Osteomalacia (အရိုးပျော့ရောဂါ)

Osteomalacia (အရိုးပျော့ရောဂါ)

အရိုးများ ပုံမှန်မာကျောခိုင်မာစေရန် အရိုးဖွဲ့စည်းစဉ် ဖြစ်ပေါ်လာသော အရိုးအခြေခံတစ်ရှူး (Osteoid) အတွင်းသို့ ကယ်လ်ဆီယမ်နှင့် ဖော့စဖိတ်အပါအဝင် သတ္တုဓာတ်များ လုံလောက်စွာ ဖြည့်တင်းပေးရန် လိုအပ်သည်။ အရိုးပျော့ရောဂါ (Osteomalacia) ဆိုသည်မှာ အသစ်ဖြစ်ပေါ်လာသော အရိုးအခြေခံ တစ်ရှူးအတွင်း သတ္တုဓာတ်ဖြည့်တင်းမှု ချို့ယွင်းခြင်းကြောင့် အရိုးများ ပျော့ပျောင်းအားနည်းလာပြီး အရိုးနာကျင်ခြင်းနှင့် အရိုးကျိုးလွယ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည့် ဇီဝဖြစ်စဉ်ဆိုင်ရာ အရိုးရောဂါတစ်မျိုးဖြစ်သည်။

အရိုးပျော့ရောဂါသည် အရိုးပွရောဂါ (Osteoporosis) နှင့် မတူညီပါ။ အရိုးပွရောဂါတွင် သတ္တုဓာတ် ဖြည့်တင်းထားသော အရိုးတစ်ရှူး၏ စုစုပေါင်းပမာဏနှင့် အရိုးသိပ်သည်းဆ လျော့နည်းလာခြင်း ဖြစ်သော်လည်း ကျန်ရှိနေသောအရိုး၏ သတ္တုဓာတ်ဖြည့်တင်းမှုမှာ ပုံမှန်ဖြစ်နိုင်သည်။ အရိုးပျော့ရောဂါတွင်မူ အရိုးတစ်ရှူးအသစ်၏ သတ္တုဓာတ်ဖြည့်တင်းမှုကိုယ်တိုင် ချို့ယွင်းနေခြင်းဖြစ်သည်။ ရောဂါနှစ်မျိုးစလုံးတွင် အရိုးအားနည်းခြင်းနှင့် အရိုးကျိုးနိုင်ခြေမြင့်တက်ခြင်း ဖြစ်နိုင်ပြီး အရိုးသိပ်သည်းဆတိုင်းတာမှုတွင်လည်း ဆင်တူသကဲ့သို့ တွေ့ရနိုင်သဖြင့် သွေးစစ်ဆေးမှုများနှင့် အခြားစစ်ဆေးမှုများဖြင့် ခွဲခြားရန် လိုအပ်သည်။

ဗီတာမင် ဒီ သည် ပုံမှန်အရိုးဖွံ့ဖြိုးမှုနှင့် အရိုးကျန်းမာရေးထိန်းသိမ်းမှုတို့အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်တစ်မျိုးဖြစ်သည်။ ၎င်းသည် အူလမ်းကြောင်းမှ ကယ်လ်ဆီယမ်နှင့် ဖော့စဖိတ်တို့ကို စုပ်ယူနိုင်ရန် အထောက်အကူပြုပြီး သွေးတွင်းသတ္တုဓာတ်ပမာဏနှင့် အရိုးသတ္တုဓာတ်ဖြည့်တင်းမှုကို ထိန်းညှိရာတွင် အရေးပါသည်။

ဗီတာမင် ဒီ ချို့တဲ့ပါက အူလမ်းကြောင်းမှ ကယ်လ်ဆီယမ်နှင့် ဖော့စဖိတ်စုပ်ယူမှု လျော့နည်းလာသည်။ အစောပိုင်း သို့မဟုတ် မပြင်းထန်သေးသောအခြေအနေများတွင် ခန္ဓာကိုယ်သည် ပါရာသိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို မြှင့်တင်ခြင်း (Secondary hyperparathyroidism) ဖြင့် သွေးတွင်းကယ်လ်ဆီယမ်ပမာဏကို ပုံမှန် သို့မဟုတ် ပုံမှန်အောက်နားတွင် ထိန်းထားနိုင်သည်။ သို့သော် ယင်းဖြစ်စဉ်ကြောင့် အရိုးမှ သတ္တုဓာတ်များ ပိုမိုထုတ်ယူခြင်းနှင့် ကျောက်ကပ်မှ ဖော့စဖိတ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်။ ချို့တဲ့မှု ဆက်လက်ပြင်းထန်လာပါက သွေးတွင်းကယ်လ်ဆီယမ်နှင့် ဖော့စဖိတ်ပမာဏများ လျော့နည်းလာနိုင်ပြီး အရိုးအခြေခံတစ်ရှူးအတွင်း သတ္တုဓာတ်ပုံမှန်ဖြည့်တင်းနိုင်ခြင်းမရှိတော့ဘဲ အရိုးပျော့ရောဂါ ဖြစ်ပေါ်လာနိုင်သည်။

အရိုးပျော့ရောဂါနှင့် ကလေးအရိုးပျော့ကွေးရောဂါ ကွာခြားချက်

အရိုးပျော့ရောဂါ (Osteomalacia) နှင့် ကလေးအရိုးပျော့ကွေးရောဂါ (Rickets) တို့သည် အရိုးသတ္တုဓာတ်ဖြည့်တင်းမှု ချို့ယွင်းခြင်းကြောင့် ဖြစ်ပေါ်သော ဆက်စပ်ရောဂါများဖြစ်သော်လည်း ထိခိုက်သည့်အရိုးအစိတ်အပိုင်းနှင့် ဖြစ်ပေါ်သည့်အသက်အရွယ်တွင် ကွာခြားသည်။

  • အရိုးပျော့ရောဂါ (Osteomalacia) သည် အဓိကအားဖြင့် အရိုးကြီးထွားမှု ပြီးဆုံး၍ အရိုးကြီးထွားရာနေရာများ (Growth plates) ပိတ်သွားပြီးသော လူကြီးများတွင် အသုံးပြုခေါ်ဆိုသည့် အခြေအနေဖြစ်သည်၊ အသစ်ဖြစ်ပေါ်လာသော အရိုးအခြေခံတစ်ရှူး၏ သတ္တုဓာတ်ဖြည့်တင်းမှု ချို့ယွင်းခြင်းကြောင့် အရိုးနာကျင်ခြင်း၊ ကြွက်သားအားနည်းခြင်းနှင့် မပြင်းထန်သောထိခိုက်မှုဖြင့် အရိုးကျိုးခြင်းတို့ ဖြစ်ပေါ်နိုင်သည်
  • ကလေးအရိုးပျော့ကွေးရောဂါ (Rickets) သည် အရိုးကြီးထွားရာနေရာများ မပိတ်သေးသော ကလေးများတွင်သာ ဖြစ်ပေါ်ပြီး အရိုးကြီးထွားရာနေရာ၏ သတ္တုဓာတ်ဖြည့်တင်းမှုကို ထိခိုက်စေသည်၊ ထို့ကြောင့် လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များ ဖောင်းကျယ်လာခြင်း၊ ခြေထောက်ကွေးခြင်း၊ အရိုးကြီးထွားမှုနှောင့်နှေးခြင်းနှင့် ကိုယိခန္ဓာဖွံ့ဖြိုးမှု ထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်

အရိုးကြီးထွားနေဆဲ ကလေးများတွင် ကလေးအရိုးပျော့ကွေးရောဂါ (Rickets) နှင့်အတူ ရှိပြီးသားအရိုးတစ်ရှူးများ၏ သတ္တုဓာတ်ဖြည့်တင်းမှု ချို့ယွင်းသော အရိုးပျော့ရောဂါ (Osteomalacia) လည်း တစ်ပြိုင်နက်ရှိနိုင်သည်။ အရိုးကြီးထွားရာနေရာများ ပိတ်သွားပြီးနောက်တွင်မူ အရိုးပျော့ရောဂါသာ ဖြစ်ပေါ်သည်။

ဗီတာမင် ဒီ သည် အာရုံကြော၊ ကြွက်သားနှင့် ကိုယ်ခံအားစနစ်တို့၏ လုပ်ဆောင်မှုများတွင်လည်း ပါဝင်သည်။ ဗီတာမင် ဒီ ချို့တဲ့ခြင်းနှင့် မလုံလောက်ခြင်းတို့သည် ကမ္ဘာတစ်ဝန်း အတွေ့ရများသော်လည်း သတ်မှတ်ရာတွင် အသုံးပြုသည့် သွေးတွင်းဗီတာမင် ဒီ အဆင့်၊ အသက်အရွယ်၊ လူမျိုး၊ နေထိုင်ရာဒေသနှင့် နေရောင်ခြည် ထိတွေ့မှုတို့ မတူညီသောကြောင့် ဖြစ်ပွားနှုန်းခန့်မှန်းချက်များသည် လေ့လာမှုတစ်ခုနှင့်တစ်ခု ကွဲပြားနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အရိုးပျော့ရောဂါသည် အဓိကအားဖြင့် ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ယင်းသည် နေရောင်ခြည် လုံလောက်စွာ မရရှိခြင်းကြောင့် အများဆုံး ဖြစ်လေ့ရှိပြီး စားသောက်သော အစားအစာများမှ ဗီတာမင် ဒီ လုံလောက်စွာ မရရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အခြားသောအရိုးပျော့ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများမှာ_

  • အာဟာရစုပ်ယူမှု ချို့ယွင်းစေသည့် အစာခြေစနစ် ဆိုင်ရာ ရောဂါများ
  • ကင်ဆာရောဂါ (သွေးတွင်း ဖော့စဖိတ်ဓာတ် လျော့နည်းစေသည့် ရှားပါး အကျိတ်များ)
  • ကျောက်ကပ် ပျက်စီးခြင်း
  • အသည်းရောဂါ
  • အတက်ရောဂါပျောက်ဆေးအချို့ သောက်သုံးခြင်း
  • ရှားပါးသော မျိုးရိုးလိုက်ရောဂါအချို့ စသည်တို့ဖြစ်သည်။

ဖြစ်ပွားနိုင်ခြေများသူများ
နေရောင်ခြည်နှင့် ထိတွေ့သည့်အခါ အရေပြားသည် ဗီတာမင် ဒီ ကို သဘာဝအတိုင်း ထုတ်လုပ်ပေးသည်။

  • အောက်ပါအခြေအနေများတွင် အရေပြားသည် ဗီတာမင် ဒီ ကို လုံလောက်စွာ ထုတ်လုပ်နိုင်မည် မဟုတ်ပါ
    • နေရောင်ခြည်နှင့် ထိတွေ့မှုနည်းသူများ
    • တစ်နေ့လုံး အိမ်တွင်း သို့မဟုတ် ရုံးတွင်း၌သာ အလုပ်လုပ်သူများ
    • ခန္ဓာကိုယ်အများစုကို ဖုံးအုပ်ထားသော အဝတ်အစားများ ဝတ်ဆင်သူများ
    • အသားအရောင် ရင့်သူ၊ ညိုသူများ
  • အောက်ပါအခြေအနေများတွင် စားသောက်သော အစားအစာများမှ ဗီတာမင် ဒီ လုံလောက်စွာ မရရှိနိုင်ပါ
    • နို့နှင့် နို့ထွက်ပစ္စည်းများကို သုံးစွဲခြင်း မရှိသူများ
    • တိရစ္ဆာန်ထွက်ပစ္စည်း လုံးဝမစားသူ၊ သက်သတ်လွတ် အစားအသောက်ပုံစံကို လိုက်နာသူများ
    • နာတာရှည် အူရောင်ရမ်းနာရောဂါကဲ့သို့ အာဟာရစုပ်ယူမှု ချို့ယွင်းသည့် ရောဂါအခြေအနေ ရှိသူများ
    • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သို့မဟုတ် အစာအိမ်ဖြတ်တောက် ခွဲစိတ်မှု ပြုလုပ်ထားခြင်းကြောင့် အူလမ်းကြောင်းမှ ဗီတာမင် ဒီ ကို ကောင်းစွာ မစုပ်ယူနိုင်သူများ
    • အဝလွန်သူများ
    • အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ
    • ကိုယ်ဝန်ဆောင် သို့မဟုတ် ကလေးမိခင်များ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

ဗီတာမင် ဒီ ချို့တဲ့နေသော်လည်း မည်သည့် လက္ခဏာမျှ မပြဘဲလည်း ရှိနေနိုင်သည်။ အရိုးပျော့ရောဂါ စတင်ဖြစ်ပွားချိန်တွင်လည်း ရောဂါကို သတိမပြုမိနိုင်ပါ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အောက်ပါရောဂါလက္ခဏာများ ခံစားရနိုင်သည်။

  • မောပန်းနွမ်းနယ်ခြင်း
  • ကြွက်သားများ အားနည်းခြင်း၊ ကိုက်ခဲခြင်း သို့မဟုတ် ကြွက်တက်ခြင်း
  • လမ်းလျှောက်ရ ခက်ခဲခြင်း သို့မဟုတ် လမ်းလျှောက်ဟန် ပြောင်းလဲသွားခြင်း
  • ခဏခဏ ချော်လဲခြင်း
  • ခန္ဓာကိုယ်အနှံ့ အရိုးများ နာကျင်ခြင်း (အထူးသဖြင့် တင်ပါးဆုံရိုးများ)
  • ပြင်းထန်သော ထိခိုက်ဒဏ်ရာ မရှိဘဲ အရိုးကျိုးခြင်း
  • သွေးတွင်း ကယ်လ်စီယမ်ဓာတ် လျော့နည်းခြင်းကြောင့် ပါးစပ်ပတ်လည်တစ်ဝိုက်၊ လက်မောင်းနှင့် ခြေထောက်များ ထုံကျဥ်ခြင်း သို့မဟုတ် စပ်ဖျင်းဖျင်းဖြစ်ခြင်း စသည့်လက္ခဏာများဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

အရိုးပျော့ရောဂါကို အချိန်မီ မကုသပါက အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

  • မကြာခဏ အရိုးကျိုးခြင်း – ပျော့ပြောင်းပြီး အားနည်းနေသော အရိုးများသည် သာမန်တိုက်မိခြင်း သို့မဟုတ် နေ့စဉ် ခန္ဓာကိုယ် ဖိအားကြောင့်ပင် လွယ်ကူစွာ ကျိုးပဲ့နိုင်ပြီး အထူးသဖြင့် နံရိုး၊ ကျောရိုးနှင့် ခြေထောက်တို့တွင် ဖြစ်ပွားလေ့ရှိသည်
  • အရိုးဖွဲ့စည်းမှု ပုံပျက်သွားခြင်း – ရေရှည် အရိုးပျော့ပြောင်းမှုကြောင့် အရိုးရှည်များ အမြဲတမ်း ကွေးကောက်သွားခြင်း၊ တင်ပါးဆုံရိုး ပြားသွားခြင်း သို့မဟုတ် ပုံစံပျက်သွားခြင်းနှင့် ကျောရိုးကွေးသွားခြင်း (Kyphoscoliosis) တို့ ဖြစ်ပွားနိုင်သည်
  • ပြင်းထန်စွာ ကြွက်သား အားနည်းခြင်း – တင်ပါးနှင့် ပေါင်တို့တွင် ပင်မကြွက်သားများ ပြင်းထန်စွာ အားနည်းလာခြင်းကြောင့် ထိုင်ရာမှထခြင်း၊ လှေကားတက်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းတို့ကို လွန်စွာ ခက်ခဲစေပြီး မကြာခဏ လဲကျနိုင်ခြေကို မြင့်တက်စေသည်
  • သွေးတွင်းကယ်လ်စီယမ် နည်းပါးခြင်း – သတ္တုဓာတ် ပမာဏ ပြင်းထန်စွာ လျော့နည်းခြင်းသည် ကြွက်သားများ ဆွဲခြင်း၊ ကြွက်တက်ခြင်းနှင့် လက်၊ ခြေ သို့မဟုတ် ပါးစပ်ပတ်လည်တို့တွင် စူးခနဲ ခံစားရခြင်း အပါအဝင် အန္တရာယ်ရှိသော အာရုံကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အရိုးပျော့ရောဂါသည် ဖြည်းဖြည်းချင်းတိုး၍ ဖြစ်ပွားလေ့ရှိပြီး ဗီတာမင် ဒီ နှင့် သတ္တုဓာတ် ဖြည့်စွက်ဆေးများဖြင့် ထိရောက်စွာ ကုသနိုင်သော်လည်း ရောဂါလက္ခဏာများ ခံစားရပါက သို့မဟုတ် ဤရောဂါဖြစ်ပွားနိုင်ခြေရှိသည်ဟု ထင်မြင်ပါက မိသားစုဆရာဝန်နှင့် ပြသစစ်ဆေးသင့်သည်။

အရေးပေါ်ပြသရန်
အရိုးပျော့ရောဂါ၏ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ညွှန်းဆိုနေသည့် လက္ခဏာများ ခံစားရပါက အရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ပြသပါ။ သွေးတွင်းကယ်လ်စီယမ် နည်းပါးခြင်းသည် အသက်အန္တရာယ်ရှိသော နှလုံးခုန်နှုန်း မမှန်ခြင်းများကို ဖြစ်ပေါ်စေနိုင်သောကြောင့် နှလုံးတုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နှလုံးခုန်မြန်ခြင်း သို့မဟုတ် ပုံမမှန်ခြင်းတို့ သတိထားမိပါက အရေးပေါ်ပြသသင့်သည်။

ရောဂါရှာဖွေခြင်း

ရှေးဦးစွာ ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေး စမ်းသပ်မှုများကို လိုအပ်သလိုပြုလုပ်မည်။ ထို့ပြင် အာဟာရနှင့် လှုပ်ရှားမှုအဆင့်များကိုလည်း မေးမြန်းစစ်ဆေးမည်ဖြစ်သည်။ အရိုးပျော့ရောဂါကို ဖြစ်စေသော အကြောင်းရင်းကို တိကျစွာသိရှိနိုင်ရန် အောက်ပါစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

  • သွေးတွင်းရှိ ဗီတာမင် ဒီ၊ ကယ်လ်ဆီယမ်နှင့် ဖော့စဖောရပ်စ် ပမာဏများကို စစ်ဆေးခြင်း – အရိုးပျော့ရောဂါ၏ အထင်ရှားဆုံး လက္ခဏာမှာ ဗီတာမင် ဒီ ပမာဏ နည်းပါးနေခြင်း ဖြစ်သည်၊ သို့သော် ကယ်လ်ဆီယမ် သို့မဟုတ် ဖော့စဖောရပ်စ် ပမာဏ နည်းပါးခြင်းသည်လည်း အရိုးပျော့ရောဂါကို ညွှန်ပြနေနိုင်သည်
  • ဆီးဆိပ်ဟုခေါ်သော ခရီယက်တီနင်း (Creatinine)
  • သက်စောင့်သတ္တုဓာတ်များ စစ်ဆေးခြင်း (Electrolytes)
  • အယ်လ်ကာလိုင်း ဖော့စဖာတေးစ် (Alkaline phosphatase)
  • ပါရာသိုင်းရွိုက်ဟော်မုန်း (Parathyroid hormone)
  • အခြားသောစစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
    • ဆီးတွင်းရှိ ကယ်လ်ဆီယမ်ပမာဏကို စစ်ဆေးရန် ၂၄ နာရီ ဆီးစစ်ခြင်း
    • အရိုးအားနည်းခြင်း သို့မဟုတ် အရိုးကျိုးခြင်း လက္ခဏာများကို ကြည့်ရှုရန် ဓာတ်မှန် (X-rays) ရိုက်ခြင်း
    • အရိုးသိပ်သည်းဆကို ဆန်းစစ်ရန်နှင့် အရိုးပြုန်းတီးမှုကို စောင့်ကြည့်ရန် အရိုးသိပ်သည်းဆ တိုင်းတာခြင်း (Bone mineral density scan) – အရေးကြီးသည်မှာ အရိုးပျော့ရောဂါသည် အရိုးသိပ်သည်းဆ စစ်ဆေးမှုပြုလုပ်သည့်အခါ အရိုးပွရောဂါ (Osteoporosis) ကြောင့် အရိုးအားနည်းသည့် အခြေအနေနှင့် ဆင်တူနေနိုင်ခြင်း ဖြစ်သည်
    • အချို့သော အခြေအနေများတွင် အရိုးပျော့နေခြင်း ရှိမရှိ အတည်ပြုနိုင်ရန် အရိုးတစ်ရှူးစယူ စစ်ဆေးခြင်း (Bone biopsy) ကို ပြုလုပ်နိုင်သည်။
ကုသခြင်း

အရိုးပျော့ရောဂါကုသမှုတွင် ဗီတာမင် ဒီ၊ ကယ်လ်ဆီယမ် နှင့် ဖော့စဖောရပ်စ် ဖြည့်စွက်ဆေးများ သောက်သုံးခြင်း ပါဝင်သည်။ ဖြည့်စွက်ဆေးဝါးများသည် အရိုးပျော့ရောဂါကို ကုသရာတွင် ကူညီပေးနိုင်သော်လည်း ရောဂါလက္ခဏာများ သက်သာလာရန် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ဆရာဝန်သည် သွေးတွင်း ဗီတာမင် ဒီ ပမာဏကို ပုံမှန်စောင့်ကြည့်စစ်ဆေးမည်ဖြစ်သည်။ ရောဂါပြင်းထန်မှုပေါ် မူတည်၍ ဗီတာမင် ဒီ ကို အချိန်ကြာမြင့်စွာ ဆက်လက်သောက်သုံးရန် လိုအပ်နိုင်သည်။ သောက်သုံးမှု ရပ်ဆိုင်းလိုက်ပါက ရောဂါ ပြန်လည်ဖြစ်ပွားလာနိုင်သည်။ အသည်း သို့မဟုတ် ကျောက်ကပ် ပျက်စီးခြင်းကဲ့သို့သော ရောဂါအခြေအနေရှိသူများသည် ထပ်ဆောင်းကုသမှုနှင့် စောင့်ရှောက်မှုများ လိုအပ်သည်။

အရိုးပျော့ရောဂါလက္ခဏာများကို သက်သာစေရန် သို့မဟုတ် ပြုပြင်ရန် အခြားကုသမှုများတွင် အောက်ပါတို့ပါဝင်သည်။

  • နေရောင်ခြည် ထိတွေ့မှု လုံလောက်စွာ ရယူခြင်း
  • ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ် ပါဝင်သော အစားအစာများကို ပိုမိုစားသုံးခြင်း
  • အရိုးပုံသဏ္ဌာန် ပုံမှန်မဟုတ်မှုများကို လျှော့ချရန် သို့မဟုတ် ကာကွယ်ရန် အထိန်းများ (Braces) တပ်ဆင်ခြင်း
  • ပြင်းထန်သော ဖြစ်စဉ်များတွင် အရိုးပုံသဏ္ဌာန် ပျက်ယွင်းမှုများကို ပြုပြင်ရန် ခွဲစိတ်ကုသခြင်း
ရောဂါရလဒ် ခန့်မှန်းချက် (Outlook / Prognosis)

စောစီးစွာ ရောဂါအဖြေရှာစစ်ဆေးခြင်းနှင့် ကုသမှုရယူခြင်းဖြင့် လူအများစုသည် သီတင်းပတ် အနည်းငယ်အတွင်း ရောဂါမှ စတင်ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ သို့သော် အရိုးများ ပြန်လည်ကျန်းမာလာပြီး သန်မာလာစေရန် လပေါင်းများစွာ ကြာမြင့်နိုင်သည်။

ကာကွယ်ခြင်း

မျိုးရိုးလိုက်ရောဂါများ၊ ကျောက်ကပ် သို့မဟုတ် အသည်းရောဂါများနှင့် ဖော့စဖိတ်ဓာတ်ဆုံးရှုံးစေသော အခြေအနေများကြောင့် ဖြစ်ပေါ်သည့် အရိုးပျော့ရောဂါကို လူနေမှုဘဝပုံစံပြောင်းလဲခြင်းဖြင့် အပြည့်အဝကာကွယ်နိုင်မည် မဟုတ်ပါ။ သို့သော် နောက်ခံအကြောင်းရင်းကို စောစီးစွာရှာဖွေကုသခြင်းနှင့် ကယ်လ်ဆီယမ်၊ ဖော့စဖိတ်နှင့် ဗီတာမင် ဒီ တို့ လုံလောက်စွာရရှိစေခြင်းဖြင့် ဗီတာမင် ဒီ သို့မဟုတ် အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပေါ်သော အရိုးပျော့ရောဂါအများစု၏ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

  • နေရောင်ခြည်ကို ဘေးကင်းစွာရယူခြင်း
    အရေပြားသည် နေရောင်ခြည်နှင့် ထိတွေ့သည့်အခါ ဗီတာမင် ဒီ ကို ထုတ်လုပ်ပေးနိုင်သည်။ သို့သော် လိုအပ်သော နေရောင်ခြည်ထိတွေ့ချိန်သည် နေထိုင်ရာဒေသ၊ ရာသီဥတု၊ အချိန်၊ အသားအရောင်၊ အသက်အရွယ်၊ ဝတ်စားဆင်ယင်မှုနှင့် ကျန်းမာရေးအခြေအနေတို့အပေါ် မူတည်၍ ကွဲပြားသောကြောင့် လူတိုင်းအတွက် တစ်သမတ်တည်း သတ်မှတ်ထားသော မိနစ်အရေအတွက်မရှိပါ။ နေရောင်ကို အကာအကွယ်မဲ့ အချိန်ကြာမြင့်စွာခံယူခြင်း၊ နေလောင်ခြင်းနှင့် အရေပြားကို တမင်နေလောင်စေခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ နေရောင်ခြည်ရရှိမှုနည်းသူများသည် အစားအစာနှင့် လိုအပ်ပါက ဖြည့်စွက်ဆေးမှ ဗီတာမင် ဒီ ရရှိရေးကို အထူးဂရုစိုက်သင့်သည်။
  • ဗီတာမင် ဒီ ပါဝင်သောအစားအစာများကို စားသုံးခြင်း
    ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာနှင့် မက်ကရယ်ကဲ့သို့သော အဆီများသောငါးများ၊ ကြက်ဥအနှစ်၊ ဗီတာမင် ဒီ ဖြည့်စွက်ထားသော နို့နှင့် နို့အစားထိုးသောက်စရာများ၊ နံနက်စာစီရီရယ်များနှင့် ခရမ်းလွန်ရောင်ခြည် ထိတွေ့စိုက်ပျိုးထားသော မှိုအချို့တွင် ဗီတာမင် ဒီ ပါဝင်နိုင်သည်။ သို့သော် အစားအစာ အနည်းငယ်တွင်သာ ဗီတာမင် ဒီ သဘာဝအတိုင်း လုံလောက်စွာပါဝင်သောကြောင့် ထုတ်ကုန်ပေါ်ရှိ အာဟာရအညွှန်းကို စစ်ဆေးသင့်သည်။
  • ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများကို စားသုံးခြင်း
    နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ကယ်လ်ဆီယမ် ဖြည့်စွက်ထားသော ပဲနို့နှင့် အခြားနို့အစားထိုးသောက်စရာများ၊ ကယ်လ်ဆီယမ်ဖြင့်ပြုလုပ်ထားသော တို့ဟူး၊ အရိုးပါစားနိုင်သည့် ငါးသေးငယ်များနှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များကို မျှတစွာစားသုံးပါ။ ဗီတာမင် ဒီ သည် အူလမ်းကြောင်းမှ ကယ်လ်ဆီယမ်စုပ်ယူနိုင်ရန် အထောက်အကူပြုသောကြောင့် အာဟာရနှစ်မျိုးစလုံး လုံလောက်ရန် အရေးကြီးသည်။
  • လိုအပ်ပါက အာဟာရဖြည့်စွက်ဆေးများကို ကျန်းမာရေးပညာရှင်၏ အကြံပြုချက်ဖြင့် သောက်သုံးခြင်း
    နေရောင်ခြည်ထိတွေ့မှုနည်းသူများ၊ အသားအရောင်ရင့်သူများ၊ အသက်ကြီးသူများ၊ အစားအသောက်ကန့်သတ်ထားသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အဝလွန်သူများနှင့် အာဟာရစုပ်ယူမှုချို့ယွင်းသူများတွင် ဗီတာမင် ဒီ ဖြည့်စွက်ဆေး လိုအပ်နိုင်သည်။ လိုအပ်သောဆေးပမာဏသည် အသက်၊ ဗီတာမင် ဒီ ချို့တဲ့မှုအဆင့်နှင့် နောက်ခံရောဂါအပေါ် မူတည်သောကြောင့် မိမိသဘောဖြင့် ဆေးပမာဏမြင့်မားစွာ မသောက်သုံးသင့်ပါ။ ဗီတာမင် ဒီ သို့မဟုတ် ကယ်လ်ဆီယမ်ဖြည့်စွက်ဆေးကို လွန်ကဲစွာသောက်သုံးပါက သွေးတွင်းကယ်လ်ဆီယမ် မြင့်တက်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ကျောက်ကပ်ထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  • နောက်ခံရောဂါများကို စနစ်တကျကုသခြင်း
    ဆီးလီယက်ရောဂါ (Coeliac disease)၊ နာတာရှည်အူရောင်ရမ်းနာရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းခွဲစိတ်ထားခြင်း၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဖော့စဖိတ်ဓာတ်ဆုံးရှုံးစေသော အခြေအနေများကို စနစ်တကျကုသပြီး စောင့်ကြည့်သင့်သည်။ အတက်ရောဂါပျောက်ဆေးအချို့နှင့် အခြားဆေးဝါးများသည် ဗီတာမင် ဒီ ဇီဝဖြစ်စဉ်ကို ထိခိုက်စေနိုင်သဖြင့် လက်ရှိသောက်သုံးနေသောဆေးများကို ဆရာဝန်နှင့် ပုံမှန်ပြန်လည်သုံးသပ်သင့်ပြီး ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးရပ်ခြင်းမပြုသင့်ပါ။
  • ဖြစ်နိုင်ခြေမြင့်မားသူများတွင် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခြင်း
    လူတိုင်းကို ပုံမှန်ဗီတာမင် ဒီ စစ်ဆေးရန် မလိုအပ်ပါ။ သို့သော် အရိုးနာကျင်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ အရိုးကျိုးလွယ်ခြင်း သို့မဟုတ် ဗီတာမင် ဒီ ချို့တဲ့နိုင်ခြေ မြင့်မားသောအခြေအနေရှိသူများတွင် ဆရာဝန်၏ဆုံးဖြတ်ချက်ဖြင့် သွေးတွင်း 25-hydroxyvitamin D၊ ကယ်လ်ဆီယမ်၊ ဖော့စဖိတ်၊ အယ်လ်ကာလိုင်းဖော့စဖာတေးစ် (Alkaline phosphatase)၊ ပါရာသိုင်းရွိုက်ဟော်မုန်းနှင့် ကျောက်ကပ်လုပ်ဆောင်မှုတို့ကို လိုအပ်သလို စစ်ဆေးနိုင်သည်။
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
    အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအလိုက် လမ်းလျှောက်ခြင်းကဲ့သို့ ကိုယ်အလေးချိန်ခံလေ့ကျင့်ခန်းများနှင့် ကြွက်သားအားကောင်းစေသော လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်းသည် အရိုး၊ ကြွက်သားနှင့် ဟန်ချက်ထိန်းနိုင်မှုကို ကောင်းမွန်စေသည်။ သို့သော် လေ့ကျင့်ခန်းသည် ဗီတာမင် ဒီ၊ ကယ်လ်ဆီယမ် သို့မဟုတ် ဖော့စဖိတ်ချို့တဲ့မှုကို အစားထိုးကုသနိုင်ခြင်းမရှိသဖြင့် ရောဂါရှိပါက သင့်လျော်သော ဆေးကုသမှုကိုလည်း ခံယူရမည်။
  • လဲကျခြင်းနှင့် အရိုးကျိုးခြင်းကို ကာကွယ်ခြင်း
    အိမ်တွင်းလမ်းလျှောက်ရာနေရာများကို ရှင်းလင်းထားခြင်း၊ ချော်နိုင်သော ကြမ်းပြင်ချောများကို ပြုပြင်ခြင်း၊ လုံလောက်သော အလင်းရောင်ထားရှိခြင်း၊ သင့်လျော်သောဖိနပ် ဝတ်ဆင်ခြင်းနှင့် လိုအပ်ပါက လမ်းလျှောက်အထောက်အကူပစ္စည်း အသုံးပြုခြင်းတို့ဖြင့် လဲကျခြင်းနှင့် အရိုးကျိုးခြင်းဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Metabolic bone disease. Retrieved September 6, 2026, from https://my.clevelandclinic.org/health/diseases/25179-metabolic-bone-disease
  2. Cleveland Clinic. (n.d.). Osteomalacia. Retrieved September 6, 2026, from https://my.clevelandclinic.org/health/diseases/13017-osteomalacia
  3. Cleveland Clinic. (n.d.). Vitamin D deficiency. Retrieved September 6, 2026, from https://my.clevelandclinic.org/health/diseases/15050-vitamin-d-vitamin-d-deficiency
  4. MedlinePlus. (n.d.). Osteomalacia. Retrieved September 6, 2026, from https://medlineplus.gov/ency/article/000376.htm

Published: 10 November 2026

Share

17 October 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.