Schistosomiasis (ရေချိုခရုမှတစ်ဆင့်ခံ ကူးစက်သော သန်ပြားကောင်ရောဂါ/ ခရုဖျားရောဂါ)

Schistosomiasis (ရေချိုခရုမှတစ်ဆင့်ခံ ကူးစက်သော သန်ပြားကောင်ရောဂါ/ ခရုဖျားရောဂါ)

Schistosomiasis ရောဂါသည် Schistosoma ဟုခေါ်သော သွေးတွင်းသန်ပြားကောင် (Trematodes) များကြောင့် ဖြစ်ပွားသည့် ကပ်ပါးရောဂါတစ်မျိုးဖြစ်သည်။ ထိုသန်ပြားကောင်များ ပါရှိနေသည့် မသန့်ရှင်းသော ရေချို (မြစ်၊ ချောင်း၊ ကန်) များနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် Schistosomiasis ရောဂါသည် အပူပိုင်းဒေသ ကူးစက်ရောဂါများအနက် ငှက်ဖျားရောဂါနှင့် အူလမ်းကြောင်း သန်ကောင်ရောဂါများနောက်တွင် ထိခိုက်ဆုံးရှုံးမှု တတိယအများဆုံး ဖြစ်စေသည့် ကပ်ပါးရောဂါဖြစ်သည်။ အာဖရိက၊ တောင်အမေရိက၊ ကာရစ်ဘီယံ၊ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသများရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြီးမားသော ကျန်းမာရေးပြဿနာတစ်ခု ဖြစ်နေဆဲဖြစ်သည်။ လက်ရှိတွင် ထိုရောဂါ ပုံမှန်ဖြစ်ပွားလေ့ရှိသည့် (Endemic) နိုင်ငံပေါင်း (၇၆) နိုင်ငံရှိပြီး ကမ္ဘာတစ်ဝန်းတွင် တစ်နှစ်လျှင် ရောဂါကြောင့် သေဆုံးသူပေါင်း နှစ်သိန်းခန့်ရှိကြောင်း ခန့်မှန်းရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Schistosomiasis ရောဂါသည် Schistosoma ကပ်ပါးသန်ပြားကောင်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ လူကို ကူးစက်စေနိုင်သော မျိုးစိတ်များစွာ ရှိသော်လည်း အဓိက အဖြစ်အများဆုံး မျိုးစိတ် (၃) မျိုးမှာ_

  • Schistosoma haematobium
  • Schistosoma mansoni
  • Schistosoma japonicum တို့ဖြစ်ကြသည်။

ထို့အပြင် ဖြစ်ပွားမှုနှုန်း နည်းပါးသော်လည်း လူတွင် ရောဂါဖြစ်စေနိုင်သော Schistosoma mekongi နှင့် Schistosoma intercalatum ကဲ့သို့သော မျိုးစိတ်များလည်းရှိသည်။

ရောဂါကူးစက်ပုံ

ရောဂါပိုးရှိသော ရေချိုများနှင့် အောက်ပါအတိုင်း ထိတွေ့မိပါက ကူးစက်ခံရနိုင်သည်။

  • ထိုရေထဲတွင် ရေကူးခြင်း သို့မဟုတ် ရေချိုးခြင်း
  • မသန့်ရှင်းသောရေကို သောက်သုံးမိခြင်း
  • ရေထဲတွင် အဝတ်လျှော်ခြင်း
  • ရေထဲဆင်း၍ ငါးဖမ်းခြင်း
  • ထိုရေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း

အထူးသဖြင့် သန့်ရှင်းသော ပိုက်လိုင်းရေနှင့် စနစ်ကျသော အိမ်သာ အသုံးအဆောင်များ မရရှိနိုင်သည့် ပတ်ဝန်းကျင်တွင် နေထိုင်သူများသည် ရောဂါကူးစက်ခံရနိုင်ခြေ အမြင့်ဆုံးဖြစ်သည်။

Schistosoma သန်ပြားပိုး၏ ဘဝစက်ဝန်း
သန်ပြားပိုးကပ်ပါးကောင်များသည် အောက်ပါအဆင့်များအတိုင်း လူနှင့် ရေချိုခရုများတွင် ရှင်သန်ကာ ရောဂါကူးစက်စေသည်။

  • ပိုးဥများ စွန့်ထုတ်ခြင်းနှင့် ခရုထံသို့ ကူးစက်ခြင်း
    • ရောဂါပိုးရှိသူတစ်ဦးက ရေထဲသို့ မစင်စွန့်ခြင်း သို့မဟုတ် ဆီးသွားခြင်း ပြုလုပ်သောအခါ ကပ်ပါးပိုးဥများ ရေထဲသို့ ရောက်ရှိသွားသည်
    • ထိုဥများမှ သားလောင်းများ ပေါက်လာ၍ ရေချိုခရုများအတွင်းသို့ ဝင်ရောက်ကာ ဆက်လက်ရှင်သန်သည်
  • ခရုအတွင်း မျိုးပွားခြင်းနှင့် သားလောင်းများ ထွက်လာခြင်း
    • ကူးစက်ခံရသော ရေချိုခရုအတွင်း၌ သားလောင်းများ ဆက်လက်ကြီးထွားလာပြီး ပိုးလောင်းများအဖြစ် ခရု၏ ကိုယ်တွင်းမှ ပြန်လည် ထွက်လာသည်
    • ထိုပိုးလောင်းများသည် ရေထဲတွင် ၃ ရက်အထိ ရှင်သန်နိုင်ပြီး ထိုအချိန်အတွင်း လူ၏ အရေပြားကို ဖောက်၍ လူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ကူးစက်သည်
  • လူ့ခန္ဓာကိုယ်တွင်း၌ ဆက်လက်ကြီးထွားဖွံ့ဖြိုးခြင်း
    • ပိုးလောင်းများသည် လူ့ခန္ဓာကိုယ် အရေပြား အောက်ရှိ သွေးကြောမျှင်များထဲသို့ ရောက်ရှိသွားပြီး အရွယ်ရောက်ပြီး သန်ကောင်များအဖြစ် ကြီးထွားလာကြသည်
    • အရွယ်ရောက်ပြီး သန်ကောင်များသည် မျိုးစိတ်အလိုက် အူမကြီးနံရံ သို့မဟုတ် ဆီးအိမ်နံရံ သွေးပြန်ကြောများသို့ ရွေ့လျားသွားကြပြီး ဥများ စတင်ဥကြသည်
    • ထိုဥများသည် အူလမ်းကြောင်း သို့မဟုတ် ဆီးအိမ်နံရံကို ထိုးဖောက်ကာ မစင် သို့မဟုတ် ဆီးနှင့်အတူ ပြင်ပသို့ စွန့်ထုတ်ကာ ဘဝစက်ဝန်း ပြန်၍လည်ပတ်သည်
    • ခန္ဓာကိုယ်ပြင်ပသို့ မရောက်ဘဲ ကျန်ရစ်ခဲ့သော ဥများသည် တစ်ရှူးများထဲတွင် ကပ်ကျန်နေနိုင်သကဲ့သို့ သွေးလှည့်ပတ်မှုမှတစ်ဆင့် အရေပြား၊ ဦးနှောက်၊ ကြွက်သား၊ ကျောက်ကပ်အထက် အက်ဒရီနယ်ဂလင်းနှင့် မျက်စိစသည့် ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးသို့ ရောက်ရှိသွားနိုင်သည်
    • အချို့ပိုးဥများသည် အမျိုးသမီးများ၏ မျိုးပွားအင်္ဂါများသို့ ရောက်ရှိသွားပြီး သားအိမ်၊ သားဥပြွန်နှင့် သားဥအိမ်တို့တွင် ရောဂါပြဿနာများ ဖြစ်ပေါ်စေနိုင်သည်
ရောဂါလက္ခဏာများ

ရောဂါကူးစက်ခံရပါက လက္ခဏာများသည် ရောဂါပိုးမျိုးစိတ်အမျိုးအစားနှင့် ကူးစက်မှုအဆင့်ပေါ် မူတည်၍ စတင်ပြသရန် အချိန်အတန်ကြာနိုင်သည်။ ရောဂါပိုးစတင်ဝင်ရောက်ချိန်တွင် ကပ်ပါးသန်ကောင် ဖောက်ဝင်ခဲ့သော အရေပြားနေရာ၌ ယားယံခြင်း သို့မဟုတ် အနီကွက်များ ထွက်ခြင်းမှလွဲ၍ အခြားလက္ခဏာများကို တွေ့ရမည်မဟုတ်ချေ။ ရောဂါပိုးဝင်ရောက်ပြီး ရက်သတ္တပတ်အနည်းငယ် အကြာတွင် တုပ်ကွေးနှင့်တူသော အောက်ပါလက္ခဏာများ ပြသလာနိုင်သည်။

  • ဖျားခြင်း
  • ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
  • ကိုယ်လက်မအီမသာဖြစ်ပြီး နွမ်းနယ်ခြင်း
  • ကြွက်သားများ ကိုက်ခဲခြင်း
  • အရေပြားတွင် အနီကွက်များပေါ်ခြင်း
  • ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
  • ချောင်းဆိုးခြင်း
  • ဗိုက်နာခြင်း
  • အူလမ်းကြောင်းလက္ခဏာများ (အစားအသောက်ပျက်ခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း)
  • ဆီးလမ်းကြောင်းလက္ခဏာများ (မကြာခဏဆီးသွားခြင်း၊ ဆီးပူဆီးကျဥ်ခြင်း၊ ဆီးထဲ သွေးပါခြင်း)
  • အမျိုးသမီးများတွင် အဖြူဆင်းခြင်း၊ ဆီးခုံအောင့်ခြင်း၊ အမျိုးသားနှင့် ဆက်ဆံစဥ် နာကျင်မှုကို ခံစားရခြင်း၊ သားအိမ်နှင့် မိန်းမကိုယ်တွင် အနာများဖြစ်ခြင်း
  • အမျိုးသားများတွင် သုက်လွှတ်ချိန်တွင် နာကျင်ခြင်း၊ သွေးပါခြင်း၊ မျိုးပွားအင်္ဂါများ ရောင်ရမ်းခြင်း
  • ခါးနာခြင်း
  • အသက်ရှူမဝခြင်း
  • ရှားပါးအခြေအနေများတွင် ဦးနှောက်တွင်း ပိုးဝင်ရောက်ခြင်းကြောင့် တက်ခြင်း၊ ပြင်းထန်ခေါင်းကိုက်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ ခြေလက်များ မလှုပ်နိုင်ခြင်း

ကူးစက်ခံရသူအများစုသည် ရောဂါလက္ခဏာ မပြဘဲ သို့မဟုတ် လက္ခဏာအနည်းငယ်သာ ခံစားရလေ့ ရှိသော်လည်း အချို့တွင်မူ ခန္ဓာကိုယ်အတွင်း သန်ပြားကောင်ပမာဏ များပြားစွာ ခိုအောင်းနေနိုင်ပြီး ကိုယ်တွင်းအင်္ဂါများအနှံ့ ပျံ့နှံ့သွားသဖြင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ လပေါင်းများစွာကြာမှ ဖြစ်ပွားလာနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

Schistosomiasis ရောဂါကို ထိရောက်စွာ မကုသပါက အောက်ပါအတိုင်း ကိုယ်တွင်းအင်္ဂါများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  1. အစာအိမ်၊အူလမ်းကြောင်းနှင့်အသည်းဆိုင်ရာပြဿနာများ
    • အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း သွေးယိုစီးခြင်း
    • အူလမ်းကြောင်း ပိတ်ဆို့ခြင်း
    • အူအတွင်း အစာအာဟာရ စုပ်ယူမှု ချို့ယွင်းခြင်း
    • ပြင်းထန်သော သွေးအားနည်းရောဂါ ခံစားရခြင်း
    • အသည်း၏ သွေးပြန်ကြောမကြီးတွင် သွေးဖိအားတက်ခြင်း
    • အသည်း သို့မဟုတ် သည်းခြေအိတ် ကင်ဆာဖြစ်ခြင်း
  2. ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ဆိုင်ရာပြဿနာများ
    • ကပ်ပါးပိုးကြောင့် ဖြစ်သော ကျောက်ကပ်ရောဂါ
    • ကျောက်ကပ်ပျက်စီးခြင်း
    • ကျောက်ကပ် ရောင်ရမ်းခြင်း
    • ဆီးလမ်းကြောင်း ပိတ်ဆို့သည့် ရောဂါ
    • ဆီးထဲတွင် သွေးပါခြင်း
    • ဆီးအိမ်ကင်ဆာဖြစ်ခြင်း
  3. အမျိုးသား/အမျိုးသမီး မျိုးပွားအင်္ဂါနှင့် ကိုယ်ဝန်ဆောင်ဆိုင်ရာ ပြဿနာများ
    • သုက်ရည်ထဲတွင် သွေးပါခြင်း
    • မြုံခြင်း/သားသမီးမရနိုင်ခြင်း
    • ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ် သို့မဟုတ် သားဥပြွန်တွင် ကပ်ပါးဥကြောင့် ရောင်ရမ်းအဖုငယ်များ (Granuloma) ဖြစ်ပေါ်ကာ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်း
    • သန္ဓေသား အလေးချိန်မပြည့်ဘဲ မွေးဖွားခြင်း
    • အလိုအလျောက် ကိုယ်ဝန်ပျက်ကျခြင်း
    • သားအိမ်ပြင်ပ ပဋိသန္ဓေတည်ခြင်း အန္တရာယ်မြင့်မားခြင်း
  4. နှလုံး၊ အဆုတ်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ
    • အဆုတ်သွေးကြောအတွင်း သွေးဖိအားတက်ခြင်း
    • အဆုတ်ရောဂါကြောင့် ဖြစ်သော နှလုံးညာဘက်ပိုင်း လုပ်ငန်းဆောင်တာပျက်စီးခြင်း
    • ဦးနှောက်နှင့် အာရုံကြောစနစ် ထိခိုက်ခြင်း (Neuroschistosomiasis) – ခါးဆစ်အာရုံကြောမကြီး ရောင်ရမ်းခြင်း (Transverse myelitis)၊ လေဖြတ်ခြင်း၊ အကြောသေခြင်းနှင့် ဦးနှောက်သွေးကြောငယ်များ ပိတ်ဆို့ခြင်း (Cerebral microinfarcts)
  5. အခြား ခန္ဓာကိုယ်အင်္ဂါစနစ်ဆိုင်ရာ ပြဿနာများ
    • ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်ခြင်းကြောင့် ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
    • ကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာများ ဆိုးရွားစွာ ထိခိုက်ပျက်စီးခြင်း (End-organ disease)
ဆေးရုံ၊ ဆေးခန်းပြသရန်

ရောဂါဖြစ်ပွားမှုများသော ဒေသများရှိ မသန့်ရှင်းသော ရေချို (မြစ်၊ ချောင်း၊ ကန်) များနှင့် ထိတွေ့မိပြီးနောက် ရက်သတ္တပတ် သို့မဟုတ် လအနည်းငယ်အကြာတွင် အဖျားတာရှည်ခြင်း၊ အရေပြား ယားယံအနီကွက်များ၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ချောင်းဆိုးခြင်းစသည့် တုပ်ကွေးကဲ့သို့ လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်း ပြသသင့်သည်။ သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဝမ်းဗိုက်ဖောရောင်ခြင်း၊ ခြေထောက် ရောင်ရမ်း၍ အားနည်းလာခြင်း၊ မကြာခဏ တက်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲလာခြင်း စသည့် ပြင်းထန်သော နောက်ဆက်တွဲလက္ခဏာများ ကြုံတွေ့ရပါက အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

Schistosomiasis ရောဂါကို ရှာဖွေရာတွင် လူနာ၏ လက်ရှိ ရောဂါလက္ခဏာများ၊ ယခင် ကျန်းမာရေးမှတ်တမ်းများ၊ ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများသို့ ခရီးသွားဖူးခြင်း ရှိမရှိနှင့် မသန့်ရှင်းသော ရေချိုများတွင် ရေကူးခြင်း၊ ရေချိုးခြင်း၊ ငါးဖမ်းခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းကဲ့သို့သော ရေထိတွေ့မှုရာဇဝင်ကို အသေးစိတ် မေးမြန်းရန် အရေးကြီးသည်။

ရောဂါအတည်ပြုရန်နှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်မှုရှိ၊ မရှိ သိရှိရန် အောက်ပါစစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်နိုင်သည်။

  • ဝမ်းစစ်ဆေးခြင်း
    ဝမ်းနမူနာကို အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေး၍ Schistosoma ကပ်ပါးဥများ ရှိမရှိ ရှာဖွေနိုင်သည်။ အူလမ်းကြောင်းဆိုင်ရာ Schistosomiasis ကို ရှာဖွေရာတွင် အထူးအသုံးဝင်သည်။ ကပ်ပါးဥပမာဏ နည်းနေပါက တစ်ကြိမ်စစ်ဆေးရုံဖြင့် မတွေ့နိုင်သဖြင့် ဝမ်းနမူနာများကို ရက်ခြား၍ အကြိမ်ပေါင်းများစွာ စစ်ဆေးရန် လိုအပ်နိုင်သည်။
  • ဆီးစစ်ဆေးခြင်း
    အထူးသဖြင့် Schistosoma haematobium ကူးစက်မှုကို ရှာဖွေရန် ဆီးနမူနာတွင် ကပ်ပါးဥများ ရှိမရှိ စစ်ဆေးနိုင်သည်။ ကပ်ပါးပိုးဥများ ပိုမိုတွေ့ရှိနိုင်သော နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ထုတ်ယူထားသည့် ဆီးနမူနာကို ဦးစားပေးစစ်ဆေးလေ့ရှိသည်။
  • သွေးစစ်ဆေးခြင်း
    Schistosoma ပိုးကို တုံ့ပြန်၍ ခန္ဓာကိုယ်မှ ထုတ်လုပ်သော ပဋိပစ္စည်းများ (Antibodies) ကို စစ်ဆေးနိုင်သည်။ အထူးသဖြင့် ရောဂါဖြစ်ပွားရာဒေသသို့ ခရီးသွားဖူးသူများ၊ ပိုးဝင်ရောက်မှု နည်းပါးနိုင်သူများ သို့မဟုတ် ဝမ်းနှင့်ဆီး စစ်ဆေးမှုများတွင် ပိုးဥမတွေ့ရှိသော်လည်း ရောဂါသံသယရှိနေသူများတွင် အသုံးဝင်သည်။ သို့သော် ပဋိပစ္စည်းများသည် ကုသပြီးနောက်တွင်လည်း အချိန်ကြာမြင့်စွာ ဆက်လက်ရှိနေနိုင်သဖြင့် သွေးစစ်ဆေးမှု Positive ထွက်ခြင်းတစ်ခုတည်းဖြင့် လက်ရှိပိုးကူးစက်မှု ဆက်ရှိနေကြောင်း အတည်မပြုနိုင်ပါ။
  • အခြားအထူးဓာတ်ခွဲစစ်ဆေးမှုများ
    လိုအပ်ပါက Schistosoma ၏ မျိုးဗီဇပစ္စည်း (DNA) သို့မဟုတ် ပိုးမှထွက်ရှိသော Antigen များကို ရှာဖွေသည့် စစ်ဆေးမှုများကို အသုံးပြုနိုင်သည်။ ယင်းစစ်ဆေးမှုများသည် အချို့နေရာများတွင်သာ ရရှိနိုင်သည်။
  • ပုံရိပ်ဖော်စစ်ဆေးမှုများ
    အာထရာဆောင်း (Ultrasound) အပါအဝင် ပုံရိပ်ဖော်စစ်ဆေးမှုများဖြင့် အသည်းနှင့် သရက်ရွက်ကြီးခြင်း၊ အသည်းသွေးပြန်ကြော သွေးဖိအားများခြင်း၊ ဆီးအိမ်နံရံပြောင်းလဲခြင်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းစသည့် နောက်ဆက်တွဲပြဿနာများကို အကဲဖြတ်နိုင်သည်။ လက္ခဏာအပေါ်မူတည်၍ CT သို့မဟုတ် MRI ကဲ့သို့သော စစ်ဆေးမှုများကိုလည်း ထပ်မံပြုလုပ်နိုင်သည်။
ကုသခြင်း

Schistosomiasis ရောဂါကို ကပ်ပါးသန်ပြားကောင်များကို သေစေနိုင်သော ဆေးဝါးဖြင့် ထိရောက်စွာ ကုသနိုင်သည်။ အဓိကအသုံးပြုသော ဆေးမှာ Praziquantel ဖြစ်ပြီး ဆေးပမာဏနှင့် သောက်သုံးပုံသည် ကူးစက်သော Schistosoma မျိုးစိတ်နှင့် လူနာ၏ ကိုယ်အလေးချိန်ပေါ် မူတည်၍ ကွာခြားနိုင်သည်။

  • Praziquantel သည် Schistosomiasis အမျိုးအစားအားလုံးအတွက် အဓိကရွေးချယ်အသုံးပြုသော ဆေးဖြစ်သည်၊ ပုံမှန်အားဖြင့် တစ်ရက်အတွင်း ဆေးပမာဏကို ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်ခွဲ၍ သောက်သုံးစေပြီး ကုသခြင်းဖြစ်သည်
  • Praziquantel သည် အရွယ်ရောက်ပြီးသော သန်ကောင်များကို ပိုမိုထိရောက်စွာ သေစေနိုင်သော်လည်း အရွယ်မရောက်သေးသော ပိုးများအပေါ် ထိရောက်မှုနည်းနိုင်သည်၊ ထို့ကြောင့် လတ်တလောကူးစက်မှုဖြစ်နိုင်ခြေရှိသူ သို့မဟုတ် ကုသပြီးနောက် ပိုးဆက်ရှိနေသူအချို့တွင် ရက်သတ္တပတ်အနည်းငယ်အကြာ၌ ဆေးထပ်မံပေးရန် လိုအပ်နိုင်သည်
  • ဆေးကို အစားအသောက်နှင့်အတူ သောက်သုံးနိုင်ပြီး ပျို့ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် မူးဝေခြင်းကဲ့သို့သော ဘေးထွက်လက္ခဏာများ ခဏတာ ဖြစ်ပေါ်နိုင်သည်
  • ကုသမှုခံယူပြီးနောက် အထူးသဖြင့် မူလစစ်ဆေးမှုတွင် ပိုးဥတွေ့ရှိခဲ့သူများ၌ ကုသမှုထိရောက်မှုကို အကဲဖြတ်ရန် ဝမ်း သို့မဟုတ် ဆီးနမူနာကို ပြန်လည်စစ်ဆေးရန် လိုအပ်နိုင်သည်
  • Praziquantel သည် ကပ်ပါးပိုးကို ဖယ်ရှားပေးနိုင်သော်လည်း အသည်း၊ အူလမ်းကြောင်း၊ ဆီးအိမ်၊ ကျောက်ကပ်၊ အဆုတ် သို့မဟုတ် အာရုံကြောစနစ်တို့တွင် ဖြစ်ပေါ်ပြီးသား ပြင်းထန်သော ထိခိုက်ပျက်စီးမှုများကို အပြည့်အဝ ပြန်လည်ကောင်းမွန်စေနိုင်မည်ဟု မဆိုနိုင်ပါ
  • ထို့ကြောင့် နောက်ဆက်တွဲပြဿနာများရှိပါက ယင်းပြဿနာများအတွက် သက်ဆိုင်ရာ အထူးကုကုသမှုနှင့် ရေရှည်စောင့်ကြည့်မှုများ လိုအပ်နိုင်သည်
ကာကွယ်ခြင်း

Schistosomiasis အတွက် လက်ရှိအချိန်အထိ အသုံးပြုရန် အတည်ပြုထားသော ကာကွယ်ဆေး (Vaccine) မရှိသေးပါ။ ရောဂါကာကွယ်ရေးတွင် ရောဂါပိုးရှိနိုင်သော ရေချိုနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ သန့်ရှင်းသောရေရရှိရေး၊ ဆီးနှင့် မစင်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ရေးနှင့် ရောဂါဖြစ်ပွားမှုများသောဒေသများတွင် လူထုအလိုက် ကုသမှုအစီအစဉ်များ ဆောင်ရွက်ခြင်းတို့သည် အရေးကြီးသည်။

  • ရောဂါပိုးရှိနိုင်သော ရေချိုနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း
    • Schistosomiasis ဖြစ်ပွားလေ့ရှိသော ဒေသများရှိ မြစ်၊ ချောင်း၊ ကန်၊ ဆည်နှင့် အခြားရေချိုများတွင် ရေကူးခြင်း၊ ရေချိုးခြင်း၊ ရေဆော့ခြင်း သို့မဟုတ် ရေထဲ၌ လမ်းလျှောက်ခြင်းတို့ကို ရှောင်ကြဉ်သင့်သည်
    • ရေစိုခံဖိနပ် သို့မဟုတ် အဝတ်အစားများသည် အပြည့်အဝကာကွယ်ပေးနိုင်သည်ဟု မယူဆသင့်ပါ
  • သန့်ရှင်းစိတ်ချရသော ရေကို အသုံးပြုခြင်း
    • သောက်သုံးရန်အတွက် စိတ်ချရသော သန့်ရှင်းသည့်ရေကို အသုံးပြုသင့်သည်
    • ရေ၏အရင်းအမြစ် မသေချာပါက အနည်းဆုံး ၁ မိနစ်ခန့် ဆူအောင်ကျိုခြင်းဖြင့် ပိုးလောင်းများကို သေစေနိုင်သည်
    • ရေချိုးရန်အသုံးပြုမည့် ရေကိုလည်း သန့်ရှင်းစိတ်ချရသော အရင်းအမြစ်မှ ရယူသင့်သည်
    • မဖြစ်မနေ ရေချိုမှရယူရပါက သင့်လျော်စွာ စစ်ထုတ်ခြင်း သို့မဟုတ် အနည်းဆုံး ၂၄–၄၈ နာရီခန့် သိုလှောင်ထားခြင်း ဖြင့် ကူးစက်နိုင်ခြေကို လျှော့ချနိုင်သည်။
  • ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စနစ်တကျ အညစ်အကြေးစွန့်ပစ်ခြင်း
    • လူ၏ ဆီး သို့မဟုတ် မစင်မှ ကပ်ပါးဥများ ရေချိုအတွင်းသို့ ရောက်ရှိခြင်းဖြင့် ရောဂါစက်ဝန်း ဆက်လက်ဖြစ်ပေါ်နိုင်သောကြောင့် အိမ်သာများကို စနစ်တကျ အသုံးပြုခြင်းနှင့် မြစ်၊ ချောင်း၊ ကန်များအတွင်း သို့မဟုတ် အနီးတွင် ဆီး၊ မစင်စွန့်ခြင်းကို ရှောင်ကြဉ်ခြင်းသည် အရေးကြီးသည်
  • ရေချိုခရုများကို ထိန်းချုပ်ခြင်း
    • ရောဂါကူးစက်မှုများသောဒေသများတွင် ကပ်ပါးပိုး၏ ကြားခံလက်ခံကောင်ဖြစ်သော ရေချိုခရုများကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် သင့်လျော်သော ခရုနှိမ်နင်းရေးနည်းလမ်းများဖြင့် ထိန်းချုပ်ခြင်းသည် ရောဂါကူးစက်မှုကို လျှော့ချရာတွင် အထောက်အကူပြုနိုင်သည်
  • လူထုအလိုက် ကာကွယ်ကုသခြင်း (Preventive Chemotherapy/Mass Drug Administration)
    • Schistosomiasis ဖြစ်ပွားမှုများသောဒေသများတွင် WHO ၏ ဒေသအလိုက် အစီအစဉ်များနှင့်အညီ Praziquantel ကို ရောဂါကူးစက်နိုင်ခြေမြင့်သော လူအုပ်စုများအား အချိန်ကာလအလိုက် ပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှု၊ ပြင်းထန်သောရောဂါနှင့် ရေရှည်နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်သည်

References:

  1. Centers for Disease Control and Prevention. (n.d.). About schistosomiasis. Retrieved August 17, 2026, from https://www.cdc.gov/schistosomiasis/about/index.html
  2. Cleveland Clinic. (n.d.). Schistosomiasis. Retrieved August 17, 2026, from https://my.clevelandclinic.org/health/diseases/22631-schistosomiasis
  3. MedlinePlus. (n.d.). Schistosomiasis. Retrieved August 17, 2026, from https://medlineplus.gov/ency/article/001321.htm
  4. Shiff, C. (n.d.). Schistosomiasis. Medscape. Retrieved August 17, 2026, from https://emedicine.medscape.com/article/228392-overview

Published: 21 October 2026

Share

17 September 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.