Life threatening medical emergencies (အသက်အန္တရာယ်ရှိသည့် အရေးပေါ်ကျန်းမာရေးပြဿနာများ)

CLL Health Emergency

အရေးပေါ်ကျန်းမာရေးပြဿနာဆိုသည်မှာ ချက်ချင်းကုသမှုမရရှိလျှင် သေဆုံးနိုင်ခြင်း (သို့မဟုတ်) ရာသက်ပန် ကိုယ်လက်အင်္ဂါချို့ယွင်းခြင်းကို ဖြစ်စေသော အခြေအနေများဖြစ်သည်။ အရေးပေါ်ကျန်းမာရေး ပြဿနာများသည် လူတန်းစားမရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေးတွင် ဖြစ်နိုင်သည်။ အရေးပေါ် ရောဂါလက္ခဏာများကို သတိပြုမိပြီး ချက်ချင်း ကူညီဆောင်ရွက်ပေးနိုင်လျှင် အသက်အန္တရာယ်မှ ကယ်တင်နိုင်သည်။ သတိမပြုမိခြင်း၊ ဆေးရုံ၊ ဆေးခန်းသို့ပို့ရန် နှောင့်နှေးခြင်းတို့ကြောင့် မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်လာနိုင်သည်။

မမျှော်လင့်ဘဲ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်လာနိုင်ခြင်း၊ မူလအခံရောဂါများ (နှလုံးရောဂါ၊ သွေးတိုးရောဂါဆီးချိုရောဂါပန်းနာရင်ကျပ်ရောဂါများ) ရုတ်တရက် ဆိုးရွားလာခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ခြင်းကြောင့်လည်း အရေးပေါ်ပြဿနာကြုံနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ

အောက်ပါတို့သည် အမေရိကန်အရေးပေါ်ဆေးပညာကောလိပ်မှ ထုတ်ပြန်ထားသည့် အသက်အန္တရာယ်ရှိသည့် ရောဂါလက္ခဏာများဖြစ်သည်။

  • သွေးမတိတ်ခြင်း၊ သွေးထွက်လွန်ခြင်း (Uncontrollable Bleeding)
  • အသက်ရှူရပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မောပန်းခြင်း (Stop Breathing, Difficult Breathing, Shortness of Breath)
  • အသိစိတ်အခြေအနေ ပြောင်းလဲခြင်း (သတိလစ်ခြင်း၊ မူးဝေခြင်း၊ ကယောက်ကယက်ဖြစ်ခြင်း – Change in Conscious level)
  • ရင်ဘတ်အောင့်ခြင်း (Chest Pain)
  • အစာသီးခြင်း၊ နင်ခြင်း (Choking in children)
  • သွေးအန်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း (Coughing Up and Vomiting Blood)
  • ဦးခေါင်းဒဏ်ရာ၊ ကျောရိုးဒဏ်ရာ (Head and Spine Injuries)
  • မိမိကိုယ်ကို (သို့မဟုတ်) အခြားသူကို အန္တရာယ်ပြုလိုစိတ် ပေါ်ပေါက်ခြင်း (Feeling of Harming Yourself or Others)
  • မတော်တဆမှုကြောင့်ဖြစ်သော မီးလောင်ဒဏ်ရာ၊ ရေနစ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ရုတ်တရက် ပြင်းထန်စွာထိခိုက်ခြင်း (Sudden Injuries)
  • ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ရုတ်တရက်ပေါ်ပေါက်သည့် ပြင်းထန်သောနာကျင်မှု (Sudden Severe Pain Anywhere In The Body) (သို့မဟုတ်) လုံးဝမသက်သာသည့် နာကျင်မှု
  • ရုတ်တရက် ဗိုက်အောင့်ခြင်း (Sudden Abdominal Pain)
  • အဆိပ် (သို့မဟုတ်) အန္တရာယ်ရှိ‌သော ပစ္စည်းအား မျိုမိခြင်း၊ အဆိပ်ရှိသတ္တဝါ အကိုက်ခံရခြင်း (Swallowing Poison or Harmful Substances)
  • ရုတ်တရက် မူးဝေခြင်း၊ လှုပ်ရှား၍မရခြင်း၊ အမြင်အာရုံ ပျောက်ဆုံးခြင်း (Sudden Dizziness, Weakness and Loss of Vision)
  • မျက်နှာ၊ မျက်လုံးများနှင့် လျှာ ရုတ်တရက် ရောင်ရမ်း၍ ဖောင်းလာခြင်း (Angioedema)

ကလေးငယ်များတွင် အောက်ပါလက္ခဏာများသည် အရေးပေါ်အခြေအနေဖြစ်သည်။

  • တက်ကြွမှုမရှိပဲ မှိန်းနေခြင်း
  • အိပ်ချိန်များနေခြင်း
  • မတ်တပ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း
  • မောခြင်း၊ မူမမှန်အသက်ရှူခြင်း
  • နှုတ်ခမ်း၊ လျှာ ပြာနှမ်းခြင်း (Cyanosis)
  • အစာမစားခြင်း၊ အစာကျွေး၍မရခြင်း
  • တက်ခြင်း (Seizures/Convulsion)
  • သွေးမတိတ်ခြင်း
  • ဖျားခြင်းနှင့်အတူ ကယောင်ကတမ်းဖြစ်ခြင်း၊ ဇက်ကြောတောင့်တင်းခြင်း
အရေးပေါ်ကုသခြင်း

အထက်ပါလက္ခဏာများကို မိမိကိုယ်တိုင်တွင်လည်းကောင်း၊ ပတ်ဝန်းကျင်တွင်လည်းကောင်း တွေ့ရှိလျှင် ပထမဆုံးပြုလုပ်ရမည်မှာ ရှေးဦးသူနာပြုစုခြင်းဖြစ်သည်။ပထမဆုံးပြုလုပ်ရမည်မှာ ရှေးဦးသူနာပြုစုခြင်းဖြစ်သည်။

  • စိတ်ကို တည်ငြိမ်အောင်ထားပါ၊ ဆောင်ရွက်သင့်သည်များကို တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ဆောင်ပါ
  • အရေးပေါ်လူနာတင်ယာဉ်စနစ်ရှိပါက ဦးစွာအကြောင်းကြားခေါ်ဆိုပါ
  • သတိလစ်နေခြင်း ရှိမရှိ စစ်ဆေးပါ
    သတိလစ်နေသည့်လူနာကို ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပါက ဘေးစောင်းအနေအထား (Recovery Position) ဖြင့်ထားပါ၊ သတိလစ်နေပြီး အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းမရှိလျှင် ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း – စီပီအာ (CPR) ကို ချက်ချင်းပြုလုပ်ပါ။
  • အသက်ရှူခြင်း ရှိမရှိ စစ်ဆေးပါ
    အသက်ရှူခြင်းမရှိလျှင် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း ရှိမရှိ စစ်ဆေးပါ။ အန်ဖတ်၊ အစာ၊ ကွမ်းဖတ်တို့ကို ဖယ်ရှားပါ။ လူနာ၏ဦးခေါင်းကို မေးစေ့မှ ဆွဲမ၍ အသက်ရှူလမ်းကြောင်းကို ဖွင့်ပေးပါ။ အသက်ရှူနိုင်ခြင်း မရှိလျှင် အသက်ရှူအားကူခြင်း ပြုလုပ်ပါ။ စကားပြောဆိုနိုင်ခြင်း၊ အော်ဟစ်နေခြင်းရှိလျှင် အသက်ရှူလမ်းကြောင်းပိတ်ခြင်းမရှိဟု သတ်မှတ်နိုင်သည်။
  • သွေးထွက်နေခြင်း (သို့မဟုတ်) သွေးထွက်နေသောဒဏ်ရာ ရှိမရှိ စစ်ဆေးပါ
    သွေးထွက်နေသောဒဏ်ရာကို အဝတ်စ (သို့မဟုတ်) ပတ်တီးဖြင့် ဖိအားသုံးစည်းပေးခြင်းဖြင့် သွေးတိတ်အောင် ပြုလုပ်ပေးပါ။ ဒဏ်ရာအပေါ်ပိုင်းမှ တင်းကျပ်အောင် ကြိုးစည်းခြင်း မပြုလုပ်ရ။ လုံးဝထိန်းချုပ်၍မရသည်အထိ သွေးထွက်လျှင် သွေးထိန်းမျှော့ကြိုးဖြင့် စည်းနိုင်သည်။ သို့သော် နာရီဝက်လျှင် တစ်ကြိမ် ပြန်လျှော့ပေးရမည်။

အထက်ပါ ရှေးဦးသူနာပြုစုခြင်းများ လိုအပ်သည့်အခြေအနေဖြစ်ပါက အရေးပေါ်ပြုစုပြီး လူနာကို အနီးဆုံး ဆေးရုံအရေးပေါ်ဌာနသို့ လျှင်မြန်စွာ တိုက်ရိုက်ပို့ဆောင်ရမည်။

အထက်ပါ ရှေးဦးသူနာပြုစုခြင်းများ မလိုအပ်သည့် အခြေအနေဖြစ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်နိုင်သည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း၊ ကုသပေးခြင်းများ ပြုလုပ်ပေးနိုင်သည်။ လိုအပ်လျှင် ဆေးရုံအရေးပေါ်ဌာနသို့ လွှဲပြောင်း ကုသပေးမည်ဖြစ်သည်။

အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြေအနေများတွင် မိနစ်တိုင်းသည် လူနာအတွက် အရေးကြီးသည်ကို သတိပြုပါ။

အရေးပေါ်ကျန်းမာရေးပြဿနာများ ကုသမှုများတွင် တီထွင်တိုးတက်မှုများ

အရေးပေါ်ကျန်းမာရေးကုသမှုနယ်ပယ်သည် အဆက်မပြတ် တိုးတက်ပြောင်းလဲနေသည်။ ဥပမာအချို့မှာ_

  • နည်းပညာသုံး အရေးပေါ်ကုသခြင်း
    အရေးပေါ်လူနာတင်ယာဉ်များတွင် အဝေးမှနေ၍ လူနာ၏အခြေအနေကို ဆေးရုံသို့ တိုက်ရိုက်ပေးပို့နိုင်သည့် စမတ်ကိရိယာများ (ဥပမာ _ နှလုံးခုန်နှုန်းတိုင်းတာသည့် စက်များ) နှင့် တယ်လီဆေးပညာ (Telemedicine) စနစ်များ အသုံးပြုလာကြသည်။ ၎င်းသည် ဆေးရုံမရောက်မီကပင် ဆရာဝန်များက အချိန်နှင့်တစ်ပြေးညီ လူနာကို ရှေးဦးကုသမှုများအတွက် အကြံပေးနိုင်သည်။
  • မောင်းသူမဲ့လေယာဉ် (Drones) အသုံးပြုခြင်း
    အချို့နိုင်ငံများတွင် ဒရုန်းများကို အသုံးပြု၍ အလိုအလျောက်နှလုံးနှိုးဆွစက် (AED) ကဲ့သို့သော အရေးပေါ်ပစ္စည်းများကို လူနာဆီသို့ အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ခြင်းဖြင့် ဝေးလံခေါင်ပါးသောဒေသများတွင်ပင် အသက်ကယ်တင်နိုင်စွမ်းကို မြှင့်တင်ပေးသည်။
  • ခေတ်မီသော ရင်ခေါင်းဖိနှလုံးနှိုးဆွစက် (Mechanical CPR) များ
    ဤစက်ကိရိယာများ ထွက်ပေါ်လာခြင်းကြောင့် ရင်ဘတ်ကို ပိုမိုထိရောက်သော ဖိအားဖြင့် နှိပ်နယ်ပေးနိုင်သည့်အပြင်၊ လူနာကို ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း အခြားကိရိယာများ (ဥပမာ _ အသက်ရှူစက်) တပ်ဆင်ရန်လည်း လွယ်ကူစေသည်။
အရေးပေါ်ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ပြင်ဆင်ခြင်း

အရေးပေါ်ပြဿနာများမဖြစ်မီကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ အများအားဖြင့် ရုတ်တရက်ပေါ်ပေါက်သည့် အခြေအနေတိုင်းတွင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ကြသည်။

  • အိမ်၊ အလုပ်၊ ကျောင်း၊ ရုံး၊ ခရီးသွားခြင်းများတွင် မိမိတည်းခိုသည့်၊ တည်ရှိသည့်နေရာနှင့် အနီးဆုံးရှိ ဆေးရုံ၊ ဆေးခန်းများ၏ တည်နေရာနှင့် သွားနိုင်သည့်ခရီးလမ်းကို စုံစမ်းမှတ်သားထားပါ
  • အရေးပေါ်ခေါ်ဆိုနိုင်မည့် တယ်လီဖုန်းနံပါတ်များကို အိမ်နံရံ၊ ရုံးနံရံတွင် သိသာအောင် ကပ်ထားပါ၊ မိမိ အပြင်သွားလျှင် အထူးသဖြင့် ကလေးများနှင့် သက်ကြီးရွယ်အိုများကျန်ခဲ့လျှင် အရေးပေါ်ခေါ်ဆိုရန် အသိပေးထားပါ
  • မိမိ၏ လက်ကိုင်ဖုန်းအတွင်း အရေးပေါ်လူနာတင်ယာဉ် ဖုန်းနံပါတ်များ၊ မိသားစုဆရာဝန်၏ ဖုန်းနံပါတ်၊ ဆေးရုံဆေးခန်းဖုန်းနံပါတ်များ၊ မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များ၊ မိသားစုအတွင်း ဆုံးဖြတ်ချက်ပေးနိုင်မည့်သူ၏ ဖုန်းနံပါတ်များကို မှတ်သားထားပါ၊ တိုးတက်သည့်နိုင်ငံများတွင် ဗဟိုဖုန်းနံပါတ် (ဥပမာ – 911, 000, 999) တစ်ခုကိုဆက်သွယ်ရုံဖြင့် အရေးပေါ်အဖွဲ့များကို ဆက်သွယ်နိုင်သော်လည်း မြန်မာနိုင်ငံအတွက်မူ လူနာတင်ယာဉ် အသင်းအဖွဲ့များ၏ ဖုန်းနံပါတ်အချို့ကို စုံစမ်းမှတ်သားထားသင့်သည်၊ မြန်မာနိုင်ငံတွင် လူနာတင်ယာဉ် အရေးပေါ် ခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ်192 ရှိသော်လည်း လတ်တလောခေါ်ဆို၍ မရနိုင်သေးပေ
  • မိမိ၏ မူလအခံရောဂါ ကုသမှုမှတ်တမ်းများကို အလွယ်တကူ ရရှိနိုင်သောနေရာတွင် ထားပါ၊ ရောဂါရှိကြောင်း သက်သေခံကဒ်ရှိပါက ကိုယ်နှင့်မကွာ ဆောင်ထားပါ
  • အရေးပေါ် ရှေးဦးသူနာပြုစုနည်းများကို လူတိုင်း တတ်မြောက်အောင် သင်ယူပါ
  • ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း – (CPR) ပြုလုပ်နည်း၊ အလိုအလျောက်နှလုံးနှိုးဆွစက် (AED) အသုံးပြုနည်း သင်တန်းများ တက်ရောက်ပါ

References :

  1. Emergency Physicians. (n.d.). Know when to go to the ER. Emergency Physicians. Retrieved July 26, 2025, from https://www.emergencyphysicians.org/article/know-when-to-go/know-when-to-go-overview
  2. MedlinePlus. (n.d.). Recognizing medical emergencies: MedlinePlus Medical Encyclopedia. MedlinePlus. Retrieved July 26, 2025, from https://medlineplus.gov/ency/article/001927.htm
  3. Dmtt Admin. (2021). Recognizing signs and symptoms of an emergency. Minutes Matter. Retrieved July 26, 2025, from https://minutesmatter.upmc.com/know-the-signs-and-symptoms-of-an-emergency/
  4. Mitchell, O. J. L., Shi, X., Abella, B. S., & Girotra, S. (2023). Mechanical cardiopulmonary resuscitation during in-hospital cardiac arrest. Journal of the American Heart Association, 12(7). https://doi.org/10.1161/jaha.122.027726

Published: 30 August 2024

Last updated: 12 October 2025

Share

Category

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.