ဓာတ်မတည့်သော အရာတစ်ခုခုနှင့် ထိတွေ့မိပြီးနောက် မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်းအတွင်း အသက်အန္တရာယ်ထိခိုက်နိုင်သည့် ခန္ဓာကိုယ်၏ ပြင်းထန်သောတုံ့ပြန်မှုကို ဆိုလိုသည်။ ဓာတ်မတည့်ခြင်းဖြစ်သည့်အခါ ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ ဓာတုပစ္စည်း (ဟစ်စ်တမင်း) များ ထုတ်လွှတ်လိုက်သောကြောင့် သွေးပေါင်ချိန် ရုတ်တရက်ထိုးကျသွား၍ ရှော့ခ်ရခြင်း (Anaphylactic Shock)၊ အသက်ရှူလမ်းကြောင်းကျဥ်း၍ ရုတ်တရက်အသက်ရှူကျပ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ဓာတ်မတည့်ခြင်း ဖြစ်ပေါ်လျှင် အရေးပေါ်အသက်ကယ်ထိုးဆေး (Injection Epinephrine) ကို ချက်ချင်းထိုးရန် လိုအပ်ပြီး ထိုအရေးပေါ်ကုသမှု မရရှိပါက အသက်သေဆုံးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော အစားအသောက်၊ ဆေးဝါးများ သို့မဟုတ် တစ်စုံတစ်ခုကို အန္တရာယ်ရှိသည်ဟု ထင်မှတ်သောအခါ ထိုအရာများကို တိုက်ထုတ်ရန် ဓာတုပစ္စည်း (ဟစ်စ်တမင်း) များနှင့် ပဋိပစ္စည်းများကို ထုတ်လွှတ်သည်။ ထိုဓာတုပစ္စည်းများကြောင့် သာမန်တုံ့ပြန်မှု ဖြစ်နိုင်သကဲ့သို့ အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ပြင်းထန်သည့် တုံ့ပြန်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။ အချို့သောပစ္စည်းများအပေါ်တွင် ခုခံအားစနစ်မှ တုံ့ပြန်မှုလွန်ကဲသည့်အခါ ဓာတ်မတည့်တုံ့ပြန်မှုများ ဖြစ်ပေါ်လာသည်။ ဓာတ်မတည့်ခြင်းကို အများဆုံး ဖြစ်ပေါ်စေနိုင်သောအရာများမှာ_
- အစားအသောက်များ [မြေပဲနှင့် ပဲအမျိုးမျိုး၊ နှမ်း၊ အခွံမာရှိသော ရေသတ္တဝါ (ဥပမာ – ဂုံး၊ ကမာ)၊ နို့၊ ကြက်ဥ၊ ပဲပိစပ်၊ ဂျုံ]
- အချို့သောဆေးများ (ပင်နီစလင် ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်သည့်အခါ အသုံးပြုရသောဆေး၊ မေ့ဆေးစသည်)
- ရာဘာလက်အိတ်နှင့် ကွန်ဒုံးတို့တွင်တွေ့ရသည့် ရာဘာတစ်မျိုး (Latex)
- ဝတ်မှုန်နှင့် လေထဲရှိ ဓာတ်မတည့်စေနိုင်သော အခြားအရာများ
- အင်းဆက်ပိုးကောင် ကိုက်ခံရခြင်း (Insect Stings) (ဥပမာ _ ပျားတုပ်ခြင်း) စသည်တို့ဖြစ်ကြသည်။
လေ့ကျင့်ခန်းလုပ်ခြင်း (Aerobic Exercise) ကြောင့်လည်း ဓာတ်မတည့်ခြင်း (Exercise-induced Anaphylaxis) ရှားပါးစွာ ဖြစ်ပေါ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်သောအရာကို ရှာဖွေမသိရှိနိုင်ပါ။
ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေများသောသူများမှာ_
- ယခင်က ဓာတ်မတည့်ခြင်းဖြစ်ဖူးသူများ (Previous Anaphylaxis)
- ပန်းနာရင်ကျပ်ရောဂါရှိသူများ (Asthma)
- မိဘမျိုးရိုးတွင် ဓာတ်မတည့်ခြင်းရှိသူများ (Family History of Anaphylaxis) တို့ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
ဓာတ်မတည့်ခြင်းဖြစ်လျှင် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်သည်။
- အရေပြား ယားယံခြင်း၊ နီရဲခြင်း သို့မဟုတ် ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
- လျှာနှင့်လည်ချောင်းများ ရောင်ရမ်းခြင်း
- အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမြန်ခြင်း
- လည်ပင်းတွင် တစ်ဆို့ဆို့ဖြစ်၍ မျိုချရန် ခက်ခဲခြင်း
- အသက်ရှူလျှင် အသံမြည်ခြင်း၊ ချောင်းဆိုးခြင်း
- ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း
- အရေပြားများ အေးစက်ခြင်း
- နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း
- မူးဝေခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ကြသည်။ အချို့သော လူနည်းစုတွင် ထိုလက္ခဏာများသည် နာရီပေါင်းများစွာကြာမှ ရှားပါးစွာ ဖြစ်ပေါ်တတ်သည်။
ဓာတ်မတည့်ခြင်းကို ဖြစ်ပေါ်သော ရောဂါလက္ခဏာများပေါ်မူတည်၍ အဆင့် (၄)ဆင့် ခွဲခြားထားသည်။
- အဆင့် (၁) – ပထမအဆင့်အနေဖြင့် သာမန်ဓာတ်မတည့်သော လက္ခဏာများဖြစ်သည့် အရေပြားယားယံခြင်း၊ နီရဲခြင်း၊ အဖုအပိမ့်ထွက်ခြင်း အစရှိသော လက္ခဏာများ ဖြစ်ပေါ်သည်
- အဆင့် (၂) – ပထမအဆင့်ထက် ပိုမိုပြင်းထန်လာသဖြင့် အရေပြား အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်းတို့သည် ခန္ဓာကိုယ်အနှံ့အပြား ဖြစ်ပေါ်လာပြီး နှုတ်ခမ်းနှင့်လျှာတို့ ရောင်ရမ်းလာသည်
- အဆင့် (၃) – ထိုအဆင့်တွင် ပြင်းထန်သောဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်လာပြီး ပြင်းထန်သော ရောင်ရမ်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ ခေါင်းမူးခြင်း၊ သွေးခုန်နှုန်းအားနည်းခြင်း၊ သွေးပေါင်ချိန် ထိုးကျသွားခြင်းတို့ ဖြစ်ပေါ် ပြီး သွေးလန့်ကာ ရှော့ခ်ရသောအဆင့် (Anaphylactic Shock) ဖြစ်သည်
- အဆင့် (၄) – အသက်အန္တရာယ်ရှိနိုင်သော နောက်ဆုံးအဆင့်ဖြစ်သောကြောင့် သတိလစ်ခြင်း၊ အသက်မရှူနိုင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများသို့ သွေးလုံလောက်အောင် မစီးဆင်းနိုင်သဖြင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်လာသည်၊ ထိုအဆင့်တွင် အရေးပေါ် ချက်ချင်းကုသမှု မခံယူနိုင်လျှင် အသက်သေဆုံးနိုင်သည်

နောက်ဆက်တွဲ ပြဿနာများ
ပြင်းထန်သောဓာတ်မတည့်ခြင်း၏ နောက်ဆက်တွဲပြဿနာများအနေနှင့် သွေးလန့်ပြီး ရှော့ခ်ရခြင်း၊ အသက်ရှူရခက်ခဲပြီး အသက်ရှူရပ်ခြင်း၊ သွေးပေါင်ချိန်ထိုးကျ၍ နှလုံးခုန်ရပ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။ သွေးပေါင်ချိန်ကျသောကြောင့် နှလုံးမှအောက်ဆီဂျင် အလုံအလောက်မရရှိသဖြင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း (ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း၊ ဦးနှောက်ထိခိုက်ပျက်စီးခြင်း၊ နှလုံးထိခိုက်ပျက်စီး၍ နှလုံးခုန်မြန်ခြင်း၊ ရုတ်တရက် နှလုံးအမောဖောက်ခြင်း) တို့ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှုများ ဖြစ်ပေါ်လျှင် အရေးပေါ်အသက်ကယ်ထိုးဆေး [Injection Epinephrine (Adrenaline)] ထိုးရန်လိုအပ်သောကြောင့် ဆေးရုံအရေးပေါ် ဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန် လိုအပ်သည်။ ထိရောက်သောကုသမှုကို လျင်မြန်စွာရလျှင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မှုနည်းသောကြောင့် အချိန်မီကုသမှုခံယူရန် အရေးကြီးသည်။ မိမိတွင် အသင့်ဆောင်ထားသော မိမိဘာသာထိုးနိုင်သည့် အရေးပေါ်အသက်ကယ်ထိုးဆေး (EpiPen) ရှိပါက ချက်ချင်းထိုးပြီးမှ ဆေးရုံအရေးပေါ်ဌာနတွင် အမြန်ဆုံးထိရောက်သော ကုသမှုကို ဆက်လက်ခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ဓာတ်မတည့်တုံ့ပြန်မှု လက္ခဏာများရှိသော လူနာအား ဆရာဝန်မှ အရေးပေါ်အသက်ကယ်ဆေး [Injection Epinephrine (Adrenaline)] ထိုးပေးပြီးနောက် ရောဂါရာဇဝင်ပေါ်မူတည်၍ ဓာတ်မတည့်ခြင်း ဖြစ်ပေါ်စေသောအရာများကို ဆက်လက်ရှာဖွေဖော်ထုတ်ရန် လိုအပ်သည်။ အကယ်၍ ဓာတ်မတည့်ခြင်း ဖြစ်ပေါ်စေသည့်အရာများကို မသိရှိပါက အတိအကျသိရှိနိုင်ရန် အရေပြားတွင် စစ်ဆေးခြင်း (Skin Test) သို့မဟုတ် သွေးစစ်ဆေးခြင်း (Blood Test) တို့ကို ပြုလုပ်၍ ရှာဖွေနိုင်သည်။
ကုသခြင်း
အရေးပေါ်အခြေအနေတွင် ပြုလုပ်ရမည့်အချက်များ
ပြင်းထန်သော ဓာတ်မတည့်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်သောကြောင့် အသင့်ဆောင်ထားသော မိမိဘာသာထိုးနိုင်သည့် အရေးပေါ်အသက်ကယ်ထိုးဆေး (EpiPen) ရှိပါက ချက်ချင်းထိုးရန်လိုအပ်ပြီး ဆေးရုံအရေးပေါ် ဌာနတွင် အမြန်ဆုံးထိရောက်သော ကုသမှုကို ဆက်လက်ခံယူရန် အရေးကြီးဆုံးဖြစ်သည်။
ဓာတ်မတည့်ခြင်းခံစားနေရသော လူနာများသည် မတ်တတ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း ပြုလုပ်ပါက သွေးခုန်နှုန်းကျဆင်းပြီး ရုတ်တရက် အသက်အန္တရာယ်ရှိနိုင်သော (Cardiovascular Collapse and Death) အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။ ထိုကြောင့် လူနာကို လှဲလျောင်းသည့်အနေအထားတွင် ချထားပေးရမည်။ အသက်ရှူရခက်ခဲပါက ခြေထောက်ကို ဆန့်တန်း၍ ထိုင်နေနိုင်သည်။ ကိုယ်ဝန်ဆောင်များ သို့မဟုတ် သတိလစ်နေသော လူနာဖြစ်ပါက ဘယ်ဘက်စောင်း၍ လှဲထားပေးရမည်။
ဆေးရုံသို့မရောက်မီ လမ်းခုလတ်တွင် လူနာအသက်ရှူရပ်သွားပါက ရင်ဘတ်ဖိနှလုံးနှိုးဆွခြင်း (Cardiopulmonary resuscitation – CPR) ကို ပြုလုပ်ပေးရန် လိုအပ်သည်။ ထို့ပြင် လူနာ၏ အသက်ရှူလမ်းကြောင်း ပွင့်နေစေရန် မေးစေ့ကို မ ထားပေးရမည်။
အရေးပေါ်ဆေးကုသမှုများ
Adrenaline အရေးပေါ် အသက်ကယ်ထိုးဆေး (Injection Epinephrine/Adrenaline)
- Adrenaline (Epinephrine) သည်သာလျှင် သေဆုံးနိုင်ခြေကို လျှော့ချနိုင်သည့် တစ်ခုတည်းသော ဦးစားပေး အသက်ကယ်ဆေးဖြစ်သည်
- ဆေးရုံအရေးပေါ်ဌာနသို့ ရောက်ရှိသည့်အခါ အရေးပေါ်အသက်ကယ်ဆေး [Epinephrine (Adrenaline) – Intramuscular injection] ကို အသားထဲသို့ အမြန်ဆုံးထိုးပေးရန် လိုအပ်သည်
- ပထမအကြိမ် Adrenaline ထိုးဆေးထိုးပြီးနောက် ရောဂါလက္ခဏာများ မသက်သာပါက (၅) မိနစ်အကြာတွင် နောက်တစ်ကြိမ် ချက်ချင်းထပ်ထိုးရန် လိုအပ်သည်
- ထိုသို့ Adrenaline ထိုးဆေးကို အသားထဲသို့ နှစ်ကြိမ်ထိုးပြီးနောက် ရောဂါလက္ခဏာများ မသက်သာပါက Adrenaline ထိုးဆေးကို saline အရည်နှင့် ဖျော်ပြီး လူနာ၏ ခန္ဓာကိုယ်အလေးချိန်နှင့် တွက်ဆကာ ရောဂါလက္ခဏာများ သက်သာသည်အထိ ဆေးပမာဏကို ချိန်ညှိပြီး သွေးကြောထဲသို့ သွင်းပေးခြင်း (IV adrenaline infusion) ပြုလုပ်ရန် လိုအပ်သည်၊ ထိုအချိန်တွင် လူနာ၏ အရေးကြီးအခြေအနေများဖြစ်သော သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် အောက်ဆီဂျင်တို့ကို အဆက်မပြတ် တိုင်းတာထားရန်လည်း လိုအပ်သည်
Adrenaline Nasal Spray (နှာခေါင်းဖျန်းဆေး)
- အချို့နိုင်ငံများတွင် ဓာတ်မတည့်ခြင်းကို အရေးပေါ်ကုသနိုင်ရန် adrenaline ကို ထိုးဆေးများအနေဖြင့်သာမက နှာခေါင်းအတွင်းသို့ ဖျန်းဆေး (adrenaline nasal spray) အနေဖြင့်လည်း ကုသနိုင်ကြောင်းကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးဖြန့်ဖြူးရေးအဖွဲ့ (US FDA) မှ (၂၀၂၄) ခုနှစ်၊ သြဂုတ်လ (၉) ရက်တွင် အတည်ပြုထားပြီးဖြစ်သည်။ နှာခေါင်းဖျန်းဆေးကို အသက် (၄) နှစ်နှင့်အထက် ကလေးငယ်များ [ကိုယ်အလေးချိန် (၁၅) ကီလိုဂရမ် သို့မဟုတ် (၃၃) ပေါင်နှင့်အထက်ရှိသော] နှင့် အရွယ်ရောက်ပြီးသူများတွင် အသုံးပြုနိုင်သည်
- ကိုယ်အလေးချိန်ပေါ်မူတည်၍ နှာခေါင်းထဲဖျန်းရမည့် ဆေးပမာဏ ကွာခြားမှုရှိသည်
- ထိုနှာခေါင်းဖျန်းဆေးသည် ဆေးထိုးရန်ကြောက်သော ကလေးသူငယ်များတွင် အသုံးပြုခြင်းဖြင့် အရေးပေါ်ကုသမှုကို နှောင့်နှေးမှုမရှိဘဲ ရရှိနိုင်မည်ဖြစ်သည်
အခြားအရေးပေါ် ကုသမှုများ
- လူနာ အသက်မရှူနိုင်သည့် အရေးပေါ်အခြေအနေများတွင် နှာခေါင်း သို့မဟုတ် ပါးစပ်မှတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲသို့ ပြွန်ထည့်ပေးခြင်း (Intubation) ကို ပြုလုပ်ပေးရမည်
- လိုအပ်ပါက လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း (Tracheostomy) ကိုလည်း ပြုလုပ်နိုင်သည်
- အောက်ဆီဂျင် ပေးခြင်း
- သွေးပေါင်ချိန် ကျဆင်းနေပါက သွေးကြောတွင်းသို့ Saline ရည် (IV fluids) ကို လျင်မြန်စွာ သွင်းပေးခြင်း
- နှလုံးအားကောင်းစေရန်နှင့် သွေးစီးဆင်းမှု ကောင်းစေရန်အတွက် လိုအပ်သော ဆေးဝါးများကို သွေးကြောမှတစ်ဆင့် ထပ်မံသွင်းပေးခြင်း
အခြားဆေးဝါးများဖြင့် ဆက်လက်ကုသခြင်း (Adjunctive Medications)
- လေပြွန်များ ရောင်ရမ်းမှုကို လျော့ကျစေပြီး အသက်ရှူကောင်းမွန်စေရန် စတီးရွိုက်ဆေးများ (Corticosteroids) ပေးခြင်း
- အရေပြား ယားယံခြင်းကဲ့သို့သော လက္ခဏာများ သက်သာစေရန် ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Antihistamines) ပေးခြင်း
- စတီးရွိုက်နှင့် ဟစ်စ်တမင်းဆန့်ကျင်ဆေးများသည် Epinephrine (Adrenaline) ကဲ့သို့ အသက်ကယ်နိုင်သည့် အဓိကဆေးများ မဟုတ်ဘဲ၊ လက္ခဏာများကို သက်သာစေသည့် ဆေးများသာဖြစ်ကြောင်း သတိပြုသင့်သည်။
စောင့်ကြည့်ကုသခြင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်ချက်များ
- လူနာသည် ကနဦးလက္ခဏာများ သက်သာသွားပြီးနောက် အနည်းဆုံး (၄)နာရီ မှ (၁၂)နာရီအထိ ဆေးရုံတွင် ဆက်လက်စောင့်ကြည့်ရန် လိုအပ်သည်
- အဘယ်ကြောင့်ဆိုသော် လူနာအနည်းငယ်တွင် ပထမအကြိမ် တုံ့ပြန်မှုပြီးနောက် နာရီပိုင်းအကြာတွင် လက္ခဏာများ ထပ်မံပြန်ပေါ်လာနိုင်သောကြောင့်ဖြစ်သည် (နှစ်ဆင့် တုံ့ပြန်မှု (Biphasic Reactions)
- ထိုသို့လက္ခဏာများ နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်လာပါက adrenaline ထိုးဆေးများကို ထပ်မံထိုး၍ အရေးပေါ် ကုသမှုခံယူရန် လိုအပ်သည်
- ဓာတ်မတည့်ခြင်းကို ဖြစ်ပေါ်စေသောအရာများကို မသိရှိပါက ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ရမည်
- နောက်တစ်ကြိမ် ဓာတ်မတည့်မှု ထပ်မဖြစ်စေရန်အတွက် ဓာတ်မတည့်သည့်အရာများကို သေချာစွာ မှတ်သားထားပြီး တိတိကျကျ ရှောင်ကြဉ်ရန် လိုအပ်သည်

ကာကွယ်ခြင်း
ဓာတ်မတည့်ခြင်းကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်သည်။
- ဓာတ်မတည့်ခြင်းဖြစ်စေသော အစားအသောက်များကို သေချာမှတ်သားထားပြီး ရှောင်ရှားရန်
- ဓာတ်မတည့်ခြင်း ဖြစ်ပေါ်စေသော ဆေးဝါးများကိုသိရှိလျှင် သေချာမှတ်သားထားပြီး ရှောင်ရှားရန်နှင့် ဆေးရုံ၊ ဆေးခန်းသွားတိုင်း ဆရာဝန်ကိုအသိပေးရန်
- အင်းဆက်ပိုးကောင်များ အကိုက်ခံရခြင်းကြောင့်ဖြစ်ပါက အကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ရန်၊ အင်းဆက်ကာကွယ်ဆေးများလိမ်းရန်
- အင်းဆက်ပိုးကောင်များ ကိုက်သည့်အခါ ပိုးကောင်အတွင်းမှ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သောပစ္စည်းများ မထွက်စေရန်အတွက် ပိုးကောင်ကို ရိုက်နှက်ဖယ်ရှားခြင်း မပြုရန်
- နောက်တစ်ကြိမ် ဓာတ်မတည့်တုံ့ပြန်မှုများ ဖြစ်ပေါ်လျှင် အရေးပေါ် လိုက်နာလုပ်ဆောင်ရမည့် အရာများကို ဆရာဝန်များညွှန်ကြားထားသည့်အတိုင်း သေချာစွာမှတ်သားထားပြီး လိုက်နာလုပ်ဆောင်ရန် (Action plan for allergic reactions) တို့ဖြစ်သည်။
အထက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာသည့်တိုင်အောင် တစ်ခါတစ်ရံတွင် ဓာတ်မတည့်ခြင်း ဖြစ်ပေါ်နိုင်ခြေ ရှိနေသောကြောင့် မိမိ၏ မိသားစုဝင်များနှင့် သူငယ်ချင်းများကို ဓာတ်မတည့်ခြင်း ဖြစ်ပေါ်လျှင် လုပ်ဆောင်ပေးရမည့် အရေးပေါ် ရှေးဦးကုသနည်းများကို ကြိုတင်အသိပေးထားရန် လိုအပ်သည်။ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေများသူများအနေနှင့် မိမိဘာသာထိုးနိုင်သည့် အရေးပေါ်အသက်ကယ်ထိုးဆေး (EpiPen) ကို မိမိနှင့် အမြဲအတူဆောင်ထားရန် လိုအပ်သည်။
References:
- Australasian Society of Clinical Immunology and Allergy. (2025). ASCIA guidelines: Acute management of anaphylaxis. Retrieved October 26, 2025, from https://www.allergy.org.au/hp/papers/acute-management-of-anaphylaxis-guidelines
- Cleveland Clinic. (n.d.). Anaphylaxis: Causes, symptoms, diagnosis & treatment. Retrieved October 26, 2025, from https://my.clevelandclinic.org/health/diseases/8619-anaphylaxis
- Drugs.com. (n.d.). Neffy (epinephrine nasal spray). Retrieved October 26, 2025, from https://www.drugs.com/neffy.html
- Mayo Clinic. (n.d.). Anaphylaxis: Symptoms and causes. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/anaphylaxis/symptoms-causes/syc-20351468
- Muraro, A., Turner, P., Roberts, G., Wang, J., Dribin, T., et al. (2025). Anaphylaxis definition, overview, and clinical support tool: 2024 consensus report—A GA²LEN project. Journal of Allergy and Clinical Immunology, 156(2), 406–417.e6. https://doi.org/10.1016/j.jaci.2025.01.027
- National Health Service. (n.d.). Anaphylaxis. Retrieved October 26, 2025, from https://www.nhs.uk/conditions/anaphylaxis/
- Resuscitation Council UK. (2021). Emergency treatment of anaphylaxis: Guidelines for healthcare providers. Retrieved October 26, 2025, from https://www.resus.org.uk/library/guidelines-and-statements/emergency-treatment-anaphylaxis-guidelines-healthcare-providers
- U.S. Food and Drug Administration. (2024). FDA approves first nasal spray for treatment of anaphylaxis [News release]. Retrieved October 26, 2025, from https://www.fda.gov
- WebMD. (n.d.). Anaphylaxis. Retrieved October 26, 2025, from https://www.webmd.com/allergies/anaphylaxis
Published: 26 October 2024
Last updated: 3 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.