ဇင့်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး အရွက်အမျိုးမျိုး၊ ပဲ၊ အသားနှင့် ငါးစသည့် အစားအစာများတွင် ပါဝင်သည်။ ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများဖြစ်သော ဆဲလ်များကြီးထွားခြင်း၊ ကိုယ်ခံအားစနစ်တိုးတက်စေခြင်း၊ အနာအကျက်မြန်စေခြင်း၊ သွေးခဲခြင်း၊ သိုင်းရွိုက်လုပ်ဆောင်ချက်များ၊ အနံ့ခံအာရုံနှင့် အရသာအာရုံ လုပ်ငန်းများတွင် ပါဝင်သည်။ ထို့အပြင် ဆဲလ်များကြီးထွားခြင်း၊ ပွါးခြင်းတွင် ပါဝင်သည့်အတွက် ကြီးထွားမြန်သည့်အချိန်များဖြစ်သော ကလေးဘဝ၊ လူပျိုဖော် အပျိုဖော်ဝင်သည့်ကာလနှင့် ကိုယ်ဝန်ဆောင်ကာလအချိန်များတွင် လုံလောက်သော ဇင့်ဓာတ် ရှိရန်လိုအပ်သည်။
ဇင့်ဓာတ်ချို့တဲ့ခြင်းကြောင့် တွေ့နိုင်သောလက္ခဏာများမှာ _
- ကလေးများတွင် ကြီးထွားမှုနှေးခြင်း
- အစားအသောက်ပျက်ခြင်း
- အရသာခံနိုင်မှု အားနည်းသွားခြင်း
- ရောဂါပိုးဝင်နိုင်ခြေများခြင်း (ဥပမာ_ဝက်သက်ရောဂါ၊ အဆုတ်ရောင်ရောဂါ)
- မျိုးပွါးခြင်းနှင့် ပတ်သက်သောပြဿနာများ
- ကာလရှည်ကြာဝမ်းလျှောခြင်း
- အနာကျက်နှေးခြင်း
- မျက်စိနှင့် အရေပြားတွင် အနာများဖြစ်နိုင်ခြင်း
- ဆံပင်ကျွတ်ခြင်း စသည်တို့ဖြစ်သည်။
ဇင့်ဓာတ်ချို့တဲ့နိုင်ခြေများသော ရောဂါအခြေအနေများမှာ_
- အူလမ်းကြောင်းစုပ်ယူမှုနှင့်ဆိုင်သော ရောဂါရှိသူများ
- သက်သတ်လွတ်စားသူများ
- ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ
- မိခင်နို့တစ်မျိုးတည်းသာသောက်သုံးသော အသက် (၆) လအထက်ကလေးများ
- ဆစ်ကယ်လ်ဆဲလ်သွေးအားနည်းရောဂါရှိသူများ
- အာဟာရချို့တဲ့သူများ
- နာတာရှည်ကျောက်ကပ်ရောဂါသည်များ
- အသည်းရောဂါသည်များစသည်တို့ ပါဝင်သည်။
ဇင့်ဓာတ်ပါဝင်သော အားဆေးများ သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ဇင့်ဓာတ်ချို့တဲ့သော ရောဂါအခြေအနေများတွင်သာမက အောက်ပါအခြေအနေများတွင် သုံးစွဲရန် လိုအပ်နိုင်သည်။
- ကိုယ်ခံအားစနစ်မြှင့်တင်ခြင်း
- ကိုယ်ခံအားစနစ်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်အတွက် ဇင့်ဓာတ်ကို လိုအပ်သည်။ ဇင့်ဓာတ်မလုံလောက်ပါက အအေးမိခြင်း၊ နမိုးနီးယားအဆုတ်ရောင်ခြင်းကဲ့သို့သော ရောဂါများ ပိုမိုဝင်ရောက်နိုင်သည်။
- ဝမ်းပျက်ဝမ်းလျှောရောဂါ
- ကလေးများတွင် ဝမ်းလျှောပါက ဇင့်ဓာတ်ပါဝင်သော ဖြည့်စွက်စာများကို ပေးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လမ်းညွှန်ထားသည်။ ဇင့်ဓာတ်ပေးခြင်းအားဖြင့် ဝမ်းလျှောသည့်အချိန်ကာလကို တိုစေနိုင်ကြောင်း အထောက်အထားများတွေ့ရသည်။
- အနာကျက်မြန်စေခြင်း
- ဇင့်ဓာတ်သည် မီးလောင်ဒဏ်ရာများအားကုသရန်၊ အချို့သောအနာများ (ဥပမာ_ ဆီးချိုအနာ)နှင့် အခြားသော အရေပြားထိခိုက်ဒဏ်ရာများအား ကုသရာတွင် အရေးပါသည်။ အရေပြားအား ပြုပြင်ခြင်းမှစ၍ ပိုးဝင်ခြင်းကို ကာကွယ်သည်အထိ အနာကျက်စေသည့် လုပ်ငန်းစဥ်အဆင့်တိုင်းတွင် ပါဝင်သည်။
- အသက်အရွယ်နှင့်ဆိုင်သော မြင်လွှာပျက်စီးခြင်း
- ဇင့်ဓာတ်သည် မျက်စိမြင်လွှာ၏ ပျက်စီးမှုများကို ကာကွယ်ပေးပြီး အသက်အရွယ်ကြီးသူများတွင် အဖြစ်များသော မျက်စိကွယ်စေသည့် နာတာရှည်မျက်စိရောဂါ၏ ဆိုးရွားလာမှုကို နှေးကွေးစေသည်ဟု သုတေသနပြုချက်များအရ သိရသည်။
- အချို့သောအရေပြားပြဿနာများ
- ဇင့်ဓာတ်သည် အနာကျက်စေသော လုပ်ငန်းစဥ်များတွင် ပါဝင်သည့်အတွက် အချို့သော အရေပြားပြဿနာများ (ဥပမာ _ ဝက်ခြံ၊ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့် အရေပြားရောင်ရမ်းခြင်း၊ ဆီးပူလောင်ခြင်းကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း) ကို ကုသရာတွင်အသုံးပြုသည်။
သုံးစွဲပုံနည်းလမ်းများ
အသက်အရွယ်အလိုက် နေ့စဥ်လိုအပ်သောပမာဏ
| အသက် | နေ့စဉ်လိုအပ်သောပမာဏ | အများဆုံးသောက်နိုင်သည့်ပမာဏ |
|---|---|---|
| မွေးစ မှ ခြောက်လ | ၂ မီလီဂရမ် | ၄ မီလီဂရမ် |
| ၇ လ မှ ၁ နှစ် | ၃ မီလီဂရမ် | ၅ မီလီဂရမ် |
| ၁ နှစ် မှ ၃ နှစ် | ၃ မီလီဂရမ် | ၇ မီလီဂရမ် |
| ၄ နှစ် မှ ၈ နှစ် | ၅ မီလီဂရမ် | ၁၂ မီလီဂရမ် |
| ၉ နှစ် မှ ၁၃ နှစ် | ၈ မီလီဂရမ် | ၂၃ မီလီဂရမ် |
| ၁၄ နှစ် မှ ၁၈ နှစ် (ကျား) | ၁၁ မီလီဂရမ် | ၃၄ မီလီဂရမ် |
| ၁၄ နှစ် မှ ၁၈ နှစ် (မ) | ၉ မီလီဂရမ် | ၃၄ မီလီဂရမ် |
| ၁၉ နှစ် နှင့် အထက် (ကျား) | ၁၁ မီလီဂရမ် | ၄၀ မီလီဂရမ် |
| ၁၉ နှစ် နှင့် အထက် (မ) | ၈ မီလီဂရမ် | ၄၀ မီလီဂရမ် |
| ကိုယ်ဝန်ဆောင်မိခင် | ၁၁ မှ ၁၂ မီလီဂရမ် | ၃၄ မီလီဂရမ် |
| နို့တိုက်မိခင် | ၁၂ မှ ၁၃ မီလီဂရမ် | ၄၀ မီလီဂရမ် |
ဇင့်ဓာတ်ပါဝင်သော အားဆေးများကို ဆေးတောင့်၊ ဆေးခဲနှင့် အရည်အနေဖြင့် ပုံစံမျိုးစုံနှင့် တွေ့နိုင်သည်။ ဇင့်ဓာတ်လုံလောက်စွာရရှိစေရန် ဆေးဝါးသောက်သုံးခြင်းအပြင် ဇင့်ဓာတ်ကြွယ်ဝစွာပါ၀င်သော အစားအစာများကိုလည်း ပုံမှန်စားသုံးပေးသင့်သည်။ ထိုအစားအစာများမှာ_
- ပဲများ
- အသားများ (ဥပမာ _ အမဲသား၊ ဝက်သား)
- အစေ့အဆန်များ (ဥပမာ _ ဖရုံစေ့၊ သီဟိုဠ်စေ့)
- ငါးများ (ဥပမာ _ ဆာဒင်းငါး၊ ဆဲလ်မွန်ငါး)
- ပင်လယ်စာများ (ဥပမာ _ ခရု၊ ကမာ)
- ဂျုံ၊ ပြောင်း
- ဥများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ
- အချို့သောအသီးအရွက်များ (မှို၊ ကညွှတ်)
အသားနှင့်ငါးများတွင် ဇင့်ဓာတ်ပါဝင်မှုများပြီး ခန္ဓာကိုယ်မှအလွယ်တကူ စုပ်ယူနိုင်သော ပုံစံဖြင့်ပါဝင်သည်။ ပဲ၊ အစေ့အဆန်စသည်တို့မှရသော ဇင့်ဓာတ်ကို ခန္ဓာကိုယ်မှစုပ်ယူနိုင်မှုသည် နည်းပါးသည်။ သို့ဖြစ်သောကြောင့် အသားမစားသူများသည် လိုအပ်ပါက ဇင့်ဓာတ်ပါသော ဖြည့်စွက်စာများ စားသုံးရန် လိုအပ်နိုင်သည်။
ဇင့်ဓာတ်များခြင်းကြောင့် ဖြစ်ပေါ်နိုင်သောလက္ခဏာများ
ဇင့်သည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိနိုင်သော်လည်း လိုအပ်သည်ထက် ပိုမိုသုံးစွဲမိပါက အန္တရာယ်ရှိနိုင်သည်။ ဇင့်ပမာဏလွန်ကဲပါက ခံစားရနိုင်သောလက္ခဏာများမှာ_
- ပျို့ခြင်း၊ အန်ခြင်း
- ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း
- ခေါင်းကိုက်ခြင်း
- ဝမ်းလျှောခြင်း စသည်တို့ဖြစ်သည်။
ဇင့်သောက်သုံးရာတွင် တစ်နေ့လျှင် (၄၀) မီလီဂရမ်ထက် မကျော်သင့်ပါ။ ဇင့်ဓာတ်ကို လွန်ကဲစွာသုံးစွဲပါက အခြားအာဟာရဓာတ်များ ချို့တဲ့မှုကိုပါ ဖြစ်စေနိုင်သည်။ (ဥပမာ _ ဇင့်ဓာတ်ကို ကြာရှည်စွာသုံးစွဲပါက ကြေးနီနှင့် သံဓာတ် စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။)
သတိပြုသင့်သည့်အချက်များ
ဇင့်ဓာတ်သည် အချို့သောဆေးဝါးများနှင့် ဓာတ်ပြုမှုများ ရှိနိုင်သည်။ အခြားဆေးဝါးများ သောက်သုံးခြင်းသည်လည်း ခန္ဓာကိုယ်အတွင်းရှိ ဇင့်ဓာတ်ကို တစ်ခါတစ်ရံ လျော့ကျစေသည်။
- ပဋိဇီဝပိုးသတ်ဆေးများ
- ဇင့်ဓာတ်သည် အချို့သောပဋိဇီဝပိုးသတ်ဆေးများအား (ဥပမာ – Fluoroquinolones၊ Tetracyclines) ခန္ဓာကိုယ်မှ စုပ်ယူနိုင်မှုကို နည်းစေသည်
- ထိုအခြေအနေများကို ရှောင်ကြဥ်ရန်အတွက် ဇင့်ဓာတ်ပါဝင်သော အားဆေးများမသောက်မီ အနည်းဆုံး (၂) နာရီခန့် သို့မဟုတ် သောက်ပြီး (၄) နာရီ မှ (၆) နာရီ အကြာတွင်မှ ပဋိဇီဝပိုးသတ်ဆေးများကို သောက်သင့်သည်
- ပင်နင်ဆလင်မင်း (Penicillamine)
- ရူမတွိုက်အဆစ်ရောင်ရောဂါနှင့် မွေးရာပါကြေးနီဓာတ်များသောရောဂါ (Wilson disease) တွင်သုံးသော ပင်နင်ဆလင်မင်းအား ခန္ဓာကိုယ်မှ စုပ်ယူနိုင်မှုကို နည်းစေသည်
- သို့ဖြစ်၍ ဇင့်နှင့် ပင်နင်ဆလင်မင်းအား အနည်းဆုံး (၁) နာရီခြား၍ သောက်သင့်သည်
- ဆီးဆေးများ
- ဆီးဆေးများသည် ဆီးထဲတွင် ဇင့်ဓာတ်စွန့်ထုတ်မှုကိုများစေသောကြောင့် ဆီးဆေးများကို ကြာရှည်စွာသောက်သုံးပါက ခန္ဓာကိုယ်မှ ဇင့်ဓာတ်ပမာဏကို နည်းစေသည်
သတိပြုရန်
ပမာဏများသော ဇင့်ဓာတ်များကို သောက်သုံးခြင်းသည် နောက်ဆက်တွဲပြဿနာများ ဖြစ်စေနိုင်သောကြောင့် လိုအပ်ပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ သောက်ရန်အရေးကြီးသည်။ အစားအစာများမှ သဘာဝအတိုင်း ရရှိသော ဇင့်ဓာတ်သည် အန္တရာယ်ကင်းပြီး ပိုမိုစိတ်ချရသည်။
References:
- National Institutes of Health, Office of Dietary Supplements. (2026). Zinc: Fact sheet for health professionals. Retrieved April 24, 2026, from https://ods.od.nih.gov/factsheets/Zinc-HealthProfessional/
- Mayo Clinic. (2025). Zinc. Retrieved April 24, 2026, from https://www.mayoclinic.org/drugs-supplements-zinc/art-20366112
- Healthline. (2022). Zinc: Benefits, deficiency, food sources, and side effects. Retrieved April 24, 2026, from https://www.healthline.com/nutrition/zinc
Published: 30 April 2025
Last updated: 2 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.