာတ်ဗို့ပြင်းအားပေါ် မူတည်၍ သာမန်မီးလောင်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာမှသည် ရုတ်တရက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အောက်တွင်ဖော်ပြထားသော အကြောင်းရင်းများစွာကြောင့် ဓာတ်လိုက်ခြင်း ဖြစ်ပေါ်နိုင်သည်။
- အိုဟောင်းပျက်စီးနေသော လျှပ်စစ်ကြိုးများ၊ လျှပ်စစ်ကိရိယာများ
- ရေစိုနေသော လျှပ်စစ်ဓာတ်ကြိုးများ
- လျှပ်စစ်စီးနေသောဓာတ်ကြိုး အကာအရံများ စုတ်ပြဲပြတ်တောက်နေခြင်း
- သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးများ ပြုတ်ကျနေခြင်း
- လျှပ်စစ်မိုးကြိုးပစ်ခြင်းတို့ ဖြစ်ကြသည်။
ဓာတ်လိုက်ခြင်းသည် လုပ်ငန်းခွင်အန္တရာယ်အဖြစ်လည်းကောင်း၊ အိမ်တွင်းအန္တရာယ်အဖြစ် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များအတွင်း ဓာတ်အားလိုင်းများ ပြိုကျမှုကြောင့်လည်းကောင်း အဖြစ်များသည်။
ဓာတ်လိုက်ခြင်း၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများ
လျှပ်စစ်ဓာတ်စီးကြောင်းများသည် အဓိကအားဖြင့် အောက်ဖော်ပြပါ ဒဏ်ရာအမျိုးအစားများကို ဖြစ်ပေါ်စေနိုင်သည်။
- မီးပွင့်ခြင်းကြောင့် ရသောဒဏ်ရာ
ဤဒဏ်ရာမျိုးသည် များသောအားဖြင့် အပေါ်ယံလောင်ကျွမ်းမှုကိုသာ ဖြစ်စေသည်။ လျှပ်စစ်ပေါက်ကွဲမှုတစ်မျိုးဖြစ်သော လျှပ်စစ်မီးတောက်၏ အပူဒဏ်ကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်စီးကြောင်းသည် အရေပြားကို ထိုးဖောက်ဝင်ရောက်ခြင်း မရှိပါ။ - မီးတောက်လောင်ခြင်းကြောင့် ရသောဒဏ်ရာ
ဤဒဏ်ရာများသည် လျှပ်စစ်မီးတောက်ကြောင့် လူ၏အဝတ်အစားများ မီးစွဲလောင်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်စီးကြောင်းသည် အရေပြားကို ဖြတ်သန်းစီးဆင်းနိုင်သကဲ့သို့ ဖြတ်သန်းသွားခြင်း မရှိသည်လည်း ဖြစ်နိုင်သည်။ - မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်ပေါ်သောဒဏ်ရာ
မိုးကြိုးပစ်ခြင်းသည် အချိန်တိုသော်လည်း ဗို့အားမြင့်သော လျှပ်စစ်စွမ်းအင် ပါဝင်သည်။ လျှပ်စစ်ဓာတ်စီးကြောင်းသည် လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းသွားသည်။ - လျှပ်စီးကြောင်းကြောင့် ဖြစ်ပေါ်သောဒဏ်ရာ
ဤအခြေအနေတွင် လူသည် လျှပ်စီးပတ်လမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီး လျှပ်စစ်ဓာတ်စီးကြောင်းသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ
ဓာတ်လိုက်ခြင်းကြောင့် ရရှိသော ဒဏ်ရာများ၏ ပြင်းထန်မှုသည် အောက်ဖော်ပြပါ အချက်များအပေါ်တွင် မူတည်သည်။
- လျှပ်စစ်ဓာတ်စီးကြောင်း၏ ပြင်းအား
- လျှပ်စီးဓာတ်အမျိုးအစား (AC သို့မဟုတ် DC)
- လျှပ်စစ်ဓာတ်စီးကြောင်း ရောက်ရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်း
- လျှပ်စစ်ဓာတ်စီးကြောင်းနှင့် ထိတွေ့သည့် ကြာချိန်
- လျှပ်စစ်ဓာတ်စီးကြောင်းအား ခုခံမှု
ရုတ်တရက် ခံစားရသော လက္ခဏာများ (Acute Symptoms)
ဗို့အား (၅၀၀) အောက်နည်းသော လျှပ်စစ်ဓာတ်အားကြောင့် ဖြစ်ပွါးလျှင် အပေါ်ယံအရေပြား လောင်ကျွမ်းမှုသာ ဖြစ်ပေါ်လေ့ရှိသည်။ အကယ်၍ ဗို့အား (၅၀၀) အထက်ရှိသော၊ မြင့်မားသော လျှပ်စစ်ဓာတ်အားကြောင့်ဖြစ်ပြီး ထိတွေ့သည့်အချိန် ကြာရှည်ပါက ပို၍ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိနိုင်သည်။
- ပြင်းထန်ထိခိုက်ဒဏ်ရာနှင့် အင်္ဂါပျက်စီးမှုများ
လျှပ်စစ်စီးဝင်မှုအချိန် ကြာသည်နှင့်အမျှ ခန္ဓာကိုယ်တစ်ရှူးများ ပျက်စီးမှု ပိုများသည်။ လျှပ်စစ်ဓာတ်၏ အပူရှိန်ကြောင့် မီးလောင်ဒဏ်ရာများ ရရှိနိုင်ပြီး၊ လျှပ်စီးလှိုင်းကြောင့် လျှပ်စစ်လွယ်ကူစွာ စီးဆင်းနိုင်သည့် နှလုံးကြွက်သား၊ အရိုးတွယ်ဆက်ကြွက်သား၊ အာရုံကြောများ ပျက်စီးနိုင်သည်။ ဓာတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ_- မီးလောင်ဒဏ်ရာများ (လျှပ်စစ်ဓာတ်နှင့် တိုက်ရိုက်ထိတွေ့သောနေရာများ အဓိကအားဖြင့် ခြေ၊ လက်နှင့် ဦးခေါင်းများတွင် တွေ့ရတတ်သည်)
- ကြွက်သားများ နာကျင်ခြင်းနှင့် တုန်ခါခြင်း
- အသက်ရှူခက်ခဲခြင်း
- ထုံကျဉ်ခြင်း
- တက်ခြင်း
- ဗိုက်နာခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်အန္တရာယ်ရှိနိုင်သော လက္ခဏာများ
လျှပ်စစ်စီးဝင်မှုသည် အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများဖြစ်သည့် နှလုံး၊ ဦးနှောက်တို့အတွင်း တိုက်ရိုက်စီးဝင်လျှင် အသက်သေဆုံးနိုင်သည်။- နှလုံးခုန်စည်းချက် မမှန်ခြင်း
- နှလုံးခုန်စည်းချက် ပျက်စီးခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်ခြင်း
- အသက်ရှူကြွက်သားများ ပျက်စီး၍ ရုတ်တရက် အသက်ရှူရပ်ခြင်းတို့ကြောင့် ရုတ်တရက်သေဆုံးခြင်း
- သတိလစ်ခြင်း
- ထပ်ဆင့်သက်ရောက်မှုကြောင့် ရရှိသော ဒဏ်ရာများ
ဓာတ်လိုက်သည့်အခါ လျှပ်စစ်ပြင်းအားကြောင့် လွင့်ထွက်ပြီး ပြုတ်ကျခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း အစရှိသည့် ဒဏ်ရာများလည်း ရရှိနိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
ဓာတ်လိုက်ခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- နှလုံးခုန်စည်းချက် မမှန်ခြင်းနှင့် နှလုံးခုန်ရပ်ခြင်း
- သတိပြန်မရနိုင်ခြင်း
- အသက်ရှူရပ်ခြင်း
- လျှပ်စစ်ပြင်းအားကြောင့် လွင့်ထွက်ပြီး ပြင်းထန်ဒဏ်ရာရခြင်း သို့မဟုတ် အရိုးကျိုးခြင်း
- ရောဂါပိုးဝင်ခြင်း (ဓာတ်လိုက်ဒဏ်ရာကြောင့် ဆေးရုံတက်ကုသခံရသော လူနာများတွင် အဓိက သေဆုံးရခြင်း အကြောင်းရင်းဖြစ်သည်)
ရေရှည်ခံစားရသော နောက်ဆက်တွဲပြဿနာများ (Long-term Complications)
ဓာတ်လိုက်ခြင်းဖြစ်ပွါးပြီးနောက် (၂၄)နာရီ မှ (၄၈) နာရီအတွင်း သိသာထင်ရှားသည့် ဒဏ်ရာ သို့မဟုတ် နှလုံးဆိုင်ရာမူမမှန်မှုများ မရှိသူများပင်လျှင် ရေရှည်တွင် အောက်ပါ ဦးနှောက်အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကို တွေ့ရှိရနိုင်သည်။
- စိတ်ပိုင်းဆိုင်ရာ ပြဿနာများ – ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (PTSD)၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်း၊ အိပ်မပျော်ခြင်း၊ အာရုံစူးစိုက်နိုင်မှု လျော့ကျခြင်း၊ စိတ်ထိခိုက်စေခဲ့သော အတိတ်မှ အဖြစ်အပျက်များ ပြန်လည်ခံစားရခြင်း (Flashback)
- ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာများ – မှတ်ဉာဏ်စွမ်းအား လျော့ကျခြင်း၊ ထုံကျဉ်ခြင်း၊ ခြေ လက် အားနည်းခြင်း၊ ခန္ဓာကိုယ်ဟန်ချက်ညီအောင် မထိန်းနိုင်ခြင်း
- ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ – နာကျင်ခြင်း၊ နုံးနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများကျုံ့ခြင်း၊ အဆစ်များတောင့်တင်းခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
မည်သူမဆို ဓာတ်လိုက်ခံရပါက မည်သည့်ဒဏ်ရာမျှ မရရှိသည့်တိုင်အောင် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြီး စစ်ဆေးကုသမှုခံယူရန် လိုအပ်သည်။ အချို့သော ဒဏ်ရာများနှင့် နောက်ဆက်တွဲပြဿနာများသည် အစကနဦးတွင် မသိသာနိုင်သဖြင့် နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် တိုင်ပင်၍ စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။ ဗို့အား (၅၀၀) နှင့်အထက် ပြင်းအားရှိသော လျှပ်စစ်ဓာတ်လိုက်ပါက ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ ချက်ချင်းသွားရောက်၍ ကုသမှုခံယူရန် လွန်စွာအရေးကြီးသည်။ ဗို့အားမပြင်းသော်လည်း အောက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်လျှင် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်သည်။
- အရေပြား မီးလောင်ဒဏ်ရာ
- သတိလစ်ခြင်း၊ တက်ခြင်း
- အသက်ရှူခက်ခဲခြင်း
- မျက်စိ ထိခိုက်ခြင်း
- နှလုံးခုန်မြန်ခြင်း သို့မဟုတ် ရပ်ခြင်း
အရေးပေါ်ကုသခြင်း
ရှေးဦးကုသခြင်း
- ပထမဦးစွာ စီးဆင်းနေသော လျှပ်စစ်ဓာတ်ကို ဖြတ်တောက်နိုင်စေရန် ပင်မဓာတ်အားလိုင်းကို ပိတ်ရန်လိုအပ်သည်၊ ထိုသို့မပိတ်နိုင်ပါက ဓာတ်လိုက်နေသောသူကို တိုက်ရိုက်ထိတွေ့ခြင်း မပြုလုပ်ဘဲ ခြောက်သွေ့သည့် လျှပ်စစ်ဓာတ် မစီးဆင်းနိုင်သော ပလတ်စတစ် သို့မဟုတ် သစ်သားဖြင့် ပြုလုပ်ထားသောပစ္စည်းကို အသုံးပြု၍ ဒဏ်ရာရနေသောသူကို လျှပ်စစ်ဓာတ်နှင့် ဝေးရာသို့ ဖယ်ရှားပါ
- လျှပ်စစ်ဓာတ်စီးနေသော ဒဏ်ရာရနေသူကို တိုက်ရိုက်ထိတွေ့ခြင်း လုံးဝမပြုလုပ်ရပါ၊ ဗို့အား (၁၀၀၀) အထက်ရှိလျှင် ပင်မဓာတ်အားလိုင်းကိုသာ ပိတ်ရန် ကြိုးစားရမည်၊ လူနာအနီးသို့ မကပ်ရပါ
- ဒဏ်ရာရနေသောသူ၊ မိမိနှင့် အနီးတစ်ဝိုက်ရှိသူများ အားလုံးအတွက် အန္တရာယ်ရှိနိုင်သောအရာများကို စစ်ဆေးပါ၊ ရှောင်ရှားပါ
- ဒဏ်ရာရနေသောသူသည် ဖြူဖျော့လာပြီး သတိလစ်သွားလျှင် လူနာကို ပက်လက်အနေအထားတွင် လဲလျောင်းထား၍ ခြေထောက်ကို အပေါ်သို့မြှောက်ထားပြီး၊ ဦးခေါင်းပိုင်းကို ခန္ဓာကိုယ်ထက်နှိမ့်ချထားပါ
- ဒဏ်ရာရနေသောသူတွင် အသက်မရှူခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ လှုပ်ရှားမှုမရှိခြင်းတို့ တွေ့ရှိရပါက အနီးပတ်ဝန်းကျင်ရှိလူများကို ခေါ်၍ အကူအညီတောင်းခံပါ၊ အရေးပေါ်လူနာတင်ယာဥ် ခေါ်နေစဥ် ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း (cardiopulmonary resuscitation – CPR) ကို ချက်ချင်းစတင်ပြုလုပ်ပါ၊ AED ခေါ် နှလုံးနှိုးဆွစက်ရှိလျှင် အသုံးပြုပါ၊ လူနာကို ဆေးရုံအရေးပေါ်သို့ ချက်ချင်းပို့ပါ
- သတိလစ်နေသူကို သယ်ပို့ရာတွင် လက်ဝဲဘက်စောင်းသည့်အနေအထား (Recovery Position) ဖြင့်ထားရန်လိုသည်
- မီးလောင်ဒဏ်ရာများရှိပါက ပိုးသတ်ထားသောပတ်တီး သို့မဟုတ် သန့်ရှင်းသော အဝတ်တို့ဖြင့် ဖုံးအုပ်ထားပါ

အရေးပေါ်ဌာန၌ ကုသခြင်း
ဆေးရုံအရေးပေါ်ဆေးကုဌာနတွင် ရုတ်ချည်းမမြင်ရသော ဒဏ်ရာများကို ရှာဖွေဖော်ထုတ်ခြင်း၊ လျှပ်စစ်ဓာတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်သည့် ကြွက်သားထိခိုက်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ဦးနှောက်နှင့် အခြားကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်း၊ အရိုးကျိုးခြင်းများ ရှိမရှိကို ဦးစွာစစ်ဆေးရှာဖွေမည်ဖြစ်သည်။ ထို့နောက် ရောဂါရာဇဝင်နှင့် စစ်ဆေးတွေ့ရှိချက်များပေါ် မူတည်၍ အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်လိမ့်မည်ဖြစ်သည်။
- နှလုံးစစ်ဆေးရန် အီးစီဂျီဆွဲခြင်း
- သွေးစစ်ဆေးခြင်း
- အရိုးကျိုးခြင်း သို့မဟုတ် အဆစ်လွဲခြင်းတို့ကို ရှာဖွေနိုင်ရန် ဓာတ်မှန် (X-ray) ရိုက်ခြင်းနှင့် လိုအပ်လျှင် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
ဆက်လက်ကုသခြင်း
ဒဏ်ရာပြင်းထန်မှုပေါ် မူတည်၍ အောက်ဖော်ပြပါ ကုသမှုအမျိုးမျိုးဖြင့် ကုသရန် လိုအပ်သည်။
- အနာသက်သာစေသော ဆေးများပေးခြင်း (pain medication)
- မီးလောင်ဒဏ်ရာကြောင့် ရေဓာတ်ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းပေးရန် သွေးကြောထဲသို့ အရည်ဖြည့်ပေးခြင်း (intravenous fluids)
- မီးလောင်ဒဏ်ရာကို ကုသခြင်း
- သာမန်မီးလောင်ဒဏ်ရာများအတွက် ပဋိဇီဝပိုးသတ်ဆေး လိမ်းဆေးများဖြင့် အနာဆေးထည့်ပေးခြင်း၊ ပတ်တီးလဲပေးခြင်း
- ပြင်းထန်သော မီးလောင်ဒဏ်ရာဖြစ်ပါက အနာများကို သန့်စင်စေရန် လိုအပ်လျှင် ခွဲစိတ်ခန်းတွင် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အရေပြားအစားထိုးကုသမှု ပြုလုပ်ခြင်း
- ခြေထောက်နှင့်လက်များတွင် အလွန်ပြင်းထန်သော မီးလောင်ဒဏ်ရာဖြစ်ပါက ထိခိုက်ပျက်စီးသွားသော ကြွက်သားများကို ခွဲစိတ်ဖယ်ရှားခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် လိုအပ်လျှင် ခွဲစိတ်ဖြတ်တောက်ခြင်းများ ပြုလုပ်နိုင်သည်
- အခြားဒဏ်ရာများကို ကုသခြင်း
- မျက်စိထိခိုက်ဒဏ်ရာရှိလျှင် မျက်စိအထူးကုဆရာဝန်များနှင့် ဆက်လက်ပြသ၍ ကုသမှုခံယူခြင်း
- အရိုးကျိုးလျှင် ကျောက်ပတ်တီးစည်းခြင်း သို့မဟုတ် လိုအပ်လျှင် ခွဲစိတ်ကုသခြင်း
- ကိုယ်တွင်းအင်္ဂါများထိခိုက်လျှင် စောင့်ကြည့်ခြင်းနှင့် လိုအပ်လျှင် ခွဲစိတ်ကုသခြင်း
ကာကွယ်ခြင်း
နေအိမ်နှင့်လုပ်ငန်းခွင်တို့တွင် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ဓာတ်လိုက်ခြင်းမဖြစ်ပေါ်စေရန် ကာကွယ်နိုင်သည်။
- လျှပ်စစ်နှင့်ပတ်သက်သော လုပ်ငန်းများအတွက် နားလည်တတ်ကျွမ်းသော လိုင်စင်ရ လျှပ်စစ်အင်ဂျင်နီယာများကိုသာ အမြဲတမ်းအသုံးပြုရန်
- လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို စိတ်ချစွာအသုံးပြုနိုင်ရန် ပုံမှန်စစ်ဆေးပေးရန်
- ရေနှင့် စိုစွတ်နေသောနေရာတွင် လျှပ်စစ်ကို မည်သည့်အခါတွင်မျှ အသုံးမပြုရန်
- ပျက်စီးယိုယွင်းနေသော လျှပ်စစ်ဓာတ်ကြိုးများကို အသုံးမပြုရန်
- လျှပ်စစ်ပစ္စည်းများကို အသုံးပြုသည့်အခါ ညွှန်ကြားချက်ပါအချက်များအတိုင်း လိုက်နာအသုံးပြုရန်
- ကလေးများအား လျှပ်စစ်အန္တရာယ်မှ ကာကွယ်ရန် မီးကြိုး၊ မီးခလုတ်၊ လျှပ်စစ်ကိရိယာများအား ကိုင်တွယ်ခြင်းမပြုစေရန်၊ ပလပ်ပေါက်၊ ပလပ်ခေါင်းများအား ဖုံးအုပ်ထားရန်
- လုပ်ငန်းခွင်တွင် ချမှတ်ထားသော အန္တရာယ်ကင်းစေမည့် နည်းလမ်းများကို အားလုံးလိုက်နာရန်နှင့် လိုအပ်သည့်အခါ ရာဘာဖိနပ်နှင့်လက်အိတ်တို့ကို ဝတ်ဆင်ရန်တို့ဖြစ်သည်။
References:
- Better Health Channel. (n.d.). Electric shock. Retrieved November 8, 2025, from https://www.betterhealth.vic.gov.au/health/healthyliving/electric-shock
- Cleveland Clinic. (n.d.). Electric shock injury. Retrieved November 8, 2025, from https://my.clevelandclinic.org/health/diseases/electric-shock-injury
- Mayo Clinic. (n.d.). First aid: Electrical shock. Retrieved November 8, 2025, from https://www.mayoclinic.org/first-aid/first-aid-electrical-shock/basics/art-20056695
- Medical News Today. (n.d.). Electric shock. Retrieved November 8, 2025, from https://www.medicalnewstoday.com/articles/electric-shock#summary
- WebMD. (n.d.). Electric shock first aid. Retrieved November 8, 2025, from https://www.webmd.com/first-aid/electric-shock
Published: 29 November 2024
Last updated: 5 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.