Immunomodulators (ကိုယ်ခံအားစနစ် ထိန်းညှိဆေးများ)

Immunomodulators (ကိုယ်ခံအားစနစ် ထိန်းညှိဆေးများ)

ကိုယ်ခံအားစနစ် ထိန်းညှိဆေးများဆိုသည်မှာ ကိုယ်ခံအားစနစ်ကို ထိရောက်စွာ အလုပ်လုပ်နိုင်ရန် ပြုပြင်ပြောင်းလဲပေးသော ဆေးများဖြစ်သည်။ အဆိုပါဆေးများတွင် ကိုယ်ခံအားကို မြှင့်တင်ပေးသောဆေးများနှင့် ကိုယ်ခံအားကို နှိမ့်ချပေးသောဆေးများ ပါဝင်သည်။ ကိုယ်ခံအားထိန်းညှိဆေးများကို ကင်ဆာနှင့် ကိုယ်ခံအား မူမမှန်တုံ့ပြန်ရောဂါများအပါအဝင် ရောဂါအမျိုးမျိုး ကုသရာတွင် အသုံးပြုသည်။

ပုံမှန်အားဖြင့် လူ၏ခန္ဓာကိုယ်ရှိ ကိုယ်ခံအားစနစ်သည် အသည်း၊ ဘေလုံး၊ ပြန်ရည်ကျိတ်များ၊ ရိုးတွင်းခြင်ဆီစသော ကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ သွေးဖြူဥများ၊ ပရိုတင်းများနှင့် အခြားဓာတုပစ္စည်းများဖြင့် စုပေါင်းဖွဲ့စည်းထားသော ကွန်ရက်တစ်ခုဖြစ်သည်။ ကျန်းမာသော ကိုယ်ခံအားစနစ်သည် ရောဂါပိုးမွှားများ၊ ကင်ဆာဆဲလ်များကဲ့သို့ ပြင်ပပစ္စည်းများနှင့် ထိတွေ့သောအခါ ၎င်းအရာများကို ကောင်းစွာတိုက်ထုတ်ပေးသည်။ သို့ရာတွင် အချို့ရောဂါအခြေအနေများသည် ကိုယ်ခံအားစနစ်မှ ရောဂါတိုက်ထုတ်‌ရန် လုပ်ဆောင်ခြင်းကို ဟန့်တားထားသည်။ ထိုနည်းတူ ကိုယ်ခံအားတုံ့ပြန်မှု မူမမှန်ရောဂါများတွင် ကိုယ်ခံအားစနစ်သည် အလွန်အမင်းတုံ့ပြန်ပြီး ကိုယ်ခန္ဓာတစ်ရှူးများကို ရောင်ရမ်းစေသည်။ ထိုအခြေအနေများတွင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ရန်ဖြစ်စေ၊ နှိမ့်ချရန်ဖြစ်စေ ကိုယ်ခံအားစနစ် ပြန်လည်ကောင်းမွန်လာစေရန်အတွက် ကိုယ်ခံအားထိန်းညှိဆေးများကို အသုံးပြုကြသည်။

ကိုယ်ခံအားထိန်းညှိဆေးများကို လုပ်ဆောင်မှုအရ အဓိက (၂) မျိုး ခွဲနိုင်သည်။

  1. ကိုယ်ခံအားကို မြှင့်တင်ပေးသောဆေးများ (Immunostimulants)
    ရောဂါပိုးဝင်ရောက်ခြင်းများနှင့် ကင်ဆာရောဂါများကို ကုသရာတွင် အသုံးပြုသည်။
  2. ကိုယ်ခံအားကို နှိမ့်ချထားသောဆေးများ (Immunosuppressants)
    ကိုယ်ခံအားတုံ့ပြန်မှု မူမမှန်သော ရောဂါများတွင် ကိုယ်ခံအားစနစ်မှ မိမိကိုယ်ကို တိုက်ခိုက်ခြင်းကို ကာကွယ်ရန်/ လျော့နည်းစေရန် အသုံးပြုသည်။ ထို့ပြင် ရိုးတွင်းခြင်ဆီ သို့မဟုတ် ပင်မဆဲလ် အစားထိုးခြင်း၊ ကိုယ်တွင်းအင်္ဂါ အစားထိုးပြီးနောက် အစားထိုးတစ်ရှူးများကို တုံ့ပြန်တိုက်ခိုက်ခြင်း (Rejection) မှ ကာကွယ်ရန်လည်း သုံးနိုင်သည်။

ဆေးကုသမှုတွင် အသုံးပြုသည့် နည်းလမ်းပေါ် မူတည်၍ ခွဲခြားထားသော အမျိုးအစားများ

ကိုယ်ခံအားထိန်းညှိဆေးများသည် အာနိသင်အမျိုးမျိုးရှိသော ဆေးအုပ်စုများစွာ ပါဝင်ပြီး၊ အသုံးပြုသည့် ဆေးကုသမှုများပေါ် မူတည်၍ အမျိုးအစားများ ခွဲခြားနိုင်သည်။

  1. ကင်ဆာကုသရာတွင် သုံးသောဆေးများ (Immunotherapy)
  2. စတီးရွိုက်ဆေးများ (Corticosteroids)
  3. အဆစ်ရောင်ရောဂါကို သက်သာစေသောဆေးများ (Disease-Modifying AntiRheumatic Drugs – DMARDs)
  4. ဇီဝဆေးများ (Biologics)
  5. ဇီဝဆေးပုံစံတူများ (Biosimilars)
  1. ကင်ဆာကုသသော ကိုယ်ခံအားထိန်းညှိဆေးများ (Immunotherapy for cancer)
    ကိုယ်ခံအားထိန်းညှိဆေးများသည် ကိုယ်ခံအားစနစ်မှ ကင်ဆာဆဲလ်များကို ပိုမိုမြန်ဆန်တိကျစွာ ရှာဖွေနှိမ်နင်းနိုင်ရန် လေ့ကျင့်ကူညီပေးသည်။ ကင်ဆာဆဲလ်များသည် ကိုယ်ခံအားစနစ်၏ ပုံမှန်တုံ့ပြန်မှုများကို ရှောင်ရှားနိုင်စွမ်းရှိသောကြောင့် အဆိုပါဆေးဝါးများသည် ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို ပြောင်းလဲစေခြင်းအားဖြင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်သေကြေစေခြင်းဖြစ်သည်။ အောက်ပါ ဆေးအမျိုးအစားများ ပါဝင်သည်။
    • Checkpoint inhibitors
      ကင်ဆာဆဲလ်မျက်နှာပြင်ပေါ်ရှိ သွေးဖြူဥ (T-cell) များ ချိတ်ဆက်တိုက်ခိုက်သည့် အချက်ပြနေရာများကို ဖွင့်ဟပေးသည်။ ဤနည်းဖြင့် သွေးဖြူဥများမှ ကင်ဆာဆဲလ်များကို ခြေဖျက်စေသည်။
    • Adoptive cell therapy (T-cell transfer therapy)
      သွေးထဲမှ T-cell သွေးဖြူဥများကို ထုတ်ယူ၍ ကင်ဆာဆဲလ်များကို တိကျစွာဖျက်ဆီးနိုင်စေရန် ဇီဝဓာတ်ခွဲခန်းများတွင် ပြုပြင်မွမ်းမံ ပွါးများပြီး ဆေးဝါးကုထုံးအဖြစ် အသုံးပြုခြင်းဖြစ်သည်။ အဆိုပါဆေးဝါးများကို အဓိကအားဖြင့် သွေးကင်ဆာများ၊ ပြန်ရည်ကျိတ်ကင်ဆာများနှင့် ပလပ်စ်မာဆဲလ် ကင်ဆာရောဂါများ ကုသရာတွင် သုံးသည်။ အဓိကအမျိုးအစား (၂) မျိုးမှာ_
      • T-cell မျက်နှာပြင်ပေါ်တွင် ကင်ဆာဆဲလ်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်သည့် လက်ခံနေရာ (Receptor) ပရိုတင်းတစ်မျိုးကို တပ်ဆင်ပြုပြင်ထားသော Chimeric antigen receptor T cell (CAR T cell) ဆေးဝါးများနှင့်
      • T-cell receptor များကို ဇီဝနည်းလမ်းဖြင့် ပြုပြင်ထားသော T-cell receptor engineering (TCR) ဆေးဝါးများဖြစ်သည်။
    • ဓာတ်ခွဲခန်းထုတ် ပဋိပစ္စည်းများ (Monoclonal antibodies)
      ခန္ဓာကိုယ်ရှိ ပဋိပစ္စည်းများနှင့် တူညီအောင် ဓာတ်ခွဲခန်းတွင် ပြုပြင်ဖန်တီးထားသော ပရိုတင်းများဖြစ်ပြီး ကင်ဆာရောဂါကုသရန် အသုံးပြုနိုင်သည်။ ကင်ဆာကုသမှုတွင် အသုံးပြုသော monoclonal antibodies များတွင် သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာများတွင် သုံးသော Rituximab, Alemtuzumab, Brentuximab ဆေးများ၊ ရင်သားကင်ဆာကုသရာတွင် ပါဝင်သော Trastuzumab၊ အူလမ်းကြောင်းကင်ဆာ ကုသမှုတွင် အသုံးပြုသော Bevacizumab,Cetuximab စသောဆေးများပါဝင်သည်။
    • ကင်ဆာကာကွယ်ဆေးများ
      ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်များ ဖြစ်ပေါ်လာပါက တိုက်ဖျက်နိုင်ရန် ကူညီပေးသည် (ဥပမာ _ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး)
    • ကင်ဆာဆဲလ်ပွါးများခြင်းကို တားဆီးသောဆေးများ
      • ကျောက်ကပ်ကင်ဆာ၊ သွေးကင်ဆာ၊ အရေပြားကင်ဆာများ ကုသရာတွင် သုံးသော Cytokines များ
      • ကနဦးဖြစ်ခါစအဆင့် ဆီးအိမ်ကင်ဆာကို ကုသရာတွင် သုံးသော BCG (Bacillus Calmette-Guerin)
      • သွေးကင်ဆာရောဂါများနှင့် အရေပြားရောဂါများကုသရာတွင် သုံးသော Thalidomide, Lenalidomide, Pomalidomide, Imiquimod ဆေးများပါဝင်သည်။
  2. စတီးရွိုက်ဆေးများ
    ကိုယ်ခံအားနှိမ့်ချပေးသောဆေး အမျိုးအစားဖြစ်ပြီး ကိုယ်ခန္ဓာတွင်းရှိ ရောင်ရမ်းမှုများကို လျှော့ချပေးသည်။ စတီးရွိုက်ဆေးများကို ကိုယ်ခံအားတုံ့ပြန်မှု မူမမှန်ရောဂါများ၊ ဓာတ်မတည့်သောရောဂါများ၊ အာရုံကြောရောဂါများနှင့် အချို့ကင်ဆာများ ကုသရာတွင် အသုံးပြုသည်။
  3. အဆစ်ရောင်ရောဂါ သက်သာစေသော သမားရိုးကျဆေးများ (Traditional DMARDs)
    ကိုယ်ခံအားကို နှိမ့်ချပေးထားခြင်းဖြင့် နာကျင်ရောင်ရမ်းမှုများကို သက်သာစေသည်။ DMARDs ဆေးများကို ရူမတွိုက်အဆစ်ရောင်ရောဂါတွင် အများဆုံးအသုံးပြုကြပြီး စတီးရွိုက်ဆေးများကဲ့သို့ ဓာတ်မတည့်ခြင်း၊ အရေပြားနှင့် ကင်ဆာရောဂါကုသခြင်းများ၌ သုံးသည်။ အချို့ဆေးများကို ကိုယ်တွင်းအင်္ဂါ အစားထိုးကုသပြီးနောက် ခန္ဓာကိုယ်မှ အစားထိုးအင်္ဂါအစိတ်အပိုင်းကို လက်မခံတိုက်ထုတ်ခြင်းမှ ကာကွယ်ရန် အသုံးပြုသည်။ DMARDs ဆေးများမှာ – Azathioprine, Cyclosporine, Hydroxychloroquine, Methotrexate, Leflunomide, Sulfasalazine တို့ဖြစ်ကြသည်။
  4. ဇီဝဆေးများ (Biologic DMARDs)
    သက်ရှိသတ္တဝါများ၏ မျိုးဗီဇများနှင့် သက်ရှိပရိုတင်းများကို ခွဲထုတ်ယူ၍ ဓာတ်ခွဲခန်းတွင် ပြုပြင်ဖန်တီးကာ ထုတ်လုပ်ထားသော ပရိုတင်းများဖြစ်ပြီး နောက်ဆုံးပေါ် DMARDs ဆေးများဖြစ်သည်။ ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို ဖြစ်စေသည့် ဆဲလ်များနှင့် ဖြစ်စဥ်လမ်းကြောင်းများကို တိကျစွာ ပစ်မှတ်ထား၍ ကုသနိုင်သောကြောင့် သမားရိုးကျ DMARDs ဆေးများထက် ရောဂါထိန်းချုပ်ရာတွင် ပိုအစွမ်းထက်သည်။ အောက်ပါအမျိုးအစားများ ပါရှိသည်။
    • Tumor necrosis factor (TNF) inhibitors (e.g., Adalimumab, Certolizumab, Etanercept, Golimumab, Infliximab)
    • Interleukin-1(IL-1) inhibitors (e.g., Anakinra, Canakinumab, Rilonacept)
    • Interleukin-6 (IL-6) inhibitors (e.g., Tocilizumab, Sarilumab)
    • Interleukin-17A (IL-17A) inhibitors (e.g., Ixekizumab, Secukinumab)
    • Interleukin-12 (IL-12) and interleukin-23 (IL-23) inhibitors (e.g, Ustekinumab)
    • T-cell inhibitor – Abatacept, Vedolizumab
    • B-cell inhibitor – Rituximab
  5. ဇီဝဆေး ပုံစံတူများ (Biosimilars)
    Biologics ဆေးများသည် များသောအားဖြင့် ကုန်ကျစရိတ်များသောကြောင့် အာနိသင်ထိရောက်မှု အတတ်နိုင်ဆုံးတူညီပြီး စျေးသက်သာသော Biosimilars ဆေးများကို ထုတ်လုပ်လာကြသည်။ အဆိုပါဆေးများသည်လည်း ရောင်ရမ်းခြင်းကို ဖြစ်စေသော အချို့အင်ဇိုင်းများကို တားဆီးပေးသောကြောင့် အဆစ်ရောင်ရောဂါ၊ အာရုံကြောရောဂါ၊ ကင်ဆာရောဂါများ ကုသမှုတွင် အသုံးဝင်သည်။ ဥပမာအားဖြင့် – Janus kinase inhibitors (Baricitinib, Tofacitinib, Upadacitinib) စသည်တို့ဖြစ်သည်။
အသုံးပြုနိုင်သော ရောဂါအခြေအနေများ

ကိုယ်ခံအားထိန်းညှိဆေးများကို အောက်ပါရောဂါအခြေအနေအမျိုးမျိုးကို ကုသရန် အသုံးပြုသည်။

  1. ကင်ဆာရောဂါများ (သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ)
  2. ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သောရောဂါများ
    • အရိုးအကြောအဆစ်ဆိုင်ရာ ရောင်ရမ်းသော ရောဂါများ
      • အက်စ်အယ်လ်အီးရောဂါ (SLE)
      • ရူမတွိုက်အဆစ်ရောင်ရောဂါ (Rheumatoid arthritis)
      • ကျောရိုးနှင့် တင်ပါးဆုံအဆစ်ရောင်ရမ်းသောရောဂါ (Ankylosing spondylosis)
      • ကလေးများတွင်ဖြစ်သော နာတာရှည်အဆစ်ရောင်ရောဂါ (Juvenile idiopathic arthritis)
      • ရှိုးဂရန်းရောဂါစု (Sjogren’s syndrome)
    • ဦးနှောက်၊ အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများ
      • အာရုံကြောဖုံး အဆီလွှာပျက်စီးသောရောဂါ (Multiple sclerosis)
      • ကြွက်သားရောင်ရောဂါ (Myositis)
      • ဦး‌နှောက်ရောင်ရောဂါ (Autoimmune encephalitis)
      • ကျောရိုးအာရုံကြောမကြီး ရုတ်တရက်ရောင်ရမ်းခြင်း (Acute transverse myelitis)
      • ကိုယ်ခံအားစနစ်မူမမှန်တုံ့ပြန်မှုကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (Guillain-barre syndrome)
      • မျက်လုံးအာရုံကြောရောင်ရမ်း၍ အမြင်အာရုံချို့ယွင်းခြင်း (Neuromyelitis optica)
      • မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ (Myasthenia gravis)
    • နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory Bowel disease)
      • ခရုန်းရောဂါ (Crohn’s disease)
      • အူမကြီးရောင်ရမ်းနာရောဂါ (Ulcerative colitis)
    • အရေပြားဆိုင်ရာ ရောဂါများ
      • ဆိုရီယားစစ် အဆစ်ရောင်ရောဂါ (Psoriasis)
      • ခရုသင်းရောဂါ (Vitiligo)
  3. ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း
    • ကိုယ်တွင်းအင်္ဂါအစားထိုးမှု ခံယူထားသူများတွင် ကိုယ်ခံအားတုံ့ပြန်မှုကို လျှော့ချရန်
    • ရိုးတွင်းခြင်ဆီအစားထိုးထားသူများတွင် အစားထိုးထားသောခြင်ဆီမှ လက်ခံသူ၏ ကိုယ်ခန္ဓာတစ်ရှူးများကို တိုက်ခိုက်တုံ့ပြန်သော ရောဂါ (Graft vs. Host disease – GvHD) ကို ကုသရန်
  4. ဓာတ်မတည့်ခြင်းနှင့် ပိုးဝင်ခြင်း
    • ဓာတ်မတည့်ခြင်းရောဂါများ – ပန်းနာရင်ကျပ်ရောဂါ (Asthma)၊ နှင်းခူရောဂါ (Eczema)
    • ပိုးဝင်ရောင်ရမ်းခြင်း – နှလုံးအမြှေးပါးရောင်ခြင်း၊ မျက်လုံးရောင်ခြင်း
သုံးစွဲပုံနည်းလမ်းများ

ကိုယ်ခံအားထိန်းညှိဆေးများကို သွေးကြောမှတစ်ဆင့် ဆေးသွင်းသောပုံစံ၊ အသားထိုးဆေးပုံစံ၊ ပါးစပ်မှ သောက်နိုင်သော ဆေးပြားပုံစံ၊ အရေပြားလိမ်းဆေးပုံစံ စသည်ဖြင့် ပေးနိုင်သည်။ ရောဂါအခြေအနေ၊ ခံယူမည့် ကုသမှုနှင့် အသုံးပြုမည့် ဆေးဝါးအမျိုးအစားပေါ် မူတည်၍ မည်သို့သုံးစွဲရမည်ကို သက်ဆိုင်ရာဆရာဝန်မှ ညွှန်ကြားမည်ဖြစ်သည်။

အကျိုးကျေးဇူးများ

ကိုယ်ခံအားထိန်းညှိဆေးများ၏ အာနိသင်ထိရောက်မှုသည် ရောဂါအခြေအနေနှင့် ဆေးအသုံးပြုသည့် ကုသမှုများပေါ် မူတည်၍ ကွာခြားနိုင်သည်။ ဆေးများသည် ရောဂါလက္ခဏာများကို သက်သာစေပြီး ရောဂါပိုဆိုးမလာအောင် ကူညီပေးနိုင်သည်။ ဥပမာအားဖြင့် အဆစ်ရောင်ရောဂါ၏ နာကျင်ရောင်ရမ်းသော လက္ခဏာများကို သက်သာစေခြင်း၊ ကင်ဆာရောဂါများတွင် ပိုဆိုးမလာအောင်၊ အခြားနေရာသို့ မပျံ့နှံ့စေရန် ထိန်းချုပ်ပေးခြင်း စသည်တို့ဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

ကုသရာတွင် အသုံးပြုသောဆေးဝါးပေါ် မူတည်၍ ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ ကွာခြားနိုင်သဖြင့် သက်ဆိုင်ရာဆရာဝန်နှင့် ကြိုတင်ဆွေးနွေးရန် လိုအပ်သည်။ တွေ့ရများသော နောက်ဆက်တွဲဆိုးကျိုးများမှာ_

  • မောပန်းနွမ်းနယ်ခြင်း၊ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခြင်း
  • ဓာတ်မတည့်ခြင်း၊ ဆေးထိုးသည့်နေရာတွင် နီရဲရောင်ရမ်း၍ နာကျင်ခြင်း
  • မှိန်းခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • အစားအသောက်ပျက်ခြင်း
  • အနီကွက်ထွက်ခြင်း
  • လက်ရှိသောက်သုံးနေသော အခြားဆေးဝါးများနှင့် ဓာတ်ပြုခြင်း စသည်တို့ဖြစ်သည်။
သတိပြုသင့်သည့် အချက်များ
  • ကိုယ်ခံအားထိန်းညှိဆေးများသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ပြောင်းလဲစေသဖြင့် တစ်ခါတစ်ရံတွင် ရောဂါပိုးများနှင့် အချို့ရောဂါများကို ကာကွယ်ပေးထားသော လုပ်ငန်းများကို ပြောင်းလဲပျက်စီးစေနိုင်သည် (ဥပမာ _ ကိုယ်ခံအားကိုနှိမ့်ချသော ဆေးများကြောင့် ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် မှိုပိုးများ အလွယ်တကူဝင်ရောက်ပြီး ရောဂါဖြစ်နိုင်ခြေ ပိုများစေသည်)၊ ထို့ကြောင့် အဆိုပါဆေးများဖြင့် ကုသမှုခံယူနေသူများသည် အောက်ပါအချက်များကို လိုက်နာသင့်သည်
    • ကာကွယ်ဆေးများကို ပြည့်စုံစွာ ထိုးနှံထားခြင်း
    • အာဟာရပြည့်ဝသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသားဓာတ်၊ အစေ့အဆန်များ၊ နို့ထွက်ပစ္စည်းများ လုံလောက်စွာ စားသောက်ခြင်း
    • လုံလောက်စွာ အနားယူခြင်း
    • လတ်တလော နေမကောင်းဖြစ်ထားသူများနှင့် နီးကပ်စွာ မနေခြင်း
    • လက်ကို ဆပ်ပြာဖြင့် မကြာခဏ သေချာဆေးကြောခြင်း
    • မိမိအသုံးအဆောင်များကို အခြားသူများနှင့် မျှဝေအသုံးပြုခြင်းကို ရှောင်ကြဥ်ခြင်း
    • လူအများကိုင်တွယ်ထိတွေ့မှုများသော နေရာများကို မကြာခဏ သန့်ရှင်းရေးလုပ်ခြင်း
  • အလားတူပင် ကိုယ်ခံအားမြှင့်တင်သော ဆေးများကြောင့် ကိုယ်ခံအားတုံ့ပြန်မှုများ ပိုမိုအားကောင်းလာပြီး မိမိ၏ကိုယ်ခန္ဓာတစ်ရှူးများကို ပြန်လည်တိုက်ခိုက်သည့် အခြေအနေများ ဖြစ်လာနိုင်သည်၊ ထိုအခါ အသက်ရှူရခက်ခြင်း၊ အနီကွက်များ ထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဟော်မုန်းပမာဏများ ပြောင်းလဲခြင်းတို့ ဖြစ်စေနိုင်သည်
  • ကိုယ်ခံအားထိန်းညှိဆေးများကို မိမိသဘောဖြင့် ဆေးရပ်ခြင်း မပြုလုပ်ရပါ ရုတ်တရက်ဆေးရပ်လိုက်ခြင်းဖြင့် ကိုယ်ခံအားပြောင်းလဲမှုများကို မထိန်းချုပ်နိုင်ဘဲ ရောဂါပြန်ကြွခြင်း၊ အခြားရောဂါများ ဝင်ရောက်လွယ်ခြင်းတို့ ဖြစ်နိုင်သောကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရန်လိုအပ်သည်။
  • ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်ချိန်များတွင် ကိုယ်ခံအားထိန်းညှိဆေးများဖြင့် ကုသရန် လိုအပ်ပါက ဆရာဝန်နှင့် သေချာစွာတိုင်ပင်ရန် လိုအပ်သည်၊ အချို့ဆေးများသည် သန္ဓေသားချို့ယွင်းချက်များကို ဖြစ်စေနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်များတွင်ပေးရန် အန္တရာယ်ရှိသောကြောင့် သင့်တော်သောဆေးများကို ဆရာဝန်မှရွေးချယ်ပေးမည်ဖြစ်သည်

References:

  1. Cleveland Clinic. (n.d.). Immunomodulators. Retrieved October 30, 2025, from https://my.clevelandclinic.org/health/drugs/24987-immunomodulators
  2. Cleveland Clinic. (n.d.). Biologics (biologic medicine). Retrieved October 30, 2025, from https://my.clevelandclinic.org/health/treatments/biologics-biologic-medicine
  3. Cleveland Clinic. (n.d.). Immunosuppressants. Retrieved October 30, 2025, from https://my.clevelandclinic.org/health/treatments/10418-immunosuppressants
  4. Healthline. (n.d.). Immunomodulators. Retrieved October 30, 2025, from https://www.healthline.com/health/immunomodulators
  5. Healthline. (n.d.). Immunosuppressant drugs. Retrieved October 30, 2025, from https://www.healthline.com/health/immunosuppressant-drugs
  6. Cancer Research Institute. (n.d.). Immunomodulators. Retrieved October 30, 2025, from https://www.cancerresearch.org/immunotherapy-by-treatment-types/immunomodulators
  7. Great Ormond Street Hospital for Children NHS Foundation Trust. (n.d.). Immunosuppressant medicines to treat immune-mediated neurology conditions. Retrieved October 30, 2025, from https://www.gosh.nhs.uk/conditions-and-treatments/medicines-information/immunosuppressant-medicines-treat-immune-mediated-neurology-conditions/
  8. Akadeum Life Sciences. (n.d.). CAR-T cell therapy vs TCR therapy. Retrieved October 30, 2025, from https://www.akadeum.com/blog/car-t-cell-therapy-vs-tcr/

Published: 23 December 2025

Share

23 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Pregnancy and folic acid (ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်ဆစ်)
Dec 30, 2025
Drugs and Supplements

Pregnancy and folic acid (ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်ဆစ်)

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတွင် သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောမကြီး...

Antacids (အစာအိမ်အက်ဆစ် အာနိသင်ကို ပျက်ပြယ်စေသော ဆေးဝါးများ)
Dec 25, 2025
Drugs and Supplements

Antacids (အစာအိမ်အက်ဆစ် အာနိသင်ကို ပျက်ပြယ်စေသော ဆေးဝါးများ)

Antacids ဆေးများသည် အစာအိမ်အက်ဆစ်ကို လျင်မြန်စွာ ပျက်ပြယ်စေပြီး...

Diphtheria, Tetanus, and Pertussis Vaccines (ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး)
Dec 3, 2025
Drugs and Supplements

Diphtheria, Tetanus, and Pertussis Vaccines (ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး)

ဆုံဆို့နာ၊ မေးခိုင်နှင့် ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးကို အသက် (၇)...