Syphilis in pregnancy (ကိုယ်ဝန်ဆောင်မိခင်နှင့် ကာလသားရောဂါ)

Syphilis in pregnancy (ကိုယ်ဝန်ဆောင်မိခင်နှင့် ကာလသားရောဂါ)

ကာလသားရောဂါသည် Treponema pallidum ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည့် လိင်မှတစ်ဆင့်ကူးစက်သော ရောဂါတစ်ခုဖြစ်သည်။ ထိုရောဂါပိုးသည် ကူးစက်ခံရပြီးနောက် အချို့တွင် မည်သည့်လက္ခဏာမျှ မပြဘဲ ခန္ဓာကိုယ်တွင်း နှစ်ပေါင်းများစွာကြာအောင် နေနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်တွင် ကာလသားရောဂါ (Syphilis) ရှိပါက ရောဂါပိုးသည် အချင်းမှတစ်ဆင့် သန္ဓေသားထံသို့ ကူးစက်နိုင်ခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေ မွေးဖွားခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်းနှင့် မွေးဖွားပြီးနောက် ရက်အနည်းငယ်အတွင်း ကလေးသေဆုံးခြင်းတို့ ဖြစ်ပွားနိုင်သည်။ ထို့အပြင် ကလေးသည်လည်း မွေးရာပါကာလသားရောဂါ (Congenital Syphilis) ကဲ့သို့သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်သည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် စောစီးစွာ သွေးစစ်ဆေးမှုခံယူပြီး ပင်နီဆလင် (Penicillin) ပိုးသတ်ဆေးဖြင့် စနစ်တကျ ကုသမှုခံယူပါက ကလေးထံသို့ ရောဂါကူးစက်နိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်ပြီး ကျန်းမာသောကလေးကို အန္တရာယ်ကင်းစွာ မွေးဖွားနိုင်မည်။

ကာလသားရောဂါဖြစ်စဥ်နှင့် ကူးစက်နိုင်ခြေများ

ကာလသားရောဂါတွင် ရောဂါဖြစ်စဉ် အဆင့် (၄) ဆင့်ရှိသည်။

  • ပထမအဆင့် (Primary Syphilis)
  • ဒုတိယအဆင့် (Secondary Syphilis)
  • ရောဂါအောင်းနေသည့် အဆင့် (Latent Syphilis) နှင့်
  • တတိယအဆင့် (Tertiary Syphilis) ဟူ၍ ရှိသည်။

ကာလသားရောဂါသည် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် အစောပိုင်းရောဂါအောင်းနေသည့်အဆင့်တွင် ရောဂါကူးစက်နိုင်ခြေ အများဆုံးဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကာလသားရောဂါသည် ကာလသားရောဂါပိုး Treponema pallidum ဘက်တီရီးယားကြောင့်ဖြစ်သည်။

ကာလသားရောဂါပိုး ကူးစက်နိုင်ခြေများသော အ‌ခြေအနေများမှာ_

  • အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း – ပုံမှန်လိင်ဆက်ဆံခြင်း၊ စအိုလမ်းကြောင်းမှ လိင်ဆက်ဆံခြင်းနှင့် ပါးစပ်အသုံးပြု၍ လိင်ဆက်ဆံခြင်းတို့မှတစ်ဆင့် လိင်ဆက်ဆံစဥ် ရောဂါပိုးရှိသူ၏အနာနှင့် တိုက်ရိုက်ထိတွေ့မိခြင်းကြောင့် ကူးစက်လေ့ရှိသည်
  • ကာလသားရောဂါပိုးသည် အနာဖြစ်နေသော နှုတ်ခမ်း၊ ပါးစပ်၊ လျှာ၊ ရင်သားနှင့် လိင်အင်္ဂါတို့ကို ထိတွေ့မိခြင်း (ဥပမာ – နမ်းရှုံ့ခြင်း) မှတစ်ဆင့်လည်း တစ်ခါတစ်ရံ ကူးစက်နိုင်သည်
  • လိင်ဆက်ဆံဖော်များခြင်း
  • အိတ်ချ်အိုင်ဗွီရောဂါရှိခြင်း
  • အခြားသော လိင်မှတစ်ဆင့် ကူးစက်သော ရောဂါရှိခြင်း (ဥပမာ – ဆီးပူညောင်းကျရောဂါ၊ ရေယုန်ရောဂါ) တို့ဖြစ်ကြသည်။

ကာလသားရောဂါသည် အိမ်သာ၊ တံခါးလက်ကိုင်၊ ရေကူးကန်၊ ရေချိုးကန်၊ အဝတ်အစား သို့မဟုတ် ထမင်းစားသည့်ပန်းကန်များ စသည်တို့အတူတူ အသုံးပြုခြင်းမှ မကူးစက်နိုင်ပါ။

မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း
အများအားဖြင့် ကာလသားရောဂါပိုးသည် ကိုယ်ဝန်ဆောင်စဥ် အချင်းမှတစ်ဆင့် သန္ဓေသားထံသို့ ကူးစက်နိုင်သည်။ မွေးဖွားစဥ် မိခင်၏ မွေးလမ်းကြောင်းတစ်ဝိုက်ရှိ ကာလသားရောဂါအနာအစိုများနှင့် တိုက်ရိုက်ထိတွေ့ ခြင်းကြောင့် ကူးစက်နိုင်ခြေနည်းသည်။

ရောဂါလက္ခဏာများ

ကာလသားရောဂါ လက္ခဏာများသည် ရောဂါအဆင့်ပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ရောဂါလက္ခဏာများသည် တစ်ဆင့်ပြီးမှတစ်ဆင့် အစဉ်လိုက် အမြဲဖြစ်ပေါ်ခြင်းမျိုး မဟုတ်ပါ။ အချို့လူနာများတွင် ရောဂါကူးစက်ခံရပြီး နှစ်ပေါင်းများစွာကြာအောင် ရောဂါလက္ခဏာမပြတတ်ပါ။

ကာလသားရောဂါအဆင့်ပေါ် မူတည်၍ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

ပထမအဆင့် (Primary Syphilis)

ကာလသားရောဂါ ကူးစက်ခံရပြီးနောက် ပထမဆုံးဖြစ်‌ပေါ်နိုင်သည့် ရောဂါလက္ခဏာမှာ သေးငယ်သောအနာ (ရှန်ကာ “Chancre”) ဖြစ်ပေါ် ခြင်းဖြစ်သည်။ လူအများစုတွင် အနာတစ်ခုတည်း ဖြစ်ပေါ် လေ့ရှိသော်လည်း အချို့တွင် တစ်ခုထက်ပိုသောအနာများ ဖြစ်နိုင်သည်။ ထိုအနာသည် ရောဂါကူးစက်ခံရပြီး (၃) ပတ်ခန့်အကြာတွင် ဖြစ်ပေါ်လေ့ရှိသည်။ အနာသည် နာကျင်မှုမရှိသောကြောင့် လူအများစုသည် ထိုအနာကို သတိမထားမိကြပါ။ ထိုအနာသည် (၃)ပတ် မှ (၆)ပတ်အတွင်း အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားလေ့ရှိသည်။

ဒုတိယအဆင့် (Secondary Syphilis)

အနာပျောက်ကင်းချိန် သို့မဟုတ် အနာပျောက်ကင်းပြီး (၁-၂) ပတ်အကြာတွင် အရေပြားပေါ်တွင် အကွက်များ ဖြစ်ပေါ်လေ့ရှိသည်။ ထိုအကွက်များသည် ပုံမှန်အားဖြင့် ယားယံမှုမရှိသော၊ ကြမ်းတမ်း သောအနီ သို့မဟုတ် နီညိုရောင် အရေပြားအကွက်များဖြစ်သည်။ အနီကွက်များသည် ခန္ဓာကိုယ်အနှံ့ ဖြစ်နိုင်ပြီး ခြေဖဝါး၊ လက်ဖဝါးများနှင့် ခြေ၊ လက်များတွင်လည်း ဖြစ်ပေါ်နိုင်သည်။

ထိုအနီကွက်များနှင့်အတူ အောက်ဖော်ပြပါ အခြားရောဂါလက္ခဏာများလည်း ဖြစ်ပေါ်နိုင်သည်။

  • ကြွက်နို့ကဲ့သို့အနာများသည် ပါးစပ် သို့မဟုတ် လိင်အင်္ဂါအနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • ဖျားနာခြင်း
  • လည်ချောင်းနာခြင်း
  • အားအင်ကုန်ခန်းခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ခန္ဓာကိုယ်တွင် အကျိတ်များပေါ်လာခြင်းတို့ဖြစ်သည်။

ဒုတိယအဆင့် ကာလသားရောဂါသည်လည်း အလိုလျောက် ပျောက်ကင်းနိုင်သည်။ သို့သော် ကုသမှုမခံယူလျှင် ထိုရောဂါလက္ခဏာများသည် ဖြစ်လိုက်ပျောက်လိုက်နှင့် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ခံစားရနိုင်သည်။

ရောဂါအောင်းနေသည့်အဆင့် (Latent Syphilis)

ကာလသားရောဂါကို မကုသဘဲထားပါက ဒုတိယအဆင့်မှ ရောဂါအောင်းနေသည့်အဆင့်သို့ ကူးပြောင်းနိုင်သည်။ ထိုအဆင့်သည် ရောဂါလက္ခဏာမပြသောကြောင့် ရောဂါအောင်းနေသည့် အဆင့်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ရောဂါအောင်းနေသည့်အဆင့်ကို အစောပိုင်းနှင့် နောက်ပိုင်း‌ရောဂါ အောင်းသည့်အဆင့်ဟူ၍ ထပ်မံခွဲခြားထားသည်။ သို့သော် ကုသမှုမခံယူပါက ရေရှည်တွင် ကာလသားရောဂါ၏ နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ်နိုင်သည်။

တတိယအဆင့် (Tertiary Syphilis)

ရောဂါအောင်းနေသည့်အဆင့် ဖြစ်ပေါ်ပြီးနောက် ကုသမှုမခံယူထားသည့် လူနာ၏ သုံးပုံတစ်ပုံခန့်သည် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်သော တတိယအဆင့်သို့ ကူးပြောင်းနိုင်သည်။ ထိုတတိယအဆင့်တွင် ဦးနှောက်၊ အာရုံကြော၊ မျက်လုံး၊ နှလုံး၊ သွေးကြော၊ အသည်း၊ အရိုးနှင့် အဆစ်အမြစ်များကို ထိခိုက်ပျက်စီးစေနိုင်သည်။ ထိုနောက်ဆက်တွဲပြဿနာများသည် ရောဂါစတင်ဝင်ရောက်ပြီးနောက် နှစ်ပေါင်းများစွာကြာသောအခါမှ ဖြစ်ပေါ်လာနိုင်သည်။

ကာလသားရောဂါသည် မကုသဘဲထားလျှင် မည်သည့်အဆင့်တွင်မဆို ဦးနှောက်၊ အာရုံကြောမကြီး၊ မျက်လုံးနှင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ကာလသားရောဂါကို သေချာစွာ ကုသမှုမခံယူပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များတွင် သ‌န္ဓေသားဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။

မိခင်တွင် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ

  • အရေပြား၊ အရိုး သို့မဟုတ် ကိုယ်တွင်းအင်္ဂါများတွင် Gumma ဟုခေါ်သော အဖုအကျိတ်များ ဖြစ်ပေါ်လာခြင်း
  • ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ထိခိုက်ခြင်း
  • စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ
  • မျက်လုံး ပြဿနာများ – မျက်လုံးနာကျင်ခြင်း သို့မဟုတ် မျက်လုံးနီရဲခြင်း၊ အမြင်အာရုံ ထိခိုက်ခြင်း၊ အမြင်ကွယ်ခြင်း
  • နားပြဿနာများ – နားမကြားခြင်း၊ နားအူခြင်း၊ ချာချာလည်အောင် မူးဝေခြင်း
  • နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများ – နှလုံးသွေးကြောမကြီးနှင့် တခြားသွေးကြောများ ရောင်ရမ်းခြင်း၊ နှလုံးအဆို့ရှင်များ ထိခိုက်ပျက်စီးခြင်း
  • ကိုယ်ဝန်ပျက်ကျနိုင်ခြေများခြင်း
  • အိတ်ချ်အိုင်ဗွီ (HIV) ရောဂါကူးစက်နိုင်ခြေများခြင်း – ကာလသားရောဂါအနာများမှတစ်ဆင့် HIV ပိုးကူးစက်ရန် ပို၍လွယ်ကူနိုင်သည်

သ‌န္ဓေသားတွင် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ

  • လမစေ့ဘဲမွေးဖွားခြင်း
  • ကလေးအသေမွေးဖွားခြင်း၊ မွေးဖွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ကလေးသေဆုံးခြင်း
  • မွေးရာပါကာလသားရောဂါဖြစ်ခြင်း
    • ကိုယ်ဝန်ဆောင်မိခင်တွင် ကာလသားရောဂါရှိပါက အချင်းမှတစ်ဆင့် သန္ဓေသားလောင်းကို ကူးစက်ပြီး မွေးရာပါ ကာလသား‌ရောဂါဖြစ်ပွားနိုင်သည်
    • ရှားပါးသော်လည်း ကလေးမွေးဖွားသည့် အချိန်တွင် မိခင်၏ကာလသားအနာများနှင့် တိုက်ရိုက်ထိတွေ့ပါက ရောဂါပိုးကူးစက်နိုင်သည်
    • မွေးရာပါ ကာလသားရောဂါရှိသည့် ကလေးများသည် မွေးဖွာချိန်တွင် လက္ခဏာပြလေ့မရှိသော်လည်း ဆေးကုသမှု ချက်ချင်းမခံယူပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်‌ပေါ်လာနိုင်သည်
  • အရေပြားပေါ်တွင် အနာများနှင့် အကွက်များ ဖြစ်ပေါ်ခြင်း
  • ဖျားခြင်း
  • အရေပြားနှင့်မျက်လုံး ဝါခြင်း
  • သွေးအားနည်းခြင်း
  • အသည်းနှင့် ဘေလုံးကြီးခြင်း
  • နှာစေးခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ကျခြင်း
  • အရိုးအမြှေးပါးနှင့် အရိုးအစိတ်အပိုင်းအချို့ရောင်ရမ်းတွင် ‌ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။
  • နောက်ပိုင်းတွင် နားမကြားခြင်း၊ သွားနှင့်ဆိုင်သော ပြဿနာများ၊ နှာခေါင်းပုံသဏ္ဌာန် ပျက်ခြင်း (မြင်းကုန်းနှီးသဏ္ဌာန်ရှိသော နှာခေါင်း)၊ ဖွံ့ဖြိုးမှုနောက်ကျခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ရှိပါက သို့မဟုတ် ကာလသားရောဂါရှိသူနှင့် လိင်ဆက်ဆံဖူးပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်၍ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ပဋိဇီဝပိုးသတ်ဆေးပေးခြင်းတို့ဖြင့် ကုသနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ထံသို့ လွှဲပြောင်း၍ ဆက်လက်ကုသမှုခံယူရနိုင်သည်။ ကိုယ်ဝန်အပ်နှံချိန်တွင် ကာလသားရောဂါ အပါအဝင် ပုံမှန် သွေးစစ်ဆေးမှုများခံယူသင့်သည်။ ကိုယ်ဝန်ဆောင်ကာလအတွင်း သို့မဟုတ် ပင်နီဆလင် ဆေးထိုးကုသမှု ခံယူပြီးနောက် အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံအရေးပေါ်ဌာနများသို့ ချက်ချင်းသွားရောက်ရန် လိုအပ်သည်။

  • ဖျားခြင်း၊ မူးဝေခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းများ ပြင်းထန်လာခြင်း
  • ဗိုက်နာခြင်း၊ ရေဆင်း၊ သွေးဆင်းခြင်းနှင့် ကလေးအလှုပ်နည်းခြင်း
ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ အထူးသဖြင့် လိင်ဆက်ဆံခြင်းနှင့်ဆိုင်သော အကြောင်းအရာများ မေးမြန်းခြင်း၊ နောက်ဆက်တွဲပြဿနာများအကြောင်း မေးမြန်းခြင်း၊ လူနာကိုစမ်းသပ်ခြင်းတို့ ဦးစွာပြုလုပ်မည်ဖြစ်သည်။

သွေးစစ်ဆေးခြင်း

ကာလသားရောဂါသည် ရောဂါလက္ခဏာမပြဘဲ အချိန်ကြာမြင့်စွာ ရှိနေနိုင်သောကြောင့် သွေးစစ်ဆေးခြင်းသည် ရောဂါရှာဖွေရန် အဓိကနည်းလမ်းဖြစ်သည်။

သွေးစစ်ဆေးရာတွင် ကနဦးစစ်ဆေးမှု (Screening test) နှင့် အတည်ပြုစစ်ဆေးမှု (Confirmatory test) များကို ပေါင်းစပ်အသုံးပြု၍ စစ်ဆေးသည်။ အသုံးပြုသည့် သွေးစစ်ဆေးမှုအမျိုးအစားများသည် ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်းပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  • ကနဦးစစ်ဆေးခြင်း
    VDRL test သွေးစစ်ဆေးမှုသည် ကာလသားရောဂါရှာဖွေရာတွင် ကနဦးစစ်ဆေးမှုဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်အပ်နှံစဉ် ပုံမှန်စစ်ဆေးလေ့ရှိသည့် သွေးစစ်ဆေးမှုနည်းလမ်းဖြစ်ပြီး၊ ကာလသားရောဂါပိုး ရှိနိုင်ခြေကို ရှာဖွေရန်နှင့် ရောဂါအဆင့်အခြေအနေ သို့မဟုတ် ကုသမှုတိုးတက်မှုကို စောင့်ကြည့်ရန်အတွက်လည်း အသုံးပြုသည်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပေါ်တတ်သည့် ခန္ဓာကိုယ်ပြောင်းလဲမှုများ သို့မဟုတ် အခြားသော ရောဂါအခြေအနေများကြောင့် ရောဂါပိုးမရှိဘဲနှင့် အဖြေအမှား (False Positive) ထွက်လာတတ်သောကြောင့် အဖြေတွင် ရောဂါပိုးရှိနေသည် (Positive) ဟု ပြပါက အတည်ပြုစစ်ဆေးမှုကို ထပ်မံပြုလုပ်ရန် လိုအပ်သည်။
  • အတည်ပြုစစ်ဆေးခြင်း
    TPHA test သည် ကနဦးစစ်ဆေးမှု၏ အဖြေကို အတည်ပြုသော သွေးစစ်ဆေးမှုဖြစ်သည်။ ဤစစ်ဆေးမှုသည် ရောဂါကို စနစ်တကျ ကုသပျောက်ကင်းသွားသည့် တိုင်အောင် သွေးထဲတွင် (Positive) အဖြစ် ဆက်လက်ပြနေတတ်သည်။
  • ရောဂါပိုးရှိကြောင်း အတည်ပြုတွေ့ရှိပါက
    • ရောဂါအဆင့်ကို သတ်မှတ်ရန် နှင့် ကုသမှုအောင်မြင်မှုကို စောင့်ကြည့်ရန်အတွက် သွေးစစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်
    • ရောဂါကူးစက်နိုင်ခြေများသော မိခင်ဖြစ်ပါက ကိုယ်ဝန် (၂၈) ပတ်နှင့် ကလေးမွေးဖွား ချိန်တို့တွင် ထပ်မံစစ်ဆေးရန် လိုအပ်သည်
    • မိမိနှင့် လတ်တလော လိင်ဆက်ဆံခဲ့သူများကိုလည်း ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် လိုအပ်ပါက ကုသမှုများ ခံယူရမည်
    • အခြားစစ်ဆေးမှုများ – လိုအပ်ပါက အနာရှိသောနေရာမှအရည်ယူ၍စစ်ဆေးခြင်း၊ အိတ်ချ်အိုင်ဗွီနှင့် အခြားလိင်မှတစ်ဆင့် ကူးစက်တတ်သော ‌ရောဂါများကိုလည်း စစ်ဆေးရမည်
ကုသခြင်း

ကာလသားရောဂါသည် အစောပိုင်းအဆင့်များတွင် ရှာဖွေတွေ့ရှိပြီး ကုသမှုခံယူပါက အလွယ်တကူ သက်သာပျောက်ကင်းနိုင်သည်။ ကုသမှုခံယူခြင်း နောက်ကျသွားပါက ဖြစ်ပေါ် ပြီးသား ထိခိုက်ပျက်စီးခြင်းတို့ကို ပြန်လည်ကောင်းမွန်စေမည် မဟုတ်ပါ။

ကာလသားရောဂါပိုးကို သေစေနိုင်သည့် ပင်နီဆလင် (Penicillin) ပိုးသတ်ဆေးဖြင့် ကုသခြင်းသည် အဆင့်တိုင်းအတွက် အထိရောက်ဆုံးနှင့် ကိုယ်ဝန်ဆောင်မိခင်အတွက် တစ်ခုတည်းသော ကုသမှုဖြစ်သည်။

ရောဂါအဆင့်အလိုက် ဆေးထိုးရမည့် အကြိမ်အရေအတွက်
  • ပထမအဆင့်၊ ဒုတိယအဆင့်နှင့် အစောပိုင်း ရောဂါအောင်းနေသည့် အဆင့်များတွင် ပင်နီဆလင်ပိုးသတ်ဆေးထိုးဆေးကို တစ်ကြိမ်ထိုးရုံဖြင့် လွယ်ကူစွာ ကုသ၍ရသည်
  • နောက်ကျသောအဆင့် သို့မဟုတ် ရောဂါအောင်းနေသည့်အဆင့် (ပိုးဝင်ရောက်မှု တစ်နှစ်ထက်ကျော်လွန်ခြင်း သို့မဟုတ် ကာလအတိအကျမသိရှိခြင်း) တွင် ပင်နီဆလင်ဆေးကို တစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် သုံးပတ် (သုံးကြိမ်) တိတိကျကျ ထိုးနှံရန်လိုအပ်သည်။

ပင်နီဆလင်နှင့် ဓာတ်မတည့်သူများတွင် ကုသခြင်း

အချို့သော ကိုယ်ဝန်ဆောင်မိခင်များသည် ယခင် ပင်နီဆလင်ဆေးထိုးခြင်း သို့မဟုတ် သောက်သုံးခြင်းကြောင့် ဓာတ်မတည့်သော လက္ခဏာများဖြစ်ဖူးပါက ကြိုတင်အသိပေးရန်လိုအပ်သည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် အခြားသော ပိုးသတ်ဆေးများသည် သ‌န္ဓေသားမွေးရာပါကာလသား ရောဂါ ကူးစက်မှုကို မကာကွယ်နိုင်ပါ။ ထို့ကြောင့် ဆေးရုံတွင် ဆရာဝန်၏ အနီးကပ်စောင့်ကြည့်မှုဖြင့် ပင်နီဆလင်ကို ခန္ဓာကိုယ်မှ ယာယီ လက်ခံနိုင်သည့် ပမာဏအနည်းငယ်မှစတင်၍ တဖြည်းဖြည်း တိုးပေးသည့် ကုသနည်း (penicillin desensitization) ကို အသုံးပြုပြီး ကုသနိုင်သည်။

ကုသမှုခံယူရာတွင် သတိပြုရန် အချက်များ
  • မိခင်မှ သန္ဓေသားထံ ရောဂါကူးစက်မှုကို ကာကွယ်ရန်နှင့် ကလေးအား ထိရောက်စွာ ကုသနိုင် ရန်အတွက် မွေးဖွားခြင်းမပြုမီ အနည်းဆုံး လေးပတ်ကြိုတင်၍ ဆေးပတ်လည်အောင် ထိုးနှံ ထားရန် လိုအပ်သော်လည်း မွေးခါနီးမှ ရောဂါကို သိရှိပါကလည်း ချက်ချင်း ကုသမှုစတင်ရမည်ဖြစ်သည်၊ သန္ဓေသား၏ ကြီးထွားမှု၊ မွေးရာပါ ကာလသားရောဂါ လက္ခဏာများ ရှိ/မရှိနှင့် ကလေးကြီးထွားမှုတို့ကို အာထရာဆောင်းရိုက်၍ ပုံမှန်စောင့်ကြည့်ရမည်
  • ညွှန်ကြားထားသည့် ရက်ချိန်းအတိုင်း တိကျစွာ ထိုးရမည်ဖြစ်ပြီး ရက်ကျော်သွားပါက ဆေးပတ်လည်စေရန်အတွက် ပထမအကြိမ်မှစ၍ ပြန်လည်ထိုးနှံရန်ရမည်
  • ဆေးကုသမှုခံယူပြီးနောက် သွေးစစ်အဖြေပြောင်းလဲမှုကို စောင့်ကြည့်ရန် သတ်မှတ်ထားသော အချိန်ကာလအလိုက် ပြန်လည်စစ်ဆေးရမည်
  • ကာလသားရောဂါကုသမှုခံယူပြီး ရောဂါပိုးကင်းစင်၍ အနာများသက်သာသွားသည့်တိုင်အောင် လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ရန် လိုအပ်သည်
  • မိမိနှင့် လိင်ဆက်ဆံသည့်အဖော်ကိုလည်း ကာလသားရောဂါ ရှိမရှိ စစ်ဆေးပြီး ကုသမှုခံယူရန် လိုအပ်သည်။ မိမိသည် ကုသမှုခံယူသော်လည်း လိင်ဆက်ဆံဖော်က ကုသမှုမခံယူပါက ရောဂါပြန်လည်ကူးစက်နိုင်ခြေ အလွန်မြင့်မားသည်

ဖြစ်ပေါ်လာနိုင်သော တုံ့ပြန်မှုများ
ပင်နီဆလင်ပိုးသတ်ဆေးနှင့် ကုသမှုခံယူပြီး နာရီအနည်းငယ်မှ ၂၄ နာရီအတွင်း Jarisch-Herxheimer reaction ဟုခေါ် သော ယာယီတုံ့ ပြန်မှု ဖြစ်ပေါ် နိုင်သည်။ ၎င်းသည် ‌‌ရောဂါပိုးများ သေဆုံးရာမှ ဖြစ်ပေါ်လာသောတုံ့ ပြန်မှုဖြစ်ပြီး ပင်နီဆလင်နှင့် ဓါတ်မတည့်ခြင်းမဟုတ်ပါ။ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်း၊ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သော်လည်း အများစုတွင် ထိုတုံ့ပြန်မှုများသည် တစ်ရက်ထက်ပို၍ ဖြစ်ပေါ်ခြင်း မရှိပါ။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များတွင် သားအိမ်ညစ်ခြင်း ယာယီဖြစ်ပေါ်နိုင်ခြင်း၊ ကလေးလှုပ်ရှားမှု လျော့နည်းခြင်း သို့မဟုတ် ဗိုက်နာခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။

မွေးဖွားရမည့်အချိန်နှင့် နည်းလမ်း
မိခင်၏ရောဂါအဆင့်၊ ကုသမှုခံယူထားမှု၊ သန္ဓေသား၏ကျန်းမာရေးနှင့် အခြားသော သားဖွားမှု ဆိုင်ရာအခြေအနေအပေါ် မူတည်၍ မွေးဖွားမည့်အချိန်နှင့် နည်းလမ်းများကို သားဖွားမီးယပ်အထူးကု ဆရာဝန်မှ ဆုံးဖြတ်သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ရောဂါရှိမှန်းစောစီးစွာသိရှိပြီး စနစ်တကျကုသမှုခံယူထားပါက အခြားသော ကိုယ်ဝန်ဆောင်ပြဿနာများမရှိလျှင် အခြားပုံမှန်ကိုယ်ဝန်ဆောင်များကဲ့သို့ပင် သဘာဝအတိုင်း မွေးဖွားနိုင်သည်။ ကာလသားရောဂါရှိမျှရုံဖြင့် ကလေးကို ခွဲစိတ်မွေးဖွားရန် (Caesarean Section) မလိုပါ။

မွေးဖွားပြီးနောက် ကလေးငယ်အား စောင့်ရှောက်မှုပေးခြင်း
ကိုယ်ဝန်ဆောင်စဥ်မိခင်ဖြစ်သူ၏ ရောဂါအဆင့်၊ ကုသမှုခံယူထားမှုနှင့် သွေးစစ်အဖြေအပေါ် မူတည်၍ မွေးဖွားလာသည့် ကလေးငယ်တွင် မွေးရာပါ ကာလသားရောဂါ ရှိမရှိကို စစ်ဆေးရသည်။ ကလေးငယ်တွင် ကာလသားရောဂါရှိသည်ဟု သံသယရှိပါက သို့မဟုတ် ရောဂါရှိကြောင်းအတည်ပြု နိုင်ပါက ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသရမည်ဖြစ်သည်။ လိုအပ်ပါက ကလေးအထူးကုဆရာဝန်၏ စောင့်ရှောက်မှုနှင့် ရက်ချိန်းများအတိုင်း ဆက်လက်စစ်ဆေးမှုများ ခံယူရသည်။ မိခင်၏ရင်သား သို့မဟုတ် နို့သီးခေါင်းတစ်ဝိုက်တွင် ကာလသားရောဂါအနာ မရှိပါက ပုံမှန်နို့တိုက်ကျွေးနိုင်သည်။

ကာကွယ်ခြင်း

ကာလသားရောဂါကို ကာကွယ်ရန် အရေးကြီးသောနည်းလမ်းမှာ ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံခြင်း နည်းလမ်းကို ကျင့်သုံးရန်ဖြစ်သည်။ ကာလသားရောဂါအတွက် ရောဂါကာကွယ်ဆေး (vaccine) မရှိသော်လည်း အောက်ဖော်ပြပါ အချက်များကို လိုက်နာခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်သည်။

  • လိင်ဆက်ဆံချိန် ကွန်ဒုံးကို စနစ်တကျအသုံးပြုခြင်း
  • စအို သို့မဟုတ် ပါးစပ်ဖြင့် လိင်ဆက်ဆံသည့်အခါ ကွန်ဒုံး သို့မဟုတ် သင့်လျှော်သော အကာအကွယ်အသုံးပြုခြင်း
  • လိင်ဆက်ဆံဖော် အရေအတွက် များပြားခြင်းကို ရှောင်ကြဉ်ခြင်း
  • လိင်အာသာဖြေ ပစ္စည်းကိရိယာများ (sex toys) ကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဥ်ခြင်း
  • အတူမနေခင် နှစ်ဦးစလုံးရောဂါပိုး စစ်ဆေးပြီး နှစ်ဦးစလုံးတွင် ရောဂါပိုးကင်းစင်မှ အတူနေခြင်း
  • ရောဂါဖြစ်နေသည်ဟု သံသယရှိသူနှင့် လိင်ဆက်ဆံခြင်းမှရှောင်ကြဉ်ခြင်း စသည်တို့ လုပ်ဆောင်ခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

ကာလသားရောဂါသည် သေချာစွာကုသမှုခံယူလျှင် ပျောက်ကင်းနိုင်သည်။ ထို့ကြောင့် မိမိတွင် ကာလသားရောဂါ လက္ခဏာများ ခံစားရပါက ဆေးရုံ၊ ဆေးခန်းပြသရန် မရှက်ကြောက်သင့်ပါ။ ရောဂါဖြစ်လျှင် စောစောစီးစီး ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာများဖြစ်ခြင်း၊ မိခင်မှကလေးသို့ ကူးစက်ခြင်းနှင့် မွေးရာပါကာလသား‌ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ ကာလသားရောဂါတစ်ကြိမ်ဖြစ်ပြီးသော်လည်း နောက်တစ်ကြိမ် ထပ်မံ ကူးစက်နိုင်သည်။ ထို့ကြောင့် လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးကို သေချာစွာ အသုံးပြုပြီး ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံခြင်း နည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

References:

  1. British Association for Sexual Health and HIV. (2024). United Kingdom national guideline on the management of syphilis 2024. https://www.bashh.org/_userfiles/pages/files/syphilis_2024.pdf
  2. Cleveland Clinic. (n.d.). Syphilis. Retrieved September 3, 2026, from https://my.clevelandclinic.org/health/diseases/4622-syphilis
  3. Mayo Clinic. (n.d.). Syphilis: Diagnosis and treatment. Retrieved September 3, 2026, from https://www.mayoclinic.org/diseases-conditions/syphilis/diagnosis-treatment/drc-20351762
  4. Mayo Clinic. (n.d.). Syphilis: Symptoms and causes. Retrieved September 3, 2026, from https://www.mayoclinic.org/diseases-conditions/syphilis/symptoms-causes/syc-20351756
  5. WebMD. (n.d.). Syphilis. Retrieved September 3, 2026, from https://www.webmd.com/sexual-conditions/syphilis
  6. World Health Organization. (2024). WHO guideline on syphilis. https://iris.who.int/items/8cfe4523-29b6-4dcd-9710-1c939a89a42e

Published: 23 October 2026

Share

17 September 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.