လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်း (Cervical myelopathy) ဆိုသည်မှာ လည်ပင်းကျောရိုးအတွင်းရှိ အာရုံကြောမကြီး (Spinal cord) ကို ဖိအားသက်ရောက်မှုကြောင့် အာရုံကြောလုပ်ငန်းများ ထိခိုက်လာသော ရောဂါအခြေအနေတစ်ခုဖြစ်သည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ လည်ပင်းကျောရိုး၊ အရိုးနုပြားနှင့် အရွတ်များ ယိုယွင်းပြောင်းလဲလာခြင်းကြောင့် လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်း (Degenerative cervical myelopathy) သည် အတွေ့ရများသည်။
အာရုံကြောမကြီးသည် ဦးနှောက်နှင့် လက်၊ ခြေထောက်အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများအကြား အာရုံကြောအချက်ပြမှုများကို သယ်ဆောင်ပေးသည့် အရေးကြီးသော အာရုံကြောလမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် လည်ပင်းတွင် အာရုံကြောမကြီး ဖိမိပါက လက်နှင့်လက်ချောင်းများသာမက ခြေထောက်နှင့် လမ်းလျှောက်မှုကိုပါ ထိခိုက်စေနိုင်သည်။
ရောဂါ၏အစောပိုင်းတွင် လက်ချောင်းများ မသွက်လက်တော့ခြင်း၊ ပစ္စည်းများ လွတ်ကျခြင်း၊ စာရေးရန် သို့မဟုတ် ကြယ်သီးတပ်ရန် ခက်ခဲလာခြင်း၊ ခြေထောက်များ တောင့်တင်းလေးလံလာခြင်းနှင့် လမ်းလျှောက်ရာတွင် ဟန်ချက်မညီခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။
လူနာတိုင်းတွင် လည်ပင်းနာကျင်မှု ရှိမည်မဟုတ်ပါ။ အချို့သူများတွင် လည်ပင်းနာခြင်း အနည်းငယ်သာ ရှိသော်လည်း အာရုံကြောမကြီး ဖိမိမှုနှင့် အာရုံကြောလုပ်ငန်း ထိခိုက်မှုမှာ ပြင်းထန်နေနိုင်သည်။
ရောဂါကို မကုသဘဲထားပါက အာရုံကြောလုပ်ငန်းများ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနိုင်ပြီး ပြင်းထန်သောအခြေအနေတွင် အာရုံကြောထိခိုက်မှု အမြဲတမ်းခံစားရနိုင်သဖြင့် စောစီးစွာ သိရှိ၍ စစ်ဆေးကုသရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်းသည် အာရုံကြောမကြီးရှိရာ လည်ပင်းကျောရိုးလမ်းကြောင်း ကျဉ်းလာခြင်း သို့မဟုတ် အာရုံကြောမကြီးအပေါ် တိုက်ရိုက်ဖိအားသက်ရောက်ခြင်းကြောင့် ဖြစ်ပေါ်သည်။
အသက်ကြီးလာသည်နှင့်အမျှ ကျောရိုးဆစ်ကြားရှိ အရိုးနုပြားများ ရေဓာတ်လျော့နည်း၍ ပါးလာခြင်း၊ အရိုးပိုများ ထွက်လာခြင်းနှင့် အရွတ်များ ထူထဲတောင့်တင်းလာခြင်းတို့ကြောင့် အာရုံကြောမကြီးရှိရာ လည်ပင်းကျောရိုးလမ်းကြောင်း တဖြည်းဖြည်း ကျဉ်းလာနိုင်သည်။
ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများမှာ_
- လည်ပင်းကျီးပေါင်းရောဂါ (Cervical Spondylosis)
- လည်ပင်းကျောရိုးဆစ်ကြား အရိုးနုပြား ကျွံထွက်ခြင်း (Cervical disc herniation)
- အရိုးပိုထွက်လာခြင်း (Bone spurs / Osteophytes)
- လည်ပင်းကျောရိုးလမ်းကြောင်း ကျဉ်းခြင်း (Cervical spinal stenosis)
- လည်ပင်းကျောရိုးအရွတ်ထူပြီး အရိုးကဲ့သို့ ဖြစ်လာခြင်း (Ossification of the posterior longitudinal ligament – OPLL)
- လည်ပင်းကျောရိုး ဒဏ်ရာရရှိခြင်း
- လည်ပင်းကျောရိုးဆစ်များ အနေအထားလွဲခြင်း သို့မဟုတ် မတည်ငြိမ်ခြင်း
- အဆစ်အမြစ်ရောင်ရောဂါအချို့ (Rheumatoid arthritis)
- အဖြစ်နည်းသော အကျိတ်များ၊ ပိုးဝင်ရောဂါများနှင့် အခြားကျောရိုးဆိုင်ရာ ရောဂါများ
အသက်ကြီးသူများတွင် အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ အရိုးနုပြားဖောင်းထွက်ခြင်း၊ အရိုးပိုထွက်ခြင်းနှင့် အရွတ်များထူလာခြင်းတို့ ပေါင်းစပ်၍ ကျောရိုးလမ်းကြောင်း တဖြည်းဖြည်းကျဉ်းလာခြင်းကို မကြာခဏ တွေ့ရှိရသည်။
ဖြစ်ပွားနိုင်ခြေများသူများ
အောက်ပါအခြေအနေများရှိသူများတွင် လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်း ဖြစ်ပွားနိုင်ခြေ ပိုများသည်။
- အသက်အရွယ်ကြီးလာသူများ
- လည်ပင်းကျောရိုး ယိုယွင်းပျက်စီးမှုရှိသူများ
- မွေးရာပါ ကျောရိုးလမ်းကြောင်းကျဉ်းသူများ
- လည်ပင်းကျောရိုး ဒဏ်ရာရဖူးသူများ
- လည်ပင်းကျောရိုးဆိုင်ရာ အခြားရောဂါများရှိသူများ
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်သကဲ့သို့ အများအားဖြင့် တဖြည်းဖြည်း စတင်လာတတ်သည်။ အစောပိုင်းလက္ခဏာများကို အသက်ကြီးလာခြင်းကြောင့် ဖြစ်ပေါ်သော သာမန်ပြောင်းလဲမှုဟု ထင်မှတ်ပြီး သတိမပြုမိဘဲ နေနိုင်သည်။
- လက်နှင့် လက်ချောင်းများတွင် ဖြစ်ပေါ်သော လက္ခဏာများ
- လက် သို့မဟုတ် လက်ချောင်းများ ထုံကျဉ်ခြင်း
- လက်တွင် အာရုံခံစားမှု ပြောင်းလဲခြင်း
- လက် လှုပ်ရှားနိုင်မှု အားနည်းလာခြင်း၊ ယခင်ကဲ့သို့ မသွက်လက်တော့ခြင်း
- ပစ္စည်းများ မကြာခဏ လွတ်ကျခြင်း
- စာရေးရာတွင် ယခင်ကဲ့သို့ မသွက်လက်ခြင်း သို့မဟုတ် စာရေးပုံ ပြောင်းလဲလာခြင်း
- ကြယ်သီးတပ်ခြင်း၊ သော့အသုံးပြုခြင်း၊ ဇွန်းတူကိုင်ခြင်း သို့မဟုတ် ပစ္စည်းအသေးများကို ကိုင်တွယ်ခြင်းကဲ့သို့ လက်ချောင်းအသေးစိတ် လှုပ်ရှားမှုများ ခက်ခဲလာခြင်း
- ခြေထောက်နှင့် လမ်းလျှောက်မှုတွင် ဖြစ်ပေါ်သော လက္ခဏာများ
- ခြေထောက်များ တောင့်တင်းလေးလံသကဲ့သို့ ခံစားရခြင်း
- ခြေထောက်ကြွက်သားများ အားနည်းလာခြင်း
- လမ်းလျှောက်ရာတွင် ဟန်ချက်မညီခြင်း
- ခြေလှမ်းများ မမှန်ခြင်း
- မကြာခဏ ခလုတ်တိုက်ခြင်း၊ လဲကျခြင်း
- လှေကားတက်ဆင်းရန် ခက်ခဲလာခြင်း
- လမ်းလျှောက်နိုင်မှု တဖြည်းဖြည်း လျော့နည်းလာခြင်း
- အခြားလက္ခဏာများ
- လည်ပင်းနာခြင်း သို့မဟုတ် တောင့်တင်းခြင်း
- ပခုံး၊ လက်မောင်း သို့မဟုတ် လက်အတွင်းသို့ နာကျင်မှု ခံစားရခြင်း
- လည်ပင်းကို ရှေ့သို့ငုံ့လိုက်သည့်အခါ ကျောရိုးတစ်လျှောက် သို့မဟုတ် လက်ခြေများအတွင်း လျှပ်စစ်စီးသကဲ့သို့ ခံစားရခြင်း (Lhermitte phenomenon)
- ရောဂါပြင်းထန်လာပါက ဆီး သို့မဟုတ် ဝမ်းထိန်းချုပ်မှု ပြဿနာများ ဖြစ်ပေါ်လာခြင်း
နောက်ဆက်တွဲပြဿနာများ
ရောဂါခံစားရမှုသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ အချို့တွင် တဖြည်းဖြည်း ဆိုးရွားလာနိုင်သော်လည်း အချို့တွင် ပိုမိုလျင်မြန်စွာ ဆိုးရွားလာနိုင်သည်။
ကုသမှုမခံယူဘဲ ရောဂါဆိုးရွားလာပါက
- လက်နှင့်ခြေထောက် ကြွက်သားအားနည်းလာခြင်း
- လက်ချောင်းအသေးစိတ် လှုပ်ရှားမှုများ ပိုမိုခက်ခဲလာခြင်း
- လမ်းလျှောက်ရန် ခက်ခဲလာခြင်း
- ဟန်ချက်မထိန်းနိုင်သဖြင့် မကြာခဏ လဲကျခြင်း
- နေ့စဉ်လုပ်ငန်းဆောင်တာများ ကိုယ်တိုင်ပြုလုပ်ရန် ခက်ခဲလာခြင်း
- ဆီးနှင့် ဝမ်း မထိန်းချုပ်နိုင်ခြင်း
- ပြင်းထန်သော အာရုံကြောထိခိုက်မှု အမြဲတမ်းခံစားရနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ပြင်းထန်သော အာရုံကြောထိခိုက်မှုကို အချိန်ကြာမြင့်စွာ ခံစားနေရပါက ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက်တွင်ပင် အာရုံကြောလုပ်ငန်း ဆောင်ရွက်မှု အားလုံး အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိနိုင်ပါ။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
အောက်ပါလက္ခဏာများ ရုတ်တရက် ဖြစ်ပေါ်လာပါက သို့မဟုတ် လျင်မြန်စွာ ပိုမိုဆိုးရွားလာပါက ဆေးရုံတွင် အမြန်ဆုံး စစ်ဆေးကုသမှုခံယူရန် လိုအပ်သည်။
- လက် သို့မဟုတ် ခြေထောက် ကြွက်သားအားနည်းလာခြင်း
- ရုတ်တရက် လမ်းမလျှောက်နိုင်ခြင်း
- ဆီး သို့မဟုတ် ဝမ်းကို မထိန်းနိုင်ခြင်း
- ဆီးမသွားနိုင်ခြင်း
- အာရုံကြောလက္ခဏာများ အချိန်တိုအတွင်း လျင်မြန်စွာ ပိုမိုဆိုးရွားလာခြင်း
ရောဂါရှာဖွေခြင်း
လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်း (Cervical Myelopathy) ကို ရောဂါရှာဖွေရာတွင် လူနာ၏ ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းခြင်းနှင့် အာရုံကြောဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း တို့သည် အရေးကြီးသည်။ အာရုံကြောမကြီး ဖိမိသည့်နေရာနှင့် ပြင်းထန်မှု၊ ဖြစ်ပေါ်စေသည့် အကြောင်းရင်းနှင့် အခြားရောဂါများ တွဲဖက်ရှိမရှိကို ပိုမိုတိကျစွာ သိရှိနိုင်ရန် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်နိုင်သည်။
- ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging Tests)
- လည်ပင်းကျောရိုး ဓာတ်မှန်ရိုက်ခြင်း (X-ray Cervical Spine)
လည်ပင်းကျောရိုးဆစ်များ၏ အရိုးဖွဲ့စည်းပုံ၊ အရိုးပိုထွက်ခြင်း၊ ကျောရိုးဆစ်များ အနေအထားနှင့် ကျီးပေါင်းဖြစ်ပေါ်မှု စသည့် အရိုးဆိုင်ရာ ပြောင်းလဲမှုများကို စစ်ဆေးနိုင်သည်။ - လည်ပင်းကျောရိုး ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan) – ကျောရိုးအရိုးဖွဲ့စည်းပုံ၊ အရိုးပိုထွက်မှုနှင့် အရိုးကဲ့သို့ မာကျောလာသော အရွတ်များ (ဥပမာ OPLL) ကို ပိုမိုအသေးစိတ် စစ်ဆေးနိုင်သည်။
- လည်ပင်းကျောရိုး သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်းကို စစ်ဆေးရာတွင် အဓိကအရေးကြီးသော ပုံရိပ်ဖော်စစ်ဆေးမှုဖြစ်သည်။ ကျောရိုးဆစ်ကြား အရိုးနုပြားများ၊ ကျောရိုးလမ်းကြောင်း၊ အာရုံကြောမကြီးနှင့် အာရုံကြောအမြစ်များကို အသေးစိတ်ကြည့်ရှုနိုင်ပြီး အာရုံကြောမကြီး ဖိမိသည့်နေရာ၊ ဖိမိမှုအတိုင်းအတာနှင့် အာရုံကြောမကြီးအတွင်း ပြောင်းလဲမှုများ ရှိမရှိကို သိရှိနိုင်သည်။
- လည်ပင်းကျောရိုး ဓာတ်မှန်ရိုက်ခြင်း (X-ray Cervical Spine)
- ဓာတ်ခွဲခန်းစစ်ဆေးမှုများ (Laboratory Tests)
သွေးစစ်ဆေးခြင်း (CBC, ESR, CRP,RA စသည်) ကို လူနာ၏ ရောဂါလက္ခဏာနှင့် ဆရာဝန်၏ ထင်မြင်ယူဆချက်ပေါ် မူတည်၍ လိုအပ်သလို ပြုလုပ်နိုင်သည်။ ယင်းစစ်ဆေးမှုများသည် ပိုးဝင်ရောဂါ သို့မဟုတ် အဆစ်ရောင်ရမ်းရောဂါများ ရှိနိုင်ခြေကို စစ်ဆေးရာတွင် အထောက်အကူပြုသည်။ - အာရုံကြောနှင့် ကြွက်သားဆိုင်ရာ စစ်ဆေးမှုများ
- အာရုံကြောလျှပ်စစ်စီးဆင်းမှု စစ်ဆေးခြင်း (Nerve Conduction Studies – NCS)
လက်နှင့် လက်မောင်းတွင် ထုံကျဉ်ခြင်း၊ အားနည်းခြင်းတို့၏ အကြောင်းရင်းကို ခွဲခြားရာတွင် အသုံးဝင်ပြီး အာရုံကြောအမြစ် ဖိမိ၍ဒဏ်ပိခြင်း သို့မဟုတ် လက်ဖျားပိုင်းအာရုံကြော ဖိမိ၍ဒဏ်ပိခြင်းကဲ့သို့သော အခြားအာရုံကြောရောဂါများနှင့် ခွဲခြားရာတွင် အထောက်အကူပြုသည်။ - ကြွက်သားလျှပ်စစ်လှုပ်ရှားမှု စစ်ဆေးခြင်း (Electromyography – EMG)
အာရုံကြောထိခိုက်မှုကြောင့် ကြွက်သားများ၏ လှုပ်ရှားမှုနှင့် လုပ်ဆောင်ပုံ ပြောင်းလဲမှုရှိမရှိကို စစ်ဆေးနိုင်သည်။ သို့သော် လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်းကို အတည်ပြုရန် ပုံမှန်လိုအပ်သော စစ်ဆေးမှုမဟုတ်ဘဲ ရောဂါခွဲခြားရန် လိုအပ်သည့်အခါတွင်သာ အသုံးပြုလေ့ရှိသည်။
- အာရုံကြောလျှပ်စစ်စီးဆင်းမှု စစ်ဆေးခြင်း (Nerve Conduction Studies – NCS)
လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်းကို သံလိုက်ဓာတ်မှန်ရိုက်ခြင်းရလဒ်တစ်ခုတည်းဖြင့် မဆုံးဖြတ်ဘဲ လူနာ၏ ရောဂါလက္ခဏာများ၊ အာရုံကြောဆိုင်ရာ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုနှင့် ပုံရိပ်ဖော်စစ်ဆေးမှုရလဒ်များကို ပေါင်းစပ်၍ ဆရာဝန်က ရောဂါသတ်မှတ်မည်ဖြစ်သည်။ ရောဂါအတည်ပြုပြီးပါက အာရုံကြောမကြီး ဖိမိမှု၏ အကြောင်းရင်း၊ ပြင်းထန်မှုနှင့် အာရုံကြောလုပ်ဆောင်ချက် ထိခိုက်မှုအခြေအနေတို့အပေါ် မူတည်၍ အသင့်တော်ဆုံး ကုသမှုနည်းလမ်းကို ရွေးချယ်ပေးမည်ဖြစ်သည်။
ကုသခြင်း
လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်း (Cervical Myelopathy) ကို ကုသရာတွင် အာရုံကြောမကြီး ဖိမိမှု၏ အကြောင်းရင်း၊ ရောဂါလက္ခဏာ ပြင်းထန်မှု၊ အာရုံကြောလုပ်ဆောင်ချက် ထိခိုက်မှုနှင့် ရောဂါဆိုးရွားလာမှု ရှိမရှိ တို့အပေါ် မူတည်၍ ကုသမှုနည်းလမ်းကို ရွေးချယ်ရသည်။
အာရုံကြောမကြီး ထိခိုက်ပျက်စီးမှု ကြာမြင့်လာပါက အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် ခက်ခဲနိုင်သဖြင့် ရောဂါကို စောစီးစွာ သိရှိပြီး သင့်တော်သော ကုသမှုခံယူရန် အရေးကြီးသည်။
မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်း (Non-Surgical Treatment)
ရောဂါလက္ခဏာ ပြင်းထန်မှုမရှိဘဲ ပိုမိုဆိုးရွားလာခြင်း မရှိသော လူနာအချို့တွင် အထူးကုဆရာဝန်၏ ကြီးကြပ်မှုဖြင့် မခွဲစိတ်ဘဲ ကုသမှုကို စဉ်းစားနိုင်သည်။
ယင်းကုသမှုများတွင်
- လည်ပင်းထိန်းကော်လာ (Cervical collar/neck brace) အသုံးပြုခြင်း – လိုအပ်သော လူနာအချို့တွင် ဆရာဝန်ညွှန်ကြားချက်အတိုင်း အချိန်အကန့်အသတ်ဖြင့် အသုံးပြုနိုင်သည်
- ကာယကုထုံး (Physiotherapy) – လှုပ်ရှားမှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းနိုင်ရန် လူနာ၏ အခြေအနေနှင့် ကိုက်ညီသော ကာယကုထုံးနှင့် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည်
- ဆေးဝါးဖြင့် ကုသခြင်း – နာကျင်မှုနှင့် ဆက်စပ်လက္ခဏာများ သက်သာစေရန် ဆရာဝန်ညွှန်ကြားချက်အရ စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး (NSAIDs)၊ စတီးရွိုက်ဆေးများ (Corticosteroids) သို့မဟုတ် အကိုက်အခဲပျောက်ဆေးများ (Pain relievers/Analgesics) ကို လိုအပ်သလို အသုံးပြုနိုင်သည်။
- ပုံမှန်စောင့်ကြည့်ခြင်း
- လက်နှင့်ခြေထောက် ကြွက်သားအားနည်းမှု၊ လက်အသုံးပြုရာတွင် မသွက်လက်မှု၊ လမ်းလျှောက်ရာတွင် မတည်ငြိမ်မှုနှင့် အခြားအာရုံကြောလက္ခဏာများ ပြောင်းလဲမှုရှိမရှိ ပုံမှန်ပြန်လည်စစ်ဆေးရန် လိုအပ်သည်
- ရောဂါလက္ခဏာ ပိုမိုဆိုးရွားလာပါက ခွဲစိတ်ကုသမှု လိုအပ်နိုင်သဖြင့် ဆရာဝန်ထံ အမြန်ပြန်လည်ပြသရမည်
မခွဲစိတ်ဘဲ ကုသခြင်းသည် အာရုံကြောမကြီးအပေါ် ရှိနေသော ဖိအားကို ဖယ်ရှားပေးသည့် ကုသမှုမဟုတ်သောကြောင့် အာရုံကြောလက္ခဏာရှိသော လူနာများကို ဆရာဝန်၏ ပုံမှန်စောင့်ကြည့်မှုမရှိဘဲ မိမိဘာသာ အချိန်ကြာမြင့်စွာ ကုသနေခြင်း မပြုသင့်ပါ။
ခွဲစိတ်ကုသသည့်နည်းလမ်း (Surgical Treatment)
လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်း ပြင်းထန်သော လူနာများတွင် အာရုံကြောမကြီးအပေါ် ဖိအားကို လျော့ချပေးရန် (Decompression) ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။
အာရုံကြောလုပ်ဆောင်ချက် သိသိသာသာ ထိခိုက်နေခြင်း သို့မဟုတ် ရောဂါလက္ခဏာများ တဖြည်းဖြည်း ပိုမိုဆိုးရွားလာခြင်းရှိပါက ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်သည်။
အောက်ပါရောဂါလက္ခဏာများ ရှိပါက ဆရာဝန်မှ ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်သည်။
- ပြင်းထန်သော နာကျင်မှုရှိခြင်း
- လက် သို့မဟုတ် ခြေထောက် ကြွက်သားများ အားနည်းလာခြင်း
- လက် သို့မဟုတ် ခြေထောက် ထုံကျဉ်ခြင်း
- ကိုယ်ဟန်ချက်ထိန်းရန် ခက်ခဲခြင်းနှင့် လမ်းလျှောက်ရာတွင် မတည်ငြိမ်ခြင်း
- လက်ဖြင့် စာရေးခြင်း၊ ကြယ်သီးတပ်ခြင်း၊ ပစ္စည်းအသေးစားများ ကိုင်တွယ်ခြင်းကဲ့သို့ အသေးစိတ်လက်လှုပ်ရှားမှုများ ပြုလုပ်ရန် ခက်ခဲလာခြင်း (Fine motor difficulty)
ခွဲစိတ်ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ အာရုံကြောမကြီးအပေါ် ဖိအားကို လျော့ချပေးပြီး အာရုံကြောလုပ်ဆောင်ချက် ပိုမိုထိခိုက်လာခြင်းကို တားဆီးရန်ဖြစ်သည်။
လူနာ၏ ရောဂါလက္ခဏာများ၊ အသက်အရွယ်နှင့် အထွေထွေကျန်းမာရေးအခြေအနေတို့အပေါ် မူတည်၍ ခွဲစိတ်ဆရာဝန်မှ သင့်တော်သော ခွဲစိတ်နည်းတစ်မျိုး သို့မဟုတ် နည်းလမ်းများကို ပေါင်းစပ်၍ ရွေးချယ်နိုင်သည်။
အသုံးပြုနိုင်သော ခွဲစိတ်နည်းများမှာ_
- လည်ပင်းကျောရိုးဆစ်ကြား အရိုးနုပြား ဖယ်ရှားခြင်း (Discectomy) – အာရုံကြောမကြီးကို ဖိနေသော ကျောရိုးဆစ်ကြား အရိုးနုပြားကို ဖယ်ရှားသည်
- လည်ပင်းကျောရိုးဆစ်ကြား အရိုးနုပြား အစားထိုးခြင်း (Disc Replacement) – ဖယ်ရှားလိုက်သော အရိုးနုပြားနေရာတွင် အရိုးနုပြားအတု ထည့်သွင်းသည်
- လည်ပင်းကျောရိုးအနောက်ဘက် အရိုးအစိတ်အပိုင်း ဖယ်ရှားခြင်း (Laminectomy) – ကျောရိုးလမ်းကြောင်း ကျယ်လာစေရန် ကျောရိုးအနောက်ဘက်ရှိ အရိုးအစိတ်အပိုင်းကို ဖယ်ရှားသည်
- လည်ပင်းကျောရိုးလမ်းကြောင်း ချဲ့ပေးခြင်း (Laminoplasty) – ကျောရိုးအနောက်ဘက်ရှိ အရိုးကို ပြုပြင်၍ ကျောရိုးလမ်းကြောင်းကို ချဲ့ပေးခြင်းဖြင့် အာရုံကြောမကြီးအတွက် နေရာပိုမိုရရှိစေသည်
- လည်ပင်းကျောရိုးဆစ်များ ပူးဆက်တည်ငြိမ်စေခြင်း (Spinal Fusion) – လိုအပ်သော ကျောရိုးဆစ်များကို ပူးဆက်၍ ကျောရိုးကို တည်ငြိမ်စေသည်
ခွဲစိတ်မှုမပြုလုပ်မီ ခွဲစိတ်ဆရာဝန်မှ ရွေးချယ်ထားသော ခွဲစိတ်နည်း၊ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများကို လူနာနှင့် ဆွေးနွေးရှင်းပြပေးမည်ဖြစ်ပြီး လူနာအနေဖြင့် သိရှိနားလည်ပြီးမှ ကုသမှုကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ခွဲစိတ်ပြီးနောက်ကုသခြင်း
ခွဲစိတ်ပြီးနောက် ပြန်လည်သက်သာကောင်းမွန်လာသည့် ကာလအတွင်း ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးသည်။
- လုံလောက်စွာ အနားယူခြင်းနှင့် နေ့စဉ်လှုပ်ရှားမှုများကို တဖြည်းဖြည်း ပြန်လည်ပြုလုပ်ခြင်း
- ဆရာဝန်မှ ခွင့်ပြုသည့်အချိန်အထိ အလေးအပင် မခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း
- ခွဲစိတ်ဒဏ်ရာနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို လိုက်နာခြင်း
- သတ်မှတ်ထားသည့်အချိန်တွင် ဆရာဝန်ထံ ပြန်လည်ပြသစစ်ဆေးခြင်း (Follow-up)
ခွဲစိတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် လှုပ်ရှားမှု ပြန်လည်စတင်ရမည့်အချိန်သည် လူနာတစ်ဦးနှင့်တစ်ဦး၊ ပြုလုပ်ထားသော ခွဲစိတ်နည်းအလိုက် ကွာခြားနိုင်သဖြင့် ခွဲစိတ်ဆရာဝန်၏ သီးခြားညွှန်ကြားချက်အတိုင်း လိုက်နာသင့်သည်။
ကာကွယ်ခြင်း
လည်ပင်းအာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်းကို ဖြစ်စေသည့် အသက်အရွယ်ကြောင့် ကျောရိုးဆိုင်ရာ ပြောင်းလဲမှုများနှင့် အချို့သော ရောဂါအခြေအနေများကို အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိပါ။ သို့သော် လည်ပင်းကျောရိုး ထိခိုက်ဒဏ်ရာရရှိမှုကို လျှော့ချခြင်း၊ ကျောရိုးကျန်းမာရေးကို ထိန်းသိမ်းခြင်းနှင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက စောစီးစွာ စစ်ဆေးကုသမှုခံယူခြင်းတို့ဖြင့် ပြင်းထန်သော အာရုံကြောထိခိုက်မှု ဖြစ်ပေါ်နိုင်ခြေကို လျှော့ချနိုင်သည်။
- လည်ပင်းကျောရိုး ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ခြင်း
- ယာဉ်မောင်းနှင်ရာတွင် ထိုင်ခုံခါးပတ် (Seat belt) ကို စနစ်တကျ အသုံးပြုခြင်း
- စက်ဘီး၊ ဆိုင်ကယ်စီးခြင်းနှင့် ထိခိုက်ဒဏ်ရာရနိုင်ခြေရှိသော အားကစားများ ပြုလုပ်ရာတွင် သင့်တော်သော အကာအကွယ်ပစ္စည်းများ အသုံးပြုခြင်း
- ချော်လဲခြင်းနှင့် ပြုတ်ကျခြင်း မဖြစ်စေရန် သတိပြုခြင်း
- မှန်ကန်သော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းခြင်း
- ကွန်ပျူတာ၊ ဖုန်းနှင့် အခြားစက်ပစ္စည်းများကို အချိန်ကြာမြင့်စွာ အသုံးပြုရာတွင် လည်ပင်းကို အလွန်အမင်း ငုံ့ထားခြင်းမှ ရှောင်ကြဉ်ခြင်း
- အလုပ်လုပ်ရာတွင် ထိုင်ခုံ၊ စားပွဲနှင့် ကွန်ပျူတာမျက်နှာပြင်တို့ကို သင့်တော်သော အမြင့်နှင့် အနေအထားတွင် ထားရှိခြင်း
- တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ မနေဘဲ အခါအားလျော်စွာ ကိုယ်လက်လှုပ်ရှားခြင်း
- ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
- ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ကြွက်သားသန်မာမှုကို ထိန်းသိမ်းရန် သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်ခြင်း
- အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအလိုက် သင့်တော်သော လေ့ကျင့်ခန်းများကို ရွေးချယ်ပြုလုပ်ခြင်း
- အရိုးကျန်းမာရေးကို ထိန်းသိမ်းခြင်း
- အာဟာရပြည့်ဝမျှတသော အစားအစာများ စားသုံးခြင်း
- အရိုးပွရောဂါရှိပါက သင့်တော်သော စစ်ဆေးကုသမှု ခံယူခြင်း
- အသက်ကြီးသူများတွင် ပြုတ်ကျခြင်းမှ ကာကွယ်ရန် အထူးဂရုစိုက်ခြင်း
- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း
- ဆေးလိပ်သောက်ခြင်းသည် ကျောရိုးဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်သည်
- လည်ပင်းကို အားပြင်းစွာ ချိုးနှိပ်ခြင်းမှ ရှောင်ကြဉ်ခြင်း
- လည်ပင်းကျောရိုးလမ်းကြောင်း ကျဉ်းခြင်း သို့မဟုတ် အာရုံကြောမကြီး ဖိမိ၍ဒဏ်ပိခြင်း ရှိသူများတွင် လည်ပင်းကို အားပြင်းစွာ လှည့်ခြင်း၊ ဆွဲဆန့်ခြင်း သို့မဟုတ် ချိုးနှိပ်ခြင်းများသည် အန္တရာယ်ရှိနိုင်သဖြင့် ရှောင်ကြဉ်သင့်သည်
- ရောဂါလက္ခဏာများကို စောစီးစွာ သတိပြုခြင်း
- ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက မိမိဘာသာ ကုသနေခြင်းမပြုဘဲ ဆရာဝန်ထံ စောစီးစွာ ပြသစစ်ဆေးသင့်သည်
References:
- Badhiwala, J. H., Wilson, J. R., & Fehlings, M. G. (2020). Global burden of cervical spondylotic myelopathy and the role of nonoperative and operative management: A narrative review. Global Spine Journal, 10(1 Suppl.), 29S–38S. https://doi.org/10.1177/2192568219901093
- Cleveland Clinic. (n.d.). Cervical myelopathy. Retrieved August 20, 2026, from https://my.clevelandclinic.org/health/diseases/cervical-myelopathy
- Hospital for Special Surgery. (n.d.). Cervical myelopathy. Retrieved August 20, 2026, from https://www.hss.edu/health-library/conditions-and-treatments/cervical-myelopathy
- Johns Hopkins Medicine. (n.d.). Cervical myelopathy. Retrieved August 20, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/cervical-myelopathy
Published: 22 October 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.