Mump-Measles-Rubella (MMR) Vaccine (ဝက်သက်-ပါးချိတ်ရောင်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး)

Mump-Measles-Rubella (MMR) Vaccine (ဝက်သက်-ပါးချိတ်ရောင်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး)

ဝက်သက် (Measles)၊ ပါးချိတ်ရောင် (Mumps) နှင့် ဂျိုက်သိုး (Rubella) ရောဂါသုံးမျိုးအတွက် ပေါင်းစပ်ကာကွယ်ဆေးဖြစ်ပြီး ကလေးများတွင် အဓိကအသုံးပြုသည်။ ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါသုံးမျိုးသည် ဝက်သက်ဗိုင်းရပ်စ်ပိုး (Measles virus)၊ ပါးချိတ်ရောင်ဗိုင်းရပ်စ်ပိုး (Mumps virus) နှင့် ဂျိုက်သိုးဗိုင်းရပ်စ်ပိုး (Rubella virus) များကြောင့် အသီးသီးဖြစ်ပွါးပြီး အသက် (၅) နှစ်အောက် ကလေးများတွင် အဖြစ်များသည်။ ရောဂါပိုးရှိသူကလေးများ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားလေးများသည် လေထုထဲသို့ပျံ့နှံ့ပြီး အခြားသူများထံသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည်။

ဝက်သက်နှင့်ဂျိုက်သိုးရောဂါတွင် အဖျားနှင့်အတူ အနီစက်များ တွေ့ရလေ့ရှိပြီး၊ ပါးချိတ်ရောင်ရောဂါတွင်မူ နားရွက် အရှေ့ဘက်နှင့်အောက်ဘက်၌ ပါးချိတ်ဂလင်းများ တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံး ရောင်ရမ်းနိုင်သည်။ ဗိုင်းရပ်စ်ပိုးသုံးမျိုးလုံး၏ ရောဂါလက္ခဏာများသည် ရောဂါစဖြစ်ပြီး တစ်ပတ်အကျော်တွင် ပြန်လည်သက်သာသွားနိုင်သော်လည်း တစ်ခါတစ်ရံ ပြင်းထန်အဆုတ်အအေးမိခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် အမြင်အာရုံ၊ အကြားအာရုံထိခိုက်ခြင်းစသော ရှားပါးပြင်းထန်၍ အသက်အန္တရာယ်ရှိနိုင်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်တတ်သည်။ ထိုကြောင့် ရောဂါဖြစ်ပွါးမှုများမှ ကာကွယ်ရန် ကာကွယ်ဆေးကို အချိန်မီထိုးနှံသင့်သည်။

ကာကွယ်ဆေးစတင်တီထွင်မှု

ဝက်သက်ကာကွယ်ဆေး
ဝက်သက်ရောဂါဗိုင်းရပ်စ်ပိုးကို (၁၇၅၇) ခုနှစ်တွင် စကော့တစ်ရှ် သိပ္ပံပညာရှင် Francis Home မှ စတင်တွေ့ရှိခဲ့သည်။ ထို့နောက် (၁၈၀၀) ခုနှစ်နောက်ပိုင်းတွင် လူအစုလိုက်အပြုံလိုက် ရောဂါကူးစက်ပျံ့နှံ့မှု (Outbreaks) များ တဖြည်းဖြည်း များပြားလာခဲ့သည်။ ကာကွယ်ဆေးမပေါ်မီက နိုင်ငံအများအပြားတွင် ဝက်သက်ရောဂါကြောင့် သေဆုံးသူ နှစ်စဥ်ထောင်ချီလျက်ရှိကြောင်း သိရှိရသည်။ ဝက်သက်ရောဂါအတွက် ကာကွယ်ဆေးကို (၁၉၆၀) ခုနှစ်ဝန်းကျင်တွင် စတင်ဖန်တီးခဲ့ပြီး၊ (၁၉၆၃) ခုနှစ်မှစ၍ တရားဝင်ထိုးနှံနိုင်ခဲ့သည်။

ပါးချိတ်ရောင်ကာကွယ်ဆေး
ပါးချိတ်ရောင်ဗိုင်းရပ်စ်ပိုးကို (၁၉၃၅) ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ဦးနှောက်အမြှေးရောင်ခြင်း ဖြစ်စဥ်များစွာကို ဖြစ်ပေါ်စေခဲ့သော ဗိုင်းရပ်စ်ဖြစ်သည်။ ပါးချိတ်ရောင်ကာကွယ်ဆေးကို (၁၉၆၇) ခုနှစ်တွင် စတင်မိတ်ဆက်ထိုးနှံခဲ့သည်။

ဂျိုက်သိုးကာကွယ်ဆေး
ဂျိုက်သိုးဗိုင်းရပ်စ်ပိုးကို (၁၉၁၄) ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။ (၁၉၄၀) ခုနှစ်တွင် ဂျိုက်သိုးဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော မိခင်များမှ မွေးဖွားသည့် ကလေးများတွင် မျက်စိအတွင်းတိမ်ရောဂါများကို သတိပြုမိခဲ့ပြီး အခြားနှလုံးရောဂါများနှင့် အကြားအာရုံချို့ယွင်းခြင်းများကိုပါ ဆက်လက်တွေ့ရှိရာမမှ ၎င်းကလေးများကို မွေးရာပါ ဂျိုက်သိုးရောဂါလက္ခဏာစု (Congenital rubella syndrome) ခံစားရသူများအဖြစ် သတ်မှတ်ခဲ့သည်။ ဂျိုက်သိုးဗိုင်းရပ်စ်ကာကွယ်ဆေးကို (၁၉၆၉) ခုနှစ်တွင် စတင်မိတ်ဆက်ထိုးနှံခဲ့သည်။

(၁၉၇၁) ခုနှစ်တွင် ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုး သုံးမျိုးပေါင်းစပ်ပါဝင်သော ကာကွယ်ဆေးကို ထုတ်လုပ်ထိုးနှံနိုင်ပြီး၊ (၂၀၀၅) ခုနှစ်တွင် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးနှင့် ရေကျောက် လေးမျိုးပါဝင်သော ကာကွယ်‌ဆေး စတင်ပေါ်ပေါက်အသုံးပြုခဲ့သည်။

ကာကွယ်ဆေးအမျိုးအစားများ

အဓိကအားဖြင့် ကာကွယ်ဆေး အမျိုးအစား (၃) မျိုးရှိသည်။

  1. MMR _ ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုး သုံးမျိုးပါဝင်သော ကာကွယ်ဆေး
  2. MR _ ဝက်သက်၊ ဂျိုက်သိုး နှစ်မျိုးပါဝင်သော ကာကွယ်ဆေး
  3. MMRV _ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးနှင့် ရေကျောက် လေးမျိုးပါဝင်သော ကာကွယ်‌ဆေး
ဆေးသယ်ဆောင်သိမ်းဆည်းပုံ

ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_

  • ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
  • ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
  • ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
  • အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
  • ကာကွယ်ဆေးများကို ဖောက်ပြီးလျှင် ချက်ချင်း သို့မဟုတ် သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်
  • ဆေးကိုဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ရောစပ်ရမည်ဖြစ်သည်
  • အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည် (အထူးသဖြင့် အကောင်အရှင်မှ ထုတ်လုပ်ထားသော ကာကွယ်ဆေးများ)
  • သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော တုပ်ကွေးကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
  • ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှုကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်

ကာကွယ်ဆေးများကို ဘေးအန္တရာယ် ကင်းရှင်းစွာနှင့် အထိရောက်ဆုံး ကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။

သုံးစွဲပုံနည်းလမ်းများ

ကာကွယ်ဆေး (၃) မျိုးလုံးသည် ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Live Vaccine) ဖြစ်သည်။ လက်‌မောင်း သို့မဟုတ် ပေါင်ရှိ ကြွက်သားတွင် ထိုးရသောဆေးဖြစ်သည်။ အရေပြားအောက်သို့လည်း ရှပ်၍ထိုးနိုင်သည်။ အခြားကာကွယ်ဆေးများနှင့်လည်း အတူတကွ ထိုးနှံနိုင်သည်။

ပုံမှန်ကာကွယ်ဆေးထိုးခြင်း

ကာကွယ်ဆေးများ ပုံမှန်ထိုးနှံသင့်သော အချိန်ကာလများမှာ_

  • MMR – ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုး သုံးမျိုးပါဝင်သော ကာကွယ်ဆေး
    • ကလေးအသက် (၁၂ – ၁၅) လတွင် ပထမအကြိမ်
    • ကလေးအသက် (၄ – ၆) နှစ်တွင် ဒုတိယအကြိမ်
  • MMRV – ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးနှင့် ရေကျောက် လေးမျိုးပါဝင်သော ကာကွယ်‌ဆေး
    • ကလေးအသက် (၁၂ – ၁၅) လတွင် ပထမအကြိမ်
    • ကလေးအသက် (၄ – ၆) နှစ်တွင် ဒုတိယအကြိမ် သို့မဟုတ် ပထမအကြိမ် ဆေးထိုးပြီး (၃) လအကြာတွင် ထိုးနိုင်သည်။

မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးစီမံချက်တွင် ဝက်သက်၊ ဂျိုက်သိုး နှစ်မျိုးပါဝင်သော ကာကွယ်ဆေးကို ကလေးအသက် (၉) လတွင် တစ်ကြိမ်နှင့် အသက်တစ်နှစ်ခွဲတွင် တစ်ကြိမ် ထိုးနှံပေးသည်။

ကာကွယ်ဆေးထိုးရန်လိုအပ်သူများ

ကလေးငယ်များတွင် အထက်ပါ အချိန်ကာလများအတွင်း MMR ကို ပုံမှန်ထိုးနှံသင့်သည့်အပြင် အသက် (၁၃)နှစ် မှ (၆၄)နှစ်အထိ၊ (၁)ကြိမ် မှ (၂)ကြိမ် ထပ်မံထိုးရန်လိုသည်။ တစ်ကြိမ်နှင့်တစ်ကြိမ် အနည်းဆုံး (၂၈) ရက်ခြား၍ ထိုးနိုင်သည်။ နို့တိုက်မိခင်များသည်လည်း MMR ကာကွယ်ဆေးကို ထိုးနှံနိုင်သည်။ ထို့အပြင် ကြက်ဥနှင့် ဓာတ်မတည့်သောသူများတွင်လည်း ထိုးနှံနိုင်သည်။ အထူးသဖြင့် အောက်ပါအုပ်စုများအတွက် ပိုမိုလိုအပ်သည်။

  • ကျောင်းသား၊ ကျောင်းသူများ
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ
  • ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ရှိသည့် အမျိုးသမီးများ
  • ကမ္ဘာလှည့်ခရီးသွားသူများ
MMR ကာကွယ်ဆေးမထိုးသင့်သောသူများ
  • ကာကွယ်ဆေးနှင့် ပြင်းထန်ဓာတ်မတည့်မှု ဖြစ်ဖူးသူများ
  • ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းအချို့ဖြစ်သော Gelatin နှင့် Neomycin စသည်တို့နှင့် ဓာတ်မတည့်သူများ
  • ကိုယ်ဝန်ဆောင်မိခင်များ
  • သွေးထွက်လွယ်သော အခြေအနေရှိသူများ

ရောဂါအခြေအနေပေါ်မူတည်၍ အောက်ပါအခြေအနေများတွင်မူ ဆရာဝန်များနှင့်တိုင်ပင်၍ လမ်းညွှန်ချက်များအတိုင်း ကာကွယ်ဆေးထိုးနိုင်သည်။

  • မွေးရာပါကိုယ်ခံအားနည်းရောဂါ၊ HIV ရောဂါရှိသူများ (ဆရာဝန်နှင့်တိုင်ပင်သင့်သည်)
  • (HIV ပိုးရှိသော ကလေးများတွင် ART ပိုးထိန်းဆေးကို ပုံမှန်သောက်သုံးနေပြီး CD4 ဆဲလ်ပမာဏ ၂၀၀ နှင့်အထက်တွင် ရှိနေပါက ကာကွယ်ဆေးထိုးနိုင်သည်)
  • လတ်တလောသွေးနှင့် Immunoglobulin ဆေးသွင်းထားသူများ
    • လွန်ခဲ့သော သုံးလအတွင်း သွေးသွင်းကုသမှုခံယူထားသူများသည် သုံးလကျော်မှသာ ကာကွယ်ဆေးထိုးသင့်သည်
    • Immunoglobulin ဆေးသွင်း၍ ကုသမှုခံယူထားသူများတွင်မူ ဆေးအမျိုးအစားပေါ် မူတည်ပြီး (၃)လ မှ (၁၁)လခြားပြီးမှသာ ကာကွယ်ဆေးထိုးသင့်သည်
  • တီဘီရောဂါရှိသူများ (တီဘီဆေးဖြင့်ကုသမှု စတင်ပြီးနောက် ဆရာဝန်နှင့်တိုင်ပင်ပြီး ကာကွယ်ဆေးထိုးနိုင်သည်)
  • ရောဂါအခံကြောင့် စတီးရွိုက်သောက်ဆေးများနှင့် ကိုယ်ခံအားချပေးသော ဆေးများကို ကြာရှည်စွာ စွဲသောက်နေရသူများတွင် ကုသမှုပြီးဆုံး၍ ဆေးများရပ်ပြီးနောက် တစ်လအကြာတွင် ကာကွယ်ဆေး ပြန်လည်ထိုးပေးနိုင်သည်
  • ကင်ဆာရောဂါရှိသော ကလေးများတွင်လည်း ကင်ဆာကုသမှုများ လုံးဝပြီးမြောက်ပြီးနောက် တစ်နှစ်အကြာတွင် ကာကွယ်ဆေး ပုံမှန်ပြန်လည်ထိုးနိုင်သည်
ဆေးမထိုးမီသိရှိရမည့်အချက်များ
  • ကာကွယ်ဆေးထိုးမည့်နေ့တွင် အဖျားရှိနေပါက ဆေးမထိုးမီ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ဦးစွာတိုင်ပင်သင့်သည်
  • ဝက်သက်ရောဂါဖြစ်ပွါးသူတစ်ဦးနှင့် ထိတွေ့မှု ရှိပါက (၇၂) နာရီအတွင်း MMR ကာကွယ်ဆေးကို ထိုးနှံနိုင်သည်၊ တစ်ခါတစ်ရံ ထိတွေ့မှုရှိပြီး (၆) ရက်အတွင်း အင်မြူနိုဂလိုဗြူလင် (Immunoglobulin) ဟု ခေါ်သော ကိုယ်ခံအားဆိုင်ရာ ဆေးဝါးများကိုလည်း ထိုးနိုင်သည်၊ ထိုသို့ကြိုတင်ကာကွယ်ခြင်းဖြင့် ဝက်သက်ရောဂါ ကူးစက်ခံရသည့်တိုင် ရောဂါလက္ခဏာများ လျော့နည်းခြင်း သို့မဟုတ် မဖြစ်ပေါ်ခြင်းစသည့် ကောင်းကျိုးများ ရရှိနိုင်သည်
  • လွန်ခဲ့‌သော (၄) ပတ်အတွင်း ပိုးအရှင်၏ အစိတ်အပိုင်းမှတစ်ဆင့် ထုတ်လုပ်ထားသော အခြားကာကွယ်ဆေးများ (Live vaccine) ထိုးထားပါက MMR ကာကွယ်ဆေးကို ချက်ချင်းမထိုးသင့်ပါ၊ မူလထိုးထားသော ကာကွယ်ဆေးနှင့် အနည်းဆုံး (၄) ပတ်ခြားပြီးမှ ထိုးသင့်သည်
  • ကိုယ်ဝန်ဆောင်နိုင်သည့် အသက်အရွယ်ရှိသော အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်မည့် အစီအစဥ်ရှိပါက MMR ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပြီးသည့်နောက် အနည်းဆုံး တစ်လခြားပြီးမှ ကိုယ်ဝန်ယူသင့်သည်
ကာကွယ်ဆေး၏အကျိုးအာနိသင်
  • ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးပါက
    • ဝက်သက်ရောဂါကို ‌(၉၃%)
    • ပါးချိတ်ရောင်ရောဂါကို (၇၈%)
    • ဂျိုက်သိုးရောဂါကို (၉၇%)ထိ ကာကွယ်နိုင်သည်
  • ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးပါက
    • ဝက်သက်ရောဂါကို (၉၇%)
    • ပါးချိတ်ရောင်ရောဂါကို (၈၈%) ထိ ကာကွယ်နိုင်သည်။
ဘေးထွက်ဆိုးကျိုးများ

ယေဘုယျအားဖြင့် MMR ကာကွယ်ဆေးများထိုးခြင်းကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လေ့မရှိပါ။ အများအားဖြင့် သာမန်ဘေးထွက်ဆိုးကျိုးများသာ တွေ့နိုင်ပြီး အများအားဖြင့် ရက်ပိုင်းအတွင်း သက်သာသွားနိုင်သည်။

  • ကာကွယ်‌ဆေးထိုးသည့်နေရာတွင် နီမြန်းခြင်း၊ နာကျင်ခြင်း၊ အနာဖြစ်ခြင်း
  • အဖျားငွေ့ငွေ့ဖျားခြင်း
  • နုံးချည့်ခြင်း
  • အရေပြားတွင် အနီစက် အနည်းငယ်ထွက်ခြင်း
  • ပြန်ရည်ကျိတ်များ ကြီးခြင်း၊ ရောင်ခြင်း
  • အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းတို့ဖြစ်သည်။

ရှားပါးသော်လည်း ဖြစ်နိုင်ခြေရှိသည့် အခြားပြင်းထန်ဘေးထွက်ဆိုးကျိုးများမှာ_

  • ပြင်းထန်သောဓာတ်မတည့်ခြင်း (Anaphylaxis)
  • တက်ခြင်း (Seizure)
  • သွေးဥမွှားပမာဏ ကျဆင်း၍ သွေးခြည်ဥခြင်း၊ အညိုအမည်းစွဲခြင်းနှင့် သွေးထွက်ခြင်း (Unusual bleeding due to low platelet count) စသည်တို့ဖြစ်သည်။

ထို့ပြင် လေ့လာတွေ့ရှိချက်များအရ MMR ကာကွယ်ဆေးသည် အော်တစ်ဇင်ရောဂါနှင့် ဆက်စပ်မှုမရှိပါ။

References:

  1. World Health Organization. (n.d.). Measles, mumps and rubella (MMR) vaccine: Norms and standards. Retrieved December 10, 2025, from https://www.who.int/teams/health-product-policy-and-standards/standards-and-specifications/norms-and-standards/vaccines-quality/measles-mumps-and-rubella-(mmr)
  2. Cleveland Clinic. (n.d.). MMR vaccine. Retrieved December 10, 2025, from https://my.clevelandclinic.org/health/procedures/mmr-vaccine
  3. Centers for Disease Control and Prevention. (n.d.). Measles, mumps, and rubella (MMR) vaccines: Current VIS. Retrieved December 10, 2025, from https://www.cdc.gov/vaccines/hcp/current-vis/mmr.html
  4. Centers for Disease Control and Prevention. (n.d.). MMR vaccine recommendations. Retrieved December 10, 2025, from https://www.cdc.gov/vaccines/vpd/mmr/hcp/recommendations.html
  5. Health Service Executive. (n.d.). MMR vaccine. Retrieved December 10, 2025, from https://www2.hse.ie/conditions/mmr-vaccine/
  6. National Health Service. (n.d.). MMR vaccine. Retrieved December 10, 2025, from https://www.nhs.uk/vaccinations/mmr-vaccine/
  7. Centers for Disease Control and Prevention. (n.d.). History of measles. Retrieved December 10, 2025, from https://www.cdc.gov/measles/about/history.html
  8. World Health Organization. (n.d.). History of measles vaccination. Retrieved December 10, 2025, from https://www.who.int/news-room/spotlight/history-of-vaccination/history-of-measles-vaccination

Published: 16 December 2024

Last updated: 17 January 2026

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.