Combined oral contraceptive (COC) pills (ဟော်မုန်း ၂မျိုးပါသော သားဆက်ခြားဆေးကတ်)

Combined oral contraceptive (COC) pills (ဟော်မုန်း ၂မျိုးပါသော သားဆက်ခြားဆေးကတ်)

ဤသားဆက်ခြားနည်းလမ်းသည် နေ့စဥ်သောက်ရသော သောက်ဆေးအမျိုးအစားဖြစ်သည်။ ဤဆေးတွင် အီစတိုဂျင် (Oestrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) ဟုခေါ်သော ဟော်မုန်း (၂) မျိုး ပါဝင်ပြီး ထိုဟော်မုန်းများက ကိုယ်ဝန်မရအောင် တားပေးခြင်းဖြစ်သည်။ ဆေးကတ်တွင် ဆေးလုံး (၂၈) လုံးပါရှိပြီး၊ (၂၁) လုံးသည် ဟော်မုန်းပါဝင်သောဆေးများဖြစ်သည်။ အရောင်မတူ သို့မဟုတ် အရွယ်အစားမတူသည့် (၇) လုံးတွင် ဟော်မုန်းမပါဘဲ အားဆေးသာပါရှိသည်။

Combined oral contraceptive IMG1
သုံးစွဲရန်လိုအပ်သော အခြေအနေများ

ထိုဟော်မုန်းနှစ်မျိုးသည်

  • သားဥမကြွေအောင် တားဆီးပေးခြင်း
  • သားအိမ်ခေါင်းရှိ အချွဲများကိုပျစ်စေ၍ သုက်ပိုးဖောက်မဝင်နိုင်အောင် ကာကွယ်ပေးခြင်း
  • သားအိမ်နံရံကို ပါးအောင်လုပ်ပြီး သန္ဓေသားမကပ်နိုင်အောင် ဟန့်တားခြင်းစသည်ဖြင့် ကိုယ်ဝန်မရအောင် ကာကွယ်ပေးသည်။
အကျိုးကျေးဇူးများ
  • ရာသီမှန်မှန်လာပြီး ရာသီလာစဥ် နာကျင်ကိုက်ခဲမှုများကို သက်သာစေခြင်း
  • သားအိမ်နှင့် သားဥအိမ်ကင်ဆာ ဖြစ်နှုန်းလျော့ကျခြင်း
  • ဆေးသောက်ရပ်လိုက်သည်နှင့် ချက်ချင်းကိုယ်ဝန်ပြန်ရခြင်း
  • ဝက်ခြံသက်သာခြင်းတို့ဖြစ်သည်။
အားနည်းချက်များ
  • လိင်မှတစ်ဆင့် ကူးစက်သည့်ရောဂါများကို မကာကွယ်ပေးနိုင်ခြင်း
  • အချိန်မှန် နေ့စဥ်သောက်ရသဖြင့် မေ့လျော့နိုင်ခြင်းတို့ဖြစ်သည်။
သုံးစွဲရန်မသင့်တော်သူများ
  • လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ သွေးကြောအတွင်း သွေးခဲပိတ်ခြင်း၊ သွေးတိုးရောဂါရှိသူများ
  • အသက် (၅၀) ကျော်သူများ
  • အသက် (၃၅) နှစ်ကျော် ဆေးလိပ်သောက်သူ
  • အဝလွန်သူ (BMI – ၃၅ အထက်ရှိသူ)
  • ဆီးချိုရောဂါ အနှစ် (၂၀) နှင့်အထက်ရှိသူ
  • ရင်သားကင်ဆာရှိသူ
  • သည်းခြေအိတ်ရောဂါရှိသူ
  • ပြင်းထန်အသည်းရောဂါရှိသူ
  • ကိုယ်ဝန်ရှိသည်ဟု သံသယရှိသူ
  • ကလေးအသက် (၆) လမပြည့်သေးသော နို့တိုက်မိခင်
  • သတိပေးလက္ခဏာများ ခံစားရပြီးဖြစ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူ (Migraine with Aura)
  • TB ဆေး၊ အတက်ကျဆေးများ သောက်နေရသူ
  • သွေးလေးဖက်နာ ရောဂါရှိသူများတွင် မသုံးသင့်ပါ။
သားဆက်ခြားဆေးကတ်သုံးစွဲနည်း
  • ရာသီသွေးစပေါ်သည့်နေ့မှ (၅) ရက်အတွင်း စသောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်၊ ထို (၅) ရက်အတွင်း စသောက်ခြင်းမဟုတ်ပါက ကိုယ်ဝန် ရှိမရှိ အရင်ဆုံးစစ်ဆေးရန်လိုသည်၊ မရှိပါက စ၍ သောက်နိုင်သည်၊ စသောက်ပြီး (၁) ပတ်အတွင်း အမျိုးသားနှင့်အတူနေခြင်းကို ရှောင်ခြင်း သို့မဟုတ် အတူနေသည့်အခါ ကွန်ဒုံးအသုံးပြုရန် လိုအပ်သည်
  • မီးဖွားပြီးသူဖြစ်ပါက မိခင်နို့တိုက်ကျွေးနေလျှင် ကလေးအသက် (၆) လကျော်မှ စသောက်နိုင်သည်
  • မိခင်နို့မတိုက်ပါက မွေးပြီး (၃) ပတ်တွင် စသောက်နိုင်သည်
  • သားပျက်သားလျှောပြီးပါက ချက်ချင်း သို့မဟုတ် (၇) ရက်အတွင်း စသောက်နိုင်သည်

အခြားသားဆက်ခြားနည်းလမ်းများမှပြောင်းလျှင်

  • သားဆက်ခြားထိုးဆေးမှ ဆေးကတ်ပြောင်းသောက်လျှင် နောက်တစ်ကြိမ် ထိုးဆေးပြန်ထိုးရမည့်ရက်တွင် စ၍ပြောင်းသောက်နိုင်သည်
  • လက်မောင်းထဲထည့်သော သားဆက်ခြားနည်းမှ တားဆေးကတ် ပြောင်းသောက်မည်ဆိုလျှင် လက်မောင်းမှ သားဆက်ခြားပစ္စည်း ပြန်ထုတ်သည့်နေ့တွင် စသောက်နိုင်သည်
  • သားအိမ်အတွင်းထည့်ပစ္စည်းမှ တားဆေးကတ် ပြောင်းသောက်လျှင် ရာသီစပေါ်သည့်ရက်မှ (၅) ရက်အတွင်း စသောက်နိုင်သည်၊ ထိုရက်အတွင်းမဟုတ်ပါက တားဆေးစသောက်နေပြီး သားအိမ်ထဲထည့်ပစ္စည်းကို နောက်လရာသီပေါ်ပြီးမှ ထုတ်ရမည်
  • တားဆေးကတ်တစ်မျိုးမှ နောက်အမျိုးအစားတစ်မျိုးသို့ ပြောင်းသောက်လိုလျှင် ယခုသောက်လက်စ ဆေးကတ်ကုန်သည်နှင့် ကတ်အသစ်ကို စတင်နိုင်သည်
ဆေးသောက်ရန်မေ့လျော့ခြင်း

ဆေးတစ်လုံး သောက်ရန်မေ့ပါက
သတိရရခြင်း ထိုမေ့သွားသော ဆေးကိုသောက်ရမည်။ နောက်တစ်လုံးကို ပုံမှန်သောက်နေကျအချိန်တွင် ဆက်သောက်ရမည်။ နောက်တစ်လုံး ပြန်သောက်ရမည့်အချိန်မှ သတိရလျှင် (၂) လုံး တစ်ပြိုင်နက်တည်း သောက်နိုင်သည်။ ကျန်ဆေးများကို ပုံမှန်အတိုင်း ဆက်သောက်ပါ။ ထပ်ဆောင်းကာကွယ်ရန် မလိုအပ်ပါ။

ဆေး (၂) လုံးနှင့်အထက် သောက်ရန်မေ့ပါက

  1. ပထမသောက်ရမည့် (၇) လုံးအတွင်း မေ့ပါက
    (၇) ရက်အတွင်း အမျိုးသားနှင့် အတူနေထားခြင်းလည်းရှိခဲ့ပါက အရေးပေါ် ကိုယ်ဝန်တားဆေး သောက်ရန်လိုသည်။ မေ့သွားခဲ့သည့်ဆေးများအနက် နောက်ဆုံးနေ့မှ ဆေးလုံးကို သတိရရခြင်း သောက်ရမည်။ အခြားမေ့ကျန်သည့်ဆေးများကို မသောက်ရတော့ပါ။ နောက်ရက်များအတွက် ပုံမှန်သောက်ရမည့်ဆေးများကို ဆက်လက်သောက်ရမည်။ (၇) ရက်အတွင်း အမျိုးသားနှင့်အတူနေခြင်းကို ရှောင်ကြဉ်ရမည် (သို့မဟုတ်) အမျိုးသားနှင့်အတူနေသည့်အခါ ကွန်ဒုံးသုံးရမည်။
  2. ဒုတိယအတန်း ဆေးလုံးနံပါတ် (၈) မှ (၁၄) အတွင်း မေ့ပါက
    မေ့သွားခဲ့သည့်ဆေးများအနက် နောက်ဆုံးနေ့မှဆေးလုံးကို သတိရရခြင်း သောက်ရမည်။ အခြား မေ့ကျန်သည့်ဆေးများကို မသောက်ရတော့ပါ။ နောက်ရက်များအတွက် ပုံမှန်သောက်ရမည့်ဆေးများကိုလည်း ဆက်သောက်ရမည်။ အရေးပေါ်တားဆေးသောက်ရန် မလိုအပ်ပါ။ အမျိုးသားနှင့် အတူနေခြင်းကို ရှောင်ကြဉ်ရန် မလိုပါ။
  3. တတိယအတန်း ဆေးလုံးနံပါတ် (၁၅) မှ (၂၁) အတွင်း မေ့ပါက
    ဆေးလုံး (၂၁) ထိပြည့်အောင် သောက်ရမည်။ နောက်ဆုံးအတန်းမှ ဆေးလုံးများကို သောက်ရန်မလိုတော့ဘဲ ဆေးကတ်အသစ်ကို စသောက်ရမည်။ ထိုလတွင် ရာသီမပေါ်ခြင်းလည်း ဖြစ်နိုင်သည်။ အရေးပေါ် တားဆေးသောက်ရန် မလိုအပ်ပါ။ (၇) ရက်အတွင်း အမျိုးသားနှင့်အတူနေခြင်းကို ရှောင်ကြဉ်ရမည် (သို့မဟုတ်) အမျိုးသားနှင့် အတူနေသည့်အခါ ကွန်ဒုံးသုံးရမည်။
  4. စတုတ္ထအတန်း ဆေးလုံးနံပါတ် (၂၂) မှ (၂၈) အတွင်း မေ့ပါက
    မေ့သောဆေးလုံးကို သောက်ရန်မလိုတော့ဘဲ ကျန်ဆေးလုံးများကို ပုံမှန်အတိုင်း ဆက်သောက်ရမည်။ အားဆေးအတန်းဖြစ်သောကြောင့် ဘာမှမဖြစ်နိုင်ပါ။ ဆေးကတ်ကုန်လျှင် ကတ်အသစ်ကို ချက်ချင်းစသောက်ရမည်။ ရာသီပေါ်သည်ကို စောင့်ရန် မလိုအပ်ပါ။ မစောင့်ရပါ။ (၂) ရက်ထက် နောက်ကျပြီးမှ ဆေးကတ်အသစ် စသောက်ပါက အရေးပေါ်တားဆေးသောက်ရန် လိုအပ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
  • ခေါင်းမူး၊ ခေါင်းကိုက်ခြင်း
  • ပျို့ချင်၊ အန်ချင်ခြင်း
  • ရင်သားတင်းခြင်း၊ နာခြင်း
  • ရာသီသွေး တစက်စက်ဆင်းခြင်း
  • ပုံမှန်မဟုတ်သော သွေးဆင်းခြင်း စသည်တို့သည် စတင်သောက်ခါစတွင် ဖြစ်တတ်ပြီး ပုံမှန်သောက်သွားပါက သက်သာပျောက်ကင်းသွားသည်
  • ဆေးကတ်ကို နေ့စဥ်မှန်မှန်မသောက်ပါက သွေးဆင်းမမှန်ခြင်း၊ ကိုယ်ဝန်ရှိသွားခြင်းတို့ ဖြစ်နိုင်သည်။
သတိပြုသင့်သည့် အချက်များ

ဆေးခန်းပြန်ပြသင့်သည့် အခြေအနေများမှာ_

  • ရုတ်တရက် ရင်ဘတ် အလွန်အမင်းအောင့်ခြင်း
  • ရုတ်တရက် မောခြင်း၊ ချောင်းဆိုးသွေးပါခြင်း
  • ခြေထောက်တစ်ဖက်ဖက်တွင် ရောင်၍ကိုက်ခဲခြင်း
  • ရုတ်တရက် ဗိုက်အရမ်းနာခြင်း
  • အသားဝါခြင်း၊ မျက်စိဝါခြင်း၊ အသည်းရောင်ခြင်း
  • ခေါင်းအပြင်းအထန်ကိုက်ခြင်း
  • သွေးအလွန်အမင်းတိုးခြင်း (160/95 ကျော်)
  • လေဖြတ်၊ လေဖြန်းလက္ခဏာများဖြစ်ခြင်း
  • ကိုယ်ဝန်ရှိသည်ဟု သံသယဖြစ်လျှင် စသည်တို့ဖြစ်ပါက ဆေးကိုချက်ချင်းရပ်ပြီး ဆေးခန်းအမြန်ဆုံး ပြန်ပြသင့်သည်။

References:

  1. Simon, C., Everitt, H., van Dorp, F., & Burke, M. (2014). Oxford handbook of general practice (4th ed.). Oxford University Press.
  2. World Health Organization. (2019). Contraception. Retrieved July 21, 2025, from https://www.who.int/health-topics/contraception#tab=tab_1
  3. World Health Organization, INFO Project at Johns Hopkins Bloomberg School of Public Health/Center for Communication Programs, International Planned Parenthood Federation, Rondinelli, I., Church, K., Johnson, S., & Rinehart, W. (2007). Decision-making tool for family planning clients and providers: Training guide. World Health Organization. Retrieved July 21, 2025, from https://cdn.who.int/media/docs/default-source/reproductive-health/contraception-family-planning/dmt_training_guide.pdf?sfvrsn=23a5f787_21

Published: 30 August 2024

Last updated: 4 November 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.