Antiparasitic medications (ကပ်ပါးပိုး တိုက်ဖျက်ဆေးဝါးများ)

Antiparasitic medications (ကပ်ပါးပိုး တိုက်ဖျက်ဆေးဝါးများ)

ကပ်ပါးပိုးများကြောင့် ဖြစ်ပွားသော ရောဂါများသည် ကမ္ဘာတစ်ဝန်း (အထူးသဖြင့် အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများ) ရှိ လူသန်းပေါင်းများစွာကို ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေသည့် အဓိကကျန်းမာရေးပြဿနာကြီး တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ကပ်ပါးပိုးကောင်ဆိုသည်မှာ အခြားသောသက်ရှိ (လက်ခံသက်ရှိ Host) ၏ ခန္ဓာကိုယ်ပေါ်တွင်ဖြစ်စေ၊ ခန္ဓာကိုယ်ထဲတွင်ဖြစ်စေ မှီတင်းနေထိုင်ပြီး၊ ၎င်းသက်ရှိထံမှ အာဟာရများကို ရယူကာ ရှင်သန်ကြသော မျိုးစိတ်များဖြစ်သည်။

ကပ်ပါးပိုး တိုက်ဖျက်ဆေးဝါးများ (Antiparasitic medications) သည် ထိုကပ်ပါးပိုးများကို ထိန်းချုပ်ရန်၊ အမြစ်ပြတ် တိုက်ထုတ်ရန်၊ ထပ်မံမဝင်‌အောင် ကာကွယ်ရန်အတွက် သီးသန့်ထုတ်လုပ်ထားသော ဆေးဝါးများဖြစ်သည်။ ထိုဆေးဝါးများသည် ကပ်ပါးပိုးများ၏ ထူးခြားသော ဇီဝကမ္မဖြစ်စဉ်များကိုသာ ရွေးချယ်တိုက်ခိုက်ကာ လက်ခံကောင်ဖြစ်သောလူများကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် တီထွင်ဖော်စပ်ထားသည်။ ကပ်ပါးပိုးများသည် ယင်းတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံ၊ ကြီးထွားအရွယ်ရောက်သည့် အသက်ရှင်သန်မှု သံသရာနှင့် လူခန္ဓာကိုယ်တွင်း၌ ကပ်မြှောင်နေထိုင်ရာနေရာများပေါ် မူတည်၍ တစ်ကောင်နှင့်တစ်ကောင် အလွန်ကွာခြားကြသည်။ သို့ဖြစ်ရာ ကပ်ပါးဆေးတစ်မျိုးတည်းဖြင့် ကပ်ပါးပိုးအားလုံးကို နှိမ်နင်းရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ဆေးဝါးတစ်မျိုးချင်းစီကို သတ်မှတ်ထားသော ကပ်ပါးပိုး အုပ်စုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အုပ်စုများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် ထုတ်လုပ်ထားသည်။ ထိုဆေးဝါးများသည်_

  • ကပ်ပါးပိုးနှင့် ကပ်ပါးဥများကို သေစေခြင်း
  • ကပ်ပါးပိုးများ ကြီးထွားမှုကို ရပ်တန့်စေခြင်း
  • ကပ်ပါးပိုး၏ အာရုံကြောစနစ်များ ပျက်စီးစေပြီး၊ အခြားသက်ရှိများထံတွင် ကပ်တွယ်မနေနိုင်အောင် ပြုလုပ်ခြင်း စသည့်နည်းလမ်းများဖြင့် လုပ်ဆောင်သည်။

ကပ်ပါးပိုး တိုက်ဖျက်ဆေးများသည် ထောင်ပေါင်းများစွာသော ကပ်ပါးပိုး အမျိုးအစားများကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါအများအပြားကို ကုသပေးနိုင်သဖြင့် လူသားတို့အတွက် အလွန်အရေးကြီးသော ဆေးဝါးများပင်ဖြစ်သည်။

ဆေးဝါးအမျိုးအစားများ

ဆေးဝါးအမျိုးအစား များစွာရှိသော်လည်း အဓိကအားဖြင့် အုပ်စုကြီး (၃) စု ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ_

  1. ပရိုတိုဇိုအာကပ်ပါးပိုး တိုက်ဖျက်သောဆေးများ (Antiprotozoal agents) (ထိုအုပ်စုထဲတွင် ငှက်ဖျားဆေးများ ပါဝင်သည်)
  2. ကပ်ပါးသန်ကောင်များကို တိုက်ဖျက်သောဆေးများ (သန်ပြားရှည်၊ သန်လုံးကောင်နှင့် သန်ပြားဖတ်များ) (Antihelminthic agents)
  3. ပြင်ပပိုးမွှားများကို ကုသသောဆေးများ (သန်းနှင့် ဝဲပိုးကောင်များ) (Ectoparasiticides) တို့ဖြစ်သည်။
ပရိုတိုဇိုအာကပ်ပါးပိုး တိုက်ဖျက်ရေးဆေးများ (Antiprotozoal agents)

ပရိုတိုဇိုအာကပ်ပါးပိုးများ (ဆဲလ်တစ်ခုတည်းရှိသော အဏုဇီဝသက်ရှိများ) ကို သေစေသော ဆေးဝါးများဖြစ်သည်။

  1. ငှက်ဖျားကပ်ပါးပိုးကို တိုက်ဖျက်သောဆေးများ (Antimalarials)
    • Chloroquine, Amodiaquine, Quinine, Mefloquine, Lumefantrine – ငှက်ဖျားပိုးများ၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်အတောက်ဖြစ်စေသော Heme ဒြပ်ပေါင်းများကို စုပုံလာစေခြင်းဖြင့် ငှက်ဖျားပိုးကို သေစေသည်
    • Artemisinins ဆေးအုပ်စု – ကပ်ပါးပိုးများကို အဆိပ်အတောက်ဖြစ်စေသော ဓာတုအမှုန်များ (Toxic free radicals) ကို ထုတ်လွှတ်ပေးခြင်းဖြင့် ကပ်ပါးပိုးများကို လျင်မြန်စွာ သေစေသည်
    • Atovaquone–proguanil – ထိုဆေးနှစ်မျိုးသည် ကပ်ပါးပိုးများ၏ စွမ်းအင်ထုတ်လုပ်မှုနှင့် ဒီအန်အေ (DNA) တည်ဆောက်ရန် လိုအပ်သော ဖောလိတ် (Folate) ဗီတာမင် ထုတ်လုပ်မှုကို ပိတ်ဆို့ဖြတ်တောက်လိုက်ခြင်းဖြင့် ကပ်ပါးပိုးများကို လျင်မြန်စွာ သေစေသည်
    • Primaquine – ကပ်ပါးပိုးများကို ပျက်စီးစေသည့် အောက်ဆီဂျင်ဓာတ်ကြွ မော်လီကျူးများကို ထုတ်လုပ်ပေးပြီး၊ အထူးသဖြင့် အသည်းဆဲလ်များထဲတွင် ခိုအောင်းနေသော ငှက်ဖျားပိုးများကို အဓိကတိုက်ဖျက်ပေးသည်။
  2. အူလမ်းကြောင်းရှိ ဝမ်းကိုက်ကပ်ပါးပိုးများကို တိုက်ဖျက်သောဆေးများ (Amoeba ဝမ်းကိုက်ရောဂါနှင့် Giardia ဝမ်းပျက်ရောဂါ)
    • Iodoquinol
      • ဝမ်းကိုက်ပိုးများ အသက်ရှင်သန်ရန်နှင့် ကြီးထွားရန် လိုအပ်သော သံဓာတ်ကို အဓိက ဖမ်းယူထားသောကြောင့် ပိုးများအတွက် လုံလောက်သော သံဓာတ်မရရှိတော့ဘဲ ဇီဝဖြစ်စဥ်များကို မလုပ်နိုင်တော့သဖြင့် ပိုးများကို သေစေသည်
    • Paromomycin
      • ကပ်ပါးပိုး၏ ကြီးထွားမှုနှင့် ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော ပရိုတင်းဓာတ် ထုတ်လုပ်မှုစနစ်ကို ပိတ်ဆို့ပေးသည်
      • ထိုဆေးသည် အူလမ်းကြောင်းမှ စုပ်ယူမှု အလွန်နည်းပါးပြီး အဓိကအားဖြင့် အူလမ်းကြောင်းတွင်းရှိ ကပ်ပါးပိုးများကို ပျက်စီးစေသည်
    • Diloxanide Furoate
      • အူလမ်းကြောင်းအတွင်း၌ အဓိကအလုပ်လုပ်ပြီး အမီးဘားပိုးများကို တိုက်ရိုက်သေစေသည်
      • ရောဂါလက္ခဏာမပြဘဲ ပိုးသယ်ဆောင်ထားသူများအတွက် ရွေးချယ်နိုင်သော အကောင်းဆုံးဆေးဖြစ်သည်
    • Metronidazole and Tinidazole
      • ကိုယ်တွင်းအင်္ဂါများတွင် ဖြစ်သော ပြင်းထန်ဝမ်းကိုက်ရောဂါများအတွက် အဓိက အသုံးပြုသည့် အကောင်းဆုံးဆေးဝါးများဖြစ်သည်
      • အဆိုပါဆေးများသည် ဝမ်းကိုက်ပိုး၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ပြီးနောက် ၎င်း၏ ဒီအန်အေ (DNA) ကို ပျက်စီးစေသော အဆိပ်အတောက်ဖြစ်စေသည့် ဒြပ်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲသွားကာ ပိုးများဆက်လက်မကြီးထွားနိုင်စေရန် တားဆီးခြင်းဖြင့် ပိုးများကို သေဆုံးသွားစေသည်
      • အူလမ်းကြောင်းအတွင်းရှိ ပိုးများသာမက အခြားကိုယ်တွင်းအင်္ဂါများ (ဥပမာ – အသည်း) အတွင်းရှိ ဝမ်းကိုက်ပိုးများကိုပါ ထိရောက်စွာ နှိမ်နင်းနိုင်သည်
      • ဝမ်းကိုက်ပိုးများသာမက အခြားသော ပရိုတိုဇိုအာ ကူးစက်ရောဂါအချို့နှင့် အောက်ဆီဂျင်မရှိဘဲ ရှင်သန်နိုင်သော ဘက်တီးရီးယား (Anaerobic bacteria) ကူးစက်ရောဂါများကိုလည်း ထိရောက်စွာ ကုသပေးနိုင်သည်
    • Emetine
      • ဤဆေးသည် ပိုးများတွင် ပရိုတင်းဓာတ် ထုတ်လုပ်ခြင်းကို တားဆီးပေးသည်
      • ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သောကြောင့် ယနေ့ခေတ်တွင် ဤဆေးမျိုးကို အသုံးပြုခဲသည်
      • အခြားကုသမှုများနှင့် မသက်သာသော ပြင်းထန်အခြေအနေများတွင်သာ သီးသန့်အသုံးပြုသည်
    • Albendazole
      • သန်ချဆေးအမျိုးအစားဖြစ်သော်လည်း Giardia ဝမ်းပျက်ရောဂါကို ကုသရာ၌ အသုံးပြုနိုင်သည်
      • ကပ်ပါးပိုး၏ အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သော ဂလူးကို့စ် (သကြားဓာတ်) စုပ်ယူမှုကို ပိတ်ဆို့ခြင်းဖြင့် ကပ်ပါးပိုးကို သေစေသည်
  3. သွေးနှင့် ဦးနှောက်အတွင်းရှိ Trypanosoma ကပ်ပါးပိုးများကို တိုက်ဖျက်သောဆေးများ
    • Benznidazole & Nifurtimox
      • ကပ်ပါးပိုး၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်အတောက်ဖြစ်စေသော ဓာတုဘေးထွက်ပစ္စည်းများအဖြစ် ပြိုကွဲပြီး ကပ်ပါးပိုးကို သေစေသည်
    • Pentamidine
      • ကပ်ပါးပိုး၏ အတွင်းပိုင်းရှိ စွမ်းအင်ထုတ်ပေးသော မိုင်တိုကွန်ဒရီးယားကို ဖျက်ဆီးသည်
    • Eflornithine
      • ကပ်ပါးပိုး ကြီးထွားပွားများရန် လိုအပ်သော အင်ဇိုင်းတစ်မျိုးကို ဖျက်ဆီးသည်
    • Suramin
      • ကပ်ပါးပိုး၏ အစားအစာမှ စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးသည့် လုပ်ဆောင်ချက်ကို ပျက်စီးစေသည်
    • Melarsoprol
      • လူ၏ ဦးနှောက်အတွင်းပိုင်းအထိ ဖြတ်သန်းဝင်ရောက်နိုင်စွမ်းရှိသော ဆေးဝါးဖြစ်ပြီး ကပ်ပါးပိုး၏ စွမ်းအင်ထုတ်လုပ်မှုကို ပိတ်ဆို့ကာ အရေးကြီးပရိုတင်းများကို ဖျက်ဆီးသည်
      • ထို့ကြောင့် ဦးနှောက်အတွင်းထိဝင်ရောက်သော ကပ်ပါးရောဂါကို ကုသရာတွင် အသုံးဝင်သည်
  4. ဖြုတ်မှတစ်ဆင့်ကူးစက်သော Leishmania ကပ်ပါးပိုးများကို တိုက်ဖျက်သောဆေးများ
    • Sodium Stibogluconate and Meglumine Antimoniate
      • ကပ်ပါးပိုး၏ စွမ်းအင်ထုတ်လုပ်မှုကို ပျက်စီးစေသကဲ့သို့ လူတို့၏ ကိုယ်ခံအားဆဲလ်များကို လှုံ့ဆော်ပေးပြီး ကပ်ပါးပိုးများကို အမြစ်ပြတ် တိုက်ထုတ်နိုင်‌ရန် ကူညီပေးသည်
    • Amphotericin B
      • ကပ်ပါးပိုး၏ ဆဲလ်အမြှေးပါးတွင် အပေါက်များဖြစ်စေပြီး ပြိုကွဲပျက်စီးစေသည်
  5. ကြောင်နှင့် အစားအစာများမှ ကူးစက်သည့်တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုးများကို တိုက်ဖျက်သော ဆေးများ
    • Pyrimethamine & Sulfadiazine
      • ဤဆေးနှစ်မျိုးကို ပေါင်းစပ်ကုသလေ့ရှိပြီး ကပ်ပါးပိုးများ ဆက်လက်ပွားများရန် မရှိမဖြစ်လိုအပ်သော ဖောလစ်အက်ဆစ်ဓာတ် (Folic acid) ကို မရရှိအောင် ဖြတ်တောက်ပေးသည်
ကပ်ပါးသန်ကောင်များကို တိုက်ဖျက်သော သန်ချဆေးများ (Antihelminthic agents)

သန်ကောင်များသည် အခြားကပ်ပါးပိုးများထက် အရွယ်အစား ပိုမိုကြီးမားသော သက်ရှိများဖြစ်သည်။ သန်ချဆေးများသည် သန်ကောင်များ၏ ရုပ်ပိုင်းဆိုင်ရာတည်ဆောက်ပုံကို ဖျက်ဆီးခြင်းဖြင့်လည်းကောင်း၊ အာရုံကြောများကို ပျက်စီးစေခြင်းဖြင့်လည်းကောင်း လုပ်ဆောင်ပေးသည်။

  1. ဦးနှောက်၊ အူလမ်းကြောင်းနှင့် သွေးတွင်းရှိ သန်ကောင်များ (သန်ပြားနှင့် သန်ဖတ်ကောင်များ) ကုသခြင်း
    • Praziquantel
      • သန်ကောင်ဆဲလ်များထဲသို့ သတ္တုဓာတ်များ အမြောက်အမြား ဝင်ရောက်စေပြီး ပြင်းထန်သော ကြွက်သားကျုံ့ခြင်းကို ဖြစ်စေကာ သန်ကောင်၏ ခန္ဓာကိုယ်လှုပ်ရှားမှုများကို ထိခိုက်စေသည်
      • ထို့အပြင် သန်ကောင်၏ အပြင်ဘက်အရေပြားကို ပျက်စီးစေသဖြင့် သန်ကောင်ကို လူ့ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က အလွယ်တကူ တိုက်ခိုက်နိုင်စေရန် ကူညီဆောင်ရွက်ပေးသည်
    • Niclosamide
      • သန်ပြားရှည်များ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ထုတ်လုပ်သည့်နေရာများကို ဖျက်ဆီးသည်
  2. အူလမ်းကြောင်းနှင့် ကြွက်သားတွင်းရှိ သန်ကောင်များ (သန်လုံးကောင်နှင့် အပ်ချည်မျှင်သန်ကောင်များ) ကုသခြင်း
    • Albendazole, Mebendazole
      • သန်ကောင်ဆဲလ်များ၏ အဓိကကျောရိုးငြမ်းကို ဖျက်ဆီးကာ သကြားဓာတ်စုပ်ယူမှုကို ဟန့်တားသည်
    • Piperazine & Pyrantel Pamoate
      • သန်ကောင်၏ ကြွက်သားများကို တောင့်တင်းသွားစေခြင်း သို့မဟုတ် အကြောသေသွားစေခြင်းတို့ ဖြစ်စေပြီး အူလမ်းကြောင်းပေါ်တွင် တွယ်ကပ်ထားနိုင်စွမ်း မရှိတော့သည့်အတွက် ပုံမှန်ဝမ်းသွားခြင်းမှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ခြင်းဖြစ်စေသည်
  3. တစ်ရှူးအတွင်းပိုင်းနှင့် သွေးတွင်းရှိ သန်ကောင်များ (ဆင်ခြေထောက်သန်ကောင်) ကို ကုသခြင်း
    • Diethylcarbamazine
      • သန်ကောင်သားလောင်းလေးများကို ခန္ဓာကိုယ်တွင်းရှိ သဘာဝကိုယ်ခံအားဆဲလ်များက အလွယ်တကူ ရှာဖွေတွေ့ရှိတိုက်ခိုက်နိုင်ရန် ကူညီပေးသည်
    • Ivermectin
      • သန်ကောင်၏ အာရုံကြောစနစ်အတွင်းရှိ လျှပ်စစ်စီးဆင်းမှုများကို ဖျက်ဆီးသဖြင့် သန်ကောင်၏ ရွေ့လျားသွားလာမှုနှင့် မျိုးပွားမှုများကို ထိခိုက်စေသည်
ပြင်ပပိုးမွှားများ (သန်းနှင့် ဝဲပိုးကောင်များ) ကို တိုက်ဖျက်သောဆေးများ (Ectoparasiticides)

ခန္ဓာကိုယ်ပြင်ပ အရေပြားနှင့် ဆံပင်တွင် အုံဖွဲ့တွယ်ကပ်နေတတ်သော အင်းဆက်ပိုးမွှားများကို အမြစ်ဖြတ်ရန် အရေပြားပေါ် လိမ်းရသော ဆေးဝါးများဖြစ်သည်။

  1. Pyrethroids & Permethrin
    • ထိုဆေးများသည် ပိုးမွှားများအတွက် ပြင်းထန်သော အာရုံကြောအဆိပ်များ ဖြစ်ကြပြီး ပိုးများ၏အာရုံကြောစနစ်ကို ဖျက်ဆီးပစ်သည်
  2. Lindane – ပိုးမွှားများ၏ ဦးနှောက်အတွင်းရှိ အာရုံကြောအချက်ပြစနစ်များကို ပိတ်ဆို့လိုက်ပြီး အသက်အန္တရာယ်ရှိသော အတက်ရောဂါကို ဖြစ်ပေါ်စေသည်
  3. Benzyl Benzoate – ဝဲပိုးများနှင့် သန်းများ၏ အာရုံကြောစနစ်ကို တိုက်ရိုက်ဖျက်ဆီးသည်။
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါအခြေအနေများတွင် ကပ်ပါးပိုး တိုက်ဖျက်ရေး ဆေးဝါးများကို သုံးစွဲနိုင်သည်။

  • ကပ်ပါးပိုး ကူးစက်ခံထားရကြောင်း အတည်ပြုပြီးသူများ (Confirmed Parasitic Infections)
    ဓာတ်ခွဲစမ်းသပ်မှုများ (ဥပမာ – သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်း သို့မဟုတ် အသားစယူစစ်ဆေးခြင်း) သို့မဟုတ် စနစ်တကျရောဂါရှာဖွေမှုအရ ခန္ဓာကိုယ်အတွင်း သို့မဟုတ် ပြင်ပတွင် ကပ်ပါးပိုး (ပရိုတိုဇိုအာ၊ သန်ကောင် သို့မဟုတ် ဝဲ/သန်း စသည့် ပြင်ပပိုးမွှားများ) များ ကပ်တွယ်နေခြင်း
  • ပိုးရှိနိုင်ခြေ မြင့်မားသော ဒေသများသို့ ခရီးသွားမည့်သူများ သို့မဟုတ် နေထိုင်သူများ (Prophylaxis / Prevention)
    အချို့အခြေအနေများတွင် ကပ်ပါးပိုး အလွန်အမင်း ထူထပ်ရာဒေသများသို့ သွားရောက်မည့် သူများအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိုဆေးများကို ကာကွယ်ဆေးဝါးများ အနေဖြင့် သောက်သုံးရန် ညွှန်ကြားနိုင်သည် (ဥပမာ – ငှက်ဖျားထူထပ်သော တောတောင်ဒေသများသို့ မသွားမီနှင့် သွားနေစဉ်အတွင်း ငှက်ဖျားကာကွယ်ဆေး ကြိုတင်သောက်သုံးခြင်း)
  • အစုအဖွဲ့အလိုက် ဆေးတိုက်ရန် လိုအပ်သော အခြေအနေများ (Mass Drug Administration – MDA)
    ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်အရ ဆင်ခြေထောက်ရောဂါ အလွန်အဖြစ်များသော ဒေသများရှိ ပြည်သူလူထုကို သို့မဟုတ် သန်ကောင်ရောဂါ ကူးစက်နိုင်သော ကျောင်းသားကျောင်းသူများကို ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ပုံမှန်အချိန်အပိုင်းအခြားအလိုက် သန်ချဆေးများ တိုက်ကျွေးခြင်း
သုံးစွဲရန်မသင့်သောအခြေအနေများ

အောက်ပါအခြေအနေများရှိပါက မိမိဆရာဝန်နှင့် သေချာတိုင်ပင်ပြီးမှ ဆေးသောက်သင့်သည်။

  • အသုံးပြုမည့် ဆေးဝါးအုပ်စုများနှင့် ဓာတ်မတည့်မှု ဖြစ်ပွားဖူးခြင်း (ဥပမာ_ Sulphur မတည့်ခြင်း)
  • ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ (ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ရန်)
  • အသည်းနှင့် ကျောက်ကပ်ရောဂါအခံ ရှိသူများ
  • အတက်ရောဂါရှိခြင်း
သုံးစွဲပုံနည်းလမ်းများ
  • ဆေးဝါးအများစုကို ဆေးလုံး သို့မဟုတ် ဆေးပြားပုံစံဖြင့် သောက်သုံးနိုင်ပြီး ဆရာဝန် ညွှန်ကြားသည့် ဆေးပမာဏနှင့် အကြိမ်အရေအတွက်အတိုင်း သောက်သုံးရန်လိုသည်
  • အချို့ဆေးဝါးများ (ဥပမာ_ ငှက်ဖျားဆေးများ) ကို ထိုးဆေးပုံစံဖြင့် ပြင်းထန်သော ငှက်ဖျားရောဂါတွင် သုံးစွဲလေ့ရှိသည်
  • ပြင်ပပိုးမွှားများကို တိုက်ဖျက်သောဆေးဝါးများကိုမူ အရေပြားပေါ်တွင် လိမ်းရသော ဆေးရည်၊ လိမ်းဆေးအဆီ၊ ခရင်မ်အနေဖြင့် ရရှိနိုင်သည်
နောက်ဆက်တွဲဆိုးကျိုးများ

ကပ်ပါးတိုက်ဖျက်ဆေး အများစုသည် ဘေးကင်းစိတ်ချရပြီး ခန္ဓာကိုယ်က ကောင်းစွာခံနိုင်သည်။ အထူးသဖြင့် ရက်အနည်းငယ်သာ သောက်ရသော ကာလတိုကုသမှုများတွင် ‌ဘေးထွက်ဆိုးကျိုး အလွန်နည်းသည်။ သို့သော် အခြားဆေးဝါးများကဲ့သို့ပင် သောက်သုံးရသည့် ဆေးအမျိုးအစားနှင့် ကြာမြင့်ချိန်ကာလအပေါ် မူတည်၍ ဘေးထွက်ဆိုးကျိုးအမျိုးမျိုး ဖြစ်နိုင်သည်။

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ

ပုံမှန်အားဖြင့် အပျော့စားသာဖြစ်ပြီး ကုသမှုခံယူပြီးနောက် သို့မဟုတ် ဆေးရပ်လိုက်သည်နှင့် ပြန်လည်သက်သာသွားလေ့ ရှိသည်။

  • ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း သို့မဟုတ် လေပွခြင်း
  • ခေါင်းကိုက်ခြင်း
  • မူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်း
  • အဖျားအနည်းငယ်ရှိခြင်း
  • အရေပြားတွင် အနီစက်များထွက်ခြင်း သို့မဟုတ် ယားယံခြင်း
  • ခံတွင်းထဲတွင် သတ္တုအရသာကဲ့သို့ ဖန်ခါးခါးအရသာ ရနေခြင်း (အထူးသဖြင့် Metronidazole ဆေးသောက်ချိန်တွင် ဖြစ်တတ်သည်)
အဖြစ်နည်းသော်လည်း ပိုမိုပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ

အချို့ဆေးများသည် တစ်ခါတစ်ရံ ပိုမိုပြင်းထန်သော ဖော်ပြပါပြဿနာများကို ဖြစ်ပွားစေနိုင်သည်။

  • G6PD အင်ဇိုင်းချို့တဲ့သူများတွင် သွေးနီဥများ ပျက်စီးခြင်း
  • နှလုံးခုန်နှုန်း မမှန်ခြင်း
    • အထူးသဖြင့် Chloroquine, Lumefantrine, Mefloquine, Sodium stibogluconate ဆေးတို့ကြောင့် ဖြစ်တတ်သည်
  • ကျောက်ကပ် ပျက်စီးခြင်း
    • Amphotericin B, Pentamidine, Paromomycin, Suramin ဆေးများကြောင့် ဖြစ်ပွားနိုင်သည်
  • အသည်းရောင်ရမ်း၍ အသည်းအင်ဇိုင်းများ မြင့်တက်ခြင်း
    • တွေ့ရှိမှုနည်းပါးသော်လည်း Amodiaquine, Albendazole, Artemisinin ဆေးအုပ်စုများကြောင့် ဖြစ်ပွားနိုင်သည်
  • အာရုံကြော သို့မဟုတ် ဦးနှောက်ဆိုင်ရာ ပြဿနာများ
    • ခြေလက်များ ကျဉ်ခြင်း၊ ထုံကျင်ခြင်း၊ တက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဂယောင်ခြောက်ခြားဖြစ်ခြင်း သို့မဟုတ် အပြုအမူပြောင်းလဲခြင်းတို့ ပါဝင်သည်
    • တွေ့ရှိမှု ရှားပါးသော်လည်း Mefloquine, Pentamidine, Nifurtimox, Melarsoprol, Metronidazole တို့ကြောင့် ဖြစ်ပေါ်နိုင်သည်
  • အမြင်အာရုံ ချို့ယွင်းခြင်း
    • အထူးသဖြင့် Chloroquine ကို ကာလရှည်ကြာစွာ သုံးစွဲခြင်းကြောင့် ဖြစ်တတ်သည်
  • ရိုးတွင်းခြင်ဆီ ထိခိုက်ခြင်းကြောင့် သွေးဆဲလ်များ ထုတ်လုပ်မှုကျဆင်းခြင်း
    • Co-trimoxazole ကဲ့သို့ ဆေးဝါးအချို့ကြောင့် ဖြစ်ပွားနိုင်ပြီး ကူးစက်ရောဂါများ ဝင်ရောက်လွယ်ခြင်း၊ သွေးအားနည်းခြင်း သို့မဟုတ် သွေးယိုစီးလွယ်ခြင်း အန္တရာယ်များကို မြင့်တက်စေနိုင်သည်။
သတိပြုသင့်သည့်အချက်များ
  • ကပ်ပါးပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိတိကျကျ သောက်သုံးရမည်ဖြစ်ပြီး၊ ရောဂါလက္ခဏာများ သက်သာလာသည့်တိုင် သတ်မှတ်ထားသော ရက်ပြည့်သည် (ဆေးပတ်လည်သည်) အထိ အပြည့်အဝ ဆက်လက်သောက်သုံးသင့်သည်
  • ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ မိမိသဘောဖြင့် ဆေးဝါးသောက်သုံးခြင်း၊ အခြားသူ၏ဆေးကို မျှဝေသုံးစွဲခြင်း သို့မဟုတ် မိမိ၏ဆေးကို အခြားသူအား မျှပေးခြင်း မပြုရပါ
  • ကိုယ်ဝန်ဆောင်နေခြင်း၊ နို့တိုက်ကျွေးနေခြင်း၊ အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါရှိခြင်း၊ ဆေးဝါးနှင့် ယခင်ဓာတ်မတည့်ဖူးခြင်း သို့မဟုတ် အခြားဆေးဝါးများ သောက်သုံးနေခြင်းတို့ရှိပါက ဆေးမသောက်မီ ဆရာဝန်အား ကြိုတင်အသိပေးရမည်
  • ဆေးသောက်ပြီးနောက် အရေပြားတွင် အနီကွက်များ သို့မဟုတ် အဖုအပိန့်များထွက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်နှာ၊ နှုတ်ခမ်း သို့မဟုတ် လည်ချောင်းရောင်ရမ်းခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်း သို့မဟုတ် အရေပြားနှင့် မျက်လုံးဝါလာခြင်း (အသားဝါခြင်း) စသည့် ပြင်းထန်သော လက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးကို ချက်ချင်းရပ်ပြီး ဆေးရုံ သို့မဟုတ် ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသရမည်
  • ကပ်ပါးပိုးသတ်ဆေးများသည် သက်ဆိုင်သော ကပ်ပါးပိုးအမျိုးအစားအတွက် မှန်ကန်စွာ ရွေးချယ်အသုံးပြုပါက အလွန်ထိရောက်သော်လည်း ကပ်ပါးပိုးအမျိုးအစားများစွာ ရှိသောကြောင့် ဆေးတစ်မျိုးတည်းဖြင့် ကပ်ပါးပိုးကူးစက်ရောဂါအားလုံးကို မကုသနိုင်ကြောင်း သိရှိထားသင့်သည်၊ ထို့ကြောင့် သင့်လျော်သော ကုသမှုကို ရွေးချယ်နိုင်ရန် ကပ်ပါးပိုးအမျိုးအစားကို ဦးစွာ ရောဂါရှာဖွေဖော်ထုတ်ရန် လိုအပ်သည်
  • ကပ်ပါးရောဂါအချို့အတွက် ကုသနိုင်သော ဆေးဝါးရွေးချယ်စရာများမှာ အကန့်အသတ်ရှိနေဆဲဖြစ်ပြီး၊ အချို့ကပ်ပါးပိုးများတွင် ဆေးယဉ်ပါးမှု (ဆေးမတိုးခြင်း) ဖြစ်ပေါ်လာနိုင်ကြောင်းကိုလည်း သိရှိနားလည်ထားသင့်သည်။

References:

  1. Cleveland Clinic. (n.d.). Antiparasitic drugs. Retrieved July 2, 2026, from https://my.clevelandclinic.org/health/drugs/22945-antiparasitic-drugs
  2. Massive Bio. (n.d.). Antiparasitic bio. Retrieved July 2, 2026, from https://massivebio.com/antiparasitic-bio/
  3. National Center for Biotechnology Information. (2024). Antiparasitic drugs. In StatPearls. StatPearls Publishing. Retrieved July 2, 2026, from https://www.ncbi.nlm.nih.gov/books/NBK544251/
  4. RxList. (n.d.). Your skin-eating parasites. Retrieved July 2, 2026, from https://www.rxlist.com/your_skin_eating_parasites/article.htm

Published: 28 July 2026

Share

28 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.