မမွေးဖွားမီ ကြိုတင်ထိုးနှံရသော စတီးရွိုက်ဆေး (Antenatal Corticosteroids) သည် လမစေ့ဘဲ စောစီးစွာ မွေးဖွားနိုင်ခြေရှိသော ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသား၏ အဆုတ်၊ အစာခြေစနစ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုများကို အထောက်အကူဖြစ်စေရန် ထိုးနှံပေးရသော ဆေးတစ်မျိုးဖြစ်သည်။ လမစေ့ဘဲ မွေးဖွားသော ကလေးများတွင် အဖြစ်အများဆုံးနှင့် အန္တရာယ်အရှိဆုံး ပြဿနာမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်သည်။ ဤဆေးကို ထိုးနှံပေးခြင်းဖြင့် အဆိုပါပြဿနာများကို သိသိသာသာ လျှော့ချပေးနိုင်သည်။
သုံးစွဲရန် လိုအပ်သော ရောဂါနှင့်အခြေအနေများ
ယေဘုယျအားဖြင့် ကိုယ်ဝန် (၂၄)ပတ် မှ (၃၄)ပတ်နှင့် (၆) ရက်အတွင်း လမစေ့ဘဲ စောမွေးဖွားနိုင်ခြေရှိသော ကိုယ်ဝန်ဆောင်မိခင်များအား အဓိကထား၍ ထိုးနှံပေးလေ့ရှိသည်။
ထို့အပြင် ကိုယ်ဝန် (၃၅) ပတ်မှ (၃၆) ပတ်နှင့် (၆) ရက်အတွင်း မွေးဖွားနိုင်ခြေရှိခြင်းနှင့် ကိုယ်ဝန် (၃၉) ပတ် မတိုင်မီ စီစဥ်ထားသော ခွဲစိတ်မွေးဖွားခြင်း (Planned Caesarean Birth) တို့တွင်လည်း သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်ပါက ထိုးနှံနိုင်သည်။
အသုံးပြုရန် လိုအပ်သော အဓိကအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။
- လမစေ့ဘဲ စောစီးစွာ ကလေးမွေးဖွားခြင်း (Preterm or Premature Birth)
- လမစေ့ဘဲ ကလေးမွေးဖွားရန် ဗိုက်မနာမီ ရေမြွှာရည်စောပေါက်ခြင်း (Preterm Prelabour Rupture of Membranes – PPROM)
- မိခင် သို့မဟုတ် သန္ဓေသား၏ ကျန်းမာရေးအခြေအနေကြောင့် လမစေ့ဘဲ စောစီးစွာ မွေးဖွားရန် လိုအပ်ခြင်းတို့ဖြစ်သည်။
မမွေးဖွားမီ စတီးရွိုက်ဆေးအသုံးပြုခြင်း၏အကျိုးကျေးဇူးများ
မမွေးဖွားမီ စတီးရွိုက်ဆေးအသုံးပြုခြင်းကြောင့် မွေးကင်းစကလေးတွင် ဖြစ်ပေါ် နိုင်သော အောက်ပါနောက်ဆက်တွဲပြဿနာများကို သိသိသာသာ လျှော့ချပေးနိုင်သည်။
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (Respiratory Distress Syndrome – RDS)
- ဦးနှောက်အတွင်း သွေးယိုစိမ့်မှု ဖြစ်ခြင်း (Intraventricular Hemorrhage – IVH)
- အူလမ်းကြောင်းရောင်ရမ်း ပျက်စီးခြင်း (Necrotizing Enterocolitis – NEC)
- မွေးကင်းစကလေး သေဆုံးနိုင်ခြေရှိခြင်း
သုံးစွဲပုံနည်းလမ်းများ
- ဆေးအမျိုးအစား – အများအားဖြင့် ဘီတာမီသာဆုန်း (Betamethasone) သို့မဟုတ် ဒက်ဆာမီသာဆုန်း (Dexamethasone) ဆေးကို အသုံးပြုသည်
- ထိုးနှံပုံ – အသားဆေး (ကြွက်သားထဲသို့) ထိုးရခြင်း ဖြစ်သည် (Intramuscular Injection)
- အကြိမ်အရေအတွက်
- ဘီတာမီသာဆုန်း (Betamethasone): ဤဆေးအမျိုးအစားကို ၂၄ နာရီခြား၍ ၂ ကြိမ် ထိုးရသည်
- ဒက်ဆာမီသာဆုန်း (Dexamethasone): ဤဆေးအမျိုးအစားကိုမူ ၁၂ နာရီခြား၍ ၄ ကြိမ် ထိုးရသည်
- အာနိသင်
ဆေးကို အကြိမ်ပြည့်ထိုးပြီး ၂၄ နာရီအကြာတွင် အကျိုးကျေးဇူး စတင်ရရှိပြီး၊ ၇ ရက်အထိ အာနိသင် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ဆေးထိုးပြီး ၇ ရက်အတွင်း မွေးဖွားပါက ကလေးငယ်သည် အကျိုးကျေးဇူး အများဆုံး ရရှိမည်ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
ဤဆေးများသည် ယေဘုယျအားဖြင့် ဘေးကင်းသော်လည်း အချို့သောဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်။
- မိခင်တွင် ဆေးထိုးသည့်နေရာ၌ အနည်းငယ် နာကျင်ခြင်း၊ ဆေးထိုးပြီးစ ခဏတာ မျက်နှာ နီမြန်းခြင်း (Flushing)၊ သွေးတွင်းသကြားဓာတ် ခေတ္တတက်လာခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်းတို့ဖြစ်နိုင်သည်
- ဆေးထိုးပြီး ကလေးအလှုပ် ခေတ္တနည်းသွားနိုင်သည် (လိုအပ်လျှင် ဆရာဝန်မှ ကလေးနှလုံး ခုန်နှုန်း စစ်ဆေးသည့်စက် CTG ဖြင့် စမ်းသပ် စစ်ဆေးပေးမည်ဖြစ်သည်)
ဆေးမထိုးမီနှင့် ထိုးပြီးချိန်တွင် သတိပြုသင့်သည့် အချက်များ
- ယေဘုယျအားဖြင့် စတီးရွိုက်ဆေးများသည် သွေးတွင်းသကြားဓာတ်ကို တက်စေနိုင်သည်၊ ထို့ကြောင့် မိခင်တွင် ကိုယ်ဝန်ဆောင်ဆီးချိုရှိပါက သွေးတွင်းသကြားဓာတ်ကို အထူးဂရုစိုက်ပြီး စစ်ဆေးရမည်၊ အင်ဆူလင် (Insulin) ထိုးနေရသူဖြစ်ပါက ဆေးပမာဏ ချိန်ညှိရန် လိုအပ်နိုင်သည်
- မိခင်တွင် ပြင်းထန်သော ပိုးဝင်သည့် လက္ခဏာများရှိပါက ဆရာဝန်အား ကြိုတင် အသိပေးရမည်
- လေ့လာမှုတွေ့ရှိချက်များအရ စတီးရွိုက်ဆေးကို အကြိမ်ကြိမ် (ဥပမာ ၃ ကြိမ်ထက်မက) ထိုးနှံခြင်းသည် ကလေး၏ ကိုယ်အလေးချိန်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သဖြင့် သားဖွားမီးယပ်အထူးကုဆရာဝန် ညွှန်ကြားမှသာ ထပ်မံထိုးသင့်သည်၊ အကယ်၍ ပထမအကြိမ် ဆေးအပြည့်အစုံ (full course) ထိုးပြီးနောက် ၇ ရက်အကြာတွင် လမစေ့ဘဲ မွေးဖွားမည့် လက္ခဏာများ ထပ်မံခံစားရလျှင် ဆရာဝန်မှ နောက်တကြိမ် ဆေးထပ်ထိုးရန် လိုအပ်ချက်ရှိမရှိ စဉ်းစားမည်
- အမြွှာ (သန္ဓေသား နှစ်ယောက် သို့မဟုတ် နှစ်ယောက်နှင့်အထက်) ကိုယ်ဝန်ဆောင်ထားသော မိခင်များအနေဖြင့်လည်း လမစေ့ဘဲ စောစီးစွာ မွေးဖွားနိုင်ခြေရှိပါက သန္ဓေသား တစ်ဦးတည်း ကိုယ်ဝန်ဆောင်ထားသောမိခင်များနည်းတူ ကိုယ်ဝန်ဆောင်စဥ် စတီးရွိုက်ဆေးကို တိကျသော လမ်းညွှန်ချက်များအတိုင်း ထိုးနှံသင့်သည်။
ကိုယ်ဝန်ဆောင်စဉ် မမွေးဖွားမီ စတီးရွိုက်ဆေးထိုးနှံခြင်းသည် လမစေ့ဘဲမွေးဖွားလာနိုင်သည့် ကလေးငယ်များ၏ နောက်ဆက်တွဲ ပြဿနာများကို လျှော့ချရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ မိမိ၏ ကိုယ်ဝန်ဆောင် အခြေအနေ အပေါ် မူတည်၍ ဆေးထိုးရမည့် အချိန်နှင့် အကျိုးကျေးဇူးများကို သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပြီးမှ ထိုးနှံသင့်သည်။
References:
- Royal College of Obstetricians and Gynaecologists. (2022). Antenatal corticosteroids to reduce neonatal morbidity and mortality (Green-top Guideline No. 74). Retrieved April 27, 2026, from https://www.rcog.org.uk/guidance/browse-all-guidance/green-top-guidelines/antenatal-corticosteroids-to-reduce-neonatal-morbidity-and-mortality-green-top-guideline-no-74/
- Royal College of Obstetricians and Gynaecologists. (2025). Corticosteroids in pregnancy: Patient information leaflet. Retrieved April 27, 2026, from https://www.rcog.org.uk/media/karfqj1i/corticosteroids-in-pregnancy-patient-information-leaflet.pdf
- World Health Organization. (2022). WHO recommendations on interventions to improve preterm birth outcomes. Retrieved April 27, 2026, from https://www.who.int/publications/i/item/9789240057296
Published: 19 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.