Heart Attack (ရုတ်တရက် နှလုံးအမောဖောက်ခြင်း)

CLL Health Emergency

ရင်ဘတ်အောင့်ခြင်းသည် နှလုံးအမောဖောက်ခြင်း၏ အဓိကလက္ခဏာဖြစ်သော်လည်း အခြားအကြောင်းများကြောင့်လည်း ဖြစ်နိုင်သည်။ အပြင်းအထန် အောင့်ခြင်း၊ ညှစ်ထားသကဲ့သို့ ခံစားရခြင်း၊ အသက်ရှူရခက်ခြင်း၊ ချွေးစေးများထွက်ခြင်း (သို့မဟုတ်) လက်မောင်း၊ မေးရိုးစသည့်နေရာများသို့ နာကျင်မှု ပျံ့နှံ့ခြင်းတို့နှင့် တွဲ၍ခံစားရပါက နှလုံးအမောဖောက်ခြင်းဟု သံသယရှိနိုင်သည်။ ရုတ်တရက် ရင်ဘတ်အောင့်ပြီး လဲပြိုကျသည့်လူနာတိုင်းကိုလည်း နှလုံးအမောဖောက်ခြင်း ဟုတ်မဟုတ် သံသယဖြင့် ချဉ်းကပ်ရမည်။ နှလုံးအမောဖောက်ခြင်းသည် ကမ္ဘာပေါ်တွင် သေဆုံးမှု အများဆုံးရောဂါများစာရင်းတွင် ထိပ်ဆုံးပိုင်း၌ရှိသည်။

Heart attack image
ဖြစ်‌ပေါ်ရသောအကြောင်းရင်း

ရုတ်တရက် နှလုံးအမောဖောက်ခြင်းသည် နှလုံးကြွက်သားများသို့ သွေးစီးဆင်းမှု ရုတ်တရက် ပြတ်တောက်သွားမှုကြောင့် နှလုံးကြွက်သားပုပ်ခြင်း (Myocardial Infarct) ဖြစ်သည်။ နှလုံးသို့ပို့သော သွေးကြောများအတွင်း ကိုလက်စထရောနှင့် အဆီများ တဖြည်းဖြည်း ပိတ်ဆို့လာပြီး သွေးခဲအဖြစ် ပိတ်ဆို့သွားပါက သွေးမစီးဆင်းနိုင်လျှင် နှလုံးအမောဖောက်ခြင်း ရုတ်တရက်ဖြစ်လာသည်။ နှလုံးကြွက်သားပုပ်၍ ပျက်စီးသောကြောင့် နှလုံးခုန် မူမမှန်ခြင်း၊ နှလုံးညှစ်အား မကောင်းခြင်းမှ နှလုံးခုန်ရပ်ခြင်းအထိ ဖြစ်နိုင်သည်။

  • ယခင်က နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူများ
  • အသက် (၄၅) နှစ်နှင့်အထက် အမျိုးသားများ
  • အသက် (၅၅) နှစ်နှင့်အထက် အမျိုးသမီးများ
  • ဆေးလိပ်ကြာရှည်သောက်ခဲ့သူများ
  • အဝလွန်သူများ
  • သွေးတွင်းအဆီဓါတ်များသူများ
  • သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူများ
  • မိသားစုအတွင်း နှလုံးအမောဖောက်ခြင်းဖြစ်ဖူးသူများ
  • အဆီများသော၊ ငန်လွန်းသော၊ ချိုလွန်းသော အစားအစာများ အလွန်အကျွံ စားသုံးသူများ
  • စိတ်ဖိစီးမှုများသူများ
  • ကိုယ်လက်လှုပ်ရှားမှု နည်းသူများတွင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နှုန်းနှင့် နှလုံးအမောဖောက်ခြင်းဖြစ်နိုင်ခြေ အများဆုံးတွေ့ရသည်။
ရောဂါလက္ခဏာများ

နှလုံးအမောဖောက်သည့်လူနာများတွင် ဖြစ်စေသည့်အကြောင်းရင်းနှင့် သွေးကြောပိတ်သည့် ရာခိုင်နှုန်းပေါ် မူတည်၍ အချို့တွင် ပြင်းပြင်းထန်ထန်မခံစားရသော်လည်း အချို့တွင် ပြင်းထန်မှုကြောင့် ချက်ချင်းသေဆုံးသည်အထိ ဖြစ်နိုင်သည်။

  • ရုတ်တရက် ရင်ဘတ်အောင့်ခြင်း (chest pain)
    ရင်ဘတ်ထဲတွင် ဖိထားသကဲ့သို့၊ ညှစ်ထားသကဲ့သို့ တင်းကျပ်သော နာကျင်မှုကို ခံစားရခြင်းဖြစ်သည်။ နှလုံးအမောဖောက်ခြင်းကြောင့် ဖြစ်ပေါ်သော နာကျင်မှုသည် ထိုးအောင့်ခြင်းမျိုးမဟုတ်ဘဲ ဖိအား (pressure) (သို့မဟုတ်) တင်းကျပ်သောခံစားမှု (squeezing sensation) မျိုးဖြစ်သည်။
  • အဆိုပါနာကျင်မှုသည် လက်ဝဲဘက်ပခုံး၊ လက်မောင်း၊ လည်ပင်း၊ မေးရိုးအောက်ပိုင်းသို့လည်းကောင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းသို့လည်းကောင်း၊ ကျောဘက်သို့လည်းကောင်း ပျံ့နှံ့ခြင်းမျိုးရှိသည်
  • အသက်ရှူမြန်ခြင်း၊ မောခြင်း၊ နုံးခွေခြင်း
  • ခန္ဓာကိုယ်အေးစက်လျက် ချွေးသီးချွေးပေါက်ကျခြင်း
  • မူးဝေခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ အစာမကြေသကဲ့သို့ဖြစ်ခြင်း

အထက်ပါလက္ခဏာများသည် အချို့တွင် မဖြစ်ပွါးမီ ရက်သတ္တပတ် (၁) ပတ် – (၂) ပတ်ခန့်အလိုမှစ၍ ဖြစ်ပေါ်သတိပေးနေခဲ့နိုင်သည်။ သို့သော်လည်း အချို့တွင် နှလုံးခုန် ရုတ်တရက်ရပ်သည့်အခါမှ နှလုံးအမောဖောက်ခြင်းဖြစ်ကြောင်း သိရတတ်သည်။

နောက်ဆက်တွဲပြဿနာများ
  • နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmia)
  • နှလုံးညှစ်အားကျသောကြောင့် ရှော့ခ်ဖြစ်ခြင်း (Cardiogenic shock)
  • နှလုံးလုပ်ငန်း ပျက်စီးခြင်း (Heart failure)
  • နှလုံးခုန်ရုတ်တရက်ရပ်ခြင်း (Cardiac arrest)
  • နှလုံးအမြှေးပါးရောင်ခြင်း (Pericarditis)
အရေးပေါ်ကုသခြင်း

အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြအနေဖြစ်သောကြောင့် အချိန်မဆိုင်းဘဲ ဆေးရုံတွင် ကုသမှု ချက်ချင်းခံယူရမည်။

  • သင်ကိုယ်တိုင် နှလုံးအမောဖောက်သည့် လက္ခဏာများ ခံစားရလျှင်လည်းကောင်း၊ တစ်စုံတစ်ယောက်တွင် တွေ့ရှိလျှင်လည်းကောင်း ပတ်ဝန်းကျင်အား အကူအညီတောင်းခံရမည်
  • အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်း ခေါ် ဆိုသင့်သည်၊ လူနာတင်ယာဉ် အလွယ်တကူမရနိုင်လျှင် နီးစပ်ရာအငှားယာဥ် (သို့မဟုတ်) အခြားသူအား ကားမောင်းစေလျက် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရမည် [ဆေးရုံတွင် သွေးကျဲဆေးထိုးရန် မိနစ် (၃၀) အတွင်း၊ နှလုံးသွေးကြောဖွင့်ပြွန်ငယ် (Stent) ထည့်ရန် မိနစ် (၉၀) အတွင်းသာ အချိန်ရသဖြင့် မိနစ်တိုင်းသည် အရေးကြီးလျက်ရှိသည်]
  • နှလုံးသွေးကြောကျဉ်းရောဂါအခံအတွက် ယခင်က ဆရာဝန်ညွှန်ကြားခဲ့သော Nitroglycerin ငုံဆေး ရှိပါက အရေးပေါ်လူနာတင်ယာဉ်မရောက်မီ အသုံးပြုနိုင်သည်။ Nitroglycerin သည် သွေးပေါင်ချိန်ကို ကျစေသောကြောင့် လူနာ၏သွေးပေါင်ချိန် နိမ့်နေပါက အန္တရာယ်ဖြစ်နိုင်သည်။
ရှေးဦးကုသခြင်း

တစ်စုံတစ်ဦးသည် နှလုံး‌အမောဖောက်၍ သတိလစ်လဲကျနေသည်ကို တွေ့ရှိလျှင် အရေးပေါ်လူနာတင်ယာဉ် ချက်ချင်းခေါ်ဆိုပါ။ ပတ်ဝန်းကျင်မှ လူအများကို အော်ဟစ်အကူအညီတောင်းပါ။

  • အသက်ရှူခြင်း ရှိမရှိ၊ လည်ပင်းသွေးကြောသွေးခုန်နှုန်း ရှိမရှိ စစ်ဆေးပါ
  • သွေးခုန်ခြင်းမရှိလျှင် ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း (CPR) ကို ချက်ချင်းပြုလုပ်ပါ၊ CPR ပြုလုပ်ပုံ လေ့ကျင့်သင်ကြားထားခြင်းမရှိလျှင် လူနာ၏ရင်ဘတ်အလယ်သို့ တစ်မိနစ်လျှင် အချက် (၁၀၀) မှ (၁၂၀)ခန့် ခပ်ပြင်းပြင်း ဆက်တိုက်ဖိနှိပ်ပေးပါ၊ CPR တတ်မြောက်လျှင် ရင်ဘတ်ဖိနှိပ်ခြင်း တစ်မိနစ် အချက် (၃၀) နှင့် အသက်ရှူအားကူခြင်း (၂) ကြိမ် အလှည့်ကျပြုလုပ်ပေးပါ
  • ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပို့ဆောင်ပါ
ဆေးရုံတွင် ဆက်လက်ကုသခြင်း
  • နှလုံးသွေးကြောပိတ်ခြင်းကို သိရှိရန် အီးစီဂျီဆွဲခြင်း၊ နှလုံးကြွက်သားထိခိုက်မှုပြ ဓာတ်ပစ္စည်းများ အမြန်စစ်ဆေးခြင်း
  • သွေးကြောပိတ်ခြင်းအတွက် လိုအပ်သော သွေးကျဲဆေးများ ပေးခြင်း
  • အနာသက်သာစေရန် သို့မဟုတ် နှလုံးခုန်နှုန်း ထိန်းချုပ်ရန် လိုအပ်သောဆေးများ ပေးခြင်း
  • သွေးကြောပိတ်သည့်နေရာကို ရှာ၍ သွေးကြောချဲ့ပြွန်များ (Stents) ထည့်ပေးခြင်း စသည်တို့ ဆက်လက်လုပ်ဆောင်သည်။
ရှေးဦးကုသမှု (Pre-hospital Care) ဆိုင်ရာ တိုးတက်မှုများ
  • အရေးပေါ်ဝန်ဆောင်မှုများ၏ ပိုမိုကောင်းမွန်သော ပေါင်းစပ်ညှိနှိုင်းမှု (Improved Coordinated EMS)
    • အဆင့်မြင့်နည်းပညာများ အသုံးပြုကာ လူနာတင်ယာဉ် (EMS) အဖွဲ့များနှင့် ဆေးရုံအရေးပေါ်ဌာနတို့အကြား ပေါင်းစပ်ညှိနှိုင်းမှုများ တိုးတက်လာသည်၊ လူနာတင်ယာဉ်များတွင် ECG စစ်ဆေးမှု ပြုလုပ်နိုင်ပြီး ရလဒ်များကို ဆေးရုံသို့ ကြိုတင်ပေးပို့နိုင်သည်
    • ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဆေးရုံသို့ရောက်သည်နှင့် တစ်ပြိုင်နက် ကုသမှုများ စတင်နိုင်ရန် ဆေးရုံက ကြိုတင်ပြင်ဆင်ထားနိုင်သဖြင့် ကုသမှုပေးရမည့် အချိန်ကို သိသိသာသာ လျှော့ချနိုင်ပြီး နှလုံးကြွက်သား ထိခိုက်မှုနှင့် လူနာသေဆုံးမှုနှုန်းကိုပါ လျှော့ချနိုင်သည်
  • အများပြည်သူအတွက် Hands-Only CPR နှင့် အလိုအလျောက်နှလုံးနှိုးဆွစက် (AED) အသုံးပြုမှု
    • CPR သင်တန်းမတက်ထားသူများအတွက် လက်ဖိနှိပ်ခြင်း တစ်ခုတည်းဖြင့် ပြုလုပ်သော CPR (Hands-Only CPR) နည်းလမ်းကို အလေးပေးလာသည်
    • ၎င်းသည် ပိုမိုလွယ်ကူပြီး အချိန်မဆွဲဘဲ နှလုံးခုန်ရပ်နေသော လူနာများကို ချက်ချင်းကူညီပေးနိုင်ရန် ရည်ရွယ်သည်
    • အလိုအလျောက်နှလုံးနှိုးဆွစက် (AED) များကို လူထူထပ်သော နေရာများ (ဥပမာ _ လေဆိပ်၊ ကုန်တိုက်) တွင် ပိုမိုတပ်ဆင်ထားလာသည်၊ AED များသည် အသုံးပြုရန် လွယ်ကူသော အဆင့်ဆင့်ညွှန်ကြားချက်များပါဝင်ပြီး နှလုံးခုန်ရပ်သည့် လူနာများကို ချက်ချင်းကူညီပေးနိုင်ရန် ဒီဇိုင်းထုတ်ထားသည်
ဆေးရုံတွင် ကုသခြင်းဆိုင်ရာ တိုးတက်မှုများ
  • မြန်ဆန်တိကျသော ရောဂါရှာဖွေမှု
    • High-sensitivity Troponin စမ်းသပ်မှုများကို အရေးပေါ်ဌာနတွင် အသုံးပြုခြင်းဖြင့် နှလုံးထိခိုက်မှုကို တစ်နာရီအတွင်း ရှာဖွေနိုင်ပြီး ကုသမှုခံယူရန် မလိုအပ်သော လူနာများကိုလည်း လျင်မြန်စွာ ပြန်လွှတ်ပေးနိုင်သဖြင့် ဆေးရုံ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေသည်
  • အဆင့်မြင့် ကုသမှုနည်းလမ်းများ
    • Perfusion Techniques
      ပိတ်နေသော သွေးကြောများကို ဖွင့်ပေးရန် သွေးခဲဖျက်ဆေးများ (Thrombolytics) ကို အရေးပေါ်ဌာနတွင် အချိန်မီပေးခြင်းနှင့် နှလုံးသွေးကြောချဲ့ပြွန် (Stent) ကို တတ်နိုင်သမျှ အမြန်ဆုံးထည့်ခြင်းဖြင့် နှလုံးကြွက်သား ထိခိုက်မှုများကို လျှော့ချပေးသည်။
    • အဆင့်မြင့် အသက်ကယ်နည်းစနစ်များ (Advanced Life Support)
      အသက်ရှူလမ်းကြောင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ နှလုံးခုန်နှုန်းထိန်းချုပ်မှု နှင့် သွေးပေါင်ချိန် ထိန်းချုပ်မှုများအတွက် ဆေးဝါးများနှင့် နည်းပညာများကို ပိုမိုကောင်းမွန်စွာ အသုံးပြုလာသည်။
    • ECMO (Extracorporeal Membrane Oxygenation)
      နှလုံးအမောဖောက်ပြီးနောက် နှလုံးနှင့် အဆုတ်များ ပြင်းထန်စွာ ပျက်စီးသွားသော အသက်အန္တရာယ်ရှိ လူနာများအတွက် ခန္ဓာကိုယ်ပြင်ပမှ သွေးကို စစ်ထုတ်ကာ အောက်ဆီဂျင်ဖြည့်တင်းပေးသော ECMO နည်းစနစ်ကို အထူးကုသဆောင်များတွင် အသုံးပြုလာသည်။
ကာကွယ်ခြင်း

ရုတ်တရက် နှလုံးအမောဖောက်ခြင်းကို ကာကွယ်ရန် နောက်ကျသည်ဟူ၍ မရှိပါ။ ဖြစ်နိုင်ခြေများသော အကြောင်းရင်းများရှိပါက ပိုမိုဂရုစိုက် ကာကွယ်သင့်သည်။

  • ကျန်းမာသော နေထိုင်မှုပုံစံကို ကျင့်သုံးခြင်း
    ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်း၊ အားကစား ပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်းနှင့် စိတ်ဖိစီးမှု လျှော့ချခြင်းတို့ကို ပြုလုပ်သင့်သည်။
  • ရောဂါများကို စနစ်တကျ ကုသခြင်း
    မိမိ၌ရှိသော သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်းကဲ့သို့သော ရောဂါများကို ဂရုစိုက်ကုသပြီး ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်သင့်သည်။
  • ဆေးဝါးများကို ပုံမှန်သောက်သုံးခြင်း
    နှလုံးရောဂါနှင့်ပတ်သက်သည့် ဆရာဝန်မှ ညွှန်ကြားထားသော ဆေးဝါးများကို ပုံမှန်သောက်သုံးခြင်းဖြင့် ရောဂါအခြေအနေကို ထိန်းချုပ်ထားနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (2023). Heart attack – Symptoms & causes. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/heart-attack/symptoms-causes/syc-20373106
  2. Mayo Clinic. (2023). Heart attack – Diagnosis & treatment. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/heart-attack/diagnosis-treatment/drc-20373112
  3. Cleveland Clinic. (n.d.). Heart attack: Symptoms, causes & treatment. Cleveland Clinic. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/16818-heart-attack-myocardial-infarction
  4. American Heart Association. (n.d.). Warning signs of a heart attack. American Heart Association. Retrieved August 26, 2025, from https://www.heart.org/en/health-topics/heart-attack/warning-signs-of-a-heart-attack
  5. Kohashi, K., Nakano, M., Isshiki, T., Maeno, Y., Tanimoto, S., Asano, T., Masuda, N., Hayashi, K., Sasaki, S., Shintani, Y., Saito, T., Kitamura, T., Kagiyama, K., Oguni, T., Ohta, M., Miyashita, K., Miyazaki, I., Tanaka, S., Watanabe, K., & Ogata, N. (2023). Clinical efficacy of pre-hospital electrocardiogram transmission in patients undergoing primary percutaneous coronary intervention for ST-segment elevation myocardial infarction. International Heart Journal, 64(4), 535–542. https://doi.org/10.1536/ihj.22-633

Published: 30 August 2024

Last updated: 11 October 2025

Share

Category

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.